အောင်သွင် ● တက်တူးတွေနဲ့ မြို့ (ဝတ္ထုတို)

အောင်သွင် ● တက်တူးတွေနဲ့ မြို့ (ဝတ္ထုတို)
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၈
အခန်း (၁)
ဧရာဝတီသည် တိုးတိတ်ငြင်သာ စီးဆင်းနေသည်။ လှိုင်းမရှိ၊ ပကတိသင်ဖြူး။ မြစ်ကမ်းနဖူးတွင်ထိုင်ကာ အနောက်ဘက် ကမ်းမှ မြို့ကလေးကို လွမ်းဆွတ်ငေးမောနေမိသည်။ ရေပြင်သည် ကျယ်ပြောလှသည်။ မိုးကုပ်စက်ဝိုင်းသည် မြစ်ညာတွင် ရေပြင်နှင့်ထိသည်။ မြစ်ကြောင်းသည် ကွေ့ကောက်စီးဆင်းလာပြီး သည်မြို့အနီးတွင် နှစ်မွှာကွဲသွားသည်။ မြစ်လယ်တွင် ကျွန်းငယ်ကလေးဖြစ်ပေါ်နေသည်။ ထို့နောက် ပြန်လည်ပေါင်းဆုံကာ မြစ်ကူးတံတားကြီးအောက်မှ စီးဆင်းသွားသည်။

စူးရှရှ အလင်းတန်းသည် ရေပြင်မှ အလင်းပြန်ကာ ကျွန်တော့မျက်နှာကို လာရိုက်ခတ်သည်။ အနောက်ဘက်ကမ်းသည် မြူတွေဆိုင်းကာ မှိုင်းပျပျ။ မြို့ကလေးကို ဝှက်ကွယ်ထားသော သစ်ပင်အုပ်အုပ်သည် နိမ့်ချည်မြင့်ချည်နှင့် မြစ်ကမ်း ဘေး တလျောက်မှ တောင်တန်းငယ်လေးသဖွယ်။ တယ်လီဖုန်းတိုင်နှစ်ခုက ထိုးထိုးထောင်ထောင်။ သစ်ပင်အုပ်ကြားမှစေတီ ပုထိုးများကို ဖူးမြင်ရသည်။ စာဆိုအကျော်ဆရာတော်၏မြို့။ တက်တူးတွေ အလွန်ကြိုက်တဲ့မြို့။ ချစ်လှစွာသော သူငယ်ချင်း ကိုထင်ကျော်သည် သည်မြို့တွင် နေထိုင်လေသည်။

တိတ်ဆိတ်သော ညနေခင်းနှင့် သက်ငြိမ်ရှုခင်းများသည် စိတ်ကိုညွှတ်နူးစေသည်။ အတိတ်က သတိရစရာ မြင်ကွင်းများသည် စက်ဝိုင်းလည်သလို ပေါ်လိုက် ပျောက်လိုက်နှင့်လူးလာခတ်မြင်ယောင်လာသည်။

ရှစ်လေးလုံးအရေးတော်ပုံကျောင်း (၃) နှစ်ပိတ်ပြီး ပြန်ဖွင့်သောကာလတွင် ကိုထင်နှင့် ကျွန်တော် မန္တလေးတက္ကသိုလ်တွင် ဆုံဆည်းခဲ့လေသည်။ ရေနီမြောင်း၊ ရေတမာပင်ရိပ်နှင့်တမာရွက်ခြောက်ကလေးများကို နင်းလျှောက်ဖြတ်သန်းခဲ့သော တက္ကသိုလ်ရက်များ။

တမျှော်တခေါ် လယ်ကွင်းများ အဆုံးမှာ ရှမ်းရိုးမ။
ထီးဆန်နန်းဆန် အသုံးအနှုန်းများ။
သံဃာတော်တို့၏ အငွေ့အသက်များ။
ပဒေသရာဇ်နိဂုံးနှင့် ကျွန်နိဒါန်း ဂေါဝိန်။
ပြန်မလာနိုင်တော့တဲ့သူအတွက် ကမ်ပေ့များ။

