မောင်ရစ် - မိတ်ဆက်ပေးစရာမလိုတဲ့ အိုဘားမားနဲ့ စကားလက်ဆုံ မှတ်သားမိသမျှ


မောင်ရစ် - မိတ်ဆက်ပေးစရာမလိုတဲ့ အိုဘားမားနဲ့ စကားလက်ဆုံ မှတ်သားမိသမျှ
(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၈

Netflix အင်တာနက်စတေရှင်က အွန်လိုင်းတီဗီအစီအစဉ်လုပ်ပါတယ်။ My Next Guest needs no introduction with David Letterman ဖြစ်ပါတယ်။ David Letterman ဆိုတာက အနားယူသွားတဲ့ တီဗီအစီအစဉ် အင်တာဗျူးသူပါ။ အနားယူနေရာကနေ သူက နက်ဖလစ်နဲ့တွဲပြီး စင်ပေါ်ပြန်တက်လာပါတယ်။ သူ ပထမဦးဆုံး တွေ့ဆုံသူကတော့ Barack Obama ဖြစ်ပါတယ်။ သူကလည်း မကြာခင်က အနားယူသွားတဲ့ အမေရိကန်သမ္မတ ဖြစ်ပါတယ်။ သူနဲ့ လုံးဝဆန့်ကျင်ဘက် လက်ယာအစွန်းသန် ဓနရှင် ဒေါ်နယ်ထရန့် လက်ထဲ အမေရိကန်ပြည်ကြီးကို ထားရစ်ခဲ့တဲ့ သမ္မတဟောင်းက ဒေးဗစ်လက်တာမင်းလို အင်တာဗျုးသမားအဟောင်းနဲ့ ပြန်ဆုံတွေ့ပြီး စကားဝိုင်းဖွဲ့တာကို အားလုံးက စိတ်ဝင်တစား ကြည့်ရှုအားပေးကြပါတယ်။

ကိုဇာဂနာက အဲသည်အစီအစဉ်ကို ကြည့်ပြီး သူ့ဖေ့စ်ဘွတ်မှာ စာတိုလေးရေးပါတယ်။ မိုးမခမှာ ကူးယူဖော်ပြခဲ့ပြီးပါပြီ။ ကျနော်ကိုယ်တိုင်လည်း အိုဘားမားနဲ့ စကားလက်ဆုံအစီအစဉ်မှာ မှတ်သားစရာလေးတွေ တင်ပြလိုတာကြောင့် ဆက်လက်ရေးသားလိုက်ပါတယ်။

အိုဘားမားနဲ့ လက်တာမင်းတို့ စင်ပေါ်မှာ တွေ့ကြတော့ ပေါ့ပေါ့ပါးပါး ရယ်မောစရာလေးတွေ စတင် ပြောကြပါတယ်။ သမ္မတအဖြစ်က အနားယူပြီးနောက် ဘယ်လိုခံစားရသလဲ။ ဘယ်လို အချိန်ကုန်သလဲတဲ့။ အိုဘားမားကတော့ မနက်အိပ်ယာကနိုးတော့ နဲနဲတော့ ယောင်ချာချာ ဖြစ်ပါသတဲ့။ ဘယ်သူကမှ ကိုယ့်ကို တွေ့ဆုံပြီး လုပ်ကိုင်ပြောဆိုဆွေးနွေး ညွှန်ကြားမှုတွေ မတောင်းကြတော့ပါဘူးတဲ့။ နိုင်ငံကြီးကို ကမ္ဘာကြီးကို ထမ်းထားစရာ မလိုတော့ပါဘူးတဲ့။ အလုပ်တွေ အားနေပါသတဲ့။ ဒါနဲ့ပဲ ကမ္ဘာပတ်ပြီး အပမ်းဖြေထွက်တယ်၊ ကလေးတွေနဲ့ နီးနီးနားနား ၀ါရှင်တန်ဒီစီမှာ အိမ်ပြောင်းနေကြတယ်။ မိသားစုနဲ့ ပျော်ရွှင်စွာ အချိန်ကုန်နေပါသတဲ့။ အဲသည်လို ရိုးရိုးအေးအေး ရင်ဆိုင်ပါတယ်လို့ ဖြေပါတယ်။

အိုဘားမားက မစ်ချယ်အိုဘားမားဘေးမှာ ရှိနေတဲ့အတွက် သူ့အတွက် ပြည့်စုံမှုဖြစ်ပါတယ်တဲ့။ အဲသည်မှာ သူ သူ့မိန်းမဆီကနေ ရလိုက်တဲ့ သင်ခန်းစာတခုကတော့ ခေါင်းဆောင်တယ်ဆိုတာက ဥပဒေတွေပြုတာ၊ အုပ်ချုပ်အမိန့်ပေးတာတွေနဲ့ ပြီးတာမဟုတ်ပါဘူးတဲ့။ လူတွေရဲ့ စိတ်ဓာတ်တွေ အပြုအမှုတွေ အတွေးအမြင်တွေကို ပြုပြင်ပြောင်းလဲသွားအောင် ကိုယ်ကိုယ်တိုင်ကနေ ရှေ့က လုပ်ကိုင် ရှင်သန်သွားရတာ ဖြစ်ပါတယ် တဲ့။

သမ္မတအဖြစ် စတင်တာဝန်ခဲ့စဉ်တုန်းကအကြောင်းကို လက်တာမင်းက မေးပါတယ်။ သူတာဝန်စယူစဉ်က တိုင်းပြည်က စီးပွားပျက်နေတယ်၊ စစ်ပွဲ ၂ ပွဲ (အီရတ်နဲ့ အာဖဂန်) မှာ အမေရိကန်က တိုက်နေရတယ်။ သည်တော့ သမ္မတနဲ့ တူအောင် ရပ်တည်လုပ်ကိုင်ပြီး ခေါင်းဆောင်မှု ပေးရပါတယ် တဲ့။

