ကျော်ထင် ● လမ်းနံဘေးက ရေအိုးစင်လေး

ကျော်ထင် ● လမ်းနံဘေးက ရေအိုးစင်လေး
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂ဝ၁၈

(တစ်)
ကျနော် ကျင်လည်ခဲ့ရသော ပတ်ဝန်းကျင်တို့တွင် ရေအိုးစင်တော်တော်များများကို လမ်းဘေးဝဲယာတို့၌ တွေ့ခဲ့ဖူးပါသည်။ သို့သော် ဗိုလ်ချုပ်ကြေးရုပ်နှင့် မျက်နှာချင်းဆိုင်၌ရှိသော ရေအိုးစင်လေးတစ်ခုလောက် မှတ်မှတ်ထင်ထင် မရှိလှ။ ယင်းက လည်း အကြောင်းမဲ့သက်သက်တော့မဟုတ်။ အကြောင်းရှိသည်။ ထိုရေအိုးစင်လေးသည် ရေအကျိုး (၁ဝ) ပါး (သို့မဟုတ်) (၇) ပါးကို ရရှိခံစားရရုံ၊ ထာဝရဒါနကို အလိုရှိရုံ၊ ခရီးလမ်းလာ အများသူငါများ သောက်သုံးရရုံ၊ ယတြာကိန်းခန်း အလိုပြည့်ရုံ၊ ဤမျှလောက်သာ မကဘဲ ကျနော်တို့၏ ယဉ်ကျေးမှုအရွေ့ကိုပါ သရုပ်ဖော်ပေးသလို ဖြစ်ခဲ့သည့်အတွက် ထိုရေအိုးစင်လေးကို ကျနော် မမေ့ခြင်းဖြစ်သည်။

ရေအိုးစင်လေးသည် ကျနော်တို့၏ စရိုက်ဝိသေသနှင့် အကျင့်လက္ခဏာအရွေ့တို့ကို performance လုပ်သွားနိုင်ခဲ့ သည်ဟု လည်း ကျနော်ထင်မြင်မိသည်။ စင်စစ် ရေအိုးစင်ဓလေ့သည် ဗမာ့ဓလေ့စစ်စစ်ဖြစ်သကဲ့သို့ ဗုဒ္ဓအာဝါသတွင်းကနေ တိုးထွက် လာသော အပြုအမူနှင့် ဓလေ့အထုံတစ်ခုလည်းဖြစ်သည်။ ယင်းကြောင့်လည်း ရေချမ်းစင်ဓလေ့များတွင် ဓမ္မရနံ့များက ရစ် သီနေပါသည်။ ဒါနရနံ့များက သင်းထုံနေပါ၏။

ကျနော်တို့အားလုံး ရေအကျိုး (၁ဝ) ပါးကိုရရှိလိုကြသည်မှာ မှန်ပါသည်။ ရေလှူအကျိုး (၇) ပါးနှင့် ပြည့်စုံလိုကြသည် ဆို လျင်လည်း မှန်ပါ၏။ ဤသွန်သင်ဆုံးမမှုမျိုးနှင့် ရေအကျိုးကို ရှာဖွေခဲ့ကြသည်ဆိုလျင်လည်း မမှား။ ထို့အတူ ဗုဒ္ဓတရား ကိုယ်ထည်မှနေ၍ပေါက်ဖွားလာသော ကျနော်တို့၏ ရေအလှူသည် စေတနာမှန်နှင့် ပြဋ္ဌာန်းလိုက်သော အလှူတစ်ခုဖြစ်ပါ သည်ဆိုလျင်လည်း မည်သို့မျှ ငြင်းရနိုင်လိမ့်မည်မဟုတ်ပေ။