ကျွန်တော်နေသော အဆောင်တွင် "ကိုယ့်နည်းကိုယ့်ဟန် ဘုံဝါဒ" ကြေငြာကာ ကျင့်သုံးခဲ့သည်။ အဆောင်တွင် ရှိရှိသမျှ အရာအားလုံးကို ဘုံပိုင်ဆိုင်သည်။ ကျောက်ပျဉ်၊ သွားတိုက်ဆေးမှအစ ထမင်းဟင်း အလယ်အိတ်ထဲမှ ပိုက်ဆံအဆုံး အားလုံး ဘုံပိုင်ဆိုင်သည်။ မည်သူမဆို ယူငင်သုံးစွဲပိုင်ခွင့်ရှိသည်။ ဘုံဝါဒတွင် စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်းသည် အခြေခံဖြစ် သည်။ ချမ်းသာသူကလည်း မိမိပိုင်ဆိုင်သမျှအရာအားလုံးကို စွန့်လွှတ်ပြီး ဆင်းရဲသူကလည်း အားငယ် စိုးရွံ့ခြင်း အလျဉ်း မရှိစေရ။ အားလုံးတစ်ပြေးညီဖြစ်သည်။ အပေါ်ယံဟန်ဆောင်မှုအားလုံးကို ခွာချပစ်သည်။ ပွင့်လင်းမှုနှင့် ရိုင်းပင်းမှုသာ အဓိကဖြစ်သည်။ ယဉ်ကျေးမှုသည် အပေါ်ယံဖြစ်သည်။ အနည်းငယ်တော့ အရိုင်းဆန်သည်။ ကျောင်းသားတို့၏ အခက်အခဲ အလုံးစုံကို ဖြေရှင်းနိုင်သည်။ အဓိကအခက်အခဲမှာ "ပိုက်ဆံပြတ်ခြင်း" ဖြစ်သည်။ ပူပန်ကြောင့်ကြမှုကင်းစွာ ဖြေရှင်းနိုင်ခဲ့ကြ သည်။

အခန်း (၂)
ကိုယ့်ရန်သူရဲ့ရန်သူဟာ ကိုယ့်မိတ်ဆွေဟူသော အဆိုအမိန့်ကဲ့သို့ ရည်ရွယ်ချက်ကြီးကြီးမားမားမရှိ။ အားလုံးသော ကျောင်း သားများသည် မိတ်ဆွေဖြစ်သည်။ နွေးထွေးသည်။ သွေးချင်းနီးသည်။ နှလုံးသားချင်း ထပ်တူလှသည်။ ပျော်ရွှင်မှု၏ အထွတ်အထိပ်သည် အားလုံးနှင့်ဆိုင်သောကိစ္စဖြစ်သည်။ အလွန်သွေးစည်းညီညွတ်ခဲ့ကြသောကာလလည်း ဖြစ်သည်။

အစပထမတော့ ကျွန်တော်၊ ကိုအောင်ကျော်စိုးနှင့် အခြားနှစ်ဦးသာ ဘုံဝါဒကျင့်သုံးကြသော်လည်း နောက်တော့ တဆောင် လုံးဖြစ်သွားခဲ့သည်။ အခြားအဆောင်များမှ ကျောင်းသားများပါ ပါဝင်လာသည်။ မြို့ခံကျောင်းသားများလည်း ဝင်ရောက် အနစ်နာခံရင်း ပျော်ရွှင်မှုတွေ ကူးစက်ဝေငှသည်။ ပစ္စည်းပျောက်တယ်ဆိုတာမရှိ။ အိမ်မှပို့လိုက်သော ငါးခြောက်ကြော်သည် ရောက်လျှင်ရောက်ချင်း ပြိုက်ကနဲကုန်သည်။ အပေါ်ထပ်မှ ကျောင်းသားနှစ်ဦးကတော့ သိပ်ပြီးအဆင်ပြပုံမရ။ ခင်ဗျားဘုံဝါ ဒ မဟန်ဘူးဟု ညည်းတွားကြသည်။