လက်တာမင်းက တခု ပြောပါတယ်။ အိုဘားမားကပဲ ပြောခဲ့တဲ့ စကားပါ။ " နောက်အနှစ် ၂၀ ကြာတဲ့အခါမှာ မင်းရဲ့ သားသမီးတွေက မေးမယ်။ အဲသည်တုန်းက အဖေတို့ ဘာလုပ်နေခဲ့သလဲ။ အဲဒီမေးခွန်း မေးလာရင် အတိတ်မှာ ငါတို့ ဘာတွေ လုပ်ခဲ့တယ် (တာဝန်ကျေခဲ့တယ်) ဆိုတာကို လိပ်ပြာလုံလုံနဲ့ ဖြေနိုင်အောင် အခုအချိန်ကတည်း ငါတို့ လုပ်ရမယ်"လို့ အိုဘားမားက မိန့်ခဲ့ပါသတဲ့။

ဒီစကားနဲ့ ဆက်ပြီး လက်တာမင်းကမေးပါတယ်။ အခုကော အနာဂတ်အတွက် လိပ်ပြာလုံပြီလား တဲ့။ အိုဘားမားက - အတိတ်တုန်းက သူ တာဝန်ကျေအောင် လုပ်ခဲ့သလို အခုလည်း စိန်ခေါ်မှုတွေ ပြသနာတွေကတော့ ရှိနေတုန်းပါတယ်တဲ့။ အခုချိန်မှာ တကိုယ်ကောင်းဆန်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ရှိနေသေးတယ်၊ လူတန်းစား မညီမျှမှုတွေ ရှိနေသေးတယ်။ ပညာရေး ကျန်းမာရေးစာရိတ်တွေ မြင့်မားနေပါသေးတယ်။ သည်တော့ လူတွေမှာ ကမ္ဘာလုံးဆန်တဲ့ (globalized) စီးပွားရေး လူမှုရေး နည်းပညာတွေအားလုံး လူတိုင်း လက်လှမ်းမီနိုင်ရေးအတွက် အလုပ်တွေ ဆက်လုပ်ဖို့ လိုပါသေးတယ် - လို့ ဖြေပါတယ်။

လက်တာမင်းက ဆက်မေးပါတယ်။ ငါတို့မှာ ဒီမိုကရေစီရှိတယ်။ မဲဆန္ဒပေးတဲ့ စနစ်ရှိနေတယ်။ ဒါပေမယ့် ပြည်ပနိုင်ငံတွေကနေ ငါတို့ ရွေးကောက်ပွဲစနစ်ကို ဖျက်လိုဖျက်ဆီး လုပ်လာကြတယ်။ (လို့ အစွပ်စွဲခံရတယ်)။ သည်တော့ ဒီမိုကရေစီကို ဖျက်ဆီးထိခိုက်စေတာက စာနယ်ဇင်းတွေ အဖိနှိပ်ခံရလို့လား၊ မဲပေးတဲ့စနစ် အဖျက်ဆီးခံရလို့လား။ ဘယ်ဟာက ပိုစိန်ခေါ်မှုလဲ။  ဒါကို ဘယ်လိုပြောမလဲ တဲ့။

အိုဘားမားက ဖြေပါတယ်။ နယူးယောက်က ၀ါရင့်အမတ်မင်း (Daniel Patrick Moyniham (D-NY) (1927-2003) တဦးရဲ့ စကားကို ကိုးကားပြီး ပြန်ဖြေပါတယ်။ လွှတ်တော်မှာ အငြင်းအခုံဖြစ်ကြတော့၊ ပြိုင်ဘက်အမတ်ငယ်တခုကနေ ၀ါရင့်အမတ်ကြီးကို 'အမတ်ကြီး သင်လည်း သင်ထင်တာ (opinion) ပြောခွင့်ရှိသလို ကျုပ်ကလည်း ကျုပ်ထင်တာ ပြောခွင့် ရှိတယ်။ ဒါကို မတားပါနဲ့' ပေါ့။ သည်တော့ အမတ်ကြီးက ပြန်ပြောပါတယ်။ 'ဟုတ်တယ် ... မင်းထင်တာ မင်းပြောခွင့် ရှိတယ်ဆိုတာ မှန်တယ်။ သို့သော် အချက်အလက် (facts) (အရှိတရား) ကိုတော့ မင်း ပြင်ဆင်ခွင့် ပြောင်းလဲခွင့် မရှိပါဘူး' တဲ့။ မဟုတ်တန်းတရားတွေပြောလာရင် ဒါကို လက်ခံလို့ မရဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

သည်တော့ အိုဘားမားက ဆက်ပြောတာက ရုရှားတွေ ရွေးကောက်ပွဲကို ၀င်ရောက် နှောက်ယှက်နေတာ ရှိနှင့်နေပြီးသားပါတဲ့။ သို့သော် လူတွေက ခုချိန်မှာ ကိုယ့်အထင်အမြင်တွေနဲ့ ဖုံးနေတဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာပဲ နေနေကြတယ်။ အရှိတရားကို လက်ခံဖို့ မစဉ်းစားကြဘူးတဲ့။ Fox news (လက်ယာစွန်း ရှေးရိုးစွဲများ၏ ၀ါဒဖြန့်စာနယ်ဇင်းဌာန) နားထောင်တဲ့သူတွေက သမာသမတ် မျှမျှတတ တင်ဆက်ပေးနေတဲ့ NPR (National Public Radion - အမေရိကန်၏ လူထုအသံသတင်းဌာန) ကို လှည့်တောင် မကြည့်ကြဘူးတဲ့။ ဒါဟာ စိန်ခေါ်မှု ဖြစ်လာပါတယ်တဲ့။ အရင်တုန်းက အိုဘားမားတို့က ခေတ်သစ်နည်းပညာတွေ ခေတ်သစ်မီဒီယာတွေသုံးပြီး လူထုကို စည်းရုံး လှုံဆော် ပညာပေးကြတယ်။ သည်နည်းနဲ့ ဆိုရှယ်မီဒီယာကို အသုံးချခဲ့ကြတယ်။ အဲသည် နည်းစနစ်ဟာ ခေတ်စားလာတော့ အဲသည်နည်းစနစ်ကို ပြည်တွင်း ပြည်ပ သြဇာသမားတွေ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားတွေက သူတို့ အကျိုးစီးပွားသက်သက် အသုံးချဖို့ အမြတ်ထုတ်ဖို့ သက်သက် ၀ါဒဖြန့်ချိရေး တိုက်ခိုက်ရေး လက်နက်အဖြစ် အသုံးချလာကြတော့တယ်လို့ သူက သုံးသပ်ပါတယ်။ အိုဘားမားကိုယ်တိုင်က ခေတ်သစ်နည်းပညာကို အဆိုးဘက်ကလည်း အသုံးချကြလိမ့်မယ်ဆိုတာ သတိလစ်သွားမိတယ်လို့ ၀န်ခံလိုက်ပါတယ်။

