မောင်လူရေး - သီလရှင်တွေ တိပိဋက သုံးပုံဆောင် မပေါ်ခြင်းအကြောင်း


မောင်လူရေး - သီလရှင်တွေ တိပိဋက သုံးပုံဆောင် မပေါ်ခြင်းအကြောင်း
(မိုးမခ) ဇန်န၀ါရီ ၁၉၊ ၂၀၁၈

မင်းကွန်းမှာ ရှားပင်တိုက်သစ် သီလရှင်စာသင်တိုက်ဆိုတာ ရှိတယ်။ အဲဒီတိုက်ကို ဦးဆောင်နေတဲ့ သီလရှင်ဆရာကြီးက ဒေါ်ဉာဏိဿရီ၊ ခု အသက် ၈၀ ရှိပြီ။ သူ့ကို ဆရာကြီးဒေါ်ကြည်လို့ဘဲ သိကြတယ်။ ငယ်ငယ်က မကြည်ပေါ့။ သူ့ဇာတိက ဝက်လက်မြို့နယ်၊ ထန်းဂေါင်းဒေါင့်ရွာ။ အဲဒီရွာက မင်းကွန်းမှာ ရှားပင်တိုက်သစ်ဆိုတဲ့ စာသင်တိုက်တည်တဲ့ ဆရာတော်ဦးစန္ဒိမာဆီမှာ ၇-နှစ်သမီးကထဲက ရောက်ပေတဲ့ ဆရာတော်ကြီးက သီလမမြဲမှာစိုးလို့ဆိုပြီး ၁၂-မှ သီလရှင်ဝတ်ပေးခဲ့သတဲ့။

မကြည်လေးဟာ အင်မတန် ဉာဏ်ကောင်းဆိုဘဲ။ စစ်လာရှောင်တဲ့ မစိုးရိမ်ဆရာတော်ကြီးဦးသူရိယနဲ
့ ပဋ္ဌာန်းဆရာတော်တို့ဟာ မကြည်လေးကို အဘိဓမ္မာ မွမ်းမံသင်ပေးကြသတဲ့။ မစိုးရိမ်ဆရာတော်ကြီးဦးသူရိယကဆို "ဘယ်ကလဲ မကြည်ရမှာလဲ၊ ဉာဏ်ကြည်" လို့ ပြောပြီး "ဉာဏ်ကြည်" လို့ဘဲ ခေါ်သတဲ့။ စစ်တုန်းက ရှားပင်တိုက်ဟောင်းထဲမှာ ဆရာတော်ဦးသူရိယက နေပြီး ပဋ္ဌာန်းဆရာတော်က အဲဒီနားက ဓမ္မသာရမှာ နေသတဲ့။ ရှားပင်မှာက ဆရာတော်ကြီးရဲ့ စာသင်ဘက်သူငယ်ချင်း လူပြန်တော်ဦးသာလွင်ရှိသတဲ့။ သူက အိမ်ထောင်မပြုဘဲ သီလရှင်တွေ ကိုယ်တော်တွေကို စာဝါချပေးနေတာတဲ့။ စာချကလဲ သိပ်ကောင်းဆိုဘဲ။

ဆရာလေးမကြည်ဟာ ၁၄-နှစ်သမီးမှာ အဘိဓမ္မာစာမေးပွဲကို တနှစ်ထဲ သုံးဆင့်လုံးဝင်ဖြေပြီး တနိုင်ငံလုံးမှာ ပထမဆင့် ဒုတိယ၊ တတိယဆင့် ပထမနဲ့ အောင်မြင်ခဲ့သတဲ့။ အဲဒီနောက် ၁၆-မှာ အငယ်၊ ၁၇-မှာ အလတ်၊ ၁၈-မှာ အကြီး၊ ၁၉-မှာ ဓမ္မာစရိယတန်းပြီးရောတဲ့။ အဲဒီအတွင်းမှာ စစ်ပြီးလို့ ပြန်သွားတဲ့ ဆရာတော်ကြီးများဆီ အဖူးအမြော် မကြာမကြာရောက်သတဲ့။ ဆရာတော်ကြီးများကလဲ သူတို့ရေးသမျှ စာအုပ်ပို့ပေးပြီး ကျက်ခိုင်းဆိုဘဲ။