ကိုထင်သည် အခြားအဆောင်မှ ဘုံဝါဒထဲရောက်လာသူ ဖြစ်သည်။ စကားအလွန်နည်းသည်။ ခင်မင်ရင်းနှီးသူမှသာ ဟက် ဟက်ပက်ပက်ပြောတတ်သည်။ ကြောလယ်ထိရှည်လျားသောဆံပင်ကို တခါတရံ တင်းတင်းရင်းရင်း စီးနှောင်ထားသည်။ ရေဘင် မျက်မှန်အမည်းသည်  သူ့မျက်နှာနှင့် တိုင်းလုပ်ထားသလို အလွန်လိုက်ဖက်သည်။

ကိုထင်နှင့် ကျွန်တော့် မေဂျာတူ၊ အတန်းတူ၊ ပေတေတော့လည်းအတူတူ ငတ်လည်းအတူတူ ရဲဘော်ရဲဖက်တွေ ဖြစ်သည်။

အညာတက္ကသိုလ်သည် အလွှာစုံသည်။ တိုင်းရင်းသားစုံသည်။ ရပ်တည်ချက်မျိုးစုံ၊ ခံယူချက်မျိုးစုံ၊ အယူအဆမျိုးစုံ ရှိသည်။ အထက်မြန်မာပြည်ကို ကိုယ်စားပြုသည်။ ကျောင်းသားများသည် အတိတ်ကိုရော၊ အနာဂတ်ကိုပါ တိတိကျကျ ရှုမြင်သုံးသပ် တတ်သည်။ ပညာရေးစနစ်မှာ ရေမျောကမ်းတင်ဖြစ်သည်။ မရေရာသော အနာဂတ်နှင့် အနှစ်မဲ့သောပညာရေးကို မနှစ် ခြိုက်၊ မကျေနပ်။ သို့သော်မတတ်နိုင်။ အလိုမတူသောစနစ်နောက် ဒလိမ့်ခေါက်ကွေးမျောပါရင်း   ဟစ်ပီတွေ၊ ဂျစ်ပစီတွေ ဖြစ်နေခဲ့ကြလေသည်။

အခန်းထဲတွင် ဂစ်တာသံပျံလွင့်နေသည်။ တခြားအခန်းများမှ Beat လိုက်သံများလည်း ကြားရသည်။ ကိုထင်သည် ကျွန်တော့်ခုတင်ပေါ်တွင်ထိုင်ရင်း ပလက်ကင်းတီးခတ်နေသည်။ ဘယ်နှင့်ညာလက်ချောင်းလေးများသည် ဂစ်တာကြိုးများ ပေါ်တို့ခတ်လှုပ်ရှားနေပုံမှာ ပန်းချီဆန်လွန်းလှသည်။ ထိုစဉ်က ကျောင်းသားများကြားတွင် ပျံနှံနေသော ကျွန်တ်ာမကြားဖူး သေးသော နိုင်မြန်မာ၏ "ကမ္ဘာမကြေ" ကို ဆိုတီးပြနေခြင်းဖြစ်သည်။ ခံစားချက်အပြည့်ဖြင့် လှိုက်လှဲစွာ တီးခတ်သီဆို နေခြင်းဖြစ်သည်။ သခင်အောင်ဆန်း၊ ကိုယ်တော်မှိုင်း စသောစာသားများတွင်  Vocal Power မြင့်တတ်ကာ တစုံတရာကို ကြိမ်းဝါးနေဘိသကဲ့သို့။ အလွန်ထူးခြားသော အာရုံတခုကို နှစ်သက်ကျေနပ်စွာခံစားနေသော ဟဒယကို သူ၏မျက်နှာတွင် တွေ့မြင်ရသည်။ ကမ္ဘာမြေပေါ်တွင် သူတဦးတည်းသာရှိနေသလိုမျိုး သံစဉ်ကြောတွင် နစ်မျောနေလေသည်။ ထို့နောက် ချွေးသီးချွေးပေါက်များ ဂစ်တာပေါ်ကျသည်။ အညာတက္ကသိုလ်သည် ပူအိုက်သည်လေ။

