အဲဒိုအာဂျောရှိ ● မြန်မာ (သို့မဟုတ်) ဝမ်းနဲ့လေနဲ့ မကွဲတဲ့နိုင်ငံ

အဲဒိုအာဂျောရှိ ● မြန်မာ (သို့မဟုတ်) ဝမ်းနဲ့လေနဲ့ မကွဲတဲ့နိုင်ငံ
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၁၈

ကန့်သတ်ချက်တိုင်းကိုလည်း စည်းကမ်း (ဥပဒေ) လို့ ပြောလို့မရသလို၊ ဆန့်ကျင်မှုတိုင်းကိုလည်း တော်လှန်ရေးလို့ ပြော လို့မရဘူးဆိုတာလောက်တော့ လူတိုင်းကို သဘောပေါက်စေချင်ပါတယ်။

မှတ်မိဦးမှာပေါ့။ အရင်အစိုးရလက်ထက်တုန်းက ဆူးလေလမ်းဆုံမှာ ဂုံးကျော်တံတားကြီး ထိုးခဲ့တုန်းကပေါ့။ လူတွေက ဂုံး တံတားပေါ်က မကူးပဲ၊ အောက်ကပဲကူးကြတော့ "နိုင်ငံက ဘယ်တိုးတက်မလဲ၊ လူတွေကမှ စည်းကမ်းမရှိတာ" ဆိုပြီး ဓာတ် ပုံတွေနဲ့ ဝိုင်း Share ကြတာ မှတ်မိဦးမှာပေါ့။

တကယ်တော့ လူတွေက ဘာလို့အပေါ်ကမကူးကြတာလဲမေးရင်၊ မလိုအပ်လို့ မကူးကြတာပါလို့ ဖြေရပါလိမ့်မယ်။ အဲ့ဒီလမ်း ဆုံမှာ တကယ်တမ်းလိုအပ်နေတာက လူကူးမီးပွိုင့်နဲ့ လူတွေကူးဖို့အချိန်ကို စဉ်းစားသတ်မှတ်ပေးဖို့ပါ။

တကယ်တော့ အဲ့ဒီဂုံးကျော်တွေ ဆောက်တာ ဘာအကြောင်းပြချက်နဲ့ ဆောက်ခဲ့ကြတာလဲ? Traffic ပိတ်တာတွေ လျော့ အောင်လို့လို့ အကြောင်းပြခဲ့ပါတယ်။ ကားတွေပိတ်တာ လူတွေလမ်းကူးလို့ ပိတ်တာလား? ကလေးတောင်ဖြေနိုင်တဲ့ မေး ခွန်းပါ။ ဒါဆို ဘာအတွက် သန်းထောင်ချီအကုန်ခံဆောက်သလဲဆိုတာ ကိုယ့်ကိုယ်တိုင်သာ စဉ်းစားကြည့်ပေါ့လေ။

"လမ်းဘေးအမှိုက်မပစ်ရ" လို့ရေးထားတိုင်း စည်းကမ်းမဟုတ်ပါ။ "လမ်းဘေး သေးမပေါက်ရ" လို့ရေးထားတိုင်း စည်းကမ်း မဟုတ်ပါ။ ငယ်ငယ်က အရူးမကြီးမစာဥ စကားနဲ့ ပြောရရင် လမ်းဘေးမပေါက်လို့ နင်တို့ခေါင်းပေါ် လာတက်ပေါက်ရမှာလား လို့ ပြောစရာရှိလာပါတယ်။

တကယ်လိုအပ်နေတာ "လမ်းဘေးသေးမပေါက်ရ" ဆိုတဲ့ ဆိုင်းပုဒ် မဟုတ်ပါဘူး။ မြို့ထဲ၊ ရပ်ထဲမှာ အရေးအကြောင်းဆို အလွယ်တကူ ဖြေရှင်းနိုင်မယ့် အများသုံးအိမ်သာတွေသာ လိုအပ်တာပါ။

တကယ်လိုအပ်နေတာ "အမှိုက်မပစ်ရဆိုတဲ့" ဆိုင်းပုဒ်မဟုတ်ပါဘူး။ အလွယ်တကူပစ်လို့ရမယ့် အမှိုက်ပုံးတွေရှိနေဖို့သာ လိုအပ်တာပါ။ ဒီလောက်ဆို ကျနော်ဆိုလိုချင်တာ သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။

ပထမကဆုံး.. ကျောင်းသားတွေဆန္ဒပြလို့ ကျောင်းထုတ်ခံရတယ်ဆိုတဲ့သတင်းကြားတော့ တော်တော်ဘဝင်မကျ ဖြစ်မိပါ တယ်။ ဒီမိုကရေစီခေတ်မှာ မဖြစ်သင့်ဘူးလို့ခံစားမိတယ်။ တချို့ကလည်း တချိန်တုန်းက "ကျောင်းသားဟာ နိုင်ငံရေးနဲ့ မ ကင်းရဘူး"ဆိုတဲ့ ဘွားတော်ရဲ့စကားနဲ့ အခုကျောင်းသားတွေကို အရေးယူတာနဲ့ ရှေ့နောက်မညီဘူးဆိုပြီး ဖွကြတော့ ကျနော်လည်း လက်ခံမိပြန်ပါတယ်။

