ကိုဂျေ - တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်)


ကိုဂျေ - တရားခံဖြစ်သွားတဲ့ ရှေ့နေ စာရေးဆရာကြီး ဦးကိုယု (မောင်သစ်)
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈

မြန်မာစာရေးဆရာတွေသာ ပြောတဲ့ နင့်ယောက်ျားဆီလာတဲ့ စာရေးဆရာတွေကလဲ တရုတ်နဲ့ ကုလားတွေချည်းပဲလို့ ကျနော် ဇနီးရဲ့ အမေ ပြောတဲ့စကားကို သတိရနေမိတယ်။ ယောက်ခမကြီး ပြောစကားကို သတိထား ကြည့်မိတော့မှ ကိုယ့်ကိုယ်ကိုယ် ပြုံးလိုက်မိပါ့…။
ဟုတ်ပါရဲ့။ အိမ်ကို ဝင်ထွက်သွားလာခဲ့တဲ့ စာရေးဆရာတွေ၊ စာပေနဲ့ ပတ်သက်နေသူတွေကို ကြည့်လိုက်ရင်… ကာတွန်းကံချွန်၊ ကာတွန်းဗိုလ်မောင်၊ ကိုနေဝင်းမြင့်နဲ့ စာကြည့်တိုက်မှူး ကိုသန်းထွန်းအောင် တို့က အိန္ဒိယကပြားတွေ။ ရုပ်ရှင်ဒါရိုက်တာနဲ့ သွေးသောက်မဂ္ဂဇင်းအယ်ဒီတာ ဦးပြည့်စုံ၊ စာရေးဆရာ မောင်ခေတ်ထွန်းနဲ့ ဦးကိုယု(မောင်သစ်) တို့က တရုတ်ကပြားတွေ…။
xxxxxxxxx

'ဦးကိုယု ဆိုတာ ငါ့တို့ တပ်ဦးခေါင်းဆောင် ပေါ့ကွ။ သူ့မိန့်ခွန်းတွေ သူ့ ခေါင်းဆောင်မှုတွေနောက် ငါတို့ လိုက်ခဲ့ရတာ၊ သတ်မှတ်ထားတဲ့ ဥပဒေစည်းမျည်းရဲ့ အပေါ်မှာ မတ်တပ်ရပ်ပြီး တော်လှန်ရေး လုပ်တတ်တဲ့ ခေါင်းဆောင်ထဲမှာ ဦးကိုယုဟာ ထိပ်ဆုံးကပါတယ်'လို့ ၁၉၉၁ ခုနှစ်က ထောက်လှန်းရေး ၉ စစ်ကြောရေး စခန်းက အခန်းထဲမှာ အတူနေခဲ့ရတဲ့ အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က ပြောခဲ့ဖူးတယ်။ 

ဗိုလ်အောင်ကျော် အရေးအခင်းမှာ ကျောင်းသားတွေ ချီတက်ကြတော့ ဦးကိုယုဟာ ကျောင်းသားခေါင်းဆောင်တဦးအနေနဲ့ ရှေ့ဆုံးက ဦးဆောင်ချီတက်ခဲ့တယ်။ ဗိုလ်အောင်ကျော်လမ်း၊ အတွင်းဝန်ရုံးနားရောက်တော့ ပုလိပ်တွေက စည်းသုံးစည်းတားထားတယ်။ ပထမစည်းကို မကျော်ဖို့၊ ပထမစည်းကို ကျော်ပြီး ဒုတိယစည်းကို ရောက်လာရင် သေနတ်ကို ကျည်ထိုးဖို့နဲ့ တတိယစည်းကိုကျော်ရင် ပစ်ဖို့… အမိန့်ထုတ်ထားတယ်။ ဦးကိုယုက ဦးဆောင်းပြီး ပထမစည်းကို စတင်ကျော်ခဲ့တယ်။ ပြီးတော့ ဒုတိယစည်းကို ကျော်ပြန်တယ်။ နောက်တော့ တတိယစည်းပေါ်မှာ မတ်တပ်ရပ်ပြီး ဗိုလ်အောင်ကျော် အရေးအခင်းအကြောင်းနဲ့ ကျောင်းသားတွေရဲ့ ရပ်တည်ချက်ကို တရားဟောခဲ့တယ်။ 

