တူးရယ် - နေရာတိုင်းမှာ မြွေရှိနိုင်တယ်

Art - Than Htay Maung


တူးရယ် - နေရာတိုင်းမှာ မြွေရှိနိုင်တယ်

(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၈

၁၉၉၅ နှစ်ဦးလောက်မှာ `ဟွေပူဝ` ဆိုတဲ့ တောင်ကြားလေးတနေရာမှာ ကျုပ်တို့ အခြေခံစစ်သင်တန်းတက်ခဲ့တယ်။ ကရင်နီတပ်မတော် တပ်ရင်း(၁)ဒေသကပေါ့။ မှတ်မိသလောက် ရဲဘော်သစ်လေးတွေအပြင် ရင်း(၁)က စနစ်တကျသင်တန်းမတက်ရသေးတဲ့ တပ်ကြပ်တွေ၊ စိပ်မှူးတွေ၊ ရဲမေတွေအပါအ၀င် အားလုံးပေါင်းသင်တန်းသား(၆၄)ယောက်ပါ။

သင်တန်းမှာ အဓိက ဟင်းပြဿနာပါ။ ဟင်းအတွက် ရေကျိုငါးပိပုံးနဲ့ တို့စရာရေသဖန်းသီးနဲ့ နေ့တိုင်းစခန်းသွားနေခဲ့ကြလို့ ပွေးဝဲမရှိသူ မရှိသလောက်ပါဘဲ။ ငရုတ်သီး(၃)တောင့်ရဖို့ ညာညှိတန်းစီယူကြရတာကို မှတ်မိနေသေးတယ်။ အပတ်တိုင်း ရဲဘော်တွေဟင်းသီးဟင်းရွက်၊ ဖားရှာ ငါးရှာလုပ်ကြရပါတယ်။ တောလိုက်အတွေ့အကြုံရှိတဲ့ ရဲဘော်တွေက ညဘက်မှာ တောလိုက်ကြပါတယ်။ ရလာတဲ့ တောကြောင်တွေ၊ မျောက်တွေစတဲ့အကောင်တွေကို လူ(၆၀)ကျော်အတွက် ကရင်ဟင်း(တာလဘောထိုးပြီး)ချက်စားကြရတယ်လေ။

ရာသီဥတုအေးတဲ့ တညနေမှာပေါ့။ တဲဘားတိုက်ထဲမှာ အနားယူနေရင်း ဘေးနားက ဘွဲကရင်လေး တယောက်ကကျုပ်ကိုပြောတယ်။ `ဖားအော်သံကြားတယ်။ ဒီည တောလည်ရင်း ဖားထွက်ထွန်းရအောင်`တဲ့။ ကျုပ်စိတ်ဝင်စားသွားတယ်။ ရဲဘော်တွေရဲ့အပြောအရ ဒီကောင်လေးက တောလိုက်အတွေ့အကြုံများတယ်။ ကျုပ်က တောမလိုက်ဖူးတော့ အတွေ့အကြုံလည်းရအောင်လို့လေ။ `ကောင်းတာဘဲ ဆရာတွေဆီခွင့်တောင်းပြီးသွားကြတာပေါ့` ဆိုပြီးသူ့ကိုပြောလိုက်တယ်။ ညရောက်တော့ သင်တန်းမှူးတွေဆီက အမ်(၁၆)တလက်နဲ့ လိုအပ်တဲ့ဓါတ်ခဲလေးတွေတောင်းပြီး နှစ်ယောက်သား တောထွက်လည်ခဲ့ကြတယ်။

တောင်ကြားချောင်းလေးအတိုင်းတက်လာပြီး ဖားထွန်းကြတယ်။ သူက ဖားထွန်းပုံ ထွန်းနည်းတွေ ကျုပ်ကိုသင်ပေးရှာတယ်။ ဓါတ်မီးကို ကိုယ့်နားရွက်နားမှာကပ်ပြီး ထွန်းရတာတို့၊ ဖားရဲ့မျက်စိက ဘယ်လိုအရောင်လက်တယ်၊ ပင့်ကူတို့ ဘာတို့မျက်စိအရောင်တွေနဲ့ ဘယ်လိုကွာတယ် စသဖြင့်တွေပေါ့လေ။

