ကိုဂျေ ● ဆရာမောင်သော်က ပြောသောပုံပြင်များ

ကိုဂျေ ● ဆရာမောင်သော်က ပြောသောပုံပြင်များ
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၁၈

● ဆင်ထိန်းမောင်စိန်
ဆရာမောင်သော်ကရဲ့ မျိုးချစ်စိတ်နဲ့ပတ်သက်တဲ့ ဟောပြောချက်တွေထဲမှာ ဆင်ထိန်းမောင်စိန်အကြောင်းကို ကျွန်တော် အမြဲလို သတိရနေတတ်ပါတယ်။ မောင်စိန်ဟာ ရန်ကုန်တိရစ္ဆာန်ရုံက ဝန်ထမ်းတဦးဖြစ်ပါတယ်။ သူဟာ တိရစ္ဆာန်ရုံထဲမှာ ဆင်ချေးကျုံးရတဲ့ ဆင်ထိန်းတယောက်ဖြစ်ပါတယ်။ တိရစ္ဆာန်တွေနဲ့ပဲ နေ့စဉ် ထိတွေ့ ဆက်ဆံနေရသူတဦးဖြစ်ပါတယ်။ ဒီတော့ တိရစ္ဆာန်တွေအကြောင်းကို ကောင်းကောင်းသဘောပေါက်သူဆိုပါတော့….။

အာဏာရှင် ဦးနေဝင်းလက်ထက်တုန်းက ယူဂိုဆလားဗီးယာနိုင်ငံက ခေါင်းဆောင်ကြီးမာရှယ်တီးတိုးဟာ စစ်သင်္ဘောတစင်း နဲ့ မိတ်ဆွေနိုင်ငံတွေဆီ အလည်အပတ်ထွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်မှာ ဦးနေဝင်းနဲ့ မာရှယ်တီးတိုး တွေ့ဆုံပြီးနောက်… ဦးနေဝင်းက တိရစ္ဆာန်တွေချစ်တတ်တဲ့ မာရှယ်တီးတိုးကို ဆင်တကောင်၊ ကျားတကောင်နဲ့ မြွေတကောင်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ပေးတဲ့ဆင်က နည်းနည်းရိုင်းတယ်လို့ ဆိုပါတယ်။ ဒီတော့ ဆင်ကို သင်္ဘောပေါ်တင်မရ ဖြစ်ခဲ့ပါတယ်။ ဒီဆင်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့သူတဦး လိုပါတယ်။ ဒါ့ကြောင့်ပဲ ဆင်ကို သင်္ဘောပေါ် အတင်အချလုပ်ရေးအတွက် မောင်စိန်ဟာ အရေးပါဆုံးလူ ဖြစ်လာခဲ့ပါတယ်။ သင်္ဘော ကုန်းပတ်ပေါ် တက်ဖို့ ကပ်တတ်တတ်လုပ်နေတဲ့ဆင်ကို ကိုယ်တွယ်ဖို့ တိရစ္ဆာန်ရုံမှာအလုပ်လုပ်နေတဲ့မောင်စိန်ကို ဦးနေဝင်းက ဆင့်ခေါ် ခိုင်းခဲ့တယ်။ ဒါကြောင့် မောင်စိန်တယောက် ရန်ကုန်သင်္ဘောဆိပ်ကို လိုက်သွားခဲ့ရပါတယ်။

သင်္ဘောပေါ်မတက်ဘဲ ပေကပ်ကပ်လုပ်နေတဲ့ဆင်နားကို မောင်စိန်က ကပ်သွားတယ်။ ဆင်ကြီးကလည်း မောင်စိန် သူ့အ နားရောက်လာတာနဲ့ နှာမောင်းလေးနဲ့ ယုယုယယ နှုတ်ဆက်ပါတယ်။ မောင်စိန်က ဆင်နားရွက်ကို လက်နဲ့ပွတ်သပ်ရင်း နှုတ်ကလည်း တိုးတိုး တိုးတိုးနဲ့ စကားပြောလိုက်၊ သီချင်းဆိုလိုက် လုပ်ပါတယ်။ ပြီးတော့ ဆင်ကြီးဟာ မောင်စိန်ညွှန်ကြားတဲ့ အတိုင်း သင်္ဘောကုန်းပတ်ပေါ်ကို သူ့ဘာသာသူ တက်သွားခဲ့ပါတယ်။ အားလုံးက တအံ့တသြဖြစ်ခဲ့ကြသပေါ့။ ယူဂိုဆလပ် စစ်သားတွေ မြန်မာစစ်သားတွေရဲ့အလယ်မှာ မောင်စိန်ဟာ စစ်သေနာပတိချုပ်ကြီးတဦးပမာ ရပ်နေခဲ့တယ်။ ဆင်ကြီး သင်္ဘောပေါ်ရောက်သွားချိန်မှပဲ ယူဂိုဆလပ် ဂုဏ်ပြုစစ်တပ်က ဘင်ခရာနဲ့ တီးမှုတ် ဂုဏ်ပြုလိုက်ပါတော့တယ်။ ဘင်ခရာ ဝိုင်း တီးမှုတ်အပြီးမှာ ခေါင်းဆောင်ကြီး မာရှယ်တီးတိုးကိုယ်တိုင်ရောက်လာပြီး ဆင်ထိန်းမောင်စိန်ကို Master of the elephants ဂုဏ်ထူးဆောင်ဆုကို ချက်ချင်းအပ်နှင်းလိုက်ပါတယ်။
xxxxxxxxx