အိုဘားမားက ဆက်ပြောတာကတော့ နည်းပညာဟာ အင်အားကြီးတွေရဲ့ အသုံးချခံကိရိယာဖြစ်သွားတာကြောင့် လူတွေဟာ သူတို့သာယာတဲ့ bubble စိတ်ကူးယဉ်ပူဖောင်းထဲ မှာပဲ နေနေအောင် နည်းပညာပစ္စည်းကိရိယာတွေရဲ့ လွှမ်းမိုးမှုအောက်မှာ အပြုစားခံနေကြရတယ်လို့ ပြောလိုက်ပါတယ်။

ဥပမာတခုအနေနဲ့ အိုဘားမားက ထောက်ပြတာ တခုကတော့ - အီဂျစ် လူထုတော်လှန်ရေးကာလတုန်းက စမ်းသပ်မှုတခု လုပ်ခဲ့ကြပါသတဲ့။ အဲသည်လူထုတွေထဲက လစ်ဘရယ်ဆိုတဲ့ တက်ကြွသူတွေရယ်၊ ကွန်ဆာဗေးတစ်ဆိုတဲ့ ရှေးရိုးစွဲတွေရယ်နဲ့ မော်ဒရိတ်ဆိုတဲ့ ကြားနေသူတွေရယ်ဆိုပြီး အုပ်စု ၃ စု ခွဲပြီး Google Search မှာ 'အီဂျစ်" ဆိုပြီး search လုပ်ခိုင်းကြည့်ကြပါသတဲ့။ လစ်ဘရယ်တွေက အီဂျစ်ဆိုပြီး ရှာကြတော့ 'တီဟရီရင်ပြင်' ဆိုတဲ့ တက်ကြွသူတွေ စုဝေးတဲ့နေရာ ပေါ်လာပါတယ်။ ရှေးရိုးစွဲတွေအတွက် ဂူးဂဲက 'မူဆလင်ညီအကိုများပါတီ' ဆိုပြီး အဖြေထွက်ပါတယ်။ ကြားနေသမားတွေက ဂူးဂဲမှာ အီဂျစ်လို့ ရိုက်ရှာလိုက်ရော - နိုင်းမြစ်က အပမ်းဖြေစရာနေရာများ' ဆိုတဲ့ စာရင်းထုတ်ပေးပါသတဲ့။ ဆိုတော့ မိမိကိုယ်တိုင်၏ ဘက်လိုက်မှုပေါ်မူတည်ပြီးတော့ အင်တာနက်က မိမိအစွဲသန်ရာကို ခေါ်ထုတ်သွားတာ ဖြစ်ပါတယ်။ သည်လိုနဲ့ ဖေ့စ်ဘွတ် news feed တွေမှာ လူတွေ ပရိသတ်တွေဟာ မိမိနှစ်သက်ရာ သတင်းဘက်လိုက်မှုနောက်ကို လိုက်နေကြတာဖြစ်ပါတယ်တဲ့။ သည်လိုနဲ့ လူတွေဟာ မိမိ bubble ဆိုတဲ့ ကိုယ့်သာယာတဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာ နေထိုင်နေကြတဲ့ အဖြစ်ရောက်နေတာကို ပြသနာအဖြစ် ရှုမြင်ရမှာ ဖြစ်ပါတယ် တဲ့။ ဒါကို လူတိုင်းက ဆင်ခြင် စဉ်းစားကြဖို့ အချိန်ရောက်ပြီ။ ကိုယ့် ပူဖောင်းထဲကနေ ထွက်ကြရဖို့ အချိန်ရောက်ပြီဆိုတာ သိရမယ်လို့ အိုဘားမားက သုံးသပ်ပြပါတယ်။

အဲသည်ကနေပြီးတော့ အိုဘားမားကို လက်တာမင်းက သူ၏ မိသားစုရေးရာဘက်ကို ဆွဲခေါ်သွားပြန်ပါတယ်။ အိုဘားမား သမ္မတမဖြစ်ခင် အအောင်မြင်ဆုံး အထုပ္ပတ္တိဖြစ်တဲ့ Dreams from my father အကြောင်းကို မေးပါတယ်။ စာအုပ်က အဖေ၏ အိပ်မက်နောက်သို့ ခြေရာခံခြင်းဆိုပေမယ့် လက်တာမင်းက အိုဘားမားရဲ့ မိခင်၏ လွှမ်းမိုးမှု အခန်းကဏ္ဍကို မင်း ဘယ်လို ပြောချင်သလဲ တဲ့။ အိုဘားမားက ၀န်ခံပါတယ်။ တကယ်တန်းကျတော့ အဖေ့နောက်ကို ခြေရာခံခြင်းဆိုပေမယ့် သူဟာ အမေရဲ့ မြေတောင်မြှောက်မှုနဲ့ အမေ၏ မိဘများ၏ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလူလားမြောက်ခဲ့ရတာ ဖြစ်ပါတယ်တဲ့။ ဒါကို သူကိုယ်တိုင် အမှုမဲ့ အမှတ်မဲ့ ဖြစ်ခဲ့သော်လည်း မိခင်ကွယ်လွန်ပြီးနောက် မိခင်နဲ့ အဖိုးအဖွားတွေရဲ့ တန်ဖိုးကို ပိုပြီး သိမြင်လာတယ်လို့ ပြောပြပါတယ်။ လက်ရှိအချိန်မှာ အိုဘားမားရယ်လို့ ဖြစ်လာတဲ့ တန်ဖိုးတွေ အရည်အချင်းတွေဟာ မိခင်ဘက်ကစီးဆင်းလာတာတွေလို့ ပြောလို့ရတယ်လို့ သူက ရှင်းပြပါတယ်။ မိခင်က သူ့ကို ရိုးသားဖို့၊ အလုပ်ကြိုးစားဖို့၊ ကြင်နာတရားရှိဖို့၊ အသုံးကျတဲ့လူဖြစ်ဖို့၊ တာဝန်ယူတဲ့ စိတ်ရှိဖို့ လူတိုင်းကို လေးစားတန်ဖိုးထားဖို့ သင်ပေးတယ်၊ ဒါတွေဟာ အမေရိကန်ရဲ့ mid-western value တွေလို့ ပြောပါတယ်။ ဒါက ရှေးရိုးစွဲအမေရိကန်တွေရဲ့ တန်ဖိုးတွေပဲလို့ အိုဘားမားက ထောက်ပြလိုက်တာပါ။ စိတ်ဝင်စားစရာ အချက်ပါပဲ။

လက်တာမင်းက ဆက်ပြောတာကတော့ မင်းအမေဆီက မျက်ခုံးမွှေးတွေ အမွေရပြီး မင်းအဖေဆီက ဦးနှောက်ကို အမွေရတယ်လို့ မင်းအမေက ပြောခဲ့တယ်ဆိုတာကို ထောက်ပြပါတယ်။ အိုဘားမားက ကျနော့်အမေက ကျနော့်ကို ပညာရေးမှာ အားကောင်းအောင် တွန်းအားပေးခဲ့တယ်၊ ပြီးတော့ အမေရဲ့ အမွေတခုအဖြစ် တိုင်းပြည်ရဲ့ civil rights movement ကို ကျနော်ကိုယ်တိုင် လူမည်းတဦး လူမည်းကပြားတဦးအနေနဲ့ စိတ်ဝင်စား ပါဝင်ပတ်သက်အောင် ဖြစ်လာစေခဲ့တယ်လို့ ပြောလိုက်ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားစေခဲ့တယ်လို့ ဆိုပါတယ်။

လက်တာမင်းက အဲသည်မှာ အမေရိကန်လူမည်းတွေရဲ့ မဲပေးခွင့်တိုက်ပွဲတွေ လူတန်းစားညီမျှရေးတိုက်ပွဲတွေဆီကို ဆွဲခေါ်သွားပါတယ်။ အဲသည်မှာ လူမည်းတိုက်ပွဲခေါင်းဆောင် ဂျွန်လူဝစ် (အသက် ၈၀ ကျော်နေပြီ) အကြောင်းကို ပြောပါတယ်။ လက်တာမင်းနဲ့ ဂျွန်လူဝစ်တို့ မြင်ကွင်းကို ပြပါတယ်။ ဂျွန်လူဝစ်တို့ ဆယ်လ်မာတံတားမှာ မဲပေးခွင့်တိုက်ပွဲအတွက် ဆန္ဒပြတိုက်ပွဲအဖြစ် ချီတက်ဖြတ်ကျော်ခဲ့ရတာကို ပြန်ပြောင်းပြောပါတယ်။ ဂျွန်လူဝစ်က အိုဘားမားသာ ၁၉၆၀ခုနှစ်များကသာ လူငယ်တဦးအဖြစ် ရှိနေရင် သူဟာ ရှေ့ဆုံးက ချီတက်ဟောပြောနေလိမ့်မှာလို့ မှတ်ချက်ပေးပါတယ်။ လူဖြူပုလိပ်တွေရဲ့ ရက်ရက်စက်စက် တိုက်ခိုက်ချေမှုန်းတာကို သူတို့လူမည်းတွေ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြရတာကို ပြောပါတယ်။ မကြောက်တရားဆိုတာ သူတို့တွေအတွက် အရေးပါဆုံး တရားဖြစ်တယ်တဲ့။ အဲသည်လူမည်းတွေရဲ့ ချီတက်ပွဲ၊ မာတင်လူသားကင်းတို့၊ ဂျွန်လူဝစ်တို့ ချီတက်ပွဲက ရှေ့သို့တိုးခဲ့တယ်၊ ဆယ်မာတံတားကို ကျော်ဖြတ်ခဲ့တယ်။ ၀ါရှင်တန်ဒီစီမြို့တော်အထိ လူမည်းတွေ ချီတက် တိုက်ပွဲဝင်ခဲ့တယ်။

သည်တော့ လက်တာမင်းက မေးတယ်။ ဆယ်မာတံတားကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဟိုမှာဘက်မှာ ဘာရှိသလဲတဲ့။

ဂျွန်လူဝစ်ကဖြေတယ်။ လူမည်းတွေရဲ့ မဲပေးခွင့် ရှိတယ်။ ပြီးတော့ ဘရက်အိုဘားမား ရှိတယ် တဲ့။ ငါတို့ အဲသည်နေ့က ဆယ်မာတံတားကို မကျော်ဖြတ်နိုင်ခဲ့ရင် အခုချိန်မှာ သမ္မတကြီး ဘရက်အိုဘားမားဆိုတာ ရှိနေမှာ မဟုတ်ဘူးတဲ့။