ဒီလိုထွန်းလာရင်း မြက်ရိုင်းပင်တွေ၊ ခြုံပင်တွေဘက်ရောက်လာတယ်။ ကျုပ်စိတ်ထဲမှာ မြွေတွေရှိမှာဘဲ ဆိုပြီးတွေးကြောက်လာတယ်။ ကျုပ်က နဂိုကတည်းက မြွေကြောက်တတ်တယ်လေ။

`ဟေ့လူ တခြားနေရာသွားထွန်းရအောင် ဒီနေရာမြွေရှိနိုင်တယ်ထင်တယ်` ကျုပ်သူ့ကို လှမ်းအော်လိုက်တယ်။ သူက ကျုပ်ဘက်လှည့်ပြီး ပြုံးစိစိနဲ့ပြန်ကြည့်တယ်။ ကျုပ်ကြောက်တာ ဒီလူသိသွားပြီထင်ပါရဲ့။

`ဒီနေရာ မြွေမရှိဘူး`

သူပြောပြီး ရှေ့ကိုဆက်သွားတယ်။ ကျုပ်ကတော့ အကြောက်မပြေဘူး။ ကျုပ်စိတ်ထဲမှာ သူဘယ်လိုသိလဲဆိုတာ သိချင်နေတယ်။

`ဘာလို့ မြွေမရှိလဲ`

သူ့နားကပ်လိုက်ပြီး မေးလိုက်တယ်။

ကျုပ်ဘက်ကိုလှည့်ပြီး သူဖြေးဖြေးချင်းပြောတယ်။

`မှတ်ထား` တဲ့။

`ဖားတွေဆိုတာက သူ့ရန်သူမြွေမရှိတဲ့နေရာမှာဘဲ အော်ရဲတယ်။ မြွှေအန္တရာယ်ကင်းတဲ့ နေရာမှာဘဲ စုနေတတ်ကြတယ်။ ဒါကြောင့် ဖားရှိတဲ့နေရာ မြွေမရှိလိုဘူး` တဲ့။

ကျုပ်ကြောက်စိတ် နဲနဲပြေသွားတယ်။ သူပြောတာ ဟုတ်တုတ်တုတ်ဘဲလေ။ အတွေ့အကြုံရှိတဲ့သူရဲ့စကားကို ယုံရတော့မှာပေါ့။

ဒီလိုနဲ့ `ဖားတွေများတဲ့နေရာ၊ အော်တဲ့နေရာ မြွေမရှိဘူး` ဆိုတဲ့နိယာမက ကျုပ်စိတ်ထဲမှာ စွဲနေခဲ့တယ်။ ကြုံရင်ကြုံသလို ကိုယ့်ထက်ငယ်တဲ့ရဲဘော်တွေ၊ သူငယ်ချင်းတွေကို ဆရာကြီးစတိုင်နဲ့ မျှဝေလာခဲ့တော့တာပေါ့။ မှတ်မှတ်ရရ အဲဒီညက ဖားနဲနဲဘဲ ရလာခဲ့တယ်။


။ ။ ။ ။ ။


နောင်ကိုးနှစ်လောက်ကြာတဲ့အချိန် ကျုပ်ဟာ ထိုင်းနယ်စပ်တနေရာက ဒုက္ခသည်စခန်းတခုမှာ ကိုယ်ပိုင်တဲအိမ်လေးနဲ့နေထိုင်ခဲ့တယ်။ ကိုယ့်ရဲ့အိမ်နီးချင်းမိတ်ဆွေတွေက တောလည်တဲ့သူတွေ၊ မုဆိုးတွေခပ်များများပါ။ သူတို့တွေ တောလည်ပြန်လာတိုင်း မကြာခဏဆိုသလို တောင်ကောင်သားတွေ၊ မျောက်ချီးခါးတွေ၊ ငါးခြောက်တွေ လာပေးလေ့ရှိတာပေါ့။

