မောင်နောင်မွန် - နှစ်တစ်နှစ်ကိုစတင်ခြင်း

နှစ်တစ်နှစ်ကိုစတင်ခြင်း
မောင်နောင်မွန်
(မိုးမခ)၊ ဇန်နဝါရီ ၁၊ ၂၀၁၇

လမ်းမထက်ရှိ ကတ္တရာသားပေါ်တွင် ရေဆေးများဖြင့်ရေးထားသော နှစ်သစ်ကိုကြိုဆိုပါသည်ဟူသော စာသားများကိုတွေ့နေရသည်။ ယနေ့နံနက် ဆိုင်ကယ်မောင်းရသည်မှာ စိတ်ထဲပျော်နေသည်။ မြန်မာနိုင်ငံတွင်ပထမဆုံးနိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်ပေးထားသောကြောင့် ယနေ့ လမ်းမထက်တွင် ဌာနဆိုင်ရာဝန်ထမ်းကြိုပို့ကားများလည်း ရှင်းလင်းနေသည်။ နှစ်တစ်နှစ်၏အစပထမကို ဤကဲ့သို့တွေ့မြင်ရ သည်မှာ စိတ်ကြည်နူးစရာကောင်းလှသည်။

ညက အစောကြီးအိပ်မိသည်။ နှစ်သစ်ကိုအိပ်ရေးဝဝ စိတ်ရွှင်လန်းစွာဖြင့်စတင်ချင်သောကြောင့်ဖြစ်သည်။ ထူးခြားစွာတိုက်ဆိုင်သည်မှာ ရွာဦး စေတီဘုရားပွဲနှင့်နှစ်သစ်ကူးညတိုက်ဆိုင်နေသည်။ ရွာဘုရားပွဲတော်သည် မြန်မာပြက္ဒဒိန်အရ ခွာညိုပွင့်သော ပြာသိုလပြည့်တွင်ကျင်းပသည်။ ယခုနှစ်သစ်၏ ပထမဆုံးရက်သည်လည်း ပြာသိုလပြည့်ဖြစ်သည်။ ထို့အပြင် ယခုနှစ်သည် စနေ၊ တနင်္ဂနွေနှင့်တိုက်ဆိုင် သောအခါ ရုံးပိတ်ရက် သုံးရက်ဆက်တိုက်မို့ရပ်ဝေးတွင်သွားရောက်ဝမ်းစာရှာနေသောသူများလည်း ရွာဦး ဘုရားပွဲကိုဆင်နွှဲရန်ပြန်လာသောကြောင့် ရွာတွင်လူစုံလှသည်။ နှစ်စဉ်နှစ်တိုင်းဘုရားပွဲတော်သည် လူစုံ သော်လည်း ယခုနှစ်သည် အခြားသောနှစ်ထက် လူပိုစုံသည်ဟုဆိုရမည်ဖြစ်သည်။
 
မြို့ကြီးပြကြီးတွင် အလုပ်လုပ်နေသော သူငယ်ချင်းနှင့်ပြန်ဆုံဖြစ်သည်။ ထို့အပြင် တဖက်နိုင်ငံတွင်အချိန် တော်ကြာအလုပ်သွားလုပ်နေသော သူငယ်ချင်းများနှင့်လည်း ဆုံဖြစ်သည်။ 
 
လခထုတ်ရက်မို့လက်ထဲတွင်ငွေစလေးရွှင်နေတာလည်းပါမည်ထင်သည်။ ရွာပြန်ရောက်နေသော သူငယ် ချင်းများနှင့်အတူ ရွာထိပ်ရှိဘီယာဆိုင်တွင် အချိန်တော်ကြာလွမ်းမောမှုများကိုမြည်းနေမိသည်။ တဖက်နိုင်ငံတွင်အချိန်တော်ကြာစွာ သွားရောက်လုပ်ကိုင်နေသော သူငယ်ချင်းမှ မူးမူးနှင့်ပြောသော စကား သည်ကာ ရင်ထဲထိလှသည်။ "တို့တတွေဘဝကွာ၊ ငါဟိုမှာဖျော်နေတဲ့ မဆလာထဲက ဘိလပ်မြေလိုပဲ၊ ရေ နဲ့ထိလေ ကျစ်လေ၊ ရေနဲ့ထိလေ ကျစ်လေကွာ။ ပြီးတော့ တဖြည်းဖြည်းအသုံးမဝင်ကြတော့ဘူးကွာ။ တို့ တွေလည်း ဘာထူးလဲ၊ လောကဓံနှင့်ထိလေ ပိုပြီးရုန်းကန်လေ။ လောကီအတွက် ကိုယ်လိုဘတွေအတွက် ရှာဖွေလေ။ ပိုရလေ၊ ပိုရှာလေ။ တို့တတွေလူအသိုင်းအဝိုင်းနဲ့ ပိုဝေးလေပဲကွာ" ဟု ဘီယာခွက်ကိုကိုင်ရင်း ခပ်ဆဆပြောနေသည်။ ခေါင်းတွင်းရှိအာရုံကြောများ မူးယစ်ရီဝေလေ အမှန်တရားကိုပိုကြိုက်လေဖြစ် ကြောင်း ယုံကြည်သည်။

