မောင်အောင်မွန် ● ကျနော်တွေးမိသလို ရေးပါမည် (၃၁၂)

မောင်အောင်မွန် ● ကျနော်တွေးမိသလို ရေးပါမည် (၃၁၂)
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၁၈
Corazon မျက်စိနဲ့ သမတလိုကြည့်မှ ဖိလစ်ပိုင်နိုင်ငံကိုမြင်နိုင်

(၁)
မြောကိုရီးယား၏ နျူကလီးယားလက်နက်များကြောင့် ကမ္ဘာစစ်ကြီးများ ဖြစ်တော့မည်လော၊ တောင်ကိုရီးယားကို မဟာမိတ် အမေရိကန်က ဘယ်လောက်အထိအကာအကွယ် ပေးနိုင်မည်နည်း စသဖြင့် တွေးတောပူပင်ခဲ့ကြရသည်။ တကယ်တမ်း စစ်ဖြစ်လျှင် ကမ္ဘာကြီးတစ်ခုလုံး ဘာမှအစမကျန်အောင် ပျက်သွားမည်မုချ။

နျူကလီးယားလက်နက်တွေက အခြားသောဂြိုလ်များကိုပင် ပစ်နိုင်ဖျက်နိုင်လောက်အောင် များလွန်းနေသကိုး။ မြောက် ကိုရီးယားကို ချလိုက်ပါ၊ ပစ်လိုက်ပါ၊ ခြေမှုန်းပစ်လိုက်ပါဟု တိုက်တွန်းနေကြသလို ချလိုက်မည်၊ ပစ်လိုက်မည်၊ ခေမှုန်းလိုက် မည်ဟု ခြိမ်းခြောက်နေသည့် မျက်နှာကြီးကိုလည်း TV မှာ မမြင်ချင်မှအဆုံး။

ယခုတော့ တောင်ကိုရီးယားမှ ဆောင်းရာသီအိုလံပစ်ပွဲတွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ ချစ်ကြည်စွာ ယှဉ် ပြိုင်နေကြပြီ။

(၂)
ကိုလံဘီယာနိုင်ငံတွင် နှစ် ၅၀ ကြာပြည်တွင်းစစ်အတွင်း ပူးယစ်ဆေးမှောင်ခိုမှုကြီးထွား၊ လူထောင်ချီသေ၊ အကျင့်ပျက် စသဖြင့်ရှိခဲ့ရာကနေ ပြည်တွင်းစစ် အဆုံးသတ်လိုက်သည့် သတင်းကြားရစဉ်တုန်းကလည်း ကျွန်တော်သည် ဝမ်းသာ ပိတိဖြစ်ခဲ့ဖူး၏။ စစ်ပွဲဟူသည် လက်နက်ရောင်းသူများအတွက် ဈေးကွက်ဖြစ်။ လက်နက်ရှိသူက မရှိသူအပေါ် (သို့မဟုတ်) လက်နက်ပိုရှိသူက နည်းနည်းရှိသူအပေါ် ဗိုလ်ကျအနိုင်ကျင့် အမြတ်ထုတ်ရာအရပ်ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် လည်း စစ်ပွဲကို မရပ်လိုကြခြင်းဖြစ်သည်။

သည်လိုနှင့် ကျွန်တော့်မှာ တွေးစရာ သတိရစရာ ပြန်ပေါ်လာပြီ။

(၃)
၁၉၈၆ ခု၊ ဇွန်လက ရန်ကုန်မြို့ အမေရိကန်ပြန်ကြားရေးဌာနမှာ Corazon Aquino: 100 Days in Office အမည်ရှိ၊ သတင်းမှတ်တမ်း ကျွန်တော်တို့ကြည့်ခွင့်ရခဲ့ဖူး၏။ ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင် ဖာဒီနင်မားကို့စ် ကလိမ်ကျ ရွေးကောက်ပွဲ အတုဖြင့် အနိုင်ယူထားသည်ကို လူတွေလမ်းပေါ်ထွက် ကန့်ကွက်ပြီး ဖြုတ်ချလိုက်ကာ တင်မြှောက်လိုက်သည့် Corazon Aquino သမတအဖြစ် ရက်ပေါင်း ၁၀၀ အတွင်း လုပ်ဆောင်ချက်များကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် ABC သတင်းအေဂျင်စီက Interview သွားလုပ်ထားသော သတင်းမှတ်တမ်းပါ။