ဆင်ကြီးကို ယူဂိုဆလားဗီးယားနိုင်ငံအထိ သယ်ဆောင်ရေးမှာ ဆင်ထိန်းမောင်စိန်ရဲ့အခန်းကဏ္ဍက အရေးပါတဲ့နေရာကို ရောက်လာခဲ့ပါတော့တယ်။ ဒါ့ကြောင့်ပဲ ဆင်ထိန်းမောင်စိန်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အမိန့်အရ ယူဂိုဆလားဗီးယား နိုင်ငံထိ လိုက်သွားခဲ့ရပါတယ်။ ဦးနေဝင်းရဲ့အမိန့်ကြောင့်သာ လိုက်သွားရတယ်။ မောင်စိန် မပျော်ပါဘူး။ သူဟာ ဘယ်ဘာ သာစကားမှ မပြောတတ်ပါဘူး။ ပညာလည်း မတတ်ပါဘူး။ တိရစ္ဆာန်ရုံမှာ ဆင်စာ ကြံရောင်းတဲ့ သူ့မိန်းမကိုလည်း မခွဲနိုင်ပါ ဘူး။ ဦးနေဝင်းကိုကြောက်လို့သာ လိုက်သွားရတယ်။ စိတ်ကတော့ ရန်ကုန် တိရစ္ဆာန်ရုံနဲ့ သူ့ မိန်းမဆီမှာပဲ ကျန်ခဲ့ရှာပါတယ်။
xxxxxxxx

သင်္ဘောပေါ်မှာကလည်း နိုင်ငံစုံကပေးလိုက်တဲ့ တိရစ္ဆာန်တွေက ပါလာခဲ့တာပါ။ နှစ်ပတ်လောက်အကြာမှာ တိရစ္ဆာန်တွေဟာ အပူအအေး မမျှတတာကြောင့် ဆူညံသောင်းကျန်းကြတာပေါ့၊ ဒီလိုအခြေအနေမျိုးမှာ မောင်စိန်လည်း အစွမ်းပြခွင့် ရခဲ့ပါ တယ်။ ဆူညံသောင်းကျန်းနေတဲ့ တိရစ္ဆာန်တွေထဲမှာ ဦးနေဝင်းပေးလိုက်တဲ့ စပါးကြီးမြွေလဲ ပါပါတယ်။ မြွေဟာ ပခြုပ်ထဲက ထွက်ပြီး သင်္ဘောကုန်းပတ်ပေါ်မှာ လှုပ်လှုပ်ရွရွ ဖြစ်နေတယ်။ ယူဂိုဆလပ်စစ်သားတွေလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ မောင်စိန့်ကို အကြောင်းကြားကြတယ်။ မောင်စိန်က အခြေအနေကို ကြည့်လိုက်တာနဲ့ သဘာပေါက်သွားတယ်။ မြွေကြီးကို ချက်ချင်း ကောက်ယူပြီး ပခုံးပေါ် မနိုင်တနိုင် ထမ်းတင်လိုက်တယ်။ သင်္ဘောအင်ဂျင်းနားမှာချထားတဲ့ ပခြုပ်ထဲကို ခက်ခက် ခဲခဲ ပြန်ထည့်လိုက်တယ်။ ပြီးတော့ အင်ဂျင်အပူဒဏ်မခံနိုင်တဲ့ မြွေကို သင်္ဘောအင်ဂျင်နဲ့ ဝေးတဲ့နေရာ၊ အပူအအေးမျှတဲ့နေရာ မှာ ပြောင်းထား လိုက်တယ်။ မြွေကြီးငြိမ်ကျသွားတယ်။ ဒီသတင်းဟာ တမဟုတ်ချင်း ခေါင်းဆောင်ကြီး မာရှယ်တီးတိုးဆီ ရောက်သွားတယ်။ စစ်ခေါင်းဆောင်ကြီးကလဲ ထုံးစံအတိုင်း ဆင်ထိန်းမောင်စိန်ကို Master of the snake ဂုဏ်ထူးဆောင် ဆုတဆုကို စစ်အခမ်းအနားနဲ့ ထပ်မံအပ်နှင်းလိုက်ပြန်ပါတယ်။
xxxxxxxx

