ကိုသန်းလွင် ● ဟိုက်ဝေးယဉ်ကျေးမှု

ကိုသန်းလွင် ● ဟိုက်ဝေးယဉ်ကျေးမှု
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၇

(၁)
ရန်ကုန်လေဆိပ်ကို လေယာဉ်ဆိုက်တော့မည်ဟုဆိုကတည်းက ကျွန်တော့်စိတ်တွေက လှုပ်ရှားနေသည်။ လေယာဉ် ပြ တင်းက မြင်ရသောရှုခင်းတွင် ရန်ကုန်မြို့၏ Sky Line ကို မတွေ့ရ၊ လယ်ကွင်းတွေ၊ စေတီငယ်ကလေးတွေ၊ ရေပြင်ကြီး တွေဘဲ မြင်ရသည်။

ရန်ကုန်လေဆိပ်မှာ မိမိအိတ်ထွက်အလာကို အကြာကြီးစောင့်လိုက်ရသည်။ လေယာဉ်တစီးစာ အိတ်တွေကိုထုတ်ပေးဘို့ ၂ နာရီခန့်ကြာသည်။ စင်္ကာပူမှာ အိတ်စောင့်ရတာကြာလျင် ဝန်ထမ်းတွေက လှည်းကလေးဖြင့် အအေးလိုက်တိုက်တာကို သွားပြီးသတိရမိလိုက်သည်။ အပြင်မှာ မိမိအိတ်ကို အိမ်ကလာကြိုသည့် ကားပေါ်အရောက်တင်ရတာလည်း ပျော်စရာ ကောင်းသေးတော့သည်။ အော်ကြ၊ ဟစ်ကြရ၊ ကားရွှေ့ပေးပါဦး အော်ရသည်။ ကားပေါ်ရောက်တော့လည်း ကမ္ဘာအေး ဘုရားလမ်းအဝင်မှာ ဟိုဘက်ကကားတန်းကို မြင်တော့လန့်သွားသည်။ ကားတွေအများကြီးပါလား။

ကားနှင့်အညာကို မောင်းတက်တော့ တစ်ခုသတိထားမိသည်မှာ ဟိုက်ဝေးလမ်းကြီးတွေ ထူးခြားကောင်းမွန်တာကို တွေ့ရ သည်။ အမြန်လမ်းမကြီး၊ ပုဂံ-ညောင်ဦး၊ ပခုက္ကူတံတား-မြန်မာပြည်မှာ အရှည်ဆုံးတံတား၊ မုံရွာ-ရေဦးလမ်း စသည်ဖြင့် လမ်းတွေပေါ်မှာ ကားရှောင်ဖို့အရှိန်ကို လျော့ပေးစရာမလို၊ လမ်းတွေကောင်းတာမြင်တော့ မြန်မာပြည်၏အနာဂါတ်အတွက် အားတက်မိသည်။

ရွာတွေ၊ မြို့တွေ အဝင်လမ်းမှာ အမှိုက်သရိုက်တွေနှင့် ပေါပါဘိခြင်း၊ ခြုံနွယ်ပိတ်ပေါင်းတို့ကလည်း ဆောင်းရာသီ မိုးအကျမှာ ထူထပ်စွာ ပေါက်နေသည်။ မြို့လယ်ခေါင် လူပေါင်းစုံရာ၊ နေရာတွေမှာမကျန် အမှိုက်သရိုက်နှင့် ရေဗွက်နှင့်။ မြင်းခြံမှာ လ္ဘက်ရည်ဆိုင်  ကားကိုထိုးတော့ ဆိုင်ကယ်ကဖယ်မပေးသောကြောင့် ဒုက္ခရောက်ကြရသည်။

