ညိုထက်ညို ● လောကဓာတ်နဲ့ ခဏတာ

ညိုထက်ညို ● လောကဓာတ်နဲ့ ခဏတာ
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၁၈

အဲဒီနေ့ နေ့လယ် တစ်ချက်ခွဲလောက်မှာ ကျွန်တော် အေးချမ်းသာယာလမ်းကို ရောက်တယ်။ ခြံဝကနေ ကားဟွန်းကို တီး လိုက်တော့ ခြံထဲက ကရင်မလေးထွက်လာပြီး ပိတ်ထားတဲ့ သံတံခါးကြီး အလယ်နားက သုံးပေပတ်လည်လောက် ရှိတဲ့ အပေါက်လေး ပွင့်လာတယ်။ အဲဒီမှာပဲ ကျွန်တော့်ကားကို ကရင်မလေးမြင်တော့ 'ခွေးတွေသိမ်းလိုက်ဦးမယ်' လို့ ပြောပြီး ပြန်ဝင်သွားတယ်။ ခဏနေတော့ ခြံတံခါးကြီး ပွင့်လာတယ်။ ကျွန်တော် ခြံထဲမောင်းဝင်ခဲ့ပြီး ပေါ်တီကိုအောက်မှာ ကားကို ရပ်လိုက်တယ်။
......

ခြံထောင့်က မီးဖိုခန်းအဖြစ်သုံးတဲ့ တစ်ထပ်တိုက်ပြားလေးထဲမှာ ကျွန်တော်တို့ကိုထိုးဟောင်နေကြတဲ့ ခွေးလေးကောင်ကို ကြည့်ရင်း ကျွန်တော်နဲ့ ရေတိုင်ကီဖာဖို့ ကျွန်တော်ခေါ်လာခဲ့တဲ့ လမ်းလေးဆယ်ထိပ်က ကိုဂျက်ကီတို့နှစ်ယောက် ကား ပေါ်က ဆင်းကြတယ်။

အဲဒီမှာပဲ ကရင်မလေးလည်း ခြံတံခါး ကို ပြန်ပိတ်ပြီး ခြံထဲ ပြန်ဝင်လာတယ်။ တဆက်တည်း ကျွန်တော့်နားကို ရောက်တော့ ကျွန်တော်တို့အိမ်ကိုငှားနေတဲ့ ချားလ်စ်တစ်ယောက်တော့ အပြင်ထွက်သွားတယ်လို့ ပြောတယ်။ ချားလ်စ်ရဲ့မိန်းမ ပေါ်လင်း ကတော့ ဒီအချိန်ဆို သူ့ရုံးမှာပဲ ရှိလိမ့်မယ်။ အဲဒီမှာပဲ အိမ်အဝင် သံပန်းတံခါးနောက်မှာ အိမ်ထဲကထွက်လာတဲ့ ချားလ်စ်ရဲ့ သမီးလေး ဗစ်တိုးရီးယားကို ကျွန်တော်တွေ့လိုက်တယ်။

ပန်းရောင်အင်္ကျီလေးနဲ့ နက်ပြာရောင်ဂါဝန်လေးကိုတွဲဝတ်ထားတဲ့ သုံးလေးနှစ်သမီးလေး ဗစ်တိုးရီးယားကို ကျွန်တော် နှုတ်ဆက်နေတုန်းပဲ ဗစ်တိုးရီးယားကိုထိန်းတဲ့ ကုလားမလည်း ဗစ်တိုးရီးယားနောက်က လိုက်ထွက်လာတယ်။ ဗစ်တိုးရီးယား ကလေး ကျောင်းပိတ်နေချိန်ဆို သံရုံးအသိုင်းအဝန်းမှာနေလာတဲ့ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်တဲ့ ကုလားမ က ဗစ်တိုးရီးယားကလေးရဲ့ အဖော်ပဲ။

လွန်ခဲ့တဲ့ တစ်လခွဲလောက်တုန်းက ခုပဲပေါက်ထွက်တော့မတတ် ပူနေတဲ့ဗိုက်နဲ့တွေ့ခဲ့ရတဲ့ ကုလားမကို ချပ်ချပ်ရပ်ရပ် တွေ့လိုက်ရလို့ ကျွန်တော် ကုလားမကို ...

