အောင်သန်းမြင့် ● ပညာရေး

အောင်သန်းမြင့် ● ပညာရေး
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၈

PISA (Programme for International Student Assessment) လို့ခေါ်တဲ့ ၁၅ နှစ်အရွယ် နိုင်ငံတကာ ကျောင်းသားတွေကို စစ်ဆေးအကဲဖြတ်တဲ့ ၂၀၁၅-ခုနှစ် စစ်တမ်းအရ စင်္ကာပူက ထိပ်ဆုံးမှာရှိပါတယ်။ သူ့နောက်မှာ ဂျပန်၊ ဟောင်ကောင်၊ ကိုးရီ ယား၊ ထိုင်ဝမ်၊ တရုတ်၊ စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ရှိနေပါတယ်။ မကြာသေးခင်ကမှ ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ ဗီယက်နမ် တောင် ထိပ်ဆုံးမဟုတ်ပေမယ့် အမေရိကန်နဲ့ ဥရောပနိုင်ငံအတော်များများရဲ့ရှေ့က ပြေးနေပါတယ်။ “အရှေ့ တောင် အာရှနိုင်ငံတွေ” လို့ ဆိုခဲ့ပေမယ့် အရှေ့တောင်အာရှနိုင်ငံ အားလုံးတော့မဟုတ်ပါဘူး။ ကွန်ဖြူးရှပ်ယဉ်ကျေးမှု ထွန်း ကားတဲ့နိုင်ငံတွေလို့ပဲ ဆိုရပါလိမ့်မယ်။

ကွန်ဖြူးရှပ်ယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံတွေမှာ ပညာရေးကို အားပေးပြီး၊ ထိုက်တန်သူများကို မြေတောင်မြှောက်ပေးရမယ် (Elevating the Worthy shang xian) ဆိုတဲ့ meritocracy သဘောတရား ထွန်းကားပါတယ်။ တရုတ်ပြည်မှာ ဝန်ထမ်း ရွေးချယ်ခန့်ထားရာမှာ စာမေးပွဲ အဆင့်ဆင့် စစ်ဆေးဖြေဆိုစေပြီးမှ အရည်အချင်းရှိသူကို ခန့်ထားတဲ့ စနစ် (Keju System) ကို တန်မင်းဆက် ခေတ်လောက် ကတည်းက စပြီး စနစ်တကျ ပြဋ္ဌာန်း ကျင့်သုံးခဲ့ပါတယ်။ ဒီတော့ ဒီနိုင်ငံတွေမှာ ကြပ်ကြပ်မတ်မတ်ရှိတဲ့ ပညာရေးစနစ်၊ စာမေးပွဲစနစ်တွေ ရှိတဲ့ အပြင်၊ အရည်အချင်းမရှိရင် နေရာကောင်း မရနိုင်ဘူးဆိုတဲ့ အတွေးအခေါ်ကြောင့် မိဘတွေကလည်း ပညာရေးကို အထူး အလေးပေးကြပါတယ်။

မိဘတွေက ပညာရေးကို အလေးပေးတယ်ဆိုတဲ့ နေရာမှာလည်း သာမာန်ကာလျှံကာ အရေးပေးကြ မဟုတ်ပါဘူး။ စင်္ကာပူ မှာဆိုရင် ကလေးရှိတဲ့မိဘတွေက ကျောင်းကောင်းကောင်းရှိတဲ့အရပ်ကအိမ်ကို ဝယ်ကြတယ်။ ကိုယ့်ကလေးကျောင်း ထားတဲ့ အရွယ်မရောက်သေးခင်ကတည်းက မိဘတွေက ကျောင်းကောင်းတွေမှာ ဝင်ပြီးလုပ်အားပေးလုပ်ကြရတယ်။ ကျောင်းတက်တဲ့ အရွယ်ရောက်ပြန်တော့လည်း ကိုယ့်သားသမီးတွေနဲ့အတူ စာကူလုပ်ပေးကြရ၊ ကျူရှင်ပို့ကြရနဲ့ ကလေး ပညာရေးမှာ ထဲထဲဝင်ဝင် ကြပ်ကြပ်မတ်မတ် ပါဝင်ကြရပါတယ်။