မြန်မာပြည်သည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့်အမှီ လိုက်နိုင်ဟန်မတူ၊ နိုင်ငံခြားမြို့တွေ၊ ရွာတွေမှာ လမ်းနှင့် စည်းကမ်းနှင့် နေတာထိုင်ကြတာတွေကို သိစေချင်သည်။ ရန်ကုန်နှင့် မြန်မာပြည်သည် ခေတ်နောက်မှာ ကျန်ခဲ့ပြီဟုပင် ပြောရတောမည်။ မြို့မှာ သန့်ရှင်းရေးကို မြူနီစီပါယ်က တာဝန်ယူရမည်၊ မြူနီစီပါယ်က သန့်ရှင်းရေးအလုပ်ကို သူတို့အလုပ်ဟု ယူဆဟန်မတူ။ မြို့၊ ရွာတွေမှာ မြို့အင်္ဂါရပ်နှင့် ပြည့်စုံဖို့ သူတို့တာဝန်ပင်ဖြစ်သည်။ မြူနီစီပါယ်ကို မြို့၊ ရွာသန့်ရှင်းရေးကို အလုပ်လုပ်ပါဟု တိုက်တွန်းကြရပေမည်။

ယခုဒီမိုကရေစီ အစိုးရတက်လာတာ နှစ်နှစ်တာရှိခဲ့ပြီ၊ ကျွန်တော်တွေ့ရှိသည်မှာတော့ မြို့အင်္ဂါရပ်နှင့်ညီသည့် မြို့ဟူ၍မရှိ သေးပေ။ ကပ်အိမ်၊ သက်ကယ်အိမ်တွေကြားမှာ တိုက်အိမ်တွေပေါများလာတာတော့ သေချာပါ၏။ အချို့ပိုက်ဆံရှိသည်နှင့် တိုက်အိမ်ထဲမှာတော့ သန့်ရှင်းအောင်လုပ်ထားသည်။ အိမ်ထဲမှာသာ သန့်ရှင်းမည်။ ပတ်ဝန်းကျင်ကို ထွက်သည်နှင့် ဖြစ်သ လိုနေ၊ ဖြစ်သလိုစားအခြေအနေက မပြောင်းလဲသေးပေ။

(၂)
ပထမဆုံးငယ်သူငယ်ချင်းဖြစ်သူကို တွေ့သည်။ ရဟန်းဘောင်တက်သည်မှာ ၇ ဝါရပြီ။ လူ့ဘောင်မှာ ကျဉ်းလွန်း ကြပ်လွန်း ၍လည်းကောင်း၊ ရဟန်းဘဝ၏ လွတ်လပ်မှုကိုသိ၍လည်းကောင်း ရဟန်းဘောင်တက်ရခြင်း ဖြစ်ပါလိမ်မည်။“သားသမီး တွေက  တစ်လကို တစ်သိန်းနှင့် ၁၂ သိန်းပေးတယ်။ ကျုပ်အဖို့က ဘာမှလိုတာမဟုတ်ဘူး၊ အမေ့ကို ၁ဝ သိန်း ပေးလိုက် တယ်၊ ဆွမ်းကွမ်းကိစ္စတာဝန်က အမေကတာဝန်ယူထားတာကိုး။ အမေကြီးက နှမ်းစိုက်တာရှုံးတယ်။ ဓာတ်မြေသြဇာဘိုး၊ အလုပ်သမားဘိုးတောင် ကျေအောင်မရဘူး”  မြစ်သားမြို့နယ် ရှမ်းရွာအနီးတွင် တောရဆောက်တည်နေသည့် ကိုယ်တော် က အမိန့်ရှိလိုက်သည်။ သူ့အမေကြီးရှုံးနေတာကို မြတ်အောင်လုပ်ပေးပါဟု ပြောရှာသည်။ သူကအလုပ်ထဲမှာတုန်းက တာဝန်ကျေခဲ့သည်။ တစ်လတခါ အမေက ငွေယူဖို့လွှတ်လိုက်သူကို နွားတကောင်ဘယ်လောက်ပေးရလဲ မေးသည်။ သူက ငွေတခါတခါပေးလျင် နွားတစ်ရှင်းဖိုး နှစ်ကောင်စာပေးနိုင်ခဲ့သည်။  သူ့နောက်ကြောင်းတွေကို ပြန်ပြောနေသည်။
လယ်ယာအလုပ်က ရှုံးနေသောကြောင့် အလုပ်ကိုအစားထိုးရန် နည်းလမ်းရှာကြည့်ပါသည်။ လမ်းတွေကောင်းလာသော ကြောင့် လမ်းနှင့်ပတ်သက်သော အလုပ်တွေ ကောင်းလာသည်။ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းကို  ပရိုက်ဗိတ်ကုမ္ပဏီ တခုက တာဝန်ယူသည်။ ကားလမ်းတလျောက် အလုပ်သမားတွေနှင့် လမ်းပြင်နေသည်။ PPE - Personal Protective Equipment  ခေါ် ဦးထုပ်အဝါတွေဆောင်းထားတာကို တွေ့ရသည်။ Toll Gate မှာ လူငယ်တွေ အလုပ်ရကြသည်။ သည် ဟိုက်ဝေးနှင့်အတူ ဓာတ်ဆီဆိုင်တွေကို တခမ်းတနားတွေ့ရသည်။ မြန်မာပြည်အနှံ့က လမ်းတွေမှာ နေရာအနှံ့ ဈေးနှုန်း လည်း သိသိသာသာမကွာခြားတော့။ သည်နေရာတွေမှာ အရပ်က ကလေးတွေ အလုပ်ရကြသည်။