တုန်လှုပ်ချောက်ချားဖွယ် ညနေခင်းတစ်ခုမှာတော့ ရေနီမြောင်းဘေး လ္ဘက်ရည်ဆိုင်တွင် သူနှင့်ကျွန်တော်ထိုင်နေ ခဲ့ကြ သည်။  အငဲ၏ ဟိုးတုန်းက မန္တလေးညတွေသည် ရင်ကိုတင်းကြပ်စေသည်။ ဆွံ့အသွားစေသည်။ ပင့်သက်ရှိုက်စေသည်။ မန္တလေးသည် ဖျိုးကနဲ ဖျတ်ကနဲ ပြောင်းလဲတတ်သည်။ ကျောင်းပရိဝုဏ် တောင်ဘက်နှင့် အရှေ့ဘက်ရှိ တမျှော်တခေါ် လယ်ကွင်းများ ပျောက်ဆုံးသွားခဲ့လေပြီ။

အခန်း (၃)
ကားတစီးသည် ကျောင်းပရိဝုဏ်ကိုဖြတ်ပြီး ၇၃ လမ်းအတိုင်း ရမ်းရမ်းကားကား မောင်းနင်လာခဲ့သည်။ ဥဒဟို သွားလာ နေကြသော ကျောင်းသူ/ကျောင်းသားလေးဦးခန့်ကို တိုက်မိသွားသည်။ ကျောင်းသူတဦးမှ စက်ဖုံးပေါ်ပါသွားပြီး လွင့်စင်ကျ လာသည်။ ကျောင်းသားများဝိုင်းအုံ လာခဲ့ကြသည်။ စက်နှိုး၍မရသဖြင့် ကားသမားနှင့် အပေါင်းအပါများ ထွက်ပြေးသွားကြ သည်။ အဆောင်များရှိသောရပ်ကွက်ဖြစ်သဖြင့် ချက်ချင်းကျောင်းသားထုကြီး ဖြစ်လာခဲ့သည်။ ကျောင်းအာဏာပိုင်နှင့် တာဝန်ရှိသူများရောက်လာပြီး ကျောင်းသားများကိုနှစ်သိမ့်ပြီး လူစုခွဲရန်ကြိုးစားသော်လည်း စကားအသုံးအနှုန်းမှားယွင်း သွားခဲ့သည်။ "လျော်ကြေး" ဆိုသောစကားသည် ကျောင်းသားများ၏စိတ်ကို ဆွပေးသလိုဖြစ်ကာ အခြေအနေမှာ ပိုမို ဆိုးရွားစေခဲ့လေသည်။ ကျောင်းအာဏာပိုင်များလည်း လှည့်ပြန်သွားကြသည်။

ကိုထင်သည် ပုဆိုးကိုခြုံလိုက်သည်။ မျက်လုံးနေရာကို ဟလျှက် အစနှစ်ဘက်ကို နောက်စေ့တွင် ချည်နှောင်လိုက်သည်။ ထို့နောက် စက်ဖုံးပေါ်တက်ကာ ကျောင်းသားထုကြီးအား စကားပြောလေတော့သည်။ ကျောင်းသားများအတွက် အစစ် အမှန် လိုအပ်ချက်များ။
တောင်းဆိုသင့်သောအချက်များ။
အသုံးချခံမဖြစ်ဘို့
မာယာပရိယာယ်များ၊ ကောက်ကျစ်စဉ်းလဲမှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ။

ကိုထင်သည် လျှင်သည်။ ပြဿနာဖန်တီးမှုကို နားလည်သည်။ ရှည်လျားသော သူဆံပင်သည် ကျောင်းသားများကြားတွင် ထင်ရှား နေမည်ကိုသိသည်။ ကင်မရာများ၏ အန္တရာယ်ကိုလည်း ရှောင်ရှားတတ်သည်။

ဟေး ... ဟေး  ဟူသော ညာသံများ

ကားကို ရှေ့တွန်းလိုက်၊ နောက်တွန်းလိုက်နှင့် အလောင်းကစားသလိုဖြစ်နေသည်။ ရှေ့မီးကြီးများကို ရိုက်ခွဲကြသော်လည်း တော်တော်နှင့်မကွဲ။ ကိုထင်၏လက်ကိုဆွဲခေါ်ကာ အဆောင်ထဲထည့် သော့ခတ်ထားလိုက်သည်။