တောင်ကိုရီယားမှာဆိုရင် ကျောင်းသားတွေက တရက်ကို ၁၂-နာရီလောက် စာသင်ခန်းထဲမှာ အချိန်ကုန်ကြရပါတယ်။ ပုံမှန် ကျောင်းချိန်ပြီးတဲ့အခါ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အတန်းတွေကို တက်ကြရတယ်။ ကျောင်းမှာပဲ ညစာစားကြပြီး၊ ကျောင်းမှာတင် ၂-နာရီလောက် ပြန်လှန် လေ့ကျင့်ခန်းတွေ လုပ်ကြရပါတယ်။ အဲဒီနောက် ကျောင်းကနေ ဟက်ဂွန် (hagwon) လို့ခေါ်တဲ့ ပုဂ္ဂလိက ကျူရှင်တွေဆီကို ခရီးဆက်ရ ပြန်ပါတယ်။ အချို့ဆိုရင် ကျူရှင်တွေမှာ ညဥ့်နက်အချိန်ထိ တက်ကြရလို့ အစိုးရကနေ ည ၁၀-နာရီထက်ကျော်ပြီး မဖွင့်ဖို့ hagwon curfew အမိန့် ထုတ်ပေးထားရပါတယ်။ သတင်းသမားတဦးဖြစ်တဲ့ Amanda Ripley က သူ့မရဲ့ The Smartest Kids in the World ဆိုတဲ့ စာအုပ်မှာ ဖိအားများလှတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပညာရေးကို အလုံပိတ် ပေါင်းအိုးပုံစံ (Pressure Cooker model) ပညာရေး လို့ တင်စား ရေးသားခဲ့ဖူးပါတယ်။ စင်္ကာပူက ကျူရှင်ကိစ္စမှာ ကိုရီးယားလောက် မဆိုးသေးပေမယ့်၊ မိဘအတော်များများကတော့ ကိုယ့်သားသမီးကို ကျူရှင် ပို့ကြတာများပါတယ်။ ပေါင်းအိုး ပညာရေးပုံစံမျိုးထဲမှာ သွင်းနိုင်ပါ တယ်။

PISA စစ်တမ်းမှာ မြန်မာနိုင်ငံကို မတွေ့ရပါဘူး။ အကယ်၍ ပါခဲ့ရင်လည်း အောက်ဆုံးနားမှာပဲ ရှိဖို့များပါတယ်။ ဒီထက် ဝမ်းနည်းဖို့ကောင်းတာက ပညာရေးကို အားပေးရာမှာ မြန်မာမိဘတွေက ကွန်ဖြူးရှပ်ယဉ်ကျေးမှု အရိပ်မိုးထားတဲ့ နိုင်ငံက မိဘတွေထက် မသာပေမယ့် သိပ်တော့ လျော့လှမယ် မထင်ပါဘူး။ ပြီးတော့ ကျောင်းပြီး ကျူရှင်တွေ၊ စာကျက်ဝိုင်းတွေနဲ့ မိုးလင်းကနေ မိုးချုပ်ထိ ကျောင်းသားတွေ ခံစားနေရတဲ့ ဖိအားကလည်း မနည်းလှပါဘူး။ ပေးဆပ်မှုနဲ့ ရလဒ်က သိပ်မမျှလှ ဘူးလို့ ဆိုနိုင်ပါတယ် (ဒါဆို ဘာလွဲနေပါသလဲ???)။

တကယ်တော့ ကွန်ဖြူးရှပ်ယဉ်ကျေးမှု နိုင်ငံတွေမှာတောင် ကျောင်းသားတွေရော၊ မိဘတွေရော၊ အစိုးရတွေကပါ ဖိအား များလွန်းလှတဲ့ ပေါင်းအိုးပညာရေးပုံစံမျိုးကိုတော့ မသွားချင်ကြပါဘူး။ အတော်များများကတော့ ဖင်လန်နိုင်ငံရဲ့ ပညာရေးပုံစံကို အားကျစိတ်ကူးယဉ်ခဲ့ကြပါတယ်။ ဖင်လန်ကကျောင်းတွေမှာ ယူနီဖောင်း မရှိ၊ ပုဂ္ဂလိကကျူရှင် မရှိ၊ ကျောင်းစစ်ဆေးရေးဆိုတာတွေ မရှိပါဘူး အသက် ၁၆-နှစ် ရောက်တဲ့ အထိ စာမေးပွဲဆိုတာလည်း မရှိပါဘူး။ ၁၅-နှစ်အရွယ် ကျောင်းသားတဦးရဲ့ တရက်တာ အိမ်စာက နာရီဝက်ထဲ့ မပိုပါဘူး။ ဒါပေမယ့် PISA စစ်ဆေးအကဲဖြတ်မှု စစ်တမ်းမှာတော့ ထိပ်နားမှာ အမြဲ ရှိခဲ့ပါတယ်။ (နောက်ဆုံး ၂၀၁၅-ခုနှစ် PISA စစ်တမ်းမှာတော့ ဖင်လန်က သင်္ချာမှာ အဆင့် ၁၃ နေရာလောက်ထိ ကျသွားပါတယ်)။