ဤလိုအလုပ်မျိုးကို အစိုးရကဖန်တီးပေးဖို့ လိုသည်။ ဟိုက်ဝေးတွေ ဓါတ်ဆီဆိုင်တွေက အလုပ်ဖန်တီးပေးသလိုမျိုး အလုပ် တွေကို ဖန်တီးပေးရန်လိုအပ်သည်။ အိမ်တွေမှာ စက်မှု၊ လက်မှုလုပ်ငန်းလေးတွေ Infrastructure Project အတွက် အလုပ်ကလေးတွေဖန်တီးပေးနိုင်လျင်ကောင်းသည်။

ဟိုတုန်းက ယင်းမာပင်-ကလောလမ်းမှာ ဆိုးလိုက်သည့်ဖြစ်ခြင်း၊ ဂလုံး၊ ဂလုံး ဖြင့် ခရီးသွားရသည်။ ယခုအခါ အဆင့်မြင့်သော ကားလမ်းကို တွေ့ရသည်။ ကလော-အောင်ပန်း-လွိုင်ကော်လမ်းမှာ ကားတွေ ဥဒဟို ပြေးနေ ကြပြီ။ ဓာတ်ဆီဆိုင်များမှာလည်း သူ့နေရာနှင့်သူ တွေ့နေရပြီ။ ဤသည်မှာ အစိုးရ၏ အနှောင့်အယှက်သော်လည်းကောင်း၊ အကူအညီသော်လည်းကောင်း မပါပါ။ ဒီလိုလုပ်ရတယ်ဟုလည်း guide line ပေးဟန်မတူ၊ သူ့ဟာနှင့်သူ ကြီးပွားတိုးတက်လာကြခြင်းသာ ဖြစ်ပါသည်။ ဤကဲ့သို့သော သူ့ဟာနှင့်သူ တိုးတက်ဖြစ်ထွန်းနေသော စီးပွားရေးလုပ်ငန်းတွေ များပြားလာရန် လိုအပ်သည်။

နောက်ထပ်တစ်ကြိမ်တွေ့ရသည်မှာ လယ်သမားကြီးဖြစ်သည်။ သူသည် မဆလခေတ်က သမဝါယမလူကြီး၊ မဆလမှပြီး သောအခါ အနားယူရင်း လယ်သမားလုပ်ရသူဖြစ်သည်။ သူ့အိမ်သည် ကျွန်တော်တို့အရပ်အခေါ် နံကပ်တိုက်ဖြစ်သည်။ တော်ရုံငွေကြေးတတ်နိုင်ရုံဖြင့်မနေနိုင်။ အသားတိုင်နှင့် အုတ်ရိုးတက်ထားသော အိမ်ဖြစ်သည်။ သူသည် စပါး နှစ်ထောင်ခန့် ရအောင် စိုက်ပျိုးလုပ်ကိုင်နိုင်သူဖြစ်သည်။ ယခုအခါ နွေစပါးအတွက် ရေမယူလို၊ အကြောင်းက နွေစပါးကို သူမစိုက်၊ မစိုက် သောကြောင့် လယ်ကွင်းကို ရေမစိုစေလို၊ ‘ နွေခါမှာ ရေမပေးဖို့ သွားဆွေးနွေးပါလား ‘ ဘေးနီးချင်းလယ်က ရေလိုချင်နေလျင် ရေက သွယ်ရမှာဘဲဟု ပြောနေသည်။ သူ့အဖို့ကတော့ မျိုးစပါး၊ ရောင်းစပါး၊ စားစပါးကိုယ့်လယ်ကထွက်သည့် စပါးကိုကိုယ့် စိတ်ကြိုက် ဖန်တီးနိုင်တာကိုက ကြိုက်လှပါပြီ။ အစိုးရကဘာမှ လုပ်မပေးလည်းဖြစ်နေပါပြီဟု ဆိုသည်။

