ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၃)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၃)
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈

တိဗက်လူမျိုးများ အိန္ဒိယတိုင်းပြည်တွင် လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း အထက် မှာ ဆိုခဲ့ပြီ။ တိဗက်လူမျိုးများအပေါ် အိန္ဒိယရဲ့ကျေးဇူးတရားက ထုထည်ကြီးမား လွန်းလှသည်။ ဘာသာယုံကြည်မှုအရပဲဖြစ်ဖြစ်၊ လူမှုရေး အရပဲဖြစ်ဖြစ်၊ နိုင်ငံရေး အရပဲဖြစ်ဖြစ် တိဗက်တို့အပေါ် တင်းကြပ်ပိတ်ပင်ထားတာမျိုးတွေ သိပ်မတွေ့ရ။ လွတ်လပ်စွာ သွားလာခွင့်ရှိသလို လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေရှိသည်။ ဘာသာရေးအခမ်းအနားများ၊ ရိုးရာယဉ်းကျေးမှုပွဲများ လွတ်လပ်စွာ ကျင်းပပြု လုပ်ခွင့်ရကြသည်။ တိုင်းပြည်အတွင်း အချုပ်အနှောင်ကင်းစွာ သွားလာခွင့်ရှိခြင်းနှင့် လွတ်လပ်စွာ ပညာသင်ခွင့်ရရှိနေခြင်း၊ တိဗက်ရိုးရာပွဲတော်များ ကျင်းပခွင့်ရရှိနေခြင်းဆိုတဲ့ အခွင့်အရေးဟာ ဧည့်နိုင်ငံသားတစ်ယောက်အတွက် နည်းတဲ့အခွင့် အရေးမှ မဟုတ်တာ။

အိန္ဒိယတွင် တိဗက်လူမျိုးတို့ အများဆုံးနေထိုင်နေသည့်နေရာငါးခုရှိပါသည်။ အများစု ကတော့ စိုက်ပျိုးရေး လုပ်ကြသေးသည်။ သူတို့ရဲ့လူနေမှုပုံစံကလည်း ရိုးရှင်းလွန်းလှ သည်။ တိဗက်ပြည်မှာ နေထိုင်တဲ့ပုံစံအတိုင်း ရောက်ရာအရပ်မှာ သူတို့ဘ၀ကို အရိုးရှင်းဆုံး တည်ဆောက်ထားကြသည်။ "ကျနော်တို့ ဒီမှာနေလာတာ ဆယ်နှစ် ရှိသွားပြီလေ။ တိဗက်ပြည်မှာ နေထိုင်တဲ့အတိုင်း ဒီမှာလည်း အဲလိုပဲနေတယ်။ ဘာမှသိပ်မထူးပါဘူး။ မနက်စောစောထတယ်။ ဘုရားရှိခိုးတယ်။ နွားနို့ညစ်တယ်။ ပြီးရင် မနက်စာစားပြီး ယာခင်းထဲဆင်းတယ်။ တိဗက်အ၀တ်အစားကိုပဲ ၀တ်တာပေါ့။ စားတော့လည်း တိဗက်စာ ဆမ်ပါစားပြီး တိဗက်လဘက်ရည် သောက်တယ်။ ဗျာ။ တိဗက်နဲ့ဘာကွာလဲဆိုတော့ ဒီမှာတော့ ဆန်လေးဘာလေး ပေါပေါသီသီ စားရတာပေါ့။ အိန္ဒိယလူမျိုးတွေကလည်း ကျနော်တို့အပေါ် အများကြီးကောင်းပါတယ်။ အများကြီး လည်း ကူညီကြတယ်။ ကျနော်တို့ နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်တွေကိုလည်း သူတို့ဆီကပဲ ၀ယ်ကြတာဆိုတော့ အဆင်ပြေပါတယ်။ ဒီလိုပဲပေါ့ဗျာ။ ကျနော်တို့ကို အခုလိုနေထိုင်ခွင့်ပေးနေတာကို နေ့တိုင်းကျေးဇူးတင်နေရတယ်။ သူများအိမ်မှာ လာနေရတာဆိုတော့ အိမ်ရှင်မျက်နှာကိုကြည့် ရတာမျိုးတော့ ရှိမှာပေါ့ဗျာ"ဟု ဘေလာကုပမှာ နေထိုင်နေသည့် တိဗက်အမျိုးသားကြီး တမ်ပစမ်ခါက သူတို့ ရဲ့နေ့စဉ်ဘ၀အကြောင်းကို အသေးစိပ်ရှင်းပြပါသည်။