'ဟာ အစ်မ... မွေးသွားပြီပဲ...ဘာလေးမွေးလဲ'

ဆိုပြီး တန်းနှုတ်ဆက်လိုက်တယ်။ ဖြူဖွေးနေတဲ့ သွားတွေ ပေါ်အောင်ပြုံးပြီး ကုလားမက 'ယောက်ျားလေးအစ်ကို' ဆိုပြီး ကျွန်တော့်ကို ပြန်ဖြေတယ်။

အဲဒီမှာပဲ ကျွန်တော်လည်း ကိုဂျက်ကီတို့နှစ်ယောက်နဲ့ ခြံထောင့် တစ်ထပ်တိုက်ပြားလေးနောက်က ရေစင်ကြီးဆီ ထွက်ခဲ့ တယ်။ မနေ့ကတည်းက ကျွန်တော် မှာထားခဲ့တဲ့အတိုင်း ကရင်မလေးက ရေမတင်ထားတာနဲ့ အဆင်သင့်ပဲ ကိုဂျက်ကီတို့ နှစ်ယောက် ရေတိုင်ကီဖာဖို့ ထည့်လာတဲ့ပစ္စည်းပစ္စယတွေ စုထည့်ထားတဲ့အိတ်လေးကိုလွယ်ပြီး ရေစင်ကြီးပေါ် တွယ်တက် သွားကြတယ်။ ခဏနေတော့ အောက်မှာစောင့်ကျန်ခဲ့တဲ့ ကျွန်တော့်ကို အပေါ်ကနေ ကိုဂျက်ကီက သူတို့တိုင်ကီ စဖာ တော့မယ့်အကြောင်း လှမ်းပြောတယ်။

ကျွန်တော် ကိုဂျက်ကီ့ကို လိုတာရှိရင်လှမ်းခေါ်လိုက်ဖို့ပြောရင်း တိုက်လေးနောက်ကနေ ခြံထဲပြန်ထွက်ခဲ့တယ်။
......

ဒီနေ့ နေအတော်ပူတာပဲ။
ကျွန်တော် တိုက်ရှေ့နားက နေရောင်တွေ ကွက်ပြည့်ခင်းထားတဲ့ မြက်ခင်းပြင်ကိုကြည့်ပြီး လျှောက်လာရင်းနဲ့ ပေါ်တီကို အောက် ပြန်ရောက်လာတယ်။ ပြီးတော့ တံခါးဖွင့်ပေးတဲ့ ကရင်မလေးနဲ့အတူ အိမ်ထဲဝင်လာခဲ့ကြတယ်။ အိမ်ထဲရောက်တာနဲ့ ကျွန်တော် ဘယ်ဘက်က ထမင်းစားခန်းထဲက ရေဗူးဆီသွားပြီး ရေခဲရေတစ်ခွက် ယူသောက်လိုက်ရတယ်။ ကရင်မလေး ကတော့ ကျွန်တော်အိုက်နေမှန်းသိတာနဲ့ စားပွဲပေါ်က အဲကွန်း remote ကိုယူပြီး ထမင်းစားခန်းထဲက အဲကွန်းဖွင့်ပေး တယ်။

အဲဒီမှာပဲ ညာဘက်ဧည့်ခန်း အဝ က လျှောထိုးတံခါး ပွင့်သွားပြီး အထဲက ကုလားမထွက်လာတယ်။ ဗစ်တိုးရီးယားကလေး ကောလို့ ကျွန်တော်မေးတော့ သူ့အခန်းထဲမှာ သွားဆေ့နေပါသတဲ့။ ကရင်မလေးကတော့ အိမ်ထဲပြန်ဝင်သွားတယ်။ ကျွန် တော်လည်း ဘာမှလုပ်စရာမရှိတာနဲ့ ကုလားမနဲ့ ဧည့်ခန်းထဲကို ဝင်လိုက်လာခဲ့တယ်။
........

ဧည့်ခန်းထဲ ရောက်ရောက်ချင်းပဲ ဆိုဖာပေါ်က စောင်ပါးကလေးတစ်ထည်ပေါ်မှာတင်ထားတဲ့ အနှီးကလေးနဲ့ ထုပ်ထားတဲ့ ကုလားမရဲ့ မွေးကာစ သုံးပတ်သားလောက်သားကလေးကို ကျွန်တော်တွေ့လိုက်တယ်။

'ဟာ... အစ်မ သားလေးပဲ' လို့ ကျွန်တော် ပြောပြောဆိုဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကလေးလေးရဲ့ပါးကလေးကို တို့ကြည့်တယ်။

အသားအတော်ညိုတဲ့ ကလေးလေးက ဘာမှမသိရှာဘဲ မျက်လုံးလေးမှိတ်ရင်း အိပ်နေတယ်။ ကျွန်တော် ကလေးလေးကို ကြည့်နေရင်းနဲ့ ဒါဘယ်နှစ်ယောက်မြောက်လဲလို့ ကုလားမကို မေးကြည့်တော့ ကုလားမက သုံးယောက်မြောက်လို့ ပြန်ဖြေ တယ်။
သူ့အထက်မှာ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ရှိတယ်တဲ့။ တဆက်တည်း ကုလားမက 'အစ်ကို ကော' လို့ ကျွန်တော့်ကို မေးပြောပြောတယ်။ 'I am single' လို့ ကျွန်တော် ပြန်ဖြေလိုက်ရင်း ကုလားမကို အသက်ဘယ် လောက်ရှိပြီလဲလို့ မေးကြည့်တယ်။ ကုလားမက ၃၇ နှစ်တဲ့။ ထင်ထားတဲ့အတိုင်း ကျွန်တော့်ထက်ငယ်နေတဲ့ကုလားမကို ကျွန်တော်ကတော့ ၄၁ ထဲရောက်နေပြီဆိုတာ ကျွန်တော် ပြန်ပြောလိုက်တယ်။