ပြောရမည်ဆိုလျင် ရေအိုးစင်တည်ခြင်းသည် ထာဝရဒါန (၆) ပါးထဲ၌ ပါဝင်နေပါ၏။ ယင်းကို ငယ်ငယ်ကတည်းပင် လေ့ ကျက်ခဲ့ဖူးသည်။ အရိပ်အာဝါသကိုပေးသော သစ်ပင်များကိုစိုက်ခြင်း၊ အများသူငါ သုံးဆောင်နိုင်ရန်အတွက် သီးပင်စားပင်၊စိတ်ကြည်နူးအပန်းဖြေစရာအတွက် ပန်းအလှပင်များကို စိုက်ခြင်း၊ အများသူငါ သောက်သုံးရန်အတွက် ရေအိုးစင်တည်ခြင်း၊ အများသူငါသုံးရန် ရေတွင်းတူးခြင်း၊ တံတားတည်ဆောက်ပေးခြင်း၊ ကျောင်းတည်ဆောက် ပေးခြင်းများသည် ထာဝရဒါန များ ဖြစ်၏။ ထိုဒါနများကိုပြုကျင့်ခဲ့လျင် သေလွန်သည်၏ အခြားမဲ့၌ နတ်ပြည်ခြောက်ထပ်၌သာ ကျင်လည်ရမည်ဟု ဆို သည်။

ရေလှူလျင် အကျိုး (၁ဝ)ပါး ရသည်လည်း ရှိ၏။ အကျိုး (၇) ပါးရသည်လည်း ကြားဖူး၏။ အကျိုး (၁ဝ) ပါးဆိုလျင် ကျနော်တို့ အသိများကြသည်။ ကျန်းမာတာ၊ ချမ်းသာတာ၊ ကျော်ဇောတာ၊ စင်ကြယ်တာ၊ ဆာလောင်မှုကင်းတာ၊ အခြွေအရံများတာ၊ အသက်ရှည်တာ၊ အဆင်းလှတာ၊ ခွန်အားကြီးတာ၊ ပညာရှိတာများသည် ရေလှူသောကြောင့် ရမည့်အကျိုး (၁ဝ)ပါးတည်း။

ရေလှူအကျိုး (၇) ပါးကို ကြားဖူးနားဝ နည်းကြသော်လည်း ရှေးက ထိုအယူကို ယူခဲ့ကြသောသူများလည်း နည်းမည်မထင်ပေ။ ရေရှားမှုကင်းတာ၊ ပူလောင်မှုကင်းတာ၊ ကိလေသာကြေး ကင်းတာ၊ စိတ်သန့်ရှင်းတာ၊ အဆင်းတင့်တယ်တာ၊ ကိုယ်သင်းရနံ့ ရှိတာ၊ မိုးရွာစေတာများကား ရေအကျိုး (၇) ပါးဟု ဆို၏။ မည်သို့ပင်ဆိုစေ ရေလှူလျှင် မတောင်းဘဲပြည့်သည်ဟူသော အခြေခံအသိတချက်ကလည်း ကျနော်တို့အလှူတွင် အဓိကနေရာမှ ပါဝင်နေပါလိမ့်မည်။

ထိုသို့မှ မဟုတ်လျင်လည်း တခါတရံ၊ အချို့လူတို့သည် ကံဆိုးကံညံ့များ ကင်းပပျောက်ပြယ်စေရန်အတွက် အိမ်ရှေ့၌ဖြစ် စေ၊ အများသူငါသွားလာသည့်နေရာ၌ဖြစ်စေ ရေအိုးစင်ကို တည်ထားလေ့ရှိကြသည်။ ယင်းသို့လုပ်ထားလျင် ကိုယ့်အိုးကိုယ့်အိမ်သို့ကျရောက်လာမည့် ဘေးဥပါဒ်အန္တရာယ်တို့မှ ရှောင်ကွင်းနိုင်သည်ဟု ယူဆကြပြန်သည်။အထူးသဖြင့် လမ်းဦး တိုက်အိမ်များ၊ လမ်းကို ခြေကန်မိနေသော အိမ်များနှင့် လမ်းဆုံလမ်းခွများရှိအိမ်များတွင် ရေအိုးစင်တစ်စင်ကို တည် ဆောက်ပြီး ကုသိုလ်ပြုထားလျင် အဆိုးများနှင့်ပတ်သက်ရမှုမှနေ၍ ရှောင်ကွင်းနိုင်လိမ့်မည်ဟု ယုံမှတ်ထားကြသည်။

