မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃ဝ၉)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃ဝ၉)
(မိုးခ) ဇန်နဝါရီ ၁၈၊ ၂ဝ၁၈
စာတတ်၍ စာဖတ်မှတော့ အညံ့မခံပါနှင့်

(၁)
စာဖတ်နိုင်ရန် စာတတ်ရမည်၊ ဖတ်ဖို့စာရှိရပါမည်။ စာတတ်ရန် စာသင်ရ၍ အချိန်ပေး ငွေကုန်ခံကာ ကြိုးစားရသည်။ နေရင်း စားရင်း အိပ်ရင်း အလိုလိုစာတတ်လာသည်မှ မဟုတ်တာ။ ထိုသို့ရင်းနှီးပြီးမှ စာဖတ်တတ်လာခြင်းကို ထိုက်ထိုက်တန်တန် အသုံးချသင့်သည်မဟုတ်လား။

မည်သည့်စာကိုဖတ်ဖတ် မျက်စိမှိတ်ပြီးဖတ်၍မရသလို၊ ဦးနှောက်ပိတ်ကာ မဖတ်သင့်ပါ။ စာဖတ်ရင်းမတွေးလျှင်၊ စာဖတ်ပြီး စဉ်းစားချင့်ချိန်မှုကင်းလျှင် အကျိုးရှိသင့်သလောက်မရှိနိုင်။ စာဖတ်ရကျိုး အဘယ်မှာလျှင် နပ်ပါမည်နည်း။

(၂)
ဆေးကိုမည်သို့သောက်သုံးရန် အညွှန်းစာမျိုးကိုမူ ဖတ်ပြီးလိုက်နာရပါမည်။ အထူးအထွေ စောဒကတက်ရန်မလို။ မမှား မယွင်းအောင် တိုတိုနှင့်လိုရင်းကို ရှင်းလင်းပြတ်သားစွာ ရေးထားစမြဲပါ။ ဟိတ်ကြီးဟန်ကြီးနှင့် သမားဂုဏ်ပြသည့် စကားကြီး စကားကျယ် သုံးထားသည်ကို မြင်ဖူးကြပါသလား။

ဤဆောင်းပါးတွင် စာရေးဆရာများ ရေးသောစာကို ဖတ်ကြသူများအား ကျွန်တော်အဓိကထား ရည်ရွယ်ပါ၏ ပုဂ္ဂိုလ်ခင်မှ တရားမင်သည် ဆိုသောစကားကဲ့သို့ လူတယောက်စာမဖတ်မီ ဘယ်သူရေးတာလဲ ဟူ၍စာရေးဆရာ၏ နာမည်ကိုဦးစွာ ကြည့်စမြဲပင်။ မိမိကြိုက်နှစ်သက်သူစာရေးဆရာဆိုဖတ်မည်၊ မသိသူ သို့မဟုတ် မဖတ်ဖူးသူ၏စာဆိုလျှင် နောက်အချိန်ပိုမှ ဖတ်ခြင်းကလည်း ဖြစ်ရိုးဖြစ်စဉ်ပါ။

မထူးဆန်း၊ စာပါအကြောင်းအရာကိုမူ ထိုစာဖတ်ပြီးမှသိနိုင်တာကိုး။

သည်တော့လည်း လူတစ်ယောက်စာဖတ်ဖြစ်ရန် စာရေးဆရာကနေ စရမည်ပေါ့။

(၃)
ဤဆောင်းပါးရေးရခြင်း၏ ရည်ရွယ်ချက်က ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာ့စာပေသမိုင်း၌ မရှိခဲ့ဖူး သည့် ပေါ့ပျက်ပျက်တွေး ပေါ့ပျက်ပျက်ရေး ပေါ့ပျက်ပျက်ဖတ်ကြသည့် အလေ့အထထွန်းကား ကြီးထွားလာသည်ကို ဆွေ နွေးလိုခြင်းဖြစ်ပါသည်။ ယခုခေတ် Face Book တွင်မူ တာဝန်မဲ့လွန်းနေပြီ။

သေသောချာစွာ မကြားရသေး လက်ခုပ်တီးပြီးသား၊ ဘာပြောမှန်းမသိသေး ထောက်ခံပြီးသား အမြဲတမ်းအဆင်သင့် (Ever Ready) တွေများသည်ထက် ပိုများလာနေသည်မှာ မမြင်ချင်မှအဆုံး။