ကုလားမက 'You should be getting married now' ဆိုပြီး ကျွန်တော့်ကို ပြန်ပြောတယ်။ 'Hopefully but I am not too sure about that' လို့ ကျွန်တော်ပြန်ပြောတော့ 'Why not' လို့ ကျွန်တော့်ကို ကုလားမပြန်ပြောရင်းနဲ့ ရယ်နေတယ်။ ကျွန်တော် ကုလားမကို သူ့အမျိုးသားက ဘာလုပ်လဲလို့မေးကြည့်တော့ Yangon International Hotel မှာ စားဖိုမှူး လုပ် တယ်တဲ့။ ကျွန်တော် ကုလားမနဲ့စကားပြောနေရင်းနဲ့ အိုက်လာတာနဲ့ 'အဲကွန်းမဖွင့်ဘူးလားညီမ' လို့ ပြောပြောဆိုဆို အဲကွန်းဖွင့်ဖို့ remote လိုက်ရှာတယ်။

အဲဒီမှာပဲ ကုလားမက 'နေပါစေ အစ်ကိုမဖွင့်တော့ဘူး၊ ရတယ်'  ဆိုပြီး ကျွန်တော့်ကိုပြန်ပြောတယ်။

'ဟာ မဟုတ်တာ... ကလေးပူနေမှာပေါ့ ... ဖွင့်ပါဗျ၊ ကျွန်တော်က ပြန်ထွက်တော့မှာ၊ ကိစ္စမရှိဘူး။ ကလေးအတွက် ပြော တာ... အဲကွန်းဖွင့်ထားတော့ သက်သာတာပေါ့'

ဆိုပြီး ကျွန်တော် အဲကွန်းဖွင့်ဖို့ တီဗီဘေးက ခုံပုလေးပေါ် တင်ထားတဲ့ remote ကို သွားယူဖို့လုပ်တယ်။ အဲဒီမှာပဲ ကုလားမ က ...'ရတယ်အစ်ကို၊ တမင်မဖွင့်တာ၊ အိမ်မှာလည်း အဲကွန်းရှိတာမဟုတ်ဘူး... တစ်ခါတည်း အကျင့်ရအောင် ဒီမှာလည်း တမင် မဖွင့်တာ' ဆိုပြီး ကျွန်တော့်ကို ပြန်ပြောတယ်။

အဲဒီမှာပဲ ကျွန်တော် တစ်သက်လုံး တစ်ခါမှ မကြားဖူးတဲ့ စကားကိုကြားလိုက်ရလို့ ကျွန်တော် ခဏလေးငိုင်သွားတယ်။ တဆက်တည်း လွန်ခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်လောက်တုန်းက ဖတ်ခဲ့ရဖူးတဲ့ကဗျာတစ်ပုဒ်ထဲက စာကြောင်းတစ်ကြောင်းကို ချက်ချင်း သွားသတိရတယ်။ ကဗျာရဲ့အမည်က 'မျှော်နေ နွေလယ်လမ်းမ ဟိုအဝေးဆီ' ထင်တယ်။ အဲဒီထဲက စာတစ် ကြောင်းက သဘောပြောရရင် ...
'အပူဒဏ်ကို အံတုဖို့ကလည်း လောကဓာတ်ပညာ ငါးသိန်းဖိုးလောက်လိုတယ်' တဲ့။

အပူဒဏ်ကို အံတုဖို့ ငွေငါးသိန်းလောက်မတတ်နိုင်တဲ့သူတွေအဖို့တော့ အပူဒဏ်ကို ကျင့်သားရအောင်လုပ်ဖို့ပဲ ရှိတော့ တယ်။ အခု ကုလားမလည်း အဲလိုလုပ်နေရပြီပဲ။ တွေးနေရင်းနဲ့ ကျွန်တော် ချွေးတွေထွက်လာတယ်။ တစ်သက်လုံး အပူဒဏ် ကို ဖြစ်တဲ့နည်းနဲ့ အမြဲကာကွယ်နိုင်ခဲ့တဲ့ ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေ ဒီးဒီးကျအောင် ထွက်လာတယ်....။

ညိုထက်ညို
0