(နှစ်)
ယင်းသို့သော အခြေခံတရားတစ်ခုခုကို အခြေခံထားသည့် သောက်ရေအိုးစင်လေးများသည် ကျနော်တို့၏ပတ်ဝန်းကျင်၌် နေရာအနှံ့ရှိနေတတ်ပါသည်။ ယနေ့ထက်တိုင် ကျနော် မက်မက်စက်စက်သတိရနေသေး သည့် ရေအိုးစင်လေးဆိုလျင်လည်း ထိုယုံကြည်မှုများအတွင်းမှ ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ပြောနိုင်သည်။ သို့သော် ထိုအခြေခံတရားများထဲမှ မည်သည့် အခြေခံတရာများလဲဆိုသည်ကိုမူ ကံသေကံမ ပြောမပြနိုင်ပြန်။

သေချာသည်မှာ ရေအိုးစင်လေးသည် လမ်းဆုံလမ်းခွ၌ရှိသော အိမ်တစ်အိမ်၏ရှေ့၌ တည်ဆောက်ထားသော ခိုင်မာတောင့် တင်းသည့် သစ်သားလေးစင်တိုင် ရေအိုးစင်လေးတစ်ခု ဖြစ်နေခြင်းပင်။ ပင်စင်စားဆရာကြီးနှင့် ဆရာမကြီးတို့ နေ့စဉ် ဝတ်ပြုရာ လေးလည်းဖြစ်သည်။ ထို့ကြောင့်လည်း သစ်သားတိုင်စင်လေးချောင်းနှင့် သေချာကျနစွာ တည်ဆောက်ထားသော စင်လေးထဲမှ ရေအိုးလေးသည် အမြဲတမ်းရေပြည့်လျက်ရှိ၏။

သောက်ရေအိုးအပေါ်မှနေ ထပ်ဖုံးထားသော ဝါးနှီးအဖုံးကအစ၊ သောက်ရေအိုးဖုံးအလယ်၊ သောက်ရေခွက်တွေ အဆုံး သည်လည်း မြင်လိုက်သည်နှင့် သောက်ချင်စဖွယ်ဖြစ်နေအောင် သန့်ရှင်းနေ၏။ ဆရာကြီးနှင့် ဆရာမကြီးတို့၏ အရိပ်တ ကြည့်ကြည့်အောက်မှ ရေအိုးစင်လေးသည် အမြဲတမ်း သန့်ရှင်းလတ်ဆတ်၍နေပါသည်။ သူတို့နှစ်ဦးတည်းက တစ်ဦးမဟုတ် တစ်ဦးသည် ရေအိုးစင်လေးနှင့်လမ်းသွားလမ်းလာများကို အိမ်ပြတင်းဝမှနေ၍ ငေးငေးဝေဝေ ကြည့်ကြည့်နေတတ်သည်။တစ်ခါတစ်ရံမှာတော့ မောင်နှံစုံပင် ကြည့်နေတတ်သည်။ မကြာခဏလည်း အောက်သို့ဆင်းလာပြီး သောက်ရေအိုးလေးကို ဆေးကြောသန့်ရှင်းတတ်၏။ ရေလိုနေလျင်လည်း ရေထပ်ဖြည့်ပေးတတ်ကြသည်။

သူတို့ငေးဝေကြည့်နေတုန်း ရေသောက်သူ၊ ရေသုံးသူတို့ကိုများတွေ့ရလျင် ပုဗ္ဗ၊ မုဉ္စ၊ ပရ၊ စေတနာသုံးတန်၏ ပြဋ္ဌာန်းမှုဖြင့် သူတို့မျက်နှာပြင်၌ အပြုံးပန်းများ ဝေဆာလေ၏။ စေတနာနှင့် သဒ္ဓါအပေါ်၌ ဆရာကြီးနှင့်ဆရာမကြီးတို့သည် ဘာဝနာပွား ယူကြသည်ထင်၏။ မုဒိတာဖြစ်နေကြသည် မြင်၏။ ယင်းသည် သူတို့မျက်နှာပြင်၌ ပေါ်လွင်နေ၏။ သောက်ရေအိုးစင်လေးကို တည်ပြီး ပြီးရောဟု ပစ်မထား။ ဂရုထားစောင့်ရှောက်ရင်း ဗမာ့စိတ်ရင်းစေတနာတံခွန်ကို တလူလူလွှင့်ထူထားကြပြန်သည်။
 