စာရေးဆရာ အမည်ခံများ လိုင်စင်ရ စာရေးဆရာများဟု (အာဏာရစစ်ဗိုလ်များမို့) တိတ်တဆိတ်ခေါ်နေကြသည့် သူများကဲ့ သို့ တကယ့်စာရေးဆရာအချို့ကလည်း စာဖတ်သူများအား အထင်သေးကာ ရေးသားလာကြသည်ကို သတိထားမိ၏။ ရေးသူနှင့်ဖတ်သူတို့ကြား အပြန်အလှန်လေးစားရသည့် အစဉ်အလာပျက်မှန်းမသိ ပျက်လာခဲ့လေပြီ။

ထိုအခါ စာဖတ်သူတို့ဘက်က ပိုနာပိုဆုံးရှုံးသည်ဟု ကျွန်တော်ယူဆသည်။

(၄)
အကန်တော့ခံ စင်ပေါ်ကမဆင်းသည့် စာရေးဆရာတဦး၏ ရေးသားချက်ကို လေ့လာကြည့်ကြပါစို့။

သူရေးသည်ကား လူအများသိထား စိတ်ဝင်စားသူ စာရေးဆရာကြီးဒဂုန်တာရာအကြောင်းပါ။ လေ့လာကြည့်ကြဖို့ ကောက် နှုတ်ဖော်ပြပါမည်၊ ဖတ်ကြည့်ပါ။

“ကျနော်တို့ သူ့ဆီရောက်သွားတိုင်း သူ့အိပ်ရာပေါ် တက်ခုန်သူတွေက တက်ခုန်ကြ၊ စန္ဒရားကြီးတီးပြီး အော်ဟစ်သူတွေ အော်ဟစ်ကြ၊ သူ့စာအုပ်ပုံကြား မွှေနှောက်သူတွေက မွှေနှောက်ကြနှင့် ...." စသဖြင့် ရေး၏။ ရေးသူပုဂ္ဂိုလ်ကြီးအား ကြိုက်၍ လေးစား၍ ဖတ်သည်ပဲထား၊ စာရေးဆရာကြီး ဒဂုန်တာရာအကြောင်းလေ။ ယုတ္တိ တန်၏ မတန်၏ စာဖတ်သူတို့ မစဉ်းစား တော့ဘူးလားဟု မေးပါရစေ။

တန်းပြီးယုံ အလွယ်တကူလက်ခံလိုက်တော့မှာလား။

(၅)
သူ့ဆီဆိုသည်မှာ ဒဂုန်တာရာ နေနေသော ကောလိပ်ဂျင်နေဝင်း၏အိမ်။

ထိုအိမ်သို့ ကိုမြသန်းတင့်နှင့်အတူ ကျနော် ၁ဝ ကြိမ်ခန့်ရောက်ဖူး၏။ စာရေးဆရာကြီး ဒဂုန်တာရာ သူ့အခန်းထဲက ထွက် လာကာ ၃ ယောက်သား ဧည့်ခန်း၌ ထိုင်စကားပြောကြသည်၊ စာအကြောင်းပြောကြရင်း စကားစပ်မိ လိုအပ်လျှင် သူအခန်း ထဲပြန်ဝင်သွားပြီး စာအုပ်ယူလာသည်။ သူ့စာအုပ်များ စင်နှင့်စနစ်တကျ ထားရှိပေလိမ့်မည်။

ကြမ်းပေါ်ပုံထားမည်မထင်ပါ။

ရုပ်ရှင်လုပ်ငန်းရှင်ကြီး ကောလိပ်ဂျင်နေဝင်း၏ယောက္ခမ ဗိုလ်ဇေယျနှင့် ဗကသတွင် လုပ်ဖော်ကိုင်ဖက် ရဲဘော် စာရေးဆရာ ကြီး ဒဂုန်တာရာ ထိုအိမ်တွင် ဘယ်လိုနေရမည်ကို စာဖတ်သူတိုင်း အလွယ်တကူခန့်မှန်းလို့ရပါ၏။ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲလာစဉ်က ဓာတ်ပုံကိုကြည့်ပါ။

ဒဂန်တာရာ ဧည့်ခန်းထဲ ခေါက်ခုတင်လေးနှင့် ခွေခွေလေးအိပ်ရမည်လော။

အဘယ်သို့သော သူများသည် ဒဂုန်တာရာ ၏အိပ်ရာပေါ် တက်ခုန်နိုင်ပါမည်နည်း။

ကိုမြသန်းတင့်သည် ကျွန်တော့်အိမ်တွင် လက်ဆေးထမင်းဝင်စားဖူးသလို သူအိမ်တွင်လည်း ကျွန်တော်ကြုံ၍ ဝင်စားဖူးပါ၏။ မိသားစုချင်းလည်း ခင်မင်နှင့် ဤမျှရင်းနှီးကြပါ၏။ သို့သော်လည်း ခွင့်မတောင်းပဲ သူ့စာအုပ်များကို မကိုင်ဖူးပါ။ သဘော ကောင်းခင်မင်သော်လည်း စာရေးဆရာမြသန်းတင့်က သူ့စာအုပ်ကိုအထိမခံ။