အောင်ပန်းမြို့နယ် မြို့နယ်ကော်မရှင် ဥက္ကဌကြီးမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှိသည်။ သူ့ဆိုင်မှာက အထည်၊ လျှပ်စစ် ပစ္စည်း ဖုန်းအမျိုးမျိုးလူသုံးကုန်ပစ္စည်းများ ရောင်းချသည်။ အလုပ်ကရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ၊ သူ့အဖို့ ဘယ်ပါတီ ညာပါတီ မဟုတ်ဖူး။ ဒို့တာဝန်က Level Playing Field ဖြစ်ဖို့ဘဲဟု ပြောသည်။ သူ့ဆိုင်က တလလျှင် ဆယ်သိန်းအောက် ထစ်ကျန်သည်။ သူ့မှာ ရှစ်တန်းကျောင်းသူတယောက်ရှိရာ သုံးငွေနှင့်လောက်နေသည်။ ဆပ် (Surf) ကားကြီးတစီးကိုလည်း မြင်ခဲ့ရသည်။ သူ့တွင် နေ့စဉ်အလုပ်ဟူ၍ ဘာမျှမရှိ။ လင်းလာလျှင် သတင်းစာဖတ် လ္ဘက်ရည်ဆိုင်ထိုင်ရုံသာ။

နောက်ဆုံးတယောက်ကတော့ ကွမ်းခြံကုန်းမှာ ရာဘာစိုက်ခင်းပိုင်ရှင်တဦး၏အခက်အခဲဖြစ်သည်။ တချိန်က ကြက်ဆူစေ့ စိုက်ရန်ဆိုကာ မြေဧက ၈ဝ အစိုးရကချပေးကြောင်း တပ်မတော်အရာရှိတဦးကို တဝက်ခွဲပေးရ၍ ဧက ၄ဝ ကျန်ကြောင်း၊ ယခုအခါ ရာဘာပင်စိုက်နေကြောင်း၊ ရာဘာပင်ရှစ်နှစ်သားအရမှာကော် စထုတ်နေပြီ ဖြစ်ကြောင်း၊ အခုအစိုးရပေါ်လစီက ကျွဲနွားတွေကိုစားကျက်ပေးရမည်ဆိုတော့ ကျွဲနွားပိုင်ရှင်တို့နှင့်ညှိရကြောင်း၊ ပထမနှစ်က ရှစ်သိန်းပေးရကြောင်း နောက်နှစ် ၄ သိန်း၊ နောက်နှစ် ၂ သိန်း တဝက်စီလျော့ပေးရကြောင်း၊ ဒီနှစ်တော့မပေးနိုင်တော့ဘူးဟု ဆိုသည်။ “သူတို့က စားကြဆိုပြီး ဝင်လိုက်ရင် ရာဘာပင်တွေပျက်တော့တာဘဲ”။ ကျွဲနွား တွေဖျက်စီးထားသောအပင်တွေကို ဓာတ်ပုံရိုက်ထားတာကိုထုတ်ပြလိုက်သေးသည်။ ဓာတ်ပုံတွေနှင့် နိုင်ငံတော်သို့ အသနားခံစာတင်ထားပုံကိုပြလိုက်သည်။ အစိုးရက မူတခုချမှတ်ပြီး ဥပဒေ ပြဌာန်းသင့်တယ်ဟု ဆိုသည်။