အဲဒီနောက်မှာတော့ မီးခိုးလုံးများ .....
စူးစူးဝါးဝါးညှော်နံ့များ
ကောင်းကင်ကြီးလည်း မည်းမှောင်သွားခဲ့လေသည်။

မနက်လင်းတော့ အပေါ်ထပ်မှ သမိုင်းကျောင်းသားတဦးပြန်မရောက်၊ ဆေးရုံသို့လိုက်ကြရသည်။ လူနာခုတင်နှင့်တွဲ၍ လက်ထိပ်ခတ်ထားသည်။ မေးရိုးကျိုးသွားသည်။ စက်ဘီးပျောက်သည်။ ဖိနပ်ပျောက်သည်။ အမှန်တော့ သူသည် ရပ်ကြည့် နေသူသာဖြစ်သည်။

ထိုကာလက ရပ်ကွက်လူကြီးသည် မည်သည့်ပြဿနာမဆို ကျောင်းသားများဘက်မှ ရပ်တည်ဖြေရှင်းပေးလေ့ရှိသည်။ မုန့် ဟင်းခါးသည်မှအစ အပေါင်ခံသူအလယ် ဖဲဝိုင်းအဆုံး တစ်ရပ်ကွက်လုံးကျောင်းသားများနှင့် စီးပွားဖြစ်ကြသူများသာဖြစ် သည်။ ရပ်ကွက်လူကြီးသည် ကျောင်းသားများအား Informer လုပ်ပေးသလိုလို ပြောဆိုနေထိုင်တတ်သည်။

တနေ့ ကိုထင်နှင့် ကျွန်တော်စာမေးပွဲခန်းမှ အထွက်တွင် ပထဝီ စာသင်ဆောင်များ မီးလောင်နေလေသည်။ "သွားကြည့်ရ အောင်" ဟု မည်သူကစပြောလိုက်သည်မသိ။ စက်ဘီးကိုဆွဲကာ ထွက်ခဲ့ကြသည်။ ပြာမှုန်နှင့် မီးခိုးများ  ....

အခန်း (၄)
ဝေ့ဝဲမှုန်မှိုင်းနေသောလမ်းအတိုင်း စီးခဲ့ကြသည်။ ဝါးကပ်အဆောင်ရှည်ကြီး ရှစ်ဆောင်ခန့် မီးလောင်နေသည်။ အားလုံး တပြိုင်နက်တည်း လောင်နေခြင်းမှာ တွေးတောစရာ။ ပထမဆုံးရောက်လာသော မီးသတ်ကားမှာ လမ်းအကွေ့ဒေါင့်ချိုးတွင် နောက်ပိုင်းချော်ကျကာ ဗွက်ထဲမှ ရုန်းထွက်နေသည်။

"ဓါတ်ပုံထဲပါနေဦးမယ်" ကိုထင့်ကို သတိပေးရသည်။

ထိုညက တက္ကသိုလ်အဝင်ဝင်းတံခါးကြီး ပိတ်ထားသည်။ အစောင့်ထူထပ်စွာချထားသည်။ လူသွားလူလာမရှိ။ အဆောင်တွေ လည်း တံခါးပိတ်။ ဗောဓိကုန်း မဟာနွယ်စဉ်တခုလုံး တိတ်ဆိတ်။

သည်လိုနှင့် စာမေးပွဲများအားလုံးပြီးလေပြီ။
ကျောင်းလဲပိတ်ပြီ။ ကျောင်းသားများလည်းပြန်ကြပြီ။
ဘုံဝါဒ အဆောင်ကို စွန့်ခွာကြ။