စည်းတွေ တခုပြီး တခုကိုကျော်ကျော်သွားတိုင်း ပလိပ်တွေက တဖက်က အမိန်တွေ ဥပဒေတွေ ဖတ်ပြလိုက်၊ ဦးကိုယုက ဒီဘက်ကနေ မိန့်ခွန်းပြောလိုက်နဲ့ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းခဲ့တဲ့ အကြောင်းကို အဲဒီတုန်းက အခန်းဖော် နေခဲ့ရတဲ့ အားကစားကလောင်ရှင် မောင်ရဲဝင်းကလဲ ပြောခဲ့တယ်။ သွေးပျက်စရာ အကောင်းဆုံးကတော့ ဒုတိယစည်းကို ကျော်တဲ့ အချိန်မှာ ပလိပ်တွေကို အသင့်ပြင်ဆိုပြီး ကျည်ထိုးတဲ့ အချိန်ပဲလို့ ဆိုတယ်။ ဒီအချိန်မှာ ဦးကိုယုဟာ ဒုတိယစည်းကိုကျော် တတိယစည်း မျဉ်းပေါ်မှာ ရပ်ပြီး ကျောင်းသားတွေကို မိန့်ခွန်းပြောခဲ့တာလို့ ဦးခင်မောင်ထွေးကဆက် ပြောခဲ့တယ်။ 

'ရဲဘော်တို့ တို့တွေရဲ့ ရပ်တည်ချက်ကို အကောင်းအထည် ဆက်လက်ဖော်ဖို့က ကျောင်းသားတိုင်း အသက်ရှင်သန်နေဖို့က အရေးကြီးတယ်' ဆိုပြီး မိန့်ခွန်းရှည်ကြီး တခုကို ပြောခဲ့တယ်လို့ ဦးခင်မောင်ထွေးက ပြောပြတယ်။ မိန်းခွန်းနောက်ဆုံးပိတ်မှာ။ လူတိုင်းရဲ့ အသက်ဟာ တန်ဖိုးရှိတဲ့ အကြောင်းနဲ့ တို့တွေ တတိယစည်းကို မကျော်ဘဲ ဒီနေရာက လှည့်ပြန်ပြီး နောက်နေ့တွေမှာ ဆက်လက် တိုက်ပွဲဝင်ကြဖို့ မိန့်ခွန်းကို ပြောခဲ့ပြီး လူစုခွဲခဲ့တာပဲလို့ ဆိုတယ်။

 မောင်ကိုယု ဆိုတာ အဲဒီအချိန်ကတည်းက ဥပဒေဆိုတာ ဘာလဲဆိုတာကို သေသေချာချာ နားလည်ခဲ့တဲ့ ငါတို့ရဲ့ တပ်ဦးခေါင်းဆောင် ဖြစ်တယ်လို့ ဦးခင်မောင်ထွေးက ပြောခဲ့တယ်။ အခုဆိုရင် ဒီအကြောင်းတွေ ပြန်ပြောခဲ့တဲ့ ဂိုးသမား ခင်မောင်းထွေး (ပျဉ်းမနား)နဲ့ ဦးကိုယု (မောင်သစ်) တို့ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ အားကစားကလောင်ရှင် မောင်ရဲဝင်း(ဦးထွန်းသာ)တယောက် ကျန်သေးပေမယ့် သူလဲ ကျန်းမာရေး မကောင်းဘူးလို့ သိရပါတယ်။
xxxxxxxx

ကိုမျိုးညွန့်၊ မောင်ကိုယု၊ မောင်သော်က၊ ဦးဝင်းတင်၊ ဦးထွန်းဝေ၊ မောင်မိုးသူ၊ ပန်းချီစိုးမိုး


သရော်စာ ရေးတဲ့ စာရေးဆရာတိုင်းကို ကိုဂျေ ချစ်တယ်။ သူတို့လို သိပ်ရေးတတ်ချင်တယ်။ ဒါကြောင့်လဲ သူတို့ရေးသမျှ စာတွေကို မလွတ်တမ်း ဖတ်ခဲ့ပါတယ်။ ဦးကိုယု လို့ခေါ်တဲ့ မောင်သစ်၊ မောင်သော်ကတို့ကနေ ကံချွန်၊ မင်းလူ၊ ခင်မြဇင် Khin Zin နဲ့ မင်းဒင် တို့ အထိ သူတို့ ရေးသမျှ သရော်စာတွေကို ကိုဂျေ တတ်နိုင်သမျှ ဖတ်နေတုန်းပါတယ်။ အတုယူဆဲ ဖြစ်ပါတယ်။ စာပေထဲမှာ လူတွေ တမြေ့မြေ့ ကျိတ်ပြီးပြုံးရအောင် ရေးတဲ့ စာရေးနည်းဆိုတာ သရော်စာပဲ ဖြစ်တယ်။ တနည်းအားဖြင့် ဖော့ရိုးနဲ့ ရိုက်ပေမယ့် ဆယ်ပေါင်တူနဲ့ အထုခံရသလို အခံရခက်တဲ့ စာရေးနည်းဟာ သရော်စာပဲ ဖြစ်တယ်လို့ ကိုဂျေက ယုံကြည် ထားပါတယ်။ ဒါကြောင့်လဲ မောင်သစ်၊ မောင်သော်က၊ မင်းလူ၊ ခင်မြဇင်တို့နဲ့ ကိုဂျေ ရင်းနှီးခွင့်ရခဲ့တာ ဖြစ်ပါတယ်။
xxxxxxxx

'မန္တလေးကျုံးကြီးကို စစ်အစိုးရက ဘာလို့ မရမက ဖော်နေတယ်ဆိုတာ သိလားကွ' လို့ ဆရာဦးကိုယုက စကားဝိုင်း တခုမှာ ပြောလာပါတယ်။ ဒီစကားဝိုင်းမှာ ဆရာအောင်ပြည့်၊ ကိုဂျေနဲ့ ပန်းချီမောင်မောင်သိုက်ရဲ့ သားတပည့်တွေ ဖြစ်တဲ့ မောင်စည်သူ၊ မောင်ချစ်ဆန်းနဲ့ တခြားသူတွေလဲ နားထောင်ခွင့် ရခဲ့ပါတယ်။ ဆရာဦးကိုယု အဲသလို ပြောတိုင်း တမြေ့မြေ့ပြုံးစရာ ပါလာမယ်ဆိုတာ သိတဲ့ အတွက် ပြောပါဦး ဆရာလို့ ပြောလိုက်တော့…. ဆရာက…..

'ဒီကောင်တွေ ဆရာတင်တာ မှားနေပြီကွ။ သီပေါမင်းပါတော်မူတဲ့နေ့တုန်းက စုဖုရားလတ်က အထုပ်တထုပ်ကို ကျုံးထဲပစ်ချခိုင်းခဲ့တဲ့ အချက်တချက်ထဲကို ဖတ်မိပြီး အခါတော်ပေးတဲ့ ပညာရှင်တွေက ဒီအထုပ်ဟာ ရတနာထုပ် ဖြစ်လိမ့်မယ် အထင်နဲ့ စစ်ခေါင်းဆောင်တွေကို ပြောလိုက်ပုံရတယ်'လို့ ဆရာဦးကိုယုက ပြောပါတယ်။ သူဆက်ပြောတာကတော့…။ 

ပါတော်မူနေ့ ဆရာဝန် မှတ်တမ်းတွေအရ။ အဲဒီနေ့က စုဖုရားလတ်ဟာ အမျိုးသမီး ဓမ္မတာလာနေကြောင်း၊ မိဖုရားတွေ ဓမ္မတာလာတဲ့အခါမှာ စိန်ကတ္တီပါစတွေကို အောက်ကခံလေ့ရှိကြောင်း၊ အဲဒီ အသုံးပြုပြီး စိန်ကတ္တီပါစတွေကို ထုပ်ထားတဲ့ အထုပ်တထုပ်ကို စုဖုရားလတ်ရဲ့ အကူတော် တယောက်က စုဖုရားလတ်အမိန့်အရ ကျုံးထဲကို ပစ်ချခဲ့တာ ဖြစ်ကြောင်း… အခုတော့ ဓမ္မတာလာလို့ အောက်ကခံခဲ့တဲ့ အထုပ်ကို ရတနာထုပ် ထင်ပြီး ကျုံးကို ဖော်နေကြတဲ့အတွက်၊ မန္တလေးကျုံးကြီးရဲ့ သဘာဝအလှ ပျက်ဆီးရတော့မယ့် အကြောင်းကို ဆရာဦးကိုယုက ပြောခဲ့ပါတယ်။ တဝိုင်းလုံး ရယ်လိုက်ကြတာ အတောမသတ်အောင်ပါပဲ….။ အခုထိ ဒီအကြောင်းကို တွေးပြီးပြုံးနေရတုန်းပါပဲ။ လွမ်းရတုန်းပါပဲ။

ကိုဂျေ
ဇန် ၁၃၊ ၂ဝ၁၈
ည ၁၀နာရီ ၄၅ မိနစ်

(ဒါကအမြည်းသဘောပါ။ နောက်နေ့မှာ တင်ပေးမယ်။ ဆရာဦးကိုယု အကြောင်းတွေက ပြောစရာတွေ များလွန်းလှတယ်)

Comments