ထိုသူငယ်ချင်းသည် အထက်တန်းအောင်ပြီးကတည်းက တဖက်နိုင်ငံသို့ရေကြည်ရာမြက်နုရာသို့ ရှာဖွေရန် ထွက်သွားခဲ့သည်။ တဖက် နိုင်ငံရှိ ကမ်းခြေတွင် ဆူနာမီဒဏ်ကိုခံခဲ့ရဖူးသည်။ ဟိုဖက်နိုင်ငံတွင်ပင်အိမ်ထောင်ကျကာ သားသမီးတွေရခဲ့သည်။ စီးပွားရေးရှာရန်အတွက် လသား ကလေး များကို ရွာရှိမိဘများထံတွင်ထိန်းကျောင်းရန်ပို့ထားခဲ့သည်။ ယခုပြန်လာသောအခါ မိဘအရင်းဖြစ်သော သူတို့ကို မိဘဟုပင်ခေါ်ရန် ဝန်လေးနေကြသည်။ ထို့အပြင် ရှာခဲ့သော ငွေကြေးများသည်ကာ အသုံးမခံ ချေ။ မြင့်မာသောကုန်ဈေးနှုန်းများကြောင့် ရရှိလာသောချွေးနဲစာများသည်ကာ အပျောက်အရှမြန်လှသည်။
 
နှစ်ပေါင်းများစွာကွဲကွာခဲ့ရသော သားသမီးက မိဘဟုခေါ်ရန်ပင်ဝန်လေးနေသောကြောင့် သားသမီးများကို အချိန်ပေးရန်ရည်ရွယ်ကာ ပြန်လာသောသူအတွက်မွေးရပ်မြေတွင် ကြာရှည်စွာနေထိုင်ရန်မဖြစ်နိုင်ချေ။ ထိုကဲ့သို့ နာကြည်းချက်များဖြင့်ဖွင့်ဟလာ သော သူငယ်ချင်း၏ရင်တွင်းစကားသည် ကျွန်တော်တို့ စကား ဝိုင်းကို တဒင်္ဂ တိတ်ဆိတ်စေခဲ့သည်။ ကျွန်တော်တို့သူငယ်ချင်းအနည်းငယ်ပင် ဤကဲ့သို့ အဖြစ်အပျက်ရှိခဲ့လျှင် သန်းပေါင်းများစွာသော သူများတွင်လည်းရှိမည်ဟုတွေးမိသည်

မဆုံတာကြာပြီးဖြစ်သောငယ်သူငယ်ချင်းများပြန်ဆုံသော နှစ်သစ်ကူးညသည်ကာ ပျော်စရာကောင်းလှ သည်။ ငယ်ကျိုးငယ်နာ ရှေးဟောင်း နှောင်း ဖြစ်များပြောဖြစ်ကြသည်။ လွမ်းမဝသော ငယ်ဘဝများကိုပြန် တမ်းတကြသည်။ ကျွန်တော်တို့ငယ်စဉ်အထက်တန်းကျောင်းသားဘဝထိ နှစ်သစ်ကူးညသည်ကား သာမန်ညသည်သာဖြစ်သည်။ ပါတီများ၊ နှစ်သစ်ကြိုညများ၊ ဆုမွန်ကောင်းတောင်းခြင်းမျာလုံးဝကို သိနား လည်ခြင်း မရှိချေ။

တကယ့်တောဆန်သောဓလေ့ဖြစ်သည်။ ပုံမှန်ညလေးတညလိုသာ အမှုမဲ့အမှတ်မဲ့နေထိုင်မိသည်။ ယခုခေတ်အခါတွင်မူ နှစ်သစ်ကူးအကြိုညတွင် ပါတီပေးခြင်းများခေတ်စားလာသည်။ နှစ်သစ်ကို ပျော်စရာ နှစ်သစ် (Happy New Year)ဟု အော်ဟစ်ကြိုဆိုကြသည်။ မီးရှုးမီးပန်းများပစ်ဖောက်ကြိုဆိုကြသည်။ 
 
