ကိုဂျေ - သတ်ပုံပြင်စရာမလိုတဲ့ မြန်မာစာရေးဆရာကြီးများ


ကိုဂျေ - သတ်ပုံပြင်စရာမလိုတဲ့ မြန်မာစာရေးဆရာကြီးများ
(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၈

ကံကောင်းထောက်မတဲ့အတွက် မြန်မာစာပေနယ်က စာရေးဆရာ၊ ကဗျာဆရာ အတော်များများရဲ့ မူရင်း စာမူတွေကို ဖတ်ခွင့်ရခဲ့ဖူးပါတယ်။ ဒီအထဲမှာ ဘယ်စာရေးဆရာတွေရဲ့ စာမူကိုတော့ သတ်ပုံ ဂရုစိုက်ပြင်ရမယ်။ ဘယ်စာရေးဆရာတွေကတော့ ပြင်စရာမလိုဘူးဆိုတဲ့ အတွေ့အကြုံ ရခဲ့ပါတယ်။ မြန်မာစာရေးသားရာမှာ သတ်ပုံသတ်ညွှန်း စံထားရတဲ့ စာရေးဆရာကြီးတွေထဲမှာ ကဗျာဆရာကြီး ဦးတင်မိုးဟာ ထိပ်ဆုံးက ပါဝင်သူတဦး ဖြစ်ပါတယ်။ ဆရာ့ရဲ့ လက်ရေးစာမူတိုင်းဟာ ဖျက်စရာ မရှိသလို၊ ရှင်းလင်း နေတတ်ပါတယ်။ ဒါကြောင့် စာမူကို စာစီတဲ့နေရာမှာ ဆရာ့ လက်ရေးစာမူ မူရင်းနဲ့သာ တိုက်ဆိုင် စိစစ်ခဲ့ပါတယ်။ ဆရာဂျမ်းလိုပဲ သတ်ပုံကို အထူးဂရုစိုက်တဲ့ စာရေးဆရာကြီးတွေထဲမှာ ဆရာမကြီး လူထုဒေါ်အမာ၊ ဆရာနတ်နွယ်နဲ့ ဆရာမင်းကျော် တို့ဟာလဲ စံပြုရမယ့် ဆရာကြီးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာဦးအောင်သင်း၊ ဆရာဇော်ဇော်အောင်၊ ဆရာမောင်စွမ်းရည်၊ ဆရာမောင်သာရနဲ့ ဆရာမောင်သာနိုး တို့ဟာလည်း မြန်မာစာရေးထုံးတွေကို အင်မတန် ဂရုစိုက်တဲ့ စာရေးဆရာကြီးတွေ ဖြစ်ပါတယ်။ ဒီအထဲက ထူးခြားသူကတော့ ဆရာမောင်သာရ ဖြစ်ပါတယ်။

ဆရာမောင်သာရရဲ့ လက်ရေးဟာ အင်မတန် သေသပ်ပါတယ်။ သူ့စာမူကို စာစီတဲ့ နေရာမှာ စာစီဆရာတွေကို သူရေးထားတဲ့ မူအတိုင်း စီခိုင်းလေ့ရှိပါတယ်။ သတ်ပုံမူကနေ ပြောင်းရေးတဲ့ အသံထွက်တွေ…ဥပမာ ပြောင်းလဲအသံထွက်ရတဲ့ တည်ပုဒ်တွေကအစ ဘာကြောင့် အသံထွက်အတိုင်း စာစီရမယ်ဆိုတာကို မှာလေ့ရှိသူတဦး ဖြစ်ပါတယ်။ ဆရာမောင်သာရလိုပဲ သတ်ပုံအင်မတန် ဂရုစိုက်တဲ့ စာရေးဆရာကတော့ ဆရာငြိမ်းကျော် ဖြစ်ပါတယ်။ သူ့စာမူကို စာစီစာစစ်ရင် သူရေးထားတဲ့ မူရင်းစာမူနဲ့ တိုက်ဆိုင် စစ်ဆေးဖို့ကို မှာလေ့ရှိသူ ဖြစ်ပါတယ်။ နောက်တဦးကတော့ ဆရာအောင်ပြည့် ဖြစ်ပါတယ်။ သူအယ်ဒီတာအဖြစ် တာဝန်ယူတဲ့ မဂ္ဂဇင်းတွေမှာ ဖော်ပြတဲ့ စာမူတိုင်းကို သတ်ပုံစိစစ်တဲ့နေရာမှာ အင်မတန် သတိထားသူ ဖြစ်ပါတယ်။ မူရင်းစာရေးဆရာရဲ့ လက်ရေးစာမူပေါ်မှာ ခဲတံနဲ့ စာလုံးပေါင်းသတ်ပုံအမှန်ကို လိုက်ပြင်တတ်သူလဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာကတော့ ကဗျာဆရာတွေ အကြောင်းပါပဲ။ မြန်မာကဗျာဆရာတိုင်း လိုလိုဟာ သတ်ပုံကို အင်မတန်ဂရုစိုက်သူတွေဖြစ်ပါတယ်။ နဘေတွေနဲ့ ကဗျာဖွဲတတ်တဲ့ ကဗျာဆရာ မောင်ခိုင်မာကတော့ သူရေးထားတဲ့ ကဗျာမှာ အသုံးပြုထားတဲ့ နဘေတွေရဲ့ မူရင်း ရေးထုံးတွေ နောက်ကို လိုက်သူ ဖြစ်ပါတယ်။ တခါတရံ သူ့ကဗျာစာမူတွေကို စာပေစိစစ်ရေးက စာလုံးပေါင်း သတ်ပုံ ပြင်ခိုင်းတဲ့အခါမှာ ဘာကြောင့် သူ့အနေနဲ့ အခုလို ရေးရတယ်ဆိုတာကို စာစစ်မှူးတွေဆီ လိုက်ရှင်းပြတတ်သူ ဖြစ်ပါတယ်။ လူလတ်ပိုင်း စာရေးဆရာတွေထဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမင်းလူဟာ သတ်ပုံ ဂရုစိုက်သူတဦးဖြစ်ပါတယ်။

သက်ရှိထင်ရှား စာရေးဆရာတွေထဲမှာ သတ်ပုံကို ဂရုစိုက်ရေးလေ့ရှိတဲ့ စာရေးဆရာတွေကတော့ ဆရာမောင်ပေါ်ထွန်း၊ ဆရာချစ်ဦးညိုနဲ့ ဆရာနေဝင်းမြင့်တို့ ပါဝင်ပါတယ်။ တခြား စာရေးဆရာတွေလဲ ရှိမှာပါ။ အခုဖော်ပြခဲ့တဲ့ စာရေးဆရာတွေကတော့ ကိုဂျေ ကိုယ်တွေ့ဖတ်ခဲ့ရတဲ့ စာမူရှင်တွေထဲက စာရေးဆရာတွေရဲ့ အကြောင်းမျှသာ ဖြစ်ပါတယ်။

ကိုဂျေ
ဇန်၊ ၇၊ ၂ဝ၁၈

Comments