ဒီလိုနဲ့ လမ်းခရီးမှာ ဦးနေဝင်းပေးလိုက်တဲ့ ကျားပေါက်လေးဟာလည်း အစားမစားဘဲ တမှိုင်မှိုင် တတွေတွေ ဖြစ်လာတယ်။ မောင်စိန်ဟာ ကျားပေါက်အခြေအနေကိုကြည့်လိုက်တာနဲ့ အအေးမိနေပြီဆိုတာ သိတယ်။ ကျားပေါက်ကို ရင်ခွင်ထဲ ထဲ့ပြီး သူအမြဲသုံးတဲ့ ကျားဘမ်းပရုပ်ဆီနဲ့ ကျားပေါက်လေးရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေကို ပွတ်ပေးလိုက်တယ်။ ကျားပေါက်လေးဟာ ချက်ချင်း နှာချီပြီး လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာတယ်။ အစား ပြန်စားလာတယ်။ ထုံးစံအတိုင်းပဲ မာရှယ်တီးတိုးက Master of the tiger ဆု ပေးအပ်ပြန်တယ်။ သဘောင်္ပေါ်မှာပဲ ဆုသုံးဆုရလိုက်တဲ့ မောင်စိန်ရဲ့သတင်းနဲ့ အတူ ခေါင်းဆောင်ကြီး မာရှယ်တီးတိုး ယူဂိုဆလက်ကိုပြန်လာတဲ့သတင်းဟာ ယူဂိုဆလပ်နိုင်ငံပိုင် သတင်းစာထဲပါလာတယ်။ ယူဂိုဆလပ် ဆိပ် ကမ်းကိုဝင်လိုက်တာနဲ့ ပြည်သူလူထုတွေဟာ ဆင်ထိန်းမောင်စိန်နဲ့ တိရစ္ဆာန်တွေကို ကြည့်ဖို့ စောင့်နေကြတယ်။

မာရှယ်တီးတိုး စစ်သင်္ဘောပေါ်က ဆင်းလာတဲ့ အချိန်မှာ စစ်အတီးဝိုင်းက တီးနေမယ်။ ဆင်၊ ကျား၊ မြွေနဲ့ လက်ဆောင်ရ တိရစ္ဆာန်တွေက နောက်ကခြံရံပြီး ဆင်းမယ်။ လူထုက ခေါင်းဆောင်ကြီးကို တခဲနက်ကြိုဆိုဖို့ ယူဂိုဆလပ်စစ်တပ်က အစီအစဉ်ချထားတာပါ။ ဒါပေမယ့် ဒီအစီအစဉ်က ချောချောမွေ့မွေ့ မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆင်က ကုန်းပတ် ပေါ်ကိုမနင်းဘဲ နောက်ကိုပဲ ပြန်ဆုတ်နေတာကြောင့်ပါ။ ဒီမှာပဲ မောင်စိန်က အခြေအနေကိုကြည့်လိုက်တယ်။ ဆင်ဆိုတာက ခန္ဓာကိုယ်ကြီးတဲ့ သတ္တဝါဖြစ်ပါတယ်၊ မတောင့်တင်းတဲ့ကုန်းပတ်ပေါ် ခြေကိုချဖို့ ချိန်ဆကြည့်လိုက်တာနဲ့ ရှေ့ကိုမတိုးဘဲ နောက်ကို ပြန်ဆုတ်နေတာကို သိလိုက်ပါတယ်။

ဒီမှာပဲ မောင်စိန်ဟာ ကုန်းပတ်တောင့်တင်းအောင် အောက်ကနေ တုတ်တွေထောက်လိုက်တယ်။ ဘေးပတ်ဝန်းကျင်ကရေပြင် ကို ဆင်မမြင်ရအောင် ကုန်ပတ်အတက်အဆင်းမှာ သစ်ကိုင်းသစ်ခက်တွေ ကာခိုင်းလိုက်တယ်။ အားလုံးစီစဉ်ပြီးတဲ့ အချိန်မှာ ဆင်ကြီးကို ဆင်းခိုင်းလိုက်တယ်။ ဆင်ကလဲ အေးအေးဆေးဆေးပဲ ဆင်းသွားတယ်။ စစ်အတီးဝိုင်းကတီး စစ် ခေါင်းဆောင် မရှယ်တီးတိုးက ရင်ကော့ပြီး သင်္ဘောပေါ်ကဆင်းလာတယ်။ ခေါင်ဆောင်ကြီးရဲ့နောက်က ဆင်းကြီးကို မောင်စိန်က ထိန်းကြောင်းပြီးဆင်း။ လူထုက လက်ခုပ်လက်ဝါးတီးကြိုဆိုနဲ့ မောင်စိန်ဘဝမှာ အခမ်းနားဆုံး ကြိုဆိုခံရမှုကြီး ဖြစ်ခဲ့ပါတယ်။

