ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၄)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၄)
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈

အဝေးရောက် တိဗက်လူမျိုးများအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည့် အဖွဲ့များတွင် တိဗက်အမျိုးသမီးအဖွဲ့နှင့် တိဗက်လူငယ်အဖွဲ့တို့လည်းပါဝင်သည်။ တိဗက်လူမျိုးများ ရပ်တည်နိုင်ရေးအတွက် ဘုန်းတော်ကြီးဒလိုင်းလားမားကတော့ ခရီးများများသွားခြင်းဖြင့် အနောက်ကမ္ဘာက အလှူရှင်များကို ဆော်သြပေးလေ့ရှိသည်။ ပြည်ပအလှူရှင်များက လိုအပ်သော ပညာရေး ကျန်းမာရေးနှင့် စားနပ်ရိက္ခာတို့အတွက် တာဝန်ကိုယ်စီယူထားကြသည်။

တိဗက်ကလေးငယ်များ ပညာရေးအတွက် အဓိကကူညီပေးနေသောတိုင်းပြည်မှာ ဂျပန်နိုင်ငံဖြစ်ပြီး အိန္ဒိယ၊ နီပေါနှင့် ဘူတန် နိုင်ငံတို့တွင် TCV ကျောင်းပေါင်း ရှစ်ဆယ်ကျော်ဖွင့်လှစ်ထားပြီးဖြစ်သည်။ ကျောင်းပေါင်းသုံးဆယ်ကျော်ကို တိဗက် အဝေး ရောက်အစိုးရရဲ့ စီမံထိန်းချုပ်မှုအောက်မှာ ထားရှိပြီး အချို့ကျောင်းများ ကိုတော့ အိန္ဒိယအစိုးရရဲ့ စီမံကွပ်ကဲမှုဖြင့် ဖွင့်လှစ် ထားခြင်းဖြစ်သည်။ ဥတ္တရာပရာဒေ့ရှ်နှင့် ဆစ်ကင်းပြည်နယ်တို့တွင် ကိုယ်ပိုင် ပုဂ္ဂလိကကျောင်း ကိုးကျောင်းရှိသည်ဟု ဆိုပါသည်။ "TCV ကျောင်းတွေမှာ ပညာသင်ယူနေကြတဲ့ တိဗက်ကလေးငယ် တစ်သောင်းကျော်ရှိတယ်လေ။ ဓရံဆာလာမှာ နှစ်ထောင်ကျော်ရှိတယ်။ ကျောင်းစရိတ် ကျောင်းဝတ်စုံ ကျောင်းသုံး စာအုပ်များနှင့် အစားအသောက်များ၊ နေရာထိုင်ခင်းများ အားလုံးကို ပြည်ပအလှူရှင် တွေရဲ့အကူညီနဲ့ တိဗက်အဖွဲ့ အစည်းများက တာဝန်ယူပေးထားတယ်။ ကလေးအများစုကတော့ မိဘမဲ့တွေများပါတယ်။ တစ်ချို့မိဘတွေက သူတို့ ကလေးတွေကို ဒီမှာ အပ်ခဲ့ပြီး တိဗက်ပြည်မှာ ကျန်နေခဲ့တဲ့ ကလေးတွေကို ပြန်ခေါ်နေ တာမျိုးတွေလည်း ရှိတယ်။ ဒီကျောင်းမှာဆိုတော့ မိဘတွေက သူတို့ကလေးတွေကို စိတ်ချတာလည်း ပါမယ်ထင်ပါတယ်။ နေ့တိုင်း နီးပါးတော့ လာအပ်နေကြတာပါပဲ။ တစ်ခါတလေ ဆယ်ယောက်အိပ်နေရာကို အယောက်နှစ်ဆယ်လောက် ထားရတာမျိုး တွေလည်းရှိတယ်။ ကလေးတွေက များများလာတော့ နေရာအခက်အခဲ တော့ရှိတာ ပေါ့"ဟု TCVကျောင်းရဲ့ ဒါရိုက်တာဖြစ်တဲ့ တိဗက် လူမျိုးသားကြီး ဆေ၀မ်ရေချီ ကပြောပါသည်။

အခုလောလောဆယ်ရှိတဲ့ အဆောက်အဦ တွေမှာ ကလေးတွေနဲ့ ပြည့်သွားပြီဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုအခြေအနေ မျိုးရောက် သွားခဲ့မယ်ဆိုရင် ဆက်ပြီး လက်မခံတော့ဘူးလား ဟု မေးကြည့်လိုက်တော့ " ဆက်ပြီးလက်မခံလို့ ကတော့ ဘယ်ဖြစ်မလဲ။ သူတို့က ကိုယ့်ဆီကိုအားကိုးတကြီးနဲ့ ရောက်လာကြတာလေ။ ကျောင်းတွေကို လက်မခံဘဲ ပိတ်ပစ်လိုက်ဖို့တော့ စိတ်ကူး မရှိပါဘူး။ အဆောင်သစ် ထပ်မဆောက်နိုင်သေးရင်တောင် လောလောဆယ်နေ လို့ဖြစ်မယ့် တဲအကြီးကြီးတွေ ထိုးပြီး ကလေးတွေကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ လက်ခံနိုင်အောင် ကြိုးစားပြီး စီမံပေးရမှာပဲ "ဟု ဆေ၀မ်ရေချီက ရှင်းပြပါသည်။ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားနိုင်ဖို့အခွင့်ရေးသည် လူသားတစ်ဦး၏ မွေးရာပါ အခွင့်အရေးပင်ဖြစ်သည်။

ထိုနေ့က ဓရံဆာလာရှိ အိုအေစစ်ဟုအမည်ရသော တိဗက်လဘက်ရည်ဆိုင် ကလေးတွင် တိဗက်လူငယ်ကလေးများနှင့် ထိုင်ဖြစ်ခဲ့ပါသည်။ သည်ဆိုင်ကလေးက မြင်ကွင်းကောင်းသည်။ နောက်ကရေခဲတောင်ကြီးတွေကို လှမ်းမြင်နေရပြီး လမ်းဆုံမှာ တည်ရှိနေသည့် နှစ်ထပ်ဆိုင် ကလေးဖြစ်သောကြောင့်လည်း လမ်းသွား လမ်းလာ များကို ဆိုင်အပေါ်ထပ်ကနေ ငေးကြည့်ရင်း ရေခဲတောင်ကြီးကို တစ်ခါတခါ လှမ်းမျှော်ကြည့်လိုက်ရတာကိုက အရသာတစ်ခုပင်ဖြစ်သည်။

သည်ဆိုင် ကလေးက လူမရှင်းတတ်သည့်တိုင် ကိုယ်ပြောချင်တာကလေးတွေကို လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးပြောလို့ကောင်းသည့် နေရာကလေး တစ်ခုဖြစ်ခြင်း ကြောင့်လည်း အမြဲတမ်းလိုလို လူပြည့်နေတတ်သည်။ "လွတ်လပ်ခြင်း အရသာကို မြည်းစမ်းချင် နေကြတဲ့ တိဗက်လူငယ်တွေအတွက် အသက်မွေးဝမ်း ကျောင်းပညာ ရပ်ဆိုင်ရာ ကျောင်းတွေကိုလည်း ဖွင့်ထားပေးတယ်။ ဒီဓရံဆာလာမှာ ဆိုရင် တိဗက်လက်မှု ပညာစင်တာကြီးလည်း ရှိနေပြီလေ။ တိဗက်ပြည်မှာတုန်း ကတော့ တိဗက်ယဉ်ကျေးမှု က ဘာလဲဆိုတာကို သိပ်ပြီးအများကြီး သိခွင့်မရခဲ့ဘူး။ အင်္ဂလိပ်စာ သင်ကြားဖို့လည်း အခွင့်အရေးမရခဲ့ဘူး။ တိဗက်ပြည်မှာ သင်ရတဲ့သင်္ခန်း သာတွေက တရုတ်စာ တွေချည်းပဲ။ တိဗက်စာကို မပါတော့ဘူး။ တရုတ်တွေက တိဗက်တွေကို တိဗက်ယဉ်ကျေးမှု သင်တာကို ကြိုက်လည်းမကြိုက်ဘူး။ သင်ကြားခွင့်လည်း မပေးဘူး။ တိဗက်စာ၊ တိဗက်ယဉ်ကျေးမှု တွေသင်ပေးဖို့ တောင်းဆိုဘူးတယ်။ ကျနော့်ကို ပုလင်းနဲ့ခေါင်းကိုရိုက်တယ်ဗျာ။ ဒီမှာကြည့်ပါလား ကျနော့်ခေါင်းမှာ အခုထိ အမာရွတ်ကြီးရှိသေးတယ်။ အိန္ဒိယဘက်မှာ ဒီလိုသင်တန်း ကျောင်းတွေကို ဖွင့်တာကိုပဲ တရုတ်ကို ခုခံတော်လှန်ဖို့ တိဗက်စစ်တပ်အတွက် ဖွင့်ပေးနေတယ်လို့ သူတို့က ထင်နေကြတာလေ"ဟု ဓရံဆာလာကိုရောက်လာသည်မှာ နှစ်လခန့်သာရှိ သေးသော တိဗက်လူငယ်ကလေးတစ်ဦးက သူ့ခေါင်းကို ထိုးပေးရင်း သူ့ဘ၀ သူ့အကြောင်းကို ရှင်းပြနေပါသည်။

တာချီဆိုသော တိဗက်လူငယ်လားမားကလေးကတော့ We need to be educated. ဟူသော စကားကိုပင် ထပ်တလဲလဲ ပြောပါသည်။ သူပြောချင်တာလေးတွေ ပြောပြီးသွားလျှင် သူက We need to be educated. ဟူသော ၀ါကျဖြင့် အဆုံးသတ် လေ့ရှိသည်။ နောက်ထပ်သူပြောချင်တာကလေး တွေ ထပ်ပြောလိုက်။ ပြီးသွားရင် We need to be educated.နဲ့ အဆုံးသတ်လိုက်နဲ့။ ဘာပြောပြော သူ့စကားသံရဲ့အဆုံးမှာ ကြားနေရသောစကားတစ်ခွန်းမှာ We need to be educated. ပင်ဖြစ်နေပါ တော့သည်။ "ကျနော်တို့ ပညာတတ်ဖို့ လိုတယ်ဗျ" ဟူသောစကားကို သူကအလေး အနက်ပြောပါသည်။ သူ့လူမျိုးတွေအခုလို ကျူးကျော်ခံနေရတာ ပညာမတတ်လို့ ဟု တာချီက အခိုင်အမာ ခံယူထားပုံရပါသည်။ "ဘယ်အရာကိုပဲဖြစ်ဖြစ် စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေတိုင်ပင်ခြင်း ဒိုင်ယာလော့နဲ့သွားရမည်။ သို့သော် ဒီလိုဒိုင်ယာလော့နဲ့ သွားနိုင်တဲ့အဆင့်ရောက်ဖို့ ပညာတတ်ဖို့တော့ လိုလိမ့်မယ်။ အရာအားလုံးအတွက် အသိပညာ အတတ်ပညာဟာ သော့တစ်ချောင်းနဲ့တူတယ်"ဟု ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောခဲ့ဖူးပါသည်။

တိဗက်လူငယ်ကလေး ရမ်ချီကတော့ "ဒီဘက်ကို ခက်ခက်ခဲခဲနဲ့ စွန့်စားပြီး လာခဲ့တယ်။ ပညာတွေသင်ပြီးသွားရင် တိဗက်ကို ပြန်ဝင်ကြတယ်။ ဒီဘက်မှာ ရောက်နေတဲ့ ကိုယ့်လူမျိုးတွေရဲ့ အနေအထားကို ရှင်းပြခွင့်ရတယ်။ ရဲရင့်တဲ့သတ္တိရှိတဲ့ လူငယ်တွေ အတွက် အန္တရာယ်အခဲကို ကျော်ဖြတ်လိုက်ရင် ဒီဘက်မှာ ပညာသင်ဖို့ အခွင့်အရေး တွေ ဒီလိုရှိနေတယ်ဆိုတာကို တိဗက်ပြည်မှာ ကျန်နေခဲ့တဲ့ လူငယ်တွေကို ရှင်းပြဖို့ ကျနော်အိမ်ပြန်သေးတယ်။ ဒါပေမယ့် ဘယ်နေ့ဖြစ်မလဲ ဆိုတာကတော့ အခုချိန်ထိ မသိနိုင်သေးပါဘူးဗျာဟု သူ့ရဲ့စိတ်ကူးများကို ဖွင့်ပြသွားပါသည်။ ပြီးတော့ ရေခဲ တောင်ကြီးကို ငေးကြည့်နေရင်းကနေ သူ့ရှေ့မှာ ချထားတဲ့ လဘက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ဂွက်ခနဲမြည်အောင် မော့ချလိုက်လေသည်။ ရေခဲတောင် တန်းကြီးတွေပေါ်ကနေ လွင့်ပျံနေတဲ့ တောင်ခိုးတောင်ငွေ့တွေလို တိဗက်ပြည်မှာ ကျန်ရစ်ခဲ့သည့် မိသားစုတွေနဲ့အတူ မိခင်တိုင်းပြည် တိဗက်ပြည်ကြီးကို လွမ်းမောနေတဲ့ အလွမ်းငွေ့တွေကလည်း သူ့မျက်နှာပေါ် လွင့်ပျံဝဲလို့။ သူကတော့ ငေးလို့ငိုင်လို့။ အဲဒီနေ့က ဓရံဆာလာရဲ့လမ်းမတွေပေါ်မှာ လူခြေတိတ်စ ပြုချိန်မှာပဲ ကျနော်တို့ လူချင်းလမ်းခွဲလိုက်ကြပါသည်။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၁၊၁၀၊၂၀၁၈

Comments