ကျွန်တော်တို့ဝိုင်းသည် အစပထမအစီအစဉ်တွင် ထိုကဲ့သို့နှစ်သစ်ကူးမည့်အစီအစဉ်ပါသော်လည်း မည်သူ ကစလိုက်သောကြောင့် နှစ်သစ်ကိုအိပ်ရေးဝဝအိပ်ပြီးကြိုဆိုရအောင်ဆိုကာ သူတို့ဝိုင်းခွဲကာ အိမ်ပြန်ခဲ့ကြ သည်။ ကျွန်တော်အိမ်ပြန်ရောက်ချိန်တွင် ရေဒီယိုများ၊ တီဗွီအစီအစဉ်များမှနှစ်သစ်ကူးအကြိုအစီအစဉ် များကို ထုတ်လွှင့်နေသည်။ သို့သော် နံနက်စောစောအလုပ်သွားရန်ရည်ရွယ်သောကြောင့် ကျွန်တော် အိပ်ရာဝင်စောခဲ့သည်။ ကျွန်တော်ဘဝအတွက် နှစ်သစ်ကူးညပေါင်းစွာကို နှစ်တစ်နှစ်ထဲတွင် အခါခါဖြတ် သန်းဖူးပြီးသားဖြစ်သည်။ ခရစ်နှစ်၊ တရုတ်နှစ်၊ မြန်မာနှစ်နှင့် ဟိန္ဒူနှစ်သစ်ကူးများစွာကိုဖြတ်ကျော်ဖူးခဲ့ပြီး ဖြစ်သည်။

ယနေ့နံနက်၏ လမ်းမထက်တွင် ခါတိုင်းထက်ပို၍ရှင်းလင်းနေသည်။ ပလက်ဖောင်းဘေးကအုတ်နံရံများတွင် ပျော်စရာနှစ်သစ်ကိုကြိုဆိုပါသည်ဟူသော စာသားများကိုနေရာ အနှံ့ တွေ့ရသည်။ အသက်တစ်နှစ်ကြီးလာသည်။ ကမ္ဘာမြေပေါ်တွင်အသက်ရှင်သောနှစ်တစ်နှစ်တိုးလာ သည်။ ပြက္ခဒိန်အသစ်မှအဟောင်းသို့ ကူးပြောင်းခဲ့လေသည်။ သို့သော် စိတ်ကရောပြောင်းနိုင်မလားဟု ကျွန်တော်တွေးမိသည်။

နှစ်ဟောင်းမှအရှုပ်ထုပ်များကို နှစ်သစ်တွင်ဆက်လုပ်နေသော် အကျိုးရှိမည်မထင်ချေ။ စိတ်ဓာတ်အဟောင်းများကိုစွန့်ပယ်ကာ စိတ်ဓာတ်အသစ်ဖြင့် နှစ်သစ်ကိုစတင်မည်ဟု ကျွန်တော်စိတ်ကူး ထားသည်။ လွန်ခဲ့သောတစ်ရက်ခန့်ကဖတ်ခဲ့ရသော ဆရာအော်ပီကျယ် ကာတွန်းလေးတွင် နှစ်ဟောင်းမှ နှစ်သစ်ကိုအကူးအပြောင်းကို လက်ဆင့်ကမ်းပြေးပြိုင်ပွဲဖြင့် သရုပ်ဖော်ထားသည်။ သို့သော် ဆရာ၏ ကာ တွန်းတွင်မူ ဇာတ်ဆောင်တွင် လက်ဆင့် ကမ်းရမည့်အရာမရှိဖြစ်ဖြစ်နေသည်။ ကျွန်တော်သည် ထိုသို့မဖြစ် အောင် စီစဉ်ထားသည်။ လက်ဆင့်ကမ်းမည့်အရာသည် စိတ်လက်ကြည်သာ သောအခါ ပိုကောင်းမည်ဟု တွေးမိသည်။ ထို့ကြောင့် ကြိုတင်စီစဉ်ထားသည်။ ထိုအရာမှ ကျွန်တော်ညက အစောကြီးအိပ်ရာဝင်ခဲ့ သည်။ ထို့ကြောင့် အိပ်ရေးဝနေသည်။ အိပ်ရေးဝသောအခါ စိတ်လက်ရွှင်လန်းနေသည်။ 
 
ထိုအခါမြင်သမျှသည်လှပနေသည်။ နှစ်သစ်ကိုစိတ်လက်ရွှင်လန်းစွာစတင် နေသည်။ လမ်းမထက်တွင် အခြားနေ့များထက် မော်တော်ယာဉ်များရှင်းလင်းနေတော့သည်။  ။

မောင်နောင်မွန်
0