ဆောင်းယွန်းလ ● ပျော်မယ်ထင်လို့


ဆောင်းယွန်းလ ● ပျော်မယ်ထင်လို့
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၁၈

ပျော်မယ်ထင်လို့ 
အနှစ်နှစ်ဆယ်ကို ကျော်ပစ်ခဲ့လိုက်တယ်
မပျော်ခဲ့ပါဘူး

ရွေးချယ်စရာမရှိတဲ့နေ့မှာ
အကောင်းစားနာရီပတ်ထားလည်း
အချိန်တွေက ကုန်ခဲခဲ့တယ်

အလွဲတွေနဲ့ လွဲအောင်
နောက်ထပ်အနှစ်နှစ်ဆယ်ကို ကျော်ပစ်ခဲ့လိုက်တယ်
တေ့လွဲ အတည့်လွဲတွေနဲ့ပဲ
မပျော်ခဲ့ပါဘူး

ပျော်မယ်ထင်လို့
သတင်းတွေကို ကျော်ဖတ်ပစ်ခဲ့တယ်
မပျော်ခဲ့ပါဘူး

ဒီနေရာမှာ
အရင်ကအတိုင်း
အရင်လိုအဖြစ်အပျက်တွေနဲ့
နောက်ထပ်တနေရာကို
အခုလိုအဖြစ်အပျက်တွေ ထပ်ရောက်လာ
မပျော်ခဲ့တာတော့ သေချာနေပြီ

ပျော်မယ်ထင်လို့
နောက်ထပ်အနှစ်နှစ်ဆယ်ကို ထပ်ကျော်လိုက်တယ်
ဆေးသားမပီတဲ့ အုတ်ဂူတွေထက်မှာ
မညီညာတဲ့စာသားတွေ
မပျော်ရွှင်တဲ့ နာမည်ကိုယ်စီနဲ့။

ဆောင်းယွန်းလ
(ဇန်နဝါရီ ၁၉၊ ၂၀၁၈)

Comments