ဒါပေမယ့် ဆန္ဒပြကျောင်းသားတွေ ကျောင်းပေါ်တက်လမ်းလျှောက်ဖို့ ဆရာမနဲ့ အချေအတင်ဖြစ်နေတဲ့ ဗီဒီယိုဖိုင် ကြည့်ရတဲ့ အခါကျတော့.. သူတို့ကိုကျောင်းထုတ်တာဟာ ဆန္ဒပြလို့ထုတ်တာမဟုတ်ပဲ၊ ကျောင်းစည်းကမ်း မလိုက်နာလို့ ထုတ်တယ်ဆို တာ သဘောပေါက်လိုက်မိပါတယ်။ (https://www.facebook.com/lawkapala.lkpl/videos/407474516356217/)

ကိုရီးယားမှာ ၃ နှစ်တာ ကျောင်းတက်ခဲ့စဉ်က ကိုရီးယားကျောင်းသားတွေ ဆန္ဒပြတာနဲ့ကြုံခဲ့ဖူးပါတယ်။ တခါဆို ကျနော်တို့ စကောလားရှစ်နဲ့ ကျောင်းတက်နေတဲ့ကျောင်းသားတွေကို ကိုရီးယားကျောင်းသားတွေကပြတာကိုပါ ကြုံခဲ့ရဖူးပါတယ်။ အကြောင်းက နိုင်ငံခြားထူးချွန်ကျောင်းသားတွေကိုကျထောက်ပံ့ပေးပြီး သူတို့ ကိုရီးယားထူးချွန်ကျောင်းသားတွေကို လှစ် လျူရှုထားတယ်ဆိုပြီး ပြတာပါ။

တခါကြုံရတာဆိုရင် မောင်မယ်သစ်လွင်ကြိုဆိုပွဲခန်းမရှေ့မှာ တန်းစီလှဲအိပ်ပြီး ဆန္ဒပြပါတယ်။ သူတို့လိုချင်တာတွေ အော် ဟစ်ပြီး ဆန္ဒပြပါတယ်။ ဆိုင်းပုဒ်တွေကိုင်ပြီး ဆန္ဒပြပါတယ်။ နောက်ဆုံး ပါမောက္ခချုပ်ထွက်လာတော့ ပါမောက္ခချုပ် မျက်နှာ ကို ဖိနပ်နဲ့ လှမ်းပေါက်ပါတယ်။ ဒါပေမယ့်.. အဲ့ဒီကျောင်းသားတွေ အရေးယူ မခံခဲ့ရပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့.. အဲ့ဒီဆန္ဒပြ ကျောင်းသားတွေက ကျောင်းပေါ်မတက်ပါဘူး။ ကျောင်းအလံတိုင်မှာ သူတို့အလံတင် တာမျိုးတွေ မလုပ်ပါဘူး။ ပွဲလုပ်နေတဲ့ ခန်းမထဲ ဝင်မနှောင့်ယှက်ပါဘူး။ ကျောင်းဆောင်တွေပေါ် လမ်းလျှောက်ပြီး မပြကြ ပါဘူး။ စာသင်ခန်းတွေထဲလည်း ဝင်မပြပါဘူး။ အဲ့ဒါတွေသာ သူတို့လုပ်ခဲ့မယ်ဆိုရင်.. သူတို့လို ဒီမိုကရေစီဖွံ့ဖြိုးပြီး ကိုရီး ယားနိုင်ငံက ဆန္ဒပြကျောင်းသားတွေဟာလည်း ကျောင်းထုတ်ခံရမှာ သေချာပါတယ်။

မှတ်ချက် ။ ။ ကျနော်တို့လည်း စစ်အစိုးရခေတ်တုန်းက ကိုယ်တတ်နိုင်သလောက် တော်လှန်ရေးထဲဝင်ပါခဲ့တာပါ။ ဒါပေ မယ့် ဘယ်ဆရာကိုမှ ကလန်ကဆန်မလုပ်ခဲ့ဘူး။ ဘယ်ဆရာကိုမှလည်း ဒုက္ခမပေးခဲ့ဘူး။ အထက်ကလှမ်းကြပ်လို့သာ ကျောင်းက တာဝန်ရှိသူတွေကို ဖိအားပေးခံရတာမျိုး ရှိခဲ့တာကလွဲရင်၊ ကျောင်းကိုလည်း တမင်ဒုက္ခမပေးခဲ့ဖူးပါဘူး။

လူဆိုတာ ဒုက္ခတောထဲရောက်မှ မင်းလောင်းပေါ်တာပါ။ လွတ်လပ်ရေး ရပြီဆိုတာနဲ့ ဆွမ်းဆန်ထဲ ကြွက်ချေးရောတော့တာက ထုံးစံပါပဲ။

အဲဒိုအာဂျောရှိ
0