ဒဂုန်တာရာ က ပိုပြီးစည်းကမ်းကြီးပေလိမ့်မည်။

ကိုယ်တိုင်လည်း ဂီတသမားဖြစ်သော ကိုမြသန်းတင့်သည် ဧည့်ခန်းထဲကပ်လျက်ရှိ စန္ဒရားကိုထိဖို့ဝေး ကြည့်ပင် မကြည့်မိ။ စာရေးဆရာကြီးများဖြစ်ကြသော ဒဂုန်တာရာနှင့် မြသန်းတင့်တို့သည် လူငယ်စာပေ ဝါသနာရှင်များအား ခင်မင်တတ်ပါ၏။ သို့သော်လည်း မည်သူနှင့်မဆို အပြန်အလှန်လေးစားမှု (Mutual Respect) ပေါ်သာအခြေခံကာ ဆက်ဆံစမြဲဆိုသည်ကို ကျွန်တော်သတိထားမိပါ၏။

သည်တော့လည်း လူစုလူဝေးနှင့် ဆူပူအော်ဟစ် ကြမည့်သူမျိုးကို စာရေးဆရာကြီး ဒဂုန်တာရာ လက်ခံဖို့ဆိုသည် ကျွန်တော် တွေးကြည့်၍ပင်မရ။

ပြီးတော့အိမ်ရှင် ကောလိပ်ဂျင်နေဝင်း။

တက္ကသိုလ်ဘောလုံးသမား ဖြစ်မလာမီက တပ်မတော်ရေတပ်သား။ တက္ကသိုလ်ကျောင်းသား ဘဝကတည်းက ကျွန်တော်တို့ သိခဲ့၏၊ သဘောကောင်းဖော်ရွေသောလည်း အင်မတန်စည်းကမ်းကြီး၏။ ပြောစရာရှိက ဟောဟောဒိုင်းဒိုင်းနှင့် မည်သူ့ကိုမှ အားဏာမည့်သူမဟုတ်။

ထိုသို့သော လူအုပ်မျိုး သူ့အိမ်ထဲဝင်ခွင့်ပေးဖို့ဝေးစွ၊ အိမ်ရိပ်ပင် နင်းခွင့်ရကြမည်မထင်။

(၆)
ဆက်ပြီး မရှင်းပြပါရစေနှင့်တော့၊ လိုရင်းဆီသို့ သွားကြပါစို့။

စာရေးသူကို ဘယ်လောက်ယုံယုံ ဒဂုန်တာရာအကြောင်းမို့ ကျွန်တော်ထောက်ပြသလို အသေးစိတ်မဟုတ်သည့်တိုင် အနည်းနှင့်အများတော့ သိနိုင်ပါမည်။ အလွယ်တကူ ခန့်မှန်းနိုင်ပါမည်။ လွယ်လွယ်ရေးသည်ကို ခပ်ပေါ့ပေါ့ဖတ်မိ၍သာ မမြင်မတွေးမိပဲ လွတ်သွားတာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ထိုအခါ ဖြီးလုံးဖြန်းလုံးများနှင့် ရေးသူက စာမူခရ၏။

အလိမ်ခံလိုက်ရသော စာဖတ်သူခမျာ ခံလိုက်ရ၏။ ကျွန်တော့်အား ဆရာဇော်ဂျီက “လူဆိုတာ စာတတ်လို့ စာဖတ်တာ၊ စာရေးဆရာရယ်လို့သာရှိပြီး စာဖတ်တပည့်လို့ မရှိဘူး၊ သူတို့စာရေးရင် မင်းတို့ငါတို့ထက် သာချင်သာမှာကွ၊ အဲဒီတော့ စာဖတ်သူကို အထင်သေးပြီး ဘယ်တော့မှ မရေးလေနဲ့” ဟုဆုံးမဖူး၏။

မိမိကြည်ညိုလေးစားသော စာရေးဆရာထံ တပည့်ခံချင်ခံ။

သို့သော်လည်း သူ့စာဖြစ်စေ၊ မည်သည့်စာရေးဆရာကြီးများ၏ စာများကိုဖြစ်စေ မျက်စိမှိတ်ပြီး မဖတ်လေနှင့်၊ စာတတ်၍ စာဖတ်မှတော့ အညံ့မခံလေနှင့်ဟု တွေးမိကြောင်းပါ။

၂ဝ၁၈ ခု၊ ဇန်နဝါရီလ (၁၈) ရက်နေ့။
0