ဖင်လန်နိုင်ငံရဲ့ အဓိက အားသာချက်ကတော့ ဆရာတွေရဲ့ အရည်အသွေးလို့ ပြောလို့ရပါတယ်။ မူလတန်းပြဆရာ လုပ်ဖို့အတွက်တောင် ရိုးရိုးဘွဲ့လောက်နဲ့ မရဘဲ မဟာဘွဲ့ရဖို့ လိုအပ်ပါတယ်။ ဆရာ-ဆရာမတွေက ရက်သတ္တပတ် တပတ်မှာ ၂-နာရီလောက် မိမိတို့ရဲ့ လုပ်ငန်းကျွမ်းကျင်မှုအတွက် လေ့လာဆည်းပူးခွင့် ရကြပါတယ်။ ဖင်လန်မှာ ကျောင်းဆရာတွေက လူမှုရေး အဆင့်အတန်းအနေနဲ့ရော ဝင်ငွေအရပါ အခြား သက်မွေးဝမ်းကြောင်း လုပ်ကိုင်သူတွေနဲ့ သိပ်မကွာခြားလှပါဘူး။ ဒီတော့ ထက်မြက်သူတွေက ဆရာ-ဆရာမ လုပ်ဖို့ စိတ်ပါဝင်စားကြသလို၊ ဆရာ-ဆရာမတွေကလည်း မိမိရဲ့ လုပ်ငန်းအပေါ် လေးစား တန်ဖိုးထားကြပြီး၊ အခြားအလုပ်ကို ပြောင်းသွားတာမျိုး နည်းပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ဆရာ-ဆရာမတွေရဲ့ တန်ဖိုးကြောင့် ကျောင်းသားတွေအနေနဲ့ မိုးလင်းကနေ မိုးချုပ်အထိ စာသင်ခန်းမှာ အပြင်းအထန် ကြိုးစားအားထုတ်နေစရာ မလိုဘဲ၊ ထိပ်တန်းကို ရောက်နိုင်ကြပါတယ်။

ဖင်လန်နိုင်ငံရော၊ အခြား ပညာရေး ထိပ်တန်းရောက်နေတဲ့ နိုင်ငံတွေမှာပါ တွေ့ရတဲ့ ဘုံထူးခြားမှု တခုကတော့ ၃ နှစ်ကနေ ၆-နှစ်အထိ ကလေးအများစုက အရည်အသွေးပြည့်မီတဲ့ မူကြိုပညာရေး (Early Childhood Education Development) ရခဲ့ကြတာပါပဲ။ ဖင်လန်မှာဆိုရင် GDP ရဲ့ 1.2% ကို မူကြိုပညာရေးမှာ သုံးထားပါတယ်။ KG တန်းတွေဆိုရင် ကျောင်းသား ဆယ်ဦးကို ဆရာ တစ်ဦးနှုန်းလောက်နဲ့ သင်ကြားနိုင်အောင် အစိုးရက စီစဉ်ပေးထားပါတယ်။

ဒီတော့ ပညာရေး ထိပ်တန်းရောက်ဖို့ ဆိုတာက မိဘ၊ ကျောင်းသား၊ ဆရာ၊ အစိုးရစသဖြင့် အဖက်ဖက်ကနေ ကြိုးပမ်းအားစိုက်မှုတွေလိုတယ်ဆိုတာကို ဒီနိုင်ငံတွေကနေ သင်ခန်းစာယူနိုင်ပါတယ်။

Ref:
-PISA 2015 Results, OEDC
-Amanda Ripley, The Smartest Kids in the World and how thy got that way, 2013

Comments