မည်သူမျှ မလှုပ်။ ယောင်ပေပေလုပ်နေကြသည်။ ပြန်စရာ လမ်းစရိတ်မရှိသောကြောင့် ဖြစ်သည်။ ရှစ်ဦးခန့်ရှိသည်။ စရိတ် သာမရှိတာ အရက်ပုလင်းကမပြတ်။ မည်သို့မည်ပုံရောက်ရောက်လာသည်ကို ကျွန်တော်လည်းမသိ။ အဆောင်ပိုင်ရှင်က နှင်နေပြီ။ ဒါကိုသိသွားသော အခြားအဆောင်မှကျောင်းသားများက သူတို့စာအုပ်တွေ လာလာပေးသွားကြသည်။ ရောင်းချ ပြီး လမ်းစရိတ်လုပ်ရန်ဖြစ်သည်။ စာအုပ်တွေအတော်များသည်။ ဘုံဝါဒ၏ ချစ်စရာစရိုက်။ သို့နှင့်စာအုပ်ပုံကြီး Disco ဆိုင် ရောက်သည်။ မဝေလောက်သဖြင့် အရက်ဖိုးဖြစ်သွားပြန်သည်။ အဆောင်ပိုင်ရှင်က ဝမ်နင်ပေးလေတော့သည်။ ကိုထင် သည် သူ၏ စပရင်ကွင်းလက်စွပ်ကို ရောင်းရန်ဆုံးဖြတ်လေတော့သည်။ အောင်တော်မူ၊ နန်းရှေ့အထိ သွားရသည်။ ရောင်း ချပြီးသောအခါ ကျွန်တော်က ခန့်ခွဲရသည်။

"မင်း ဘယ်ပြန်မှာလဲ"
"မြစ်ကြီးနား"
"နှစ်ထောင်ဆိုရတယ်"
ရော့ ပြန်တော့"
"မင်းကော"
"ရွှေဘို ၊ တထောင်"
"အွန့် ..."
"သွားတော့ ပြန်လှည့်ကြည့်မနေနဲ့"

ဤသို့ဖြင့် စဥ့်ကိုင်၊ ကျောက်ဆည်၊ လားရှိုး၊ မြင်းခြံ၊ ကျွန်တော့်အတွက် ခုနှစ်ရာချန်ပြီး ကျန်တာတွေ ကိုထင့်လက်ထဲ ထည့် လိုက်သည်။

"ကဲ ကိုထင်လဲပြန်"
"ကျွန်တော် လဲဒိုးပြီ"

ဤသို့ဖြင့် ကျွန်တော်၏ ဘုံဝါဒ လည်း နိဂုံးကမ္ပတ် အဆုံးသတ်၏။
ကျွန်တော်တို့သည် မိန်းရှေ့တွင် ဓါတ်ပုံရိုက်ဖို့ စိတ်မဝင်စားကြ။
Convocation တတ်ကြသူများမဟုတ်။

အခန်း (၅)
ဘွဲ့ဝတ်စုံကို မသတီကြသူများဖြစ်သည်။
မည်သူနှင့်မျှ ပြန်မတွေ့ကြတော့ ။
ထိုခေတ်ဆက်သွယ်ရေးအဆင့်အတန်းအရ မည်သည့်အဆက်အသွယ်မျှမရှိ။
မလွမ်းတတ်ကြသူကြသူများတော့မဟုတ်။

နှစ်ပေါင်းနှစ်ဆယ်ခန့်ကြသောအခါကိုထင်နှင့် ပြန်တွေ့ရန် အကြောင်းဖန်လာသည်။ ကိုထင်တို့မြို့၏ တဘက်ကမ်း တိုင်း မြို့တွင် သင်တန်းတက်ရမည်ဖြစ်သည်။ ကိုထင့်ကို မေးမြန်းရှာဖွေကာ တွေ့ဆုံမည်။

ဆေးရုံလမ်းအတိုင်းကွေ့ကာ ဝင်လာရင်းလမ်းတွင် ရပ်ကာ မေးမြန်းကြည့်သည်။

"ဟိုကွမ်းယာဆိုင်ကို မေးဗျ၊ အဲဒီကောင်က BBC"

ဤသို့ဖြင့် ကိုထင်နှင့် တွေ့ရလေသည်။ ဟိုယခင်ကနှင့် မတူတော့ပြီ။

သူနှင့်ပနံရခဲ့သော ဆံပင်ရှည်ကြီးနေရာတွင် ပါးလျသောဆံမျှင်လေးများသာ ငယ်ထိပ်ပေါ်တွင် တွေ့ရလေသည်။ စက်ချုပ် ဆိုင်ဖွင့်ထားသောဇနီး နာမည်ကျော် ဒီဇိုင်နာသမီးတို့နှင့် အပူအပင်ကင်းစွာ တွေ့ရလေသည်။

"ငါ့လိပ်စာ ... မင်းအသိပါ။ ရှေ့လမ်းထိပ်က ဝီစကီဘား ...  ဆိုတဲ့သီချင်းကို ကိုသွင်မှတ်မိလား ။ ဒီဆိုင်က ကိုယ့်လိပ်စာပဲ" ဟု ရယ်ပွဲဖွဲ့သည်။

ကိုထင်သည် ကျွန်တော်နှင့် ပြန်တွေ့ရလို့ ဝမ်းသာနေလေသည်။ ပျော်ရွှင်အူမြူးနေပုံလည်းရသည်။ တောက်ပနေသော သူ့မျက်လုံးများသည် အတိတ်ကို ပြန်ပြောင်းပြောနေစဉ် တွေငေးသွားတတ်သည်။

အပြုံးတို့သည် ခန္ဓာကိုယ်ကဲ့သို့ပြောင်းလဲသွားခြင်းမရှိ။
သူ့မိတ်ဆွေများနှင့် ဂစ်တာများရအောင်စီစဉ်သည်။
ကျောင်းသားဘဝကို လွမ်းမောလိုက်၊ သီချင်းတွေဆိုလိုက်နှင့် ငယ်ဘဝကို ပြန်ရောက်သွားကြသည်။
"ကမ္ဘာမကြေ" ကို ပြန်ဆိုတီးပြသည်။
ခေတ်က ဆိုလို့ကောင်းနေဆဲ ။
မြစ်ထဲရေဆင်းချိုးကြသည်။ ကျွန်တော့်အတွက်တော့ ဧရာဝတီမြစ်ထဲတွင် ပထမဆုံးရေချိုးဖူးခြင်းဖြစ်သည်။

ကိုထင်သည် ကျွန်တော့အလိုဆန္ဒတွေကိုသိသည်။ သူ့မြို့၏ အထင်ကရ နေရာအားလုံးကိုလိုက်ပို့ကာ ရှင်းပြသည်။

အုတ်ခဲများကို ထောင်၍စီကာခင်းထားသော သမိုင်းတန်ဘိုးရှိသည့်လမ်းကလေး။ ဤလမ်းမျိုးကို အင်းဝမြို့ဟောင်းတွင် လည်း တွေ့ဖူးသည်။
- ဝေသန္တရာဇာတ်တော်ကြီး စီရင်ရေးသားတော်မူခဲ့သည့်နေရာနှင့် ဆရာတော်ကြီးသီတင်းသုံးခဲ့သည့်ကျောင်းသင်ခန်း၊

- စိုးဉာဏ (ငဖဲ) ကိုလည်း ဖူးတွေ့ရသည်။ ဆရာတော်ကို ဟာသစာပေများနှင့် တွဲ၍သိသော်လည်း သမိုင်းကို ချောက်ခြားနိုင် သူဖြစ်ကြောင်း အံ့ဩဖွယ်ဖူးတွေ့ရသည်။ ဆရာတော်ရေးသားစီရင်သည့် ဓူတင် (၁၃) မျိုးစာအုပ်ကလေးစွန့်ကြဲသဖြင့် လက်မှတ်ရေးထိုးပေးပါရန် လျှောက်ထားရသည်။ ကျောင်းသင်္ခန်းထဲတွင် ဂီလာနများကိုလည်းတွေ့ရသည်။

- မော်ဖူး (မင်းဘူး) ရဲ့ စာအုပ်ဆိုင်ကလေးကိုလည်း ရောက်သည်။ မာကြောခက်ထန်မှုကို သတိပြုမိသည်။ မော်စီတုန်းနှင့် ဂျူးလီယက်ဖူးချစ်တို့ပေါင်းစပ်ခြင်းဖြင့် မော်ဖူးဖြစ်လာသည်ဆို၏။ ထို့နောက် မင်းဝေအောင်၏ အလင်းအမှောင် အသားပေး ပန်းချီကားများ။

ကျွန်တော့် နာမည်အရင်းကို ဆွတ်ကာ "အောင်ကြီး" ဟု အားရပါးရ ခေါ်တတ်သော "အင်္ဂုလိမာလချစ်သား"  ပိုင်ရှင် ကိုချို သူကိုယ်တိုင် ဆိုတီးပြသည်။

ကိုထင်၏  သမီးလေးတွင် နှစ်လိုဖွယ်စိတ်နေစိတ်ထား ရှိသည်။ ကိုထင့်ကို အဖေကြီး (၁)၊ ကျွန်တော့်ကို အဖေကြီး (၂) ဟု ခေါ်သည်။

တကြိမ်တွင်တော့ တက်တူးတွေအကြာင်း ကျွန်တော့်ကိုရှင်းပြနေခဲ့သည်။ စတိုင်တွေ၊ ကာလာတွေ၊ ဈေးနှုန်းတွေ၊ ခန္ဒာ ကိုယ်ပေါ်မှ Art ဟု ဆိုသည်။ ထိုးဦးမလားဟု မေးသေးသည်။ ကျွန်တော့်ရင်ထဲတွင် ကိုထင့်ပုံရိပ်ထိုးထားပြီးဖြစ်ကြောင်း မပြောဖြစ်ခဲ့။

ထိုစဉ်က ကိုထင်သည် တဘက်ကမ်းရှိ ကျွန်တော့်အဆောင်သို့အလည်လိုက်လာသည်။ သင်္ကြန်ကာလဖြစ်သည်။ ဘုံဝါဒ ကို လွမ်းမောနေဟန်ရှိသည်။ ကျွန်တော်နှင့်လည်း ပြောလက်စစကားမကုန်နိုင်အောင်ဖြစ်နေခဲ့သည်။ အမှတ်မထင် အ ဆောင်ပိုင်ရှင်၏သမီးသည် ကိုထင့်လက်ကိုဆွဲကာ စကားပြောနေသည်ကို မြင်လိုက်ရသည်။ အသိအကျွမ်းများဖြစ်နေသဖြင့် အံ့ဩမိသည်။ သူမတွင်ဘီယာဆိုင်ရှိသည်။ ကိုထင်အခန်းထဲ ပြန်ဝင်လာသောအခါ

"ကိုယ့်ကိုပြန်ခိုင်းနေတာ" ဟုပြောရင်း လက်ဝါးဖြန့်လိုက်သောအခါ ငါးထောင်တန်တရွက်။ သို့သော် ကိုထင်မပြန်။ ထိုညတွင် ကျွန်တော် ခုတင်ပေါ်တွင်အိပ်သည်။ ကိုထင် ဆီး ထိမ်းနိုင်တော့။ ကျွန်တော် စိတ်မကောင်းဖြစ်သွားသည်။ အဲဒီနောက်တော့
ကိုထင်နဲ့ ကျွန်တော်ဝေးကွာသွားပြန်သည်။ တယ်လီဖုန်းတွေ ယခုလိုမပေါများသေး။ အဆက်အသွယ်ပြတ်ရပြန်သည်။ မာ ကြောင်းသာကြောင်း ဘာတခုမျှမသိရ။

ယခု ငါးနှစ်ကြာသောအခါ သင်တန်းတက်၍ ရောက်ရပြန်သည်။ ကိုထင်နဲ့တွေ့ရဦးမည်။ သို့သော် တဘက်ကမ်းသို့ မသွား နိုင်သေး။ သင်တန်းချိန်၊ စာမေးပွဲများနှင့် အချိန်ဆင်းရဲလွန်းလှသည်။ မြစ်ကမ်းနဖူးမှ မင်းဘူးဘက်ကမ်းကို မချင့်မရဲ မျှော် ငေးနေမိသည်။

မိတ်ဆွေများ ...
ကမ္ဘာမကြေနဲ့ ...
Unplug ညများ ....

ဧရာဝတီကတော့ တိုးတိတ်ငြင်သာစီးဆင်းနေဆဲ။ မြစ်တခုမှာ ရေနှစ်ခါချိုးချင်တဲ့စိတ်နဲ့ ကိုထင် ကျန်းမာပါစေ။
  
အောင်သွင်
(၁၇-၁၂-၂ဝ၁၇)
0