အိုဘားမားနဲ့ လက်တာမင်းတို့ အင်တာဗျူးစင်မြင့်ဆီကို ကင်မရာက မြင်ကွင်း ပြန်ပြောင်းလိုက်ပါပြီ။ အိုဘားမားက အဲသည်ပြောဆိုချက်ကို လက်ခံပါတယ်။ ဂျွန်လူဝစ်ပြောတာ အမှန်တရားပဲ၊ အရှိတရားပဲ။ သူတို့တွေဟာ တံတားကို ဖြတ်ပြီး ငါ့ကို ပုခုံးပေါ်က ထမ်းပြီး ကျော်ဖြတ်လာခဲ့ကြတယ်၊ သူတို့တွေ (လူမည်းတွေ)ဟာ အနာဂတ်အမေရိကန်ပြည်ကြီးကို သူတို့ပုခုံးပေါ်က ထမ်းပြီး ကျောပိုးပြီး ကျော်ဖြတ် ခေါ်ဆောင်နိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ သူတို့တွေ အိပ်မက်တွေကို ငါတို့တွေကိုယ်တိုင် လက်တွေ့ ဖော်ဆောင်နိုင်ခဲ့အောင် သူတို့တွေက ခွန်အားတွေ လက်ဆင့်ကမ်း ပေးခဲ့ကြတာ ဖြစ်ပါတယ်တဲ့။

သည်လိုနဲ့ အိုဘားမားဟာ နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ခဲ့တော့ ရှုံးပွဲတွေ ဆက်နေပေမယ့် အတိတ်က တိုက်ပွဲဝင်ခဲ့သူတွေရဲ့ သမိုင်းတွန်းအားနဲ့ သူ မဆုတ်မနစ် ရှေ့တိုးနိုင်ခဲ့တယ်လို့ ပြောပြပါတယ်။ သူက ဆက်ပြောပါတယ်။ အသားအရောင်ခွဲခြားမှုတွေ ရှိနေသေးတယ်။ အသားအရောင်ခွဲခြားမှုရဲ့ ဒဏ်ရာဒဏ်ချက်တွေအဖြစ် လူမည်းတွေဟာ သူများထက် ပိုဆင်းရဲတယ်၊ ပိုပြီး ပညာရေးအားနည်းတယ်၊ ပိုပြီး အနှိမ်ခံရတယ်။ သည်ကြားထဲက ဆက်ပြီး ရုန်းကန်တိုးတက်အောင် လုပ်နေရတာ ဖြစ်တယ်တဲ့။ အမေရိကားဆိုတာ အကုန်လုံးပြီးပြည့်စုံတာ မဟုတ်သေးဘူး၊ အကုန်လုံးပြီးပြည့်စုံမှုဆီသို့ ဆက်ပြီး မရပ်မနား သွားနေရတဲ့ ခရီးလမ်းသာ ဖြစ်ပါတယ် တဲ့။

ဒေါ်နယ်ထရန့်ရဲ့ သမ္မတကျမ်းကြိမ်ပွဲကို ဂျွန်လူဝစ် မတက်ရောက်ပါဘူး။ ထရန့်က ဂျွန်လူဝစ်ကို ဟားတိုက် ပြောင်လှောင်ပါတယ်။ ထရန့်လက်ထက်မှာ အမုန်းတရားတွေ ရှေ့တိုးလာပါတယ်။ လူလူချင်း အကြမ်းဖက်မှုတွေ တိုးလာပါတယ်။ ဒါတွေဟာ အမေရိကားကြီး နောက်ပြန်ဆုတ်နေပြီလားလို့ မေးခွန်း ထုတ်ချင်စရာပါ။ ဒါကို အိုဘားမားကို လက်တာမင်းက မေးပါတယ်။

အိုဘားမားက မဲပေးခွင့်ကို တိုက်ပွဲဝင်ပြီး ရယူနိုင်ခဲ့ပေမယ့် လူတိုင်း မဲပေးကြဖို့ နိုင်ငံရေးမှာ ဆက်ပြီး ပါဝင်ပတ်သက်နေကြဖို့ကို ထောက်ပြပါတယ်။  မနှစ်က ရွေးကောက်ပွဲမှာ လူတွေဟာ သူတို့ opinion တွေ ရှေ့တန်းတင်ပြီး အချက်အလက်တွေ (facts) တွေကို မစဉ်းစားကြလို့ မဲပေးသူ ဦးရေ ကျဆင်းခဲ့တာကို ပြောပါတယ်။ အင်အားကြီးသူတွေနဲ့ သူတို့လက်ဝေခံတွေ နောက်လိုက်တွေက မဲပေးကြပြီးတော့ အဖိနှိပ်ခံ၊ ဆင်းရဲသားတွေ၊ လူတန်းစားမညီမျှမှု ခံစားနေကြရသူတွေက မဲရုံကို သွားဖို့ စိတ်ဓာတ်ကျဆင်းသွားတာ အားနည်းသွားကြတာ မဖြစ်သင့်တဲ့ အရေးအခင်းဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အဲသည်လို ငါ့မဲတပြားက အရေးမကြီးပါဘူးလို့ ထင်မြင်မိရင် အတိတ်ကသမိုင်းကို ပြန်သတိရကြပါ၊ မဲပေးခွင့်ရဖို့ တိုက်ပွဲဝင်ခဲ့ကြရတာကို ပြန်သတိရပါ။ အခုအချိန်မှာ အဲသည်လို မဲမပေးမိတာကြောင့် နိုင်ငံရေးကို စိတ်ပျက်တာတွေကြောင့် အခုလိုမျိုး တိုင်းပြည်ဟာ ခေတ်နောက်ပြန်ဆွဲခံရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

အဲသည်မှာ လက်တာမင်းက အရွှမ်းဖောက်ပါတယ်။ အိုဘားမားရယ် ခင်ဗျားသာ သမ္မတကြီး ဆက်သာလုပ်လိုက်ပါတော့တဲ့။ နားထောင်တဲ့ ပရိသတ်ကလည်း လက်တာမင်းပြောတဲ့ အဓိပ္ဗါယ်ကို သဘောပေါက်စွာနဲ့ သြဘာပေးပြီး အားပေးကြပါတယ်။ အိုဘားမားက ပြန်ပြောပါတယ်။ အမေရိကန်အခြေခံဥပဒေ ပြင်ဆင်ချက်က ခွင့်မပြုတာကြောင့် သမ္မတအဖြစ် ဆက်မပြိုင်တာ မဟုတ်ပါဘူးတဲ့။ သူ့မိန်းမ မစ်ချယ်အိုဘားမားရှိနေလို့ သူ သမ္မတအဖြစ် ဆက် မ၀င်တာပါတဲ့။ ပရိသတ်က အဲသည်မှာ သူတို့ သဘောပေါက်လိုက်တာက မစ်ချယ်ကို နောက်သမ္မတရွေးကောက်ပွဲမှာ ၀င်ခိုင်းမှာလို့လားလို့ ၀မ်းသာပြီး ၀က်ဝက်ကွဲ လက်ခုပ်တီးကြပါတယ်။ အိုဘားမားက ငြင်းပါတယ်။ သူဆိုလိုတာ သည်လိုမဟုတ်ပါဘူးတဲ့။ အမေရိကန်အခြေခံဥပဒေက ခွင့်ပြုတယ် ဆိုဦးတော့ သူ့မိန်းမက သူ့ကို နောက်သမ္မတ၀င်ပြိုင်စေဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး လို့ ပြောတာပါ တဲ့။ သူ့မိန်းမကို သူ ချစ်လို့ တန်ဖိုးထားလို့ မိသားစုနဲ့ အေးအေးဆေးနေထိုင်ဖို့ သမ္မတတော့ ထပ်မပြိုင်တော့ပါဘူးတဲ့။ အိုဘားမားကလည်း “ဟုတ်ကဲ့ပါ မေမေ” လို လူမျိုးပဲပေါ့နော်။

ဒါနဲ့ပဲ လက်တာမင်းက အိုဘားမားကို မိသားစုဘ၀ လူသားဆန်မှု ဘ၀တွေအကြောင်းဘက် ဇောင်းပေးပြီး စကားလက်ဆုံ ပြောဆိုပြန်ပါတယ်။ အိုဘားမားက မိသားစုကို ခင်တွယ်တဲ့အကြောင်း၊ ကလေးတွေနဲ့ အချိန်ကုန်ရတာ၊ သူတို့ဆီက ပြန်လှန် သင်ကြား သိမှတ်ရတာကို ပျော်တဲ့အကြောင်း၊ သမီးကြီးတယောက် ကောလိပ်တက်တော့ သူ့မှာ ၀မ်းနည်းပြီး မျက်ရည်ကျတဲ့အကြောင်းတွေ ပြောပြပါတယ်။ သမီးကြီးက အဖေနဲ့ တိုင်တိုင်ပင်ပင်နေပေမယ့် သမီးငယ်ကတော့ အမှီအခိုကင်းချင်သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်သူဖြစ်လို့ အဖေနဲ့ အမေက နောက်က တကောက်ကောက်လိုက်ပြီး သမီးကို အတင်းမေးမြန်း စကားလိုက်ပြောရကြောင်း၊ သမီးငယ်က အတင်းမေးလွန်းမှ စကားပြန်ပြောချင်မှ ပြောတယ်လို့ ချစ်စနိုး ဖြေပါတယ်။ လက်တာမင်းကလည်း သူသားအငယ်ဆုံးဟာ အဲသလို ခေါင်းမာလို့ အဖေက လိုက်ပြီး မျက်နှာလုပ်ပြီး ခယနေရတယ်လို့ ၀င်ပြောပါသေးတယ်။

မိသားစုတွေ သားသမီးတွေအကြောင်းပြောနေရာကနေ လက်တာမင်းက အိုဘားမားကို အခုမင်းလုပ်နေတဲ့ “အိုဘားမားဖောင်ဒေးရှင်း” အကြောင်းကို မေးပါတယ်။ ခေတ်ကြီးကို ပြောင်းဖို့ အရေးအကြီးဆုံးက မျိုးဆက်သစ်ခေါင်းဆောင်တွေကို လေ့ကျင့်သင်ကြားပေးဖို့ မွေးထုတ်ဖို့ပဲ ဖြစ်တယ်လို့ အိုဘားမားက ဖြေပါတယ်။ အိုဘားမားဟာ သမ္မတဖြစ်စဉ်ကာလကတည်းက အမေရိကန်ပြည်အနှံ့ခရီးသွားတဲ့အခါ town hall ဆိုတဲ့ မြို့ခံတွေနဲ့ တွေ့ဆုံပွဲတွေလုပ်တယ်၊ လူငယ်ခေါင်းဆောင်လောင်းတွေနဲ့ တွေ့တယ်၊ ကွန်မြူနီတီလှုပ်ရှားမှုတွေအကြောင်း လေ့လာတယ်။ အဲသည် ကွန်ယက်ကို အခြားမြို့တွေက ကွန်ယက်တွေနဲ့ ချိတ်ဆက်ပေးတယ်။ အမြဲ ထိတွေ့နေအောင် လုပ်ခဲ့ပါသတဲ့။ ပြည်ပနိုင်ငံတွေမှာလည်း လူငယ်တွေနဲ့ ချိတ်ဆက်ထားနိုင်ဖို့ကို ကြိုးစားခဲ့ပါတယ်တဲ့။ သည်လိုနဲ့ ဖောင်ဒေးရှင်းကို ထူထောင်ပြီးနောက် လူငယ်တွေကို ကူညီ ထောက်ပံ့ ချိတ်ဆက်တဲ့ အလုပ်ကို အဓိကထား လုပ်ဆောင်ဖို့ ရည်ရွယ်ပါသတဲ့။

ဘာကြောင့်လဲ ဆိုတာကို အိုဘားမားက သည်လိုရှင်းပါတယ်။ ဂျွန်လူဝစ်တို့ လူမည်းလှုပ်ရှားမှုခေတ်က တော်လှန်သူတွေဟာ သူတို့ချည်းပဲ ရုန်းကန်ရတယ်။ ထောက်ခံတဲ့ပတ်ဝန်းကျင် ရှားပါးတယ်။ အချိန်ယူပြီး လုပ်ခဲ့ရတယ်။ ခုချိန်မှာ လူငယ်တွေ ခေါင်းဆောင်သစ်တွေ နောက်လိုက်တွေ ပတ်ဝန်းကျင်တွေဟာ ချိတ်ဆက်မိနေဖို့ လိုတယ်။ ချိတ်ဆက်မိနေရင် အချင်းချင်း အတုယူမယ်၊ သင်ခန်းစာယူမယ်၊ အားပေး ကူညီ လက်တွဲပြီး ၀ိုင်းလုပ်ကြမယ်။ သူတို့တွေချည်း သက်သက် အထီးကျန်ပြီး အားတင်းရုန်းကန်နေစရာ မလိုတော့ဘူးလို့ သူက ထောက်ပြပါတယ်။ လူထုကလည်း သူတို့ကို ထောက်ခံ ရပ်တည်ပေးဖို့ ပိုပြီး အခွင့်အလမ်းရလာကြမယ်။ ဗော်လန်တီယာလုပ်တာတွေ ပိုအားပေးလာကြမယ်လို့ ပြောပြပါတယ်။ လူတွေ မဲပေးကြတာမြင်ရင် တခြားသူတွေလည်း မဲလိုက်ပေးလာကြမယ်။ သီးသန့်မနေကြတော့ဘူး။ မတူညီတာတွေ ကွဲပြားတာတွေ ဘယ်လောက်ရှိရှိ လူငယ်တွေဟာ သူများတွေရဲ့ ခေတ်ဟောင်း စနစ်ဟောင်းရဲ့ လွှမ်းမိုးချုပ်ချယ်မှုအောက်က လွတ်မြောက်ပြီး မိမိကံကြမ္မာကိုယ်ဖန်တီးကြမယ်၊  မျိုးဆက်သစ် ခေတ်သစ်ကို သွားနိုင်ကြရမယ် တဲ့။

 ဒီလိုနည်းနဲ့ အတိုက်အခိုက်တွေကြားထဲကနေ လူငယ်တွေဟာ ခေတ်ကို ပြောင်းယူကြရမယ်လို့ သူက ရှင်းပြပါတယ်။ ဒါကြောင့် မျိုးဆက်သစ်လူငယ်တွေအတွက် foundation လုပ်ထားတာ ဖြစ်ပါတယ် တဲ့။

အဲသည်မှာ လက်တာမင်းက အိုဘားမားကို ပြောပါတယ်။ အတိုက်အခိုက်တွေကြားထဲကနေ ခေတ်ကြီးကို ပြောင်းနိုင်ရမယ် လို့ မင်းပြောတယ်။ အဲဒါ မင်းကိုယ်တိုင်ပဲပေါ့။ မင်းကိုယ်တိုင်ဟာ ခေတ်ကို ပြောင်းနိုင်ခဲ့တဲ့ သမ္မတကြီးကိုယ်တိုင် မဟုတ်ပါလားလို့ မေးပါတယ်။

အိုဘားမားက မိမိကိုယ်ကို နှိမ်ချတဲ့ အမူအရာနဲ့ လက်တာမင်းကို ပြန်ဖြေပါတယ်။ ငါတို့တွေ ကံကောင်းကြလို့ပါ တဲ့။ ကံကောင်း အကျိုးပေးလို့ ငါတို့တွေ သည်လို ဖြစ်လာတာပါတဲ့။ မင်းကော အဲသလို မထင်ဘူးလားတဲ့။ ဟုတ်ပါတယ်။ ငါ အလုပ်ကို ကြိုးစားလုပ်တယ်။ ငါ တော်တယ်၊ ဥာဏ်ကောင်းတယ်။ ငါ့မှာ ပါရမီရှိတယ်။ ဒါကြောင့် ငါ ဒီနေရာရောက်လာတယ်၊ သည်လို ဖြစ်လာတယ်။ ဒါမျိုး ဖြေချင်ရင် ရနိုင်တယ်။ တကယ်တန်းမှာ ပတ်ဝန်းကျင်မှာ ငါတို့လိုမျိုးလောက်တော့ အရည်အချင်းရှိတဲ့ ကြိုးစားတဲ့ ပါရမီရှိတဲ့သူတွေ အများကြီး ရှိနေတာပဲ။ အဲသည်ကြားထဲက ငါတို့က ငါတို့လိုမျိုး အောင်မြင်ဖြစ်ထွန်းလာတာ သူတို့ထက် ငါတို့က ကံကောင်း အကြောင်းလှလို့ ဖြစ်လာတာပါလို့ပဲ ပြောချင်တယ်။ မင်းကော (လက်တာမင်း) ကံကောင်းလို့သာ သည်လို ဖြစ်လာကြရတာပါလို့ မထင်ဘူးလားလို့ ပြန်မေးပါတယ်။