စိုက်ပျိုးရေးကို အဓိကအားထားနေရသူတို့အဖို့ ရာသီဥတုကောင်းခြင်း မကောင်ြး ခင်းကလည်း အခရာကျနေပြန်ပါတော့သည်။ တစ်ချို့နှစ်တွေမှာ မိုးခေါင်ရေရှား တာမျိုးတွေလည်း ကြုံရတတ်သည်။ စိုက်ပျိုးရေးအတွက် ရေရဖို့ ခက်ခဲသည်။ သည်လိုနှစ်မျိုးမှာတော့ ၀မ်းစာအတွက် စိတ်ပူရတတ်သည်။ ကိုးနာရီလောက် သွားရသည့် အူးတည်ဆိုသော တောင်ခြေမြို့ကလေးသို့ နေ့ချင်းပြန်သွား၍ ဆွယ်တာအင်္ကျီ ရောင်းနေကြသူများလည်းရှိသည်ဟု သိရသည်။ နို့နှင့်နို့ထွက် ပစ္စည်း အရောင်းဆိုင်တွေမှာ အလုပ်လုပ်နေကြသောတိဗက်တွေလည်း အများအပြာပင် ရှိသည်။ လယ်ထွန်စက်အငှားလိုက်သူ၊ သတ္ထုပစ္စည်းစက်ရုံနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်နေကြသည့် တိဗက်လူမျိုးများလည်း ရှိပါသည်။ တိဗက်တွေဖွင့်ထားသည့် လက်မှုပစ္စည်း အရောင်းဆိုင်ကလေးများနှင့် စားသောက် ဆိုင်၊ လဘက်ရည်ဆိုင်၊ ကော်ဖီဆိုင်ကလေးများလည်း ရှိသည်။ နည်းနည်းပါးပါး ငွေကြေးပိုပြည့်စုံသည့် တိဗက်တွေကျတော့ ဟိုတယ်အသေးစားကလေးတွေ ဖွင့်သည်။ တည်းခိုးခန်းကလေးတွေ၊ စားသောက်ဆိုင်ကလေးတွေနှင့် တိဗက်လက်မှု ပစ္စည်းအရောင်းဆိုင် ကလေးတွေလည်း ဖွင့်ထားသည်။ နယူးဒေလီမြို့ရှိ တိဗက်တန် ဈေးရှိရာအရပ်တွင် တိဗက်လူမျိုး အများအပြားနေ ထိုင်ကြပြီး တိဗက်ရပ်ကွက်ဟု ပင် တင်စားခေါ်ကြသည်။ ထိုတိဗက်ရပ်ကွက်တွင် တိဗက်လူမျိုးများပိုင်သော ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ တည်းခိုခန်းတွေရှိသည်။ နီပေါနှင့် အိန္ဒိယနိုင်ငံရှိ ကော်ဇော စက်ရုံများတွင် အလုပ်လုပ်နေကြသော တိဗက်လူမျိုးတွေ ထောင်နှင့်သောင်းနှင့်ချီပြီးရှိ သည်ဟုဆိုပါသည်။

တိဗက်လူမျိုးများသည် ကြင်နာနူးညံ့ပြီး ညင်သာသိမ်မွေ့သူများဖြစ်သည်။ အမြဲတမ်း လိုလို ပြုံးရွှင်နေတတ်သည့် သူတို့၏မျက်နှာလေးတွေက ချစ်ခင်နှစ်လိုဘွယ် ကောင်းနေပြန်ပါသေးတော့သည်။ တိဗက်လူမှု အဖွဲ့အစည်းတွင် တစ်ဦးနှင့်တစ်ဦး ဒေါသတကြီး ခိုက်ရန်ဖြစ်တာမျိုး သိပ်မတွေ့ရ။ လမ်းလျှောက်ရင်း အင်းဆက် ပိုးကောင်ကလေးများကို လမ်းပေါ်မှာတွေ့လျှင် လက်နဲ့ကုန်းကောက်ပြီး ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးသွားတတ်ကြသည်။ "ကိုယ်ကမြင်လို့ တက်မနင်းဘူးဆိုရင်တောင် ကိုယ်လိုမမြင်တဲ့သူတွေ တက်နင်းမိသွားရင် သေသွားနိုင်တယ်လေ။ဒါကြောင့် ကောက်ပြီးလွှတ်ပေးလိုက်တာ"ဟု ပြောတတ်သည်။

