နေထက်နိုင် ● ကျီးကန်း

 နေထက်နိုင် ● ကျီးကန်း
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈

ငါတို့ ကျီးကန်းတွေမဟုတ်ဘူး
ဒါပေမဲ့ ကျီးကန်းတွေနဲ့တူနေတယ်။

ဘာပဲဖြစ်ဖြစ် နှစ်ဆယ့်လေးနာရီ ကျီးကန်းတွေလို
အော်ကြတယ်၊ နှစ်ဆယ့်လေးနာရီလောက်ပဲဝိုင်းအော်တတ်တယ် ။

လက်ဖက်ရည်ခွက်ထဲကယင်ကောင်သေတွေအတွက်
ကျီးတွေလိုဝိုင်းအာခဲ့တယ်။
ငါတို့ဟာ ကျီးကန်းအဖွဲ့အစည်းမဟုတ်ဘူး။
ကျီးကန်းတွေက ကဗျာမဖတ်ဘူး
ငါတို့က ကဗျာဖတ်တယ်။
ငါတို့ရေးချိုးတယ် ကျီးကန်းတွေလည်း ချိုးပါတယ်။
ကျီးကန်းတွေလည်း သူတို့ကိုယ်သူတို့ သကြတယ်။
ငါတို့လည်းငါတို့ကိုယ်ငါတို့သကြတယ်။
ကျီးကန်းတွေကမနက်စာစားဖို့ပိုက်ဆံမလိုဘူး။
ငါတို့က မနက်စာစားဖို့ ပိုက်ဆံအမြဲလိုခဲ့တယ်။

ငါတို့ကနေ့လည်စာကိုစားသောက်ဆိုင်မှာစားတဲ့အခါ
ကျီးကန်းတွေ ကလမ်းဘေးကအကောင်သေတွေစားကြတယ်။

ငါတို့ငါမှာညီညွတ်တဲ့အော်သံတွေအမြဲမရှိဘူး
ကျီးကန်းတွေမှာ ညီညွတ်တဲ့ 
အော်သံတွေအမြဲရှိတယ်။

ကျီးကန်းတွေကသူတို့ အမျိုးအတွက်အော်ကြတယ်
ငါတို့လည်းငါတိုအမျိုးအတွက် ငါတို့အခွင့်အရေး
တွေအတွက်အော်ကြတာပဲ အော်တာပဲ။

ကျီးကန်းတကောင်က နင့်အိမ်နားသစ်ပင်ပေါ်ကနေ
သာသာယာယာ အ' အ' သံပေးရင်
နင်ကဧည့်သည်လာတော့မယ်ဆိုတာသိတယ်။
အဲဒီအချိန်မှာနင်ကမအားချင်ဟန်ဆောင်တယ်။
ဒါပေမဲ့ ကျီးကန်းတွေနဲ့တူတူလာတယ်။

တနေရာရာမှာတခုခုဖြစ်နေတဲ့အချိန် ကျီးကန်းတွေ
အင်တာနက်မသုံးတတ်လို့
ငါတို့အိပ်ကောင်းခြင်းအိပ်ရတယ်။

ငါတို့ဟာကျီးကန်းတွေမဟုတ်ဘူး
ဒါပေမဲ့ ကျီးကန်းတွေနဲ့တူတူလာတယ်။

ေ န ထ က် နိုင်
ဂျူလိုင် ၆ ၊၂၀၁၇
(မိုးမခမဂ္ဂဇင်း ၂၀၁၇ သြဂတ်စ်လထုတ်ပါ ကဗျာ)

Comments