(၃)
အပြန်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပထွက်ခွာဆောင်ကိုရောက်ရသည်။ ဆိုင်ခန်းတွေမှာ သပ်သပ်ရပ်ရပ် International Brand တွေကိုတွေ့ရသည်။ Thai Express၊ Kinokuniya၊ Coach၊ Cherles and Keith အဆင်အပြင် တွေက စင်္ကာပူလေဆိပ်လိုဘဲထင်ရသည်။ Kinokuniya မှာ စာအုပ်ဝင်ကြည့်တော့ အပျော်ဖတ်ဝတ္တုတွေကို အမေရိကန် ၁ဝ ဒေါ်လာဆိုသည်မှာ နိုင်ငံတကာစာအုပ်ဆိုင်တွေလိုဘဲ ဈေးနှုန်းသတ်မှတ်ထားတာကို တွေ့ရသည်။

ထူးခြားသည်မှာ ဘာဂါကင်း (Berger king) ဖြစ်သည်။ တခါက နယူးယော့တိုင်းသတင်းထောက် ဖရီးမင်း (Tom Freeman) က “ဘာဂါကင်းဖွင့်ထားတဲ့ ဒီမိုကရေစီနိုင်ငံအချင်းချင်း ဘယ်တော့မှစစ်ဖြစ်မှာမဟုတ်ဖူး” ဟု ရေးထားတာကို သတိရမိသည်။
ဘာဂါကင်းသည် ဒီမိုကရေစီနိုင်ငံများမှာသာ ဖွင့်သည်။ ထိုနိုင်ငံများသည် ဒီမိုကရေစီနည်းအရသာ အဖြေရှာသည်ဟုဆိုလို သည်။ ကျွန်တော်သည် ဘာဂါကင်းဆိုင်မှာထိုင်ရင်း မြန်မာပြည်ကြီးသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တိုးတတ်သလို မျိုး၊ နိုင်ငံနှင့်တဝှမ်းတိုးတတ်ရန် အရေးကြီးပုံကိုတွေးနေမိသည်။ ကော်ဖီတခွက်နှင့် ဘာဂါတခုကို ၇ ဒေါ်လာဆိုတော့ ဈေး ကြီးနေသည်။

ထားတော့။ တရုတ်နှင့်လည်း ငြိမ်းချမ်းစွာဆွေးနွေး၊ အိန္ဒိယနှင့်လည်းပြဿနာရှိသမျှ ငြိမ်းချမ်းစွာဆွေးနွေး ASEAN နိုင်ငံ တွေနှင့်လည်း အေးချမ်းစွာအတူယှဉ်တွဲနေနိုင်ရေး ဆွေးနွေးရေးမှုဖြင့်သွားနေသဖြင့် ကျွန်တော်တို့နိုင်ငံအတွက် စိတ်အေး နေရပေပြီ။

(၄)
ကျွန်တော်တို့အဖို့ တိုးတက်ရေးလုပ်ငန်းများလုပ်ရန် အစိုးရ၏အကူအညီမလိုပါ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ အစိုးရကိုစောင့် ဆိုင်းနေရန်မလိုပါ။ အစိုးရအလုပ်က နိုင်ငံကို အေးချမ်းစွာနေနိုင်ဖို့ အုပ်ချုပ်ရုံသာ၊ ပြည်သူလူထု စီးပွားရေး၊ လူမှုရေး၊ လုပ်ငန်းတွေ မှာ အဖက်ဖက်ကတိုးတက်လာဖို့ကို ပြည်သူတို့က မိမိဘာသာ အလုပ်လုပ်ကြဖို့ လိုသည်။ ကျွန်တော်တို့နိုင်ငံ သည် အမှိုက်ပုံလို အရှုပ်အထွေးတွေကြားကနိုးထလာရသည့်နိုင်ငံ၊ အရှုပ်တွေ ရှင်းသွားသည်နှင့် သာယာဖြောင့်ဖြူးသည့်လမ်း သည် ပေါ်လာရပေမည်။ ဟိုက်ဝေးလမ်းနှင့် ဓာတ်ဆီဆိုင်တွေမှာ အစိုးရအကူအညီမပါဘဲ ဖြစ်အောင်လုပ်နိုင်လျင် တိုင်းပြည်စက်မှုလက်မှုဖွံ့ဖြိုးမှုမှာလည်း အစိုးရသည် နောက်တန်းကသာနေရပါမည်။ မိမိဘာသာ နည်းလမ်းအသစ်များရှာဖွေရင်း ဖြင့်သာ ချီတက်ရပါမည်။

ကိုသန်းလွင်
0