(၄)
မေးခွန်းတွေကများ စိတ်ဝင်စားစရာတွေကလည်းများပါဘိ။

အဲဒီကြား ကမ္ဘာကျော် ၀ါရင့်သတင်းစာဆရာကြီးနှင့် ပူပူနွေးနွေး အမျိုးသမီးသမတတို့ အချီအချ မေးလိုက်ကြ ဖြေကြပုံကို တော့ ကြည့်ဖူးသူတိုင်း မှတ်မိနေကြပေလိမ့်မယ်။ သတင်းထောက်ကြီးက “ကိုယ်တိုင်က ကွန်မြူနစ်စနစ်မကြိုက်တဲ့လူ၊ ခုလို အာဏာရသမတဖြစ်နေချိန် ဘာဖြစ်လို့ ကွန်မြူနစ်သူပုန်တွေကို အပြတ်မချမချေမှုန်းတာလဲ” လို့မေးတော့ လက်လေး ထောင်ကာ “Corazon အဖို့တော့ မကြိုက်နိုင်တဲ့ ကွန်မြူနစ်တွေ၊ ဒါပေမယ့် ဖိလစ်ပိုင်သမတအဖို့တော့ ကိုယ့်လူတွေလို့ မြင်နေတယ်။ ကွန်မြူနစ်ဖြစ်ဖြစ် ဒီမိုကရက်ဖြစ်ဖြစ်၊ ကက်သလစ်ဖြစ်ဖြစ် တခြားဘာသာဝင်ဖြစ်ဖြစ်၊ လယ်သမားဖြစ်ဖြစ် စစ် သားဖြစ်ဖြစ် လူတွေမဟုတ်လား။

လူကို လူလိုမြင်ရမယ်လေ။
ခေါင်းဆောင်မပီမသနဲ့ မတူတာတွေကို ခွဲကြည့် ကွက်ကြည့်နဲ့ အမြင်ကျဉ်းနေရင် ဘီရိုထဲက အဝတ်အစားနဲ့ မီးဖိုချောင်က ထမင်းအိုးပဲ မြင်မှာပေါ့။ Corazon မျက်စိနဲ့ သမတလို အမြင်ကျယ်ကျယ်နဲ့ကြည့်မှ လူစုံနေတဲ့ ဖိလစ်ပိုင်နိုင်ငံကိုမြင်မှာ” လို့ ရယ်ကာမောကာ ဖြေလိုက်ပုံ ယခုထက်တိုင် မြင်ယောင်နေ၏။

(၅)
ရန်ကုန်မြို့ ကုန်သည်လမ်း USIS အမေရိကန် ပြန်ကြားရေးဌာန ဖိတ်ကြားထားသည့် ဧည့်သည်များ ကြည့်ကြအပြီး ရင်းနှီး သူတွေကြား အသီးသီးပြောကြ ထင်မြင်ချက်ပေးကြသည်။ လွတ်လပ်စွာပြောကြ၍လည်း ဘေးကကြားနေကြရသည်။

ဗကပခေါင်းဆောင် သခင်သန်းထွန်းနှင့် ၈ တန်းမှာကျောင်းနေဖက်၊ ဖဆပလမှာအတူလုပ်ခဲ့သူ ဦးဖေခင် (ပင်လုံ) က “၁၉ ၄၈ ခု၊ လောက်ကသာ ကြည့်ရရင်ဗျာ” လို့ပြောတုန်း စာရေးဆရာ သခင်တင်ဦး (ဗိုလ်သခင်ဆရာ) က “အမြဲတမ်းအတွက် သင်ခန်းစာပါ” ဟု ၀င်ပြောလိုက်ပုံလည်း သတိရလာ၏။

(၆)
မေးသူ အမေရိကန်သတင်းစာဆရာ၊ ဖြေသူ ဖိလစ်ပိုင်သမတ၊ မှတ်ချက်ချကြသော မြန်မာသံအမတ်၊ ဖြတ်ပြောသော စာရေးဆရာ သတင်းစာဆရာတို့ အားလုံးကွယ်လွန်ကုန်ကြပါပြီ။ အမြဲတမ်းအတွက် သင်ခန်းစာတဲ့။

နျူးကလီးယားလက်နက်ဖြစ်ဖြစ် ခွလေးဖြစ်ဖြစ် လူတွေကလုပ်တာ။ စစ်ပွဲဆိုတာလည်း လူတွေကလုပ်တာမို့ စစ်မဖြစ်တော့ အောင် စစ်ပွဲရပ်တွေရပ်အောင်လုပ်ဖို့ရန် ဘာမှမခက်ဟု ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကြည့်ရင်း တွေးမိကြောင်းပါ။

၂၀၁၈ ခု၊ ဇန်န၀ါရီလ (၂၉) ရက်နေ့။

Comments