သမ္မတဖြစ်ဖို့ ခေါင်းဆောင်ကောင်းဖြစ်ဖို့ အနုပညာရှင်ကောင်းတဦးဖြစ်ဖို့ ကံကောင်းဖို့ လိုတယ်လို့ အိုဘားမားက မိမိကိုယ်ကို နှိမ်ချပြီး ဖြေတာကို လက်တာမင်းပြန်ဖြေတာက အလွန်ကောင်းတဲ့ ပြကွက်ပါပဲ ခင်ဗျာ။ (တချို့ ခေါင်းဆောင်တွေဟာ သူတို့ အောင်မြင်တာ သူတို့ ထွန်းပေါက်တာ သူတို့ တော်လို့ သူတို့ချည်းပဲ သိလွန်းတတ်လွန်းလို့ သူများထက် သာလို့ဆိုပြီး ဖြေလေ့ရှိကြတာပါ။ အိုဘားမားက ကံလေးကလည်း ကောင်းလို့ သည်လို ဖြစ်ရတာပါလို့ သက်တောင့်သက်သာ ဖြေလိုက်တာဟာ အလွန်လှတဲ့ အဖြေလေး ဖြစ်တယ်ဆိုတာ ရိပ်မိကြမယ် ထင်ပါတယ်)။

အဲသည်မှာ လက်တာမင်းက ဖြေပါတယ်။ သမ္မတကြီးခင်ဗျား ... ကျနော်ဟာ ပါရမီတွေ ဘာတွေ ညာတွေ ရှိတဲ့သူ မဟုတ်ပါဘူး။ ကျနော်ဟာ ကံကောင်းသူ သက်သက်မျှသာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၅ မတ်လ ဧင်္ပြလတွေမှာ ဂျွန်လူဝစ်နဲ့ လူမည်းတက်ကြွလှုပ်ရှားသူတွေ တိုက်ပွဲဝင်နေချိန်မှာ ကျနော်ဟာ သာမန် ကံကောင်းသူတဦး သက်သက်မျှသာ ဖြစ်ပါတယ်။ ကျနော်ဟာ အပမ်းဖြေခရီးထွက်နေတယ်၊ အသက်မပြည့်ခင် အရက်သောက်ရဖို့အတွက် ဘဟားမားကို ရောက်အောင် သွားနေကြတယ်။ ကျနော်ဟာ ဂျွန်လူဝစ်တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ဆီမှာ ရောက်မနေခဲ့ဘူး။ ကျနော်ဟာ အိုဘားမားတို့ လှုပ်ရှားနေချိန်မှာလည်း ခင်ဗျားတို့ နီးနီးနားနားမှာ ရှိနေခဲ့သူ မဟုတ်ဘူး။ ကျနော့်လိုလူမျိုးအတွက်ကတော့ အခုလို သည်နေရာကို ရောက်နေတာ အောင်မြင်ခဲ့တယ်ဆိုတာ ကံကောင်းလို့ သက်သက်မျှသာ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ် သမ္မတကြီး ခင်ဗျား တဲ့။ (လက်တာမင်း ပြန်ဖြေတာက အိုဘားမားတို့ သည်လိုသမိုင်းမော်ကွန်းတင်ကျန်တယ်ဆိုတာ ကံကောင်းခြင်း သက်သက်နဲ့ မဟုတ်ပါဘူးလို့ ပြောလိုက်တာဖြစ်ပါတယ်။ လှတယ်နော်)။

သည်နေရာမှာ ကျနော် နိဂုံးစကား ပြောရမယ်ဆိုရင် ကျနော့်ဘ၀မှာ ကျနော် ပထမဦးဆုံး လေးစားကြည်ညိုရတဲ့ သမ္မတကြီးဆိုတာ ခင်ဗျားကိုယ်တိုင် သင် အိုဘားမားပဲ ဖြစ်တယ်ဆိုတာ ပြောလိုက်ပါရစေလို့ လက်တာမင်းက မျက်ရည်တွေဝဲပြီး ပြောလိုက်ပါတော့တယ်။ အိုဘားမားကိုယ်တိုင်လည်း ဟတ်ထိသွားပုံရပြီး လက်ဆွဲ ထနှုတ်ဆက်ပြီး thank you brother ....  ကျေးဇူးတင်ပါတယ် အကိုကြီးလို့ တုန့်ပြန် နှုတ်ဆက်လိုက်ပါတယ်။ အစီအစဉ်လည်း နိဂုံးချုပ်တယ်။ နားထောင်နေတဲ့ ပရိသတ်ကလည်း တခဲနက် လက်ခုတ်သြဘာပေးပြီး အိုဘားမားနဲ့ လက်တာမင်းကို ဂုဏ်ပြုနှုတ်ဆက်ကြပါတော့တယ်။

မောင်ရစ်၏ နှစ်ပြားတန် ဖြည့်စွက်ချက် - အိုဘားမားသမ္မတအလွန် သည်အင်တာဗျူး အပြည့်အစုံကို မိမိ မှတ်မိသလောက် ကြိုက်နှစ်သလောက် ကောက်နှုတ်ဖော်ပြ ရေးသားလိုက်တာဖြစ်ပါတယ်။ အာဘော်များမှာ သူတို့ ပြောဆိုချက်တွေထဲကနေ မိမိ၏ ဥာဏ် နှစ်ပြားဖိုး မှီသလောက် ကြိုးစားရေးသားလိုက်ပါတယ်။ အမေရိကန်ပြည်ရဲ့ ၂၁ ရာစု မှာ အထင်ရှားဆုံး သမိုင်းမော်ကွန်းတင်ထားတဲ့ အသက် ၅၅ နှစ်ကျော် သမ္မတ၊ ခေါင်းဆောင် တဦး အိုဘားမားအကြောင်းကို မြန်မာပြည်က ဖေ့စ်ဘွတ်နိုင်ငံသားများအတွက် ဖတ်ရ မှတ်ရအောင် တင်ဆက်လိုက်ပါတယ်။ ခလုတ်တိုက်ပြီး လိုက်ခ်နိုင်ကြပါစေသတည်း။

Comments