တနေ့မှာတော့ မိုးဖွဲဖွဲလေးနဲ့ တနေကုန်ရွာနေတာကြောင့် ဘယ်မှသွားလို့မရပဲ အိမ်ပေါ်ကပုခက်လေးထဲမှာ စာအုပ်တအုပ်နဲ့ နှပ်နေလေရဲ့။ ဖားငါးရှာကျွမ်းကျင်တဲ့ အိမ်နီးချင်းတယောက်ရောက်လာပြီး ကျုပ်ကိုလာပြောတယ်။

`ဖားတွေအော်သံကြားတယ်ဟေ့ ဒီည ဖားထွက် ထွန်းရအောင်`

` ဟာ ကောင်းတာပေါ့ကွာ ဖားသားမစားရ ကြာရောပေါ့`

မဆိုင်းမတွပဲကျုပ်ပြန်ပြောလိုက်တယ်။ တနေကုန် အိမ်တွင်းအောင်းတာ ပျင်းလာပြီဘဲလေ။

ဒီလိုနဲ့ ညရောက်တော့ လိုအပ်တဲ့ပစ္စည်းတွေ ဘာတွေပြင်ဆင်ပြီး ရွာအောက်ဘက်စီးဆင်းသွားတဲ့ ချောင်းလေးအတိုင်းဆင်းပြီး နှစ်ယောက်သား ဖားထွန်းထွက်လာခဲ့ကြတယ်။ ဖားထွန်းရင်း ရွာနဲ့ခပ်ဝေးဝေးကိုရောက်လာခဲ့ကြတယ်။ ဓါတ်မီးထွန်းလိုက်ရင် မျက်လုံးတွေတလက်လက်နဲ့ ဖားအော်သံတွေ ဟိုဟိုဒီဒီဆူညံနေလေရဲ့။ တနေရာအရောက်မှာတော့ ဖားတကောင်ဟာ အခြားဖားတွေအော်သံနဲ့မတူဘဲ စူးစူးဝါးဝါးအော်နေတယ်။

`ဒီဖားအော်သံက တမျိုးပါလား`

ကျုပ်မေးလိုက်တယ်။

`ဒီကောင် မြွေဟပ်ထားတာ`

ကျုပ်အဖော်ကပြန်ပြောတယ်။ ကျုပ်နဲနဲခေါင်းနပန်းကြီးသွားတယ်။ နဂိုကတည်းက မြွေကြောက်တယ်လေ။ သူ့အဖြေကိုလည်း သိပ်မကျေနပ်ချင်ဘူး။

`ဒီနေရာမျိုးက မြွေမရှိနိုင်ပါဘူး`

ကျုပ်ယုံကြည်ထားတဲ့ သီအိုရီအတိုင်း သူ့ကိုခပ်တည်တည်နဲ့ ပြန်တွယ်လိုက်တယ်။

`သွားချောင်းကြည့်ရအောင်`

သူရှေ့ကနေပြီး ကျုပ်ကိုဦးဆောင်ခေါ်သွားတယ်။ ဖားအော်တဲ့နေရာ ရောက်သွားကြတော့ ကျုပ်မျက်လုံးပြူးသွားတယ်။ တတောင်ကျော်ကျော်လောက်ရှိတဲ့မြွေတကောင်က ဖားကြီးတကောင်ကိုကိုက်ထားပြီး မြိုဖို့ကြိုးစားနေလေရဲ့။

`တွေ့တယ်မှုတ်လား ဒီကောင်လည်းငါတို့လိုဘဲ အစာလာရှာစားတာ` သူကဓါတ်မီးနဲ့ထွန်းပြီး ကျုပ်ကိုပြတယ်။

`ဖားအော်တဲ့နေရာ ဖားတွေရှိတဲ့နေရာ မြွေမရှိဘူးလို့ ငါထင်ထားတာကွ ဟရောင်`

ကျုပ်ယုံကြည်ထားတဲ့အတိုင်းသူ့ကိုပြောပြတယ်။ သူက ကျုပ်ဘက်ဖြည်းဖြည်းချင်းလှည့်ပြီးပြောတယ်။