ထိုသောက်ရေအိုးစင်လေးကို ကျနော်တို့လမ်းတစ်ဖက်ခြမ်း ကင်းတဲကနေ တွေ့ မြင်ရတိုင်း ဆရာကြီးတို့၏ စေတနာနှင့်အတူ ဗမာလူမျိုးတို့၏ ယုံကြည်သက်ဝင်မှုကိုပါ ဦးညွတ်ရိုသေမိပြန်၏။ ကျနော်တို့ထံ ယင်းယုံကြည်ချက်များ၊ ထိုအမူအကျင့်များ၊ထိုစေတနာများနှင့် သဒ္ဓါတရားများကို တည်ဆောက်ပေးခဲ့ကြသော ရှေးဦး ဘိုးဘေးဘီဘင်ကြီးတို့ကိုလည်း ကျေးဇူးတင်မိ ပြန်ပါသည်။

ထမင်းအသက် (၇) ရက်၊ ရေအသက် တစ်မနက်ဆိုသည်ကို ကြားဖူး၏။ သို့သော်လည်း ဘာလဲဆိုတာကိုတော့ ကျကျနန မစဉ်းစားမိခဲ့။ ဤစကားအရ ထမင်းသည် အာဟာရ ဖြည့်တင်းမှုများခြင်းကြောင့် တစ်ခါစားထားလျင် (၇) ရက်လောက် မစားဘဲလည်း နေနိုင်၏။ရေသည်ကား ထမင်းလောက် အာဟာရ မဖြည့် တင်းနိုင်ပြန်။ ရေတစ်ခါသောက်သည် တစ်မနက်ပဲ ခံနိုင်ရည် ရှိ၏။ ထို့ကြောင့် ရေသည် လူ့ပတ်ဝန်းကျင်၌ အမြဲတမ်းလိုအပ်နေသည့် လိုအပ်ချက်တစ်ခု ဖြစ်နေခဲ့သည်။ ထိုလို အပ်ချက်ကို ကျနော်တို့၏ ရေအိုးစင်ယဉ်ကျေးမှုက ဖြည့်တင်းပေးထားနိုင်ခဲ့သည်။ ကျနော်တို့၏သဒ္ဓါတရားက ထောက်ပံ့ထား နိုင်ခဲ့သည်။ ကျနော်တို့၏ ဗမာ့စေတနာက ပံ့ပိုးထားနိုင်ခဲ့သည်။ ကျနော် ထိုအတိုင်းပဲ နားလည်ခံစားမိလိုက်၏။

(သုံး)
သို့သော် ကျနော် ကြည်နူးပီတိ ဂွမ်းဆီထိခဲ့ရသော သောက်ရေအိုးစင်လေးသည် ယခုတော့ မရှိတော့ပါ။ တခြားသော နေရာ က သောက်ရေအိုးစင်တို့၏ အခြေအနေအရပ်ရပ်ကို မသိရသော်လည်း ကျနော့်မျက်စေ့အောက်မှ သောက်ရေအိုးစင်လေး၏ ဇာတ်ကွက်ကား မလှပခဲ့။ ဇာတ်နာလှသည်ဟုတောင် ပြောရမလိုပင်။ ထိုအတွက် ပုဗ္ဗ၊ မုဉ္စ၊ ပရ စေတနာကို နှလုံးသွင်းနေသော ဆရာကြီးတို့အတွက်ကော ကျနော်တို့လူမျိုးများ၏ လက္ခဏာရေးအပြောင်းအလဲအတွက်ကောပါ စိတ်မကောင်းဖြစ်မိ၏။