ဆူဂိုဆလပ်ရောက်တော့လဲ မောင်စိန်ကို ကောင်းပေ့ဆိုတဲ့ ကြယ်ငါးပွင့်ဟိုတယ်ကြီးမှာထားပါတယ်။ အကောင်းဆုံးအစား အစာတွေနဲ့ ဧည့်ခံပါတယ်။ မောင်စိန်လုပ်ရတဲ့ အလုပ်က တရက် တကြိမ် နှစ်ကြိမ် ဆင်၊ ကျားနဲ့ မြွေကို သွားကြည့်ရတယ်။ အစာကျွေးရတဲ့ အလုပ်ပဲ လုပ်ရပါတယ်။ မာရှယ်တီးတိုးကိုယ်တိုင်က မောင်စိန်ကို မပြန်စေချင်ပါဘူး။ လခလဲ ကောင်းကောင်း ထောက်ပံ့ထားပါတယ်။
xxxxxx

ကဲ အတိုပဲချုံးပြောပါရစေတော့ ဆရာမောင်သော်ကအပါအဝင် တခြားအရာရှိတချို့ဟာ ယူဂိုဆလားဗီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်တခု ရောက်သွားခဲ့ပါတယ်။ တရက်မှာတော့ အစိုးရဧည့်သည်တော်တွေထားတဲ့ ကြယ်ငါးပွင့် ဟိုတယ် ကြီး ထဲကို အကောင်းစား ကားကြီးတစင်းဝင်လာတယ်။ စစ်သားတွေ အခြံအရံတွေနဲ့ ဆိုတော့ ခေါင်းဆောင် တယောက်ယောက် ဖြစ်နေမလားလို့ ဆရာမောင်သော်ကတို့ အဖွဲ့က ကြည့်နေတုန်း…အဲဒီကားပေါ်ကနေ ဆင်ထိန်းမောင်စိန် ဆင်းလာတာကို တွေ့ရပါတယ်။

မောင်စိန်ကို တွေ့လိုက်တော့ မောင်သော်ကတို့လဲ အင်မတန်အံ့သြခဲ့ကြပါတယ်။ မောင်စိန်က ဆရာမောင်သော်ကတို့ကို မြင်လိုက်တာနဲ့ အားရဝမ်းသာ နှုတ်ဆက်ပြီး သူမြန်မာပြည်ကိုပြန်ခွင့်ရအောင် ကူညီပေးပါဆိုပြီး ငိုချလိုက်ပါတယ်။ နိုင်ငံခြား ထွက်ခွင့်ရဖို့ ကြိုးစားနေတဲ့ခေတ်မှာ မောင်စိန်တယောက်ဟာ ကြယ်ငါးပွင့်ဟိုတယ်မှာနေခွင့်ရ။ လခကောင်းကောင်း ရနေတာတောင် မြန်မာပြည်ပြန်ခွင့်ရအောင် ကူညီပေးဖို့ပြောနေတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ဆရာမောင် သော်ကက ဟောပြောခဲ့ပါတယ်။
ဒါကြောင့်ပဲ မောင်စိန်ကိစ္စကို ခေါင်းဆောင်ကြီး မာရှယ်တီးတိုးဆီ အကျိုးအကြောင်းစာရေးပြီး မောင်စိန် မြန်မာနိုင်ငံပြန်ခွင့် ရရေး ကူညီခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မောင်စိန် မြန်မာနိုင်ငံကို ပြန်ခွင့်ရသွားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်သွားတဲ့ မောင်စိန်ဟာ ထုံးစံအတိုင်း တိရိစ္ဆာန်ရုံမှာပဲ ဆင်ချေး ဆက်ပြီးကျုံးတဲ့အလုပ်ကို လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
xxxxxxx

တိုင်းပြည်ကိုချစ်တဲ့စိတ်ဆိုတာ ဒါပါပဲလို့ ဆိုပါတယ်။ တပ်ထဲဝင်မှ စစ်သားမှ တိုင်းပြည်ကိုချစ်တာမဟုတ်ဘူး။ ဆင်ချေး ကျုံးတဲ့မောင်စိန်လဲ တိုင်းပြည်ကို ချစ်တာပါပဲဗျာလို့ ဆရာမောင်သော်ကက ပြောခဲ့ပါတယ်။

ကိုဂျေ
ဇန် ၂ဝ၊ ၂၀၁၇

Comments