အသက် ၂၁-နှစ်ရောက်တဲ့အခါ မစိုးရိမ်ဆရာတော်ကြီးဦးသူရိယဟာ သူ့အခေါ် ဆရာလေးဉာဏ်ကြည်ကို တိပိဋက ကျက်ခိုင်းသတဲ့။ ဆရာတော်ကြီးက စာသင်သားတွေကို သဒ္ဒါ သင်္ဂြိုဟ်နဲ့ အချိန်မကုန်စေဘဲ ဘုရားဟောပါဠိတော်တွေကို ကျက်စေချင်တဲ့ဆန္ဒရှိတာမို့ "ငါလဲ စာမေးပွဲ လုပ်မယ်၊ ပိဋကစာမေးပွဲလဲဝင်၊ စာကျက်တော့၊ တိပိဋက ဝင်ရအောင် ငါပြောပေးမယ်"ဆိုပြီး မိန့်သတဲ့။

ဒါပေလို့ ဆရာလေးဉာဏ်ကြည်ဟာ တိပိဋကစာမေးပွဲကို ဝင်ခွင့်မရခဲ့ဘူး။ "အမျိုးသမီးမို့ သီဟာသနပလ္လင်ပေါ် မတက်ထိုက်ဘူး၊ ထီးဖြူလဲ မဆောင်းထိုက်ဘူး" ဆိုပြီး အသင်းတာဝန်ရှိသူများက ပယ်ချလိုက်တယ်လို့ ဆရာတော်ကြီးက ပြန်မိန့်သတဲ့။ (တိပိဋက စာမေးပွဲက စပြန်ကထဲက စာဖြေသံဃာကို သီဟာသနပလ္လင်ပေါ် ထီးဖြူမိုး ပူဇော်တာကိုး)

အဲဒါကြောင့် ဆရာတော်ကြီးကျင်းပတဲ့ နိကယ်စာမေးပွဲမှာဘဲ အင်္ဂုတ္ထိုရ်ပြီးခဲ့သတဲ့။ ပထမနှစ် ပထမတကျမ်းက ဦးမောင်ကိုတိုက်မှာ ကျင်းပတဲ့ စာမေးပွဲမှာ၊ နောက်နှစ် ကျန်နှစ်ကျမ်းက မစိုးရိမ်တိုက်ထဲမှာ၊ အဲဒီထဲမှာတော့ တနှစ်ထဲ နှစ်ခါဖြေ၊ နှစ်ကျမ်းအောင်ခဲ့တယ်တဲ့။ နောက်တော့ အဲဒီစာမေးပွဲကို ပရိယတ္တိအသင်းကို လွဲလိုက်တယ်တဲ့။ သူလဲ ဆက်မဖြေဖြစ်တော့ဘူးတဲ့။

အမှန်တော့ ကျားကျားမမ တရားတော်တွေဆောင်ထားရင် ဓမ္မစေတီထိုက်တယ်ဆိုတာ အသင်းလူကြီးတွေ သိကြပါတယ်။ ဘုရားရှင်လက်ထက်က ပဋာစာရီတို့လို ဘုရားဟောတရားတော်များ အဆောင်နိုင်ဆုံးဧတဒဂ်ရ ရဟန္တာမကြီးအကြောင်းလဲ မသိမဟုတ် သိမှာပါဘဲ။ တကယ်တော့ မိဖုရားတွေ ပလ္လင်ပေါ်ထိုင်၊ ထီးဖြူမိုးခံနေရတာလဲ မသိ မရှိပါဘူး။ ဘုရားတွေမှာ တွေ့ရတတ်တဲ့ "အမျိုးသမီး မတက်ရ" ဆိုတဲ့ အယူအဆမျိုးလောက်နဲ့ ပယ်ချခံခဲ့ရတယ်လို့ ယူဆစရာရှိပါတယ်။

(ဒီအကြောင်းတွေပြောပြတဲ့ ကျန်းကျန်းမာမာနဲ့ စာချတန်းစာဝါတွေ ချပေးနေဆဲ့ဖြစ်တဲ့ သီလရှင်ဆရာကြီး ဒေါ်ကြည်ရဲ့ပုံကို တွဲတင်ပေးလိုက်ပါတယ်။)

Comments