စင်စစ် လမ်းဘေးရေအိုးစင်တည်ခြင်းသည် ထာဝရဒါနထဲတွင်ပါ၏။ သို့သော်ငြား ဆရာကြီးတို့၏ ရေအိုးစင်လေးကတော့ ထာဝရဒါနကနေ တဒင်္ဂဒါနဆီသို့ ကူးပြောင်းပျောက်ကွယ်သွားလေပြီ။ ထိုပျောက်ကွယ်ပုံက ဖြတ်ခနဲတော့မဟုတ်။ တဖြည်း ဖြည်း တနှေးနှေးနှင့် တခန်းချင်း လဲကျသရုပ်ဆောင်သွားခဲ့သည်။

ပထမဦးဆုံး သောက်ရေအိုးစင်လေး၏ အပြောင်းအလဲသည် သံထည်ကို ကြွေရည်သုပ်ထားသော သံပန်းကန်အဖုံးနှင့် ဖုံးရာကနေ၊ မဖုံးတော့ခြင်းက စတင်ခဲ့၏။ အလီဗာဗာနှင့် ခိုးသားလေးဆယ်တို့၏ဒဏ်ကို ခဏ ခဏ ခံနေရသည်ကို မခံနိုင် တော့သည့်အဆုံး ဝါးနှီးအဖုံးပဲ ဖုံးတော့သည်။ဘယ်သူဘယ်ဝါများဟု နာမည်မတပ်နိုင်သည့်သူတွေက သောက်ရေအိုးဖုံးနှင့် ရေခွက်တို့ကို ယူဆောင်သွားကြသည်။ယူသွားတိုင်း အသစ်ဝယ်ထည့်ရ၏။ ယူဆောင်ပါများလာသောအခါ သောက်ရေအိုးကို နှီးဝါးဖုံးဖြင့်သာ ဖုံးကြတော့သည်။ သောက်ရေခွက် ကိုင်းကိုပါ သံကြိုးတတ် သော့ခတ်လာရတော့သည်။ သဒ္ဓါတရားသည် သောက်ရေအိုးစင်လေးပေါ်မှာ သွေးမြေကျခဲ့ရပြီဟု ဆိုနိုင်မည်လား။ သံကြိုးတန်းလန်းနှင့် သောက်ရေခွက်လေးကို မြင်နေရ သည်မှာ အဘယ်မျှလောက် ဝမ်းနည်းစရာကောင်းလိုက်ပါသနည်း။ ယူကျုံးမရမှုတို့ မွှန်ထူသွားရသည်။

အယုတ်အလတ်အမြတ်မရွေး သောက်သုံးရန်ထားထားသော လမ်းဘေးသောက်ရေအိုးစင်လေးက သောက် ရေခွက်လေး သည် ခဏခဏ ခိုးယူခြင်း၏ဒဏ်ကိုမခံနိုင်တော့၍ သံကြိုးတန်းလန်းနဲ့ ခြေချုပ် ချုပ်ထားခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။ ထိုကြားထဲ တန်ဆောင်တိုင်ပျော်ပါးမှု၏ဒဏ်ကိုလည်း တစ်နှစ်တခါဆိုသလို ပုံမှန်ခံရသေးသည်။ အပျော်ကြူးလူငယ်တို့က ရေအိုးစင်လေးကိုယူသွားကာ အဝေးတစ်နေရာရာတွင် ချထားခဲ့ကြသည်။ ပြန်ရှာလို့ရသည့်အခါလည်း ရှိ၏။ ပြန်ရိုက် ရ သောအခါလည်း ရှိ၏။

နောက်ဆုံး အဆုံးသတ်အဖြစ် သောက်ရေအိုးစင်လေးကို ဖျက်ဆီးလိုက်သူမှာ သေသောက်ကြူးသမား မောင်ဝင်းလို့ပဲ ပြောရမည်ဖြစ်သည်။ အရက်ဆိုသည့်အရည်က ဝင်ပြီ၊ မူးပြီဆိုလျင် လူကြီးလူကောင်းဆန်ဖို့ထက် မလုပ်ဝံ့တာကို လုပ်ဝံ့လာ ၏။ မပြောရဲတာကို ပြောထွက်လာ၏။ မတွေးသင့်တာကို တွေးကြံတတ်လာ၏။ ထို့ကြောင့်လည်း အရက်ဝင်လျင် ငိုချင် သူဆိုလျင်လည်း မရှက်တတ်တော့ဘဲ ငိုချတတ်သည်။ စိန်ခေါ်သူက မထိန်းတော့ဘဲ စိန်ခေါ်ကြသည်။ မပြောသင့်သော စကားလည်း မဆင်ခြင်တော့ဘဲ ပြောပစ်တတ်သည်။ စကားတွေ ဖောင်ဖွဲ့သူက ဖောင်ဖွဲ့သည်။ သူဌေးကြီးစတိုင်ဖမ်းသူ ကလည်း အိမ်ဖို့တော့ ပါမသွား၊ အရက်ဝိုင်းမှာကျတော့ သဒ္ဓါပိုကြသည်။

မောင်ဝင်းသည်လည်း ထိုသို့သော သေသောက်သမားပင်ဖြစ်သည်။ ပညာနည်း၏။ စကားနည်း၏။ ဝင်ငွေနည်း၏။ သို့သော် အလောင်းအစားနှင့် အသောက်အစားတွေဘက်တွင်တော့ မနည်းဟု ပြောရပေမည်။ သူ့မိသားစုစားဝတ်နေရေးကို ရေခဲ ချောင်းရောင်းရင်း ဖြေရှင်းနေရသော်လည်း ဖဲဝိုင်းတွေ့လျင် ဖဲဝင်ရိုက်သည်။ နှလုံး၊ သုံးလုံးဒိုင်ကို ရှာထိုးသည်။ ဘောလုံးပွဲ ဆိုလျင်လည်း လောင်းလိုက်သေးသည်။ ထို့အတွက် ရေခဲချောင်း ရောင်းရငွေနှင့် မလုံလောက်။

မလောက်သောအခါ အများသူငါက အသက်ဇီဝိတဒါနပြု၍ လွှတ်ထားသောငါးများကို ဖမ်းယူရောင်းစား တတ်သည်။ ငါးတစ်ကောင်ရရုံနှင့် မောင်ဝင်းအတွက် ဖူလုံသည်။ ငါးတွေက အကြီးကြီး။ ငါးရောင်းရငွေနှင့်  အရက်သောက်၊ နှစ်လုံး၊ သုံး လုံးထိုး၊ တခြားအလောင်းအစားတွေ့လျင်လည်း  အလောင်းအစား လုပ်လိုက်သေးသည်။ ပြောရလျင် မောင်ဝင်း၏စရိုက် သည် ယနေ့ခေတ် လူ့အဖွဲ့ တစ်အုံလုံးကို လွှမ်းခြုံနေသော ဒုစရိုက်လက္ခဏာပင်ဖြစ်၏။

ထိုဒုစရိုက်တို့ကို မူးသည့်အခါတိုင်း အကုန်လုပ်၏။ မမူးလျင် အနေအေးသရောင်ရောင်ထင်ရသော်လည်း မူးသောအခါ ဇာတိရုပ်က ပေါ်လာသည်။ ဖုံးမနိုင်၊ ဖိမနိုင်ပင်။ တစ်ခါတစ်ခါ ကန်ထဲကမိလာသောလိပ်ကို ငါးမြှားချိတ်တန်းလန်းကြီးနှင့် ဆွဲယူလာကာ အရက်ဆိုင်ရောက်မှ လိပ်ပါးစပ်ထဲက ငါးမြှားကြိုးကို စောင့်ဆွဲ ဖြုတ်တတ်၏။ လိပ်ခံတွင်းထဲက အသားစများက ငါးမြားချိတ်တွင် သွေးသံတရဲရဲနှင့် ကပ်ငြိလျက်။

မောင်ဝင်းတွင် ထိုသို့ရက်ရက်စက်စက် ပြုမူတတ်သည့် အပြုအမူများသာ ရှိသည်မဟုတ်။ ယုတ်မာသော အမူအကျင့်လည်း ရှိသေးသည်။ ဆရာကြီးတို့သောက်ရေအိုးစင်လေး ကွယ်ဆိတ်သွားရသည့် မှတ်တမ်းတွင် သူ့ယုတ်မာမှုသည် နောက်ဆုံး ဟု ပြောလျင်ရ၏။ အရက်မူးနေသောမောင်ဝင်းသည် သောက်ရေအိုးစင်ကို သေးနှင့်ပန်းပစ်သည်။ သောက်ရေအိုးစင်၏ သစ်သားတိုင်စင်တွေသာမက ရေအိုး၊ ရေခွက်နှင့် ဝါးနှီးဖုံးတွေပါ သေးများပေရေကုန်သည်။ ယင်းအဖြစ်အပျက်ကို ထိုနေ့ ကမြင်တွေ့သူတိုင်းထဲကလည်း တစ်ဦးတစ်ယောက်ကမှ ထွက်၍ မဟန့်တားကြ။ မောင်ဝင်းပေးမည့် နောက်ဆက်တွဲရန်ကို ကြောက်၍လည်း ဖြစ်နိုင်သည်။ သို့မဟုတ် လူ့အဖွဲ့အစည်းကိုယ်၌က ဘာသိဘာသာနေတတ်ကြကုန်သော ဓလေ့စရိုက် သစ်ကြောင့်လည်း ဖြစ်နိုင်ပါသည်။

စင်စစ် ထာဝရဒါနလေး တဒင်္ဂဖြစ်သွားရတာ၊ ဗမာ့ဓလေ့လေးတစ်ခု လူရှေ့သူရှေ့ကနေ ကွယ်ပျောက်သွားရတာ၊ သဒ္ဓါ တရားသည် လူမြင်ကွင်းကနေ ဖယ်ထွက်သွားရတာ၊ ယင်းတို့ကို ကျနော်တို့လူမျိုးများ၏ အမျိုးသားလက္ခဏာ ပြောင်းလဲသွား မှုဟူ၍တောင် ဆိုနိုင်ပါသည်။ ယင်းကို စရိုက်ကောင်းများက စရိုက်ဆိုးများကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟုလည်း ကျနော်တွေး မြင်မိသည်။ ကြီးကြီးကျယ်ကျယ်ထပ်ပြောရရင် ဓမ္မသည် အဓမ္မအောက်သို့ ခေါင်းလျှိုဝင်သွားခြင်းဟုတောင် ထင်နေမိသည်။ တကယ်တော့ မောင်ဝင်း၏စရိုက်သည် အမှိုက်စလေးတစ်စပင်ဖြစ်၏။ သို့သော် ပြာသာဒ်ကြီးတစ်လုံးကိုလည်း မီးလောင်စေ နိုင်သည်ဟု သိထားရပေလိမ့်မည်။

မောင်ဝင်း၏လုပ်ရပ်ကို သိသွားသော ဆရာကြီးတို့လင်မယားသည် မျက်ရည်ကျကြ၏။ လုပ်ရက်လေခြင်းဟု ယူကျုံးမရ ဖြစ် ကြ၏။စေတနာနှင့် မတန်ဘူးဟူ၍ တွေးဖြစ်သွားတာလည်းပါမည်။ ထိုနေ့၏ နောက်တစ်နေ့ သည်စင်ပေါ်က ရေအိုးကို နန်း ချလိုက်ကြသည့် နေ့တစ်နေ့ဖြစ်သည်။ အညစ်အကြေးများ ပေကျံသွားသည့်သောက်ရေအိုးကို လူတွေ ဘုမသိဘမသိ သုံးမိ မှာကို မလိုလားသည့်အတွက် တစစီခွဲစိတ်ပစ်လိုက်ကြသည်။ ယင်းသည် ကျနော်သတိရနေသေးသည့် ရေအိုးစင်လေး၏ နောက်ဆုံးအန္တိမဈာပနပင်ဖြစ်သည်။

ထို့နောက်ပိုင်းများတွင် သောက်ရေအိုးစင်လေးပေါ်၌ သောက်စရာရေအိုးမတွေ့ရတော့။ ရေအိုးဟောက်ပက်ဘဝနှင့် အထီး ကျန်နေသွားရသည်။ မည်သူကမှလည်း သောက်ရေတစ်အိုး လာမထားကြတော့ပါ။ အနီးအနားတွင် ကွမ်းယာဆိုင်လေး များသာ တစ်ဆိုင်ပြီးတစ်ဆိုင် အစီအရီပေါ်လာသည်။ မည်သူကမှတော့ ရေအိုးစင်ဓလေ့ကို မျက်နှာမမူကြတော့။ ထို့ ထက်ပို၍ အခရာကျသည်က လမ်းသွားလမ်းလာများထဲမှ လမ်းဘေးရေအိုးစင်ရေကိုသောက်သုံးရန် မည်သို့သော လူများက လက်လှမ်းသနည်းဆိုသော မေးခွန်းပင်ဖြစ်သည်။

တကယ်တော့ လမ်းဘေးသောက်ရေအိုးစင်မှရေကို ခပ်သောက်မည့်လူတန်းစားသည်လည်း လျော့နည်းသွားပြီ ထင်ပါ သည်။ လူတန်းစားအသီးသီးသည် နေရာတကာတွင် နေရာတကာမှ အလွယ်ဝယ်ယူ၍ရသော သောက်ရေသန့်ဘူးကိုသာ ဝယ်သောက်ကြတာ အတွေ့ရများပါသည်။ ကျန်းမာရေးအသိ ရှိသွား၍ပဲလားတော့ မပြောတတ်။ ကျနော်တို့၏ကျန်းမာရေး အသိများသည် ရေချမ်းစင်ပေါ်က ရေကို သောက်သုံးရန် ခွင့်မပြုကြတော့။ အထူးသဖြင့် ရေအိုးစင်ဓလေ့သည် မြို့ပြရပ်ဝန်း၌ စားသုံးသူကင်းမဲ့သလောက် လျော့နည်းသွားလေပြီ။

(လေး)
ယင်းကို ကျနော်တို့ဘယ်လိုပြန်ရနိုင်မည်နည်း။ တွေးကြည့်လျင် ဆုံးရှုံးသွားသော ယဉ်ကျေးမှုတိုင်းကို ကျနော်တို့ ဘယ်သော အခါကမှ အဖတ်မဆယ်နိုင်ခဲ့ကြပါ။ သျှောင်တွေဖျောက်လို့ ဘိုကေတွေရောက်လာတာ။ သိုရင်တွေချွတ်လို့ စတစ်တွေ ဝတ် လာတာ။ ဖတ်စရာတွေပြယ်လို့  ပွတ်စရာတွေ တိုးလာတာ၊ ပြောရလျင် အများကြီးပင်။ ထိုအများကြီးတိုင်းကို ကျနော်တို့မည် သို့ကာကွယ်မည်နည်း။

ယဉ်ကျေးမှုသစ်တိုင်း၏ရှေ့တွင် ယဉ်ကျေးမှုဟောင်းတိုင်း ဒူးထောက်ခဲ့ရတာချည်းပင်ဖြစ်နေသည်။ သို့ဆိုလျင် ဗမာဆိုတာ ဘယ်မှာနည်း။ ကျနော်တို့ကိုယ်ပိုင်ဟာကကော ဘယ်ဟာပါနည်း။ သောက်ရေအိုးစင်လေးကဲ့သို့ပင် ကျနော်တို့၏ယဉ်ကျေးမှု၊ကျနော်တို့၏ကျင့်သုံးမှု၊ ကျနော်တို့၏ ယုံကြည်မှုများ လိုက်ပါပျောက်ကွယ်တော့မည်လား။ ပျောက်လည်း ပျောက်ကွယ် နေပါပြီ။ ယင်းကို ရေအိုးစင်လေးအားသတိရရင်း စဉ်းစားနေမိသည်။       

ကျော်ထင်

Comments