`မြွေတွေကလည်း ငါတို့လိုဘဲ ဖားအော်တဲ့နေရာ၊ ဖားရှိတဲ့နေရာကို ရောက်အောင်သွားပြီး အစာရှာကြရတာဘဲကွ။ ဒီတော့ မှတ်ထား`တဲ့။ `ဖားအော်တဲ့နေရာ ဖားပေါတဲ့နေရာတွေမှာ မြွေတွေလည်းပေါတတ်တယ်ကွ` တဲ့။ သူထပ်ကွပ်လိုက်သေးတယ်။

`ဒါပေမဲ့ ဒီဖားစားမြွေတွေ အဆိပ်မရှိပါဘူးကွာ၊ ဖားမလောက်ရင် သူ့ပါကောက်ပြီး ပြန်ချက်စားလို့ရတယ်` တဲ့။

အိမ်အပြန်လမ်းမှာတော့ သို့လောသို့လောနဲ့ တလမ်းလုံးစဉ်းစားလာခဲ့တယ်။ ကိုးနှစ်လောက် ကိုယ်ယုံကြည်လာခဲ့တဲ့ကိစ္စတခုက လက်တွေ့နဲ့ ပြောင်းပြန်ဖြစ်နေတယ်လေ။

။ ။ ။ ။ ။


ဟုတ်တယ်။ ကျုပ်တို့ရင်ဆိုင်ကြုံတွေ့လာတဲ့ လောကကြီးမှာ ဘယ်အရာမှ ပုံသေသတ်မှတ်လို့မရဘူး။ ရုပ်ဝတ္တုအရရော အတွေးအခေါ်အယူအဆအရရော မတည်မြဲနိုင်ဘူး။ ပြောင်းလဲနိုင်တယ် ဒါမှမဟုတ် ပျက်စီးသွားနိုင်တယ်ဆိုတာ သိထားကြရမယ်။ ဒီ(၂၁)ရာစုမှာ ရုပ်ဝတ္တုပစ္စည်းတွေ နည်းပညာတွေ တနှစ်ပြီးတနှစ် တိုးတက်လာခဲ့ပေမဲ့ လူအတွေးအခေါ်တွေက အစွန်းပိုပိုရောက်လာကြတယ်။ အထူးသဖြင့် အစွန်းရောက်တချို့တွေဟာ အံ့သြလောက်အောင် အမျိုးသားရေး၊ ဘာသာရေးနဲ့ပတ်သက်လာရင် ဘာမှမမြင်တော့ဘူး။ သင်ထားတဲ့ပညာတွေ၊ ယူထားတဲ့ဘွဲ့တွေက မြောင်းထဲရောက်ကုန်တော့တာဘဲ။

ဒီတော့ ကျုပ်တို့အတွေးအခေါ်တွေကို ပြောင်းလဲနေတဲ့ခေတ်နဲ့အမီ အမြဲတမ်း လမ်းဖွင့်ပေးရမယ်။ အတွေးအခေါ်တွေကို တနေရာထဲမှာလှောင်ပိတ်ထားမိရင် တနေရာရာကို အစွန်းရောက်သွားတတ်တယ်။

တချိန်က ကျုပ်ယုံကြည်ထားတဲ့ ကိစ္စအသေးအမွားလေးတခုကို လှောင်ပိတ်ထားမိတာကြောင့် (၉)နှစ်လောက် ကျုပ်အချိန်ဖြုန်းခဲ့ရတယ်လေ။

အခုတော့… … … … … … …

ဟုတ်တယ်။ သူနေချင်တဲ့နေရာ၊ သူနေလို့ကောင်းတဲ့နေရာ၊ သားကောင်ရှိတဲ့နေရာတွေမှာ မြွေဆိုတာ နေရာမရွေး၊ အချိန်မရွေး ရှိနေနိုင်တယ်။ ။

0