အရွယ်ရင့်ပြီးသား တိဗက်လူမျိုးတို့လက်ထဲတွင် အမြဲတွေ့မြင်ရလေ့ရှိသည့် ပစ္စည်း တစ်ခုမှာ တိဗက်စိပ်ပုတီးပင်ဖြစ်သည်။ တိဗက်စိပ်ပုတီးသည် မြန်မာ စိပ်ပုတီးလို ကြိုးဖြင့်သီကုံးထားသည့် စိပ်ပုတီးရှိသလို လက်ဖြင့်ဝှေ့ရမ်းပြီး စိပ်ရသည့် အ၀ိုင်းကွင်း စိပ်ပုတီးလည်းရှိသည်။ တိဗက်လူမျိုးများသည် ပုတီးစိပ်တာကို အထုံကြီးသူ များဖြစ်သည်။ ကားစီးရင်းလည်း ပုတီးစိပ်သည်။ လမ်းသွားရင်းလည်း ပုတီးစိပ်သည်။ ကလေးထိန်းရင်းလည်း ပုတီးစိပ်နေတတ်သည်။ တစ်ခါတရံ စကားပြောရင်းပင် တိဗက်စိပ်ပုတီးကြီးကို တဂွီဂွီ၊ တဂျောက်ဂျောက် စိပ်နေတတ်သည်ဖြစ်ရာ "နေစမ်းပါဦး၊ ခင်များစိပ်ပုတီးကြီးကို ခဏရပ်ထားပြီး ဒီကပြောနေတာကိုလည်း နားထောင်စမ်း ပါဦးဗျာ" ဟုပင်ပြောလိုက်ရသေးတော့သည်။ ထိုအခိုက်တွင် ကြည်ခင်ဝင်းပပြီး ဟန်ဆောင်မှုကင်းသည့် သူတို့ မျက်နှာကလေးတွေကို တွေ့မြင်ရတတ်သေးသည်။

ဓရံဆာလာသည် တိဗက်လူမျိုးများ အများစုနေထိုင်ရာဒေသတစ်ခုဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားများ အများအပြား လာရောက်လည်ပတ်လေ့ရှိ သည့်နေရာတစ်ခုလည်း ဖြစ်သည်။ ဘုန်းတော်ကြီးဒလိုင်းလားမား အခြေချနေထိုင်ရာဒေသဖြစ်သောကြောင့် ဓရံဆာလာသို့ နိုင်ငံခြားသားများ အဓိကလာရောက်လည်ပတ်နေကြခြင်း လည်း ဖြစ်သည်။

ဓရံဆာလာတွင် တိဗက်လူမျိုးများ တက်ရောက်သင်ယူနိုင်သည့် သင်တန်းအမျိုးမျိုးရှိပါ သည်။ အင်္ဂလိပ်စကားပြောသင်တန်း ရှိသည်။ ပြင်သစ်စကားပြောသင်တန်း ရှိသည်။ ဂျပန်စာသင်တန်း၊ ကိုးရီးယားစာ၊ ဂျာမာန်စာစသည်ဖြင့် သင်တန်းအမျိုးမျိုးရှိပြီး သင်တန်းအများစုမှာ အခမဲ့ပို့ချပေးနေကြခြင်းဖြစ်သည်။ ဆရာတစ်ယောက်ထဲက ဆိုင်ရာသင်တန်းတွေကို အချိန်အကြာကြီး ပို့ချပေးနေခြင်းမျိုးတော့ မဟုတ်။ ဓရံ ဆာလာကို ရောက်လာကြသည့် ဘာသာရပ်ဆိုင်ရာဆရာတွေက သင်တန်းမှာ သင်လိုကြောင်း စာရင်းပေးပြီး ၀င်သင်ပေးနေကြခြင်းဖြစ်သည်။ သူတို့က တစ်ပတ် အချိန်ရလျှင် တစ်ပတ်ဝင်သင်သည်။ နှစ်ပတ်အချိန်ရလျှင် နှစ်ပတ် ၀င်သင်ပေးသည်။ တစ်ချို့လနှင့်ချီပြီး သင်ပေးