လင်းငယ် ● မေးခွန်းမေးခြင်း အနုပညာ

လင်းငယ် ● မေးခွန်းမေးခြင်း အနုပညာ
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈

လောကမှာ မေးခွန်းတွေ မေးတတ်ဖို့လိုတယ်လို့ ဆရာက ပြောတော့ ကျနော် ကျိတ်ပြုံးနေခဲ့ဖူးသည်။ ဘာများခက်လို့လဲ မေးခွန်းတွေ မေးတာများ။ ဆရာက ရေးကြီးခွင်ကျယ် လုပ်နေသေး။ လူတွေက မနက်ခင်း အိပ်ယာက နိုးတာနဲ့ မေးခွန်းတွေနဲ့ နေကြတာပဲ။ အင်း နိုးပြီးလားလို့ တစ်ယောက်က မေးချင်မေးမည်။ ဒါမှမဟုတ် ငါအိပ်ယာ ထရတော့မလား။ မနက်စာ ဘာစားရမလဲလို့ ကိုယ့်သာသာ မေးချင်မေးမည်။ ဒါမှမဟုတ် ဘယ်နှစ်နာရီထိုးပြီလဲလို့ စိတ်ထဲက မေးရင်း နာရီကို ကမန်းကတမ်းကြည့်ချင်ကြည့်မည်။ အလုပ်၊ ကျောင်းနောက်ကျလို့ မရဘူးမို့လား။

• ရာဇဝင် မေးခွန်း

မေးခွန်းတွေ မေးတတ်ဖို့ကို ဆင်းရဲဒုက္ခခံကာ အတင်းအကြပ် အသင်ပေးခံရတာက ဆေးကျောင်းတတိယနှစ် ဆေးရုံမှာ လက်တွေ့ဆင်းရသည့် အချိန်ဟု မှတ်မိနေသည်။ ဆရာက မေးခွန်းတွေ မေးတတ်ဖို့ကို အသေးစိတ်သင်ခဲ့ပေးတာ။ စစချင်း ရောဂါရာဇဝင်မေးခြင်းဆိုတဲ့ ထူးထူးဆန်းဆန်း စကားလုံးကို မိတ်ဆက်ရင်း မေးသင့် မေးထိုက်သည့် ခေါင်းစဉ်တွေကို ရှင်းပြသည်။ အဓိက လူနာပြောသည့် ပြဿနာနဲ့ ဆက်စပ်သည့် နောက်ခံရာဇဝင်များဟု အလွယ်ပြောရင် ရလေမည်ထင်။ စာဖတ်ထားမိတဲ့ ရောဂါတစ်ခုကို ဆရာက စရှင်းပြတာ ဖြစ်နေတော့ ဆရာကလည်း ဒီရောဂါလေးကို ရေးကြီးခွင်ကျယ် လုပ်ကာ သင်နေရသေးသလား။ ဒီလက္ခဏာတွေ ရှိလား။ ရှိရင် ဒီရောဂါဆိုတာ သေချာနေတာပဲကိုဟု စိတ် စနိုးစနှောင့်ဖြင့် မြင်သည်။ ဖားသူငယ် တစ်ယောက်၏ မာန်တက်ခြင်းမျိုး။ ဘယ်လူနာမှ ဘာရောဂါလို့ ယူဆရလောက်သည့် ပုံနှိပ်စာအုပ်ထဲက အချက်အလက်တွေအတိုင်း အတိအကျ မလာဘူးဆိုတာ သိမှ မသိ။ လူနာတွေက ဇဝေဇဝါ ဖြစ်စရာ အဖြေတွေ ပေးတတ်ကြတယ်ဆိုတာ သိမှ မသိ။ လူနာက ကိုယ်မေးတာကို နားမလည်တတ်ကြဘူးဆိုတာ သိမှ မသိ။ ကလေးလူနာတွေဆို သာဆိုးသေး။ ကိုယ်ဘာခံစားရတယ်၊ ဘာဖြစ်တယ်ဆိုတာ လင်းလင်းပြတ်ပြတ် မပြောတတ်ရင် ဘယ်လို လုပ်ရမယ်ဆိုတာ သိမှ မသိ။ ကိုယ်သိသွားခဲ့တဲ့အချိန်ဟာ ပထမဆုံးလူနာကို ရောဂါအကြောင်းမေးရင် ဇောချွေးတွေပြန်လာတဲ့ အချိန်မှ။ ကိုယ်ပိုပြီး ခိုင်မာစွာ သိသွားတဲ့အချိန်က စာမေးပွဲခန်းထဲ ဘေးနားက ဆရာတွေ ကြည့်နေတဲ့အခိုက် လူနာကို ကပေါက်တိကပေါက်ချာ မေးခွန်းတွေ မေးရင်း ရမ်းသန်း ရောဂါနာမည်တွေ (အမှတ်ရလိုရငြား) ရေရွတ်မိတဲ့အချိန်မှ။ သြော် မေးခွန်းတွေက မေးတတ်ဖို့လိုပါလား။ ဒါကြောင့် ဆရာတွေက ရောဂါရာဇဝင် သေချာမေးနိုင်ရင် ဘာရောဂါလဲပြောနိုင်ဖို့ ရှစ်ဆယ်ရာနှူန်း သေချာပြီလို့ သင်ပေးကြခြင်းပေကိုး။

သင့်တင့်လျောက်ပတ်တဲ့ မေးခွန်းကို မေးနိုင်ဖို့ ပညာနဲ့ သတ္တိလိုပေမည်။ မေးသင့် မေးထိုက်တာကို မေးရဲဖို့အတွက် သတ္တိလိုမည်။ မမေးသင့်တာ၊ မလိုအပ်တာကို မမေးမိစေရန် ထိန်းချုပ်ထားနိုင်ဖို့အတွက် သတ္တိလိုမည်။ ဘာမေးခွန်းကို မေးရမလဲ သိဖို့အတွက် ပညာလိုမည်။ ဘယ်လို ဘယ်အချိန် မေးရမလဲ သိဖို့အတွက် ပညာ လိုမည်။ ဘယ်သူကို မေးရမလဲ သိဖို့အတွက် ပညာလိုမည်။ မေးခွင့်ကြုံဖို့အတွက် အခြေအနေကောင်းတစ်ရပ် (ကံ) လိုမည်။ ကိုယ့်မှာ မေးသင့် မေးထိုက်တဲ့ အချိန်မှာ မေးခွန်းတွေ မေးရဲခဲ့ပါစ။ လုံလောက်တဲ့ သတ္တိရှိဖို့၊ မျှတတဲ့ ပညာနဲ့ မြင်တတ်ဖို့ လေ့ကျင့် မွေးမြူခဲ့မိပါစ။ မလျှောက်ဖြစ်ခဲ့သည့် ဆရာဝန်တစ်ယောက်ဘဝဟာ မေးခွန်းတွေမေးရမှာ ကြောက်လို့ဆိုတာ ကိုယ်ဘယ်သူကိုမှ မပြောပြခဲ့မိတာ သေချာပါသည်။

မေးခွန်းတစ်ခုရဲ့ ဒုက္ခလို့ ပြောရမည်ထင်သည်။ မေးခွန်းတစ်ခု မေးဖို့အတွက် အသည်းအသန် စဉ်းစားရသည့် ဒုက္ခကို ကြုံဖူးမှ သိမည်လို့ ပြောရမည်။ ဘာမေးခွန်းကို မေးရမလဲဆိုသည့် အဖြေကိုရှာရခြင်းလည်း ဖြစ်သည်။

• မေးခွန်းရဲ့ ဒုက္ခ
အခု ကျောင်းပြန် တက်ရပြန်တော့ ကျောင်းမှာ ခေါင်းစဉ်အလိုက် အလှည့်ကျ ဦးဆောင်ဆွေးနွေးသည့် တာဝန်ကို (မဖြစ်မနေ) ယူရသည်။ ဖတ်စရာစာတစ်အုပ်၊ လေ့လာထားသည့် သုတေသနစာတမ်းတစ်ခုကို ရည်ညွှန်းဖတ်စရာအဖြစ် ဖတ်ရသည်။ ထိုစာထဲမှ အဓိက အကြောင်းအရာနှင့် သဘောတရားတစ်ခုကို ညွှန်းဆိုကာ အတန်းထဲမှာ ပြန်လည်ရှင်းလင်း ပြောပြရသည်။ ငါးမိနစ်ပြောရန် အချိန်ပေးသည်။ ပြောပြီးသည်နှင့် အကြောင်းအရာနှင့် ဆက်စပ်သော မေးခွန်းတစ်ခုကို မေးရသည်။ ထိုမေးခွန်းသည် နောက်ထပ် ငါးမိနစ် ဆွေးနွေးနိုင်ရန် လှူံ့ဆော်ပေးနိုင်ရမည်။ သိချင်စိတ် ပြောချင်စိတ်ကို ဆွပေးနိုင်ရမည်။ ဆွေးနွေး၍ ရသော ခေါင်းစဉ်လည်း ဖြစ်ရမည်။ တနည်းပြောရင် အသိပညာ အသစ်တစ်ခုကို သိစေနိုင်မည့် မေးခွန်းကို မေးစေခြင်းလည်း ဖြစ်သည်။

ဒီလိုနဲ့ အတန်းထဲမှာ ငါးမိနစ်ရှင်းပြပြီးလို့ မေးခွန်းကို ပါဝါပွိုင့်မှာ ပြကာ မေးလိုက်တိုင်း တခန်းလုံး တိတ်ဆိတ်သွားကြသည်။ ကြောင်တောင်တောင် မေးခွန်းကိုကြည့်ပြီး လူတိုင်းမျက်နှာက ငါ့လာမကြည့်နဲ့လို့ ပြန်ပြောနေဟန်။ ဘယ်သူမှ မဖြေနိုင်ကြ။ ထိုအခါ အားနာတတ်သော သူငယ်ချင်းများက ဝင်ဆွေးနွေးကြသည်။ သူတို့လည်း အူတူတူနဲ့။ မနေသာတဲ့အခါမျိုးမှာ ဆရာကိုယ်တိုင် ဝင်ပြီး မေးခွန်းကို မသိမသာ ပြင်မေးပေးသည်။ တခါတရံ ဆရာက အပြန်အလှန်မေးခွန်းမေးပြီး ဝင်ထိန်းရသည်။

ကိုယ့်အလှည့် ပြီးသွားတိုင်း ခေါင်းကို ငိုက်ချ၊ သက်ပျင်းကို တိတ်တိတ်ချပြီး ကိုယ့်ထိုင်ခုံရှိရာ ပြန်လာတိုင်း ဒီလောက်မေးခွန်းလေးကို ငါမမေးတတ်သေးပါလား တွေးကာ စိတ်ဓါတ်ကျရသည်။ ဒီစာပိုဒ်ကို ငါသေချာနားမလည်သေး ပါလား သဘောပေါက်ရသည်။ အင်း ဆရာကလည်း အမှတ်ကောင်းကောင်းပေးပ့ါမလား ပူရပြန်သည်။ ဆရာက မေးခွန်းမမေးတတ်ရင် နားလည်မှူ အားနည်းတယ်ဆိုတာကို ဖမ်းယူ သုံးသပ်ခြင်းလို့ မြင်ရသည်။ သြော် မေးခွန်းဆိုတာ ပညာတစ်ခုကို လည်လည်ပတ်ပတ် နားလည်မှ မေးလို့ရနိုင်ခြင်းကိုး။ ဘဝကပေးခဲ့သည့် မေးခွန်းရဲ့ သင်ခန်းစာ။

• မေးခွန်းရဲ့ အလင်း
မမေးသင့်သည့်အချိန်မှာ မမေးသင့်သည့် မေးခွန်းများ မေးမိလို့ လူအဟားခံရတာတွေ ကြုံဖူးသည်။ အစည်းအဝေးခန်းထဲမှာ အားလုံးရှင်းလင်းပြောပြပြီးပြီ။ အားလုံးကလည်း နားလည်ပြီးပြီ။ အစည်းအဝေး ပြီးတော့မယ်ဆိုမှ ကယောင်ကတန်း ဇဝေဇဝါထမေးတတ်သည့် လူမျိုးကို မတွေ့ဖူးတဲ့သူပင် ခပ်ရှားရှားဖြစ်မည်။ တစ်ချို့ကတော့ ဖိုးပြောချင်ဟုဆိုရအောင် အစည်းအဝေးတိုင်း အပ်ကြောင်းထပ်ကာ ပြောကြတာလည်း ရှိပြန်သေးသည်။ သို့သော် ရဲရင့်သော ပညာကျယ်ပြန့်သော လူတစ်ချို့ကတော့ မေးခွန်းတွေ မေးရင်း ကမ္ဘာကြီးကို ပြောင်းလဲခဲ့ကြသည်။

သိဒ္ဒတ္ထဆိုသည့် ဘုရင့်သားတော် တစ်ယောက်က မေးခွန်းတစ်ခုကို မေးခဲ့သည်။ သူမေးသည့် မေးခွန်းက ရိုးရိုးရှင်းရှင်းသာ။ လူအိုလူနာလူသေတို့ကို မြင်ပြီး မေးလိုက်သည့် မေးခွန်း။  မေးခွန်းက ငါလည်း အဲ့သလို အိုနာသေရမှာလား။ ဒီမေးခွန်းလေးနဲ့ပဲ သုံးလောကရဲ့ ထွက်ရာလမ်းကို ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။ သူတော်ကောင်းတို့၏ ကျယ်ပြန့် အင်အားရှိသော မေးခွန်းများက လူ့လောကကို အလှဆင်ခဲ့ကြသည်။ အလင်းဆောင်ခဲ့သည်။

• တရားဝင် မေးခွန်းများ
ထူးခြားစွာဖြင့် လည်ပတ်တတ်သည့် လူအများ စုဝေးနေထိုင်သည့် ဒွန်းဒယားကြီးတွင် မေးခွန်းမေးရန် လူများကို သီးသန့် တာဝန်ပေးထားသည်မှာလည်း အံ့သြစရာဟု ဆိုရလေမည်လား။ ခေတ်စနစ်တစ်ခု၏ လက္ခဏာတစ်ရပ်အဖြစ် လူအများက အသည်းအသန် မိမိတို့ကိုယ်စားလှယ်ဟု အမည်ခံစေမည့် လူတစ်ယောက်ကို ရွေးကောက်ပွဲဆိုသည့် ပွဲတော်တစ်ခုကျင်းပကာ ရွေးချယ်ကြသည်။ ရွေးချယ်ကြတာမှ အပြိုင်အဆိုင်။ သူ့လူကိုယ်လူ ရစေချင်သူ ကိုယ်စားလှယ်ရစေဖို့ ပြိုင်ပွဲတစ်ခုလိုပင် ဝှဲချီးကျင်းပကြသည်။ ထို့နောက် နေရာဒေသ အသီးသီးကို ကိုယ်စားပြုကာ ကိုယ်စားလှယ်ဆိုသူများကို အခန်းထဲတွင် စုပြုံထည့်ကာ မေးခွန်းမေးပွဲများ ကျင်းပခဲ့ကြသည်။ လွှတ်တော်ဟု ခေါ်သည့် ထိုနေရာတွင် ကိုယ်စားလှယ်တော်ကြီး အသီးသီးက ဒေသကောင်းကျိုး၊ နိုင်ငံကောင်းကျိုးဟု ယူဆဖွယ်ရာ အသီးသီးကို မေးခွန်းများအဖြစ်လည်းကောင်း၊ အဆိုဟုခေါ်သည့် အဆိုပြုချက်များကိုလည်းကောင်း ခေါင်းဆောင် လူကြီးမင်းမှတဆင့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သည့် အစိုးရကို ဦးတည်ကာ မေးမြန်းကြသည်။

လူနာဆောင်ထဲ စာမေးပွဲအစစ်ခံရသည့် ကိုယ့်ကျောင်းသားဘဝကို ပြန်လွမ်းစေရသည်။ မေးခွန်းမေးတတ်သည့် ကျောင်းသားများနဲ့ မမေးတတ်သည့် ကျောင်းသားများကို လက်တွေ့ စာမေးပွဲက ကောင်းစွာ ခွဲခြားထားနိုင်သလိုမျိုး။ ကိုယ့်စားလှယ်တော်ကြီးများ မေးခွန်းများ မေးမှ မေးတတ်ကြပါစ။ ကိုယ့်လိုများ ဖြစ်နေမလား တွေးပူမိ။

တချို့မေးခွန်းတွေက ရန်စကို ဖော်သလို ဖြစ်မလား။ တစ်ချို့မေးခွန်းတွေက မယောင်ယာ ဆီလူးသလို ဖြစ်မလား။ တစ်ချို့မေးခွန်းတွေက ရန်သူအသစ်တွေ ပြဿနာအသစ်တွေကို ဆောင်ကြဉ်းလာမလား။ ဘာတွေပဲဖြစ်ဖြစ် မေးခွန်းတွေတော့ မေးကြရမည် မဟုတ်လား။ တံတားအမည် ပေးဖို့ ရှိမရှိဆိုတဲ့ မေးခွန်းတစ်ခုကတော့ ပြည်သူ့နှလုံးကို လှုံ့ဆွပေးခဲ့ဖူးသည်။ မြစ်တစ်စင်း၏ ဟိုမှာဘက်ကမ်းမှ ပြည်သူများနှင့် ဤမှာဘက်ကမ်းမှ ပြည်သူများ စိတ်ဝမ်းကွဲခဲ့ဖူးသည်။ ရှိပါစေ။ မေးရင်းမေးရင်း မေးခွန်းကို တွေ့ချင်လည်း တွေ့သွားကြမှာပါ။ မေးရင်းမေးရင်း မေးခွန်းတွေရဲ့ အရှင်သခင်လည်း ဖြစ်ချင်ဖြစ်သွားကြမှာပါ။ သူတို့ ဘာတွေမေးမြန်းခဲ့သလဲဆိုတာကို ရွေးကောက်ပေးလိုက်တဲ့ ပြည်သူတွေမှာ တရားဝင် မေးခွန်းပြန်ထုတ်ခွင့် ရှိနေတာကို သိပါသလား။ အဲ့သည်မေးခွန်းရဲ့ အဖြေဟာ ငါးနှစ်တကြိမ် ဆန္ဒပြုမှူနဲ့ တုံ့ပြန်ဆုံးဖြတ်တယ်ဆိုတာကို သိပါသလား ဆိုတဲ့ မေးခွန်းနှစ်ခုကိုသာ သူတို့ မမေ့ရင် တော်ပါပြီဟု မှတ်ယူရမည်သာ။

လင်းငယ်
၀၀း၅၈ မနက်ခင်း
၂ အောက်တိုဘာ ၂၀၁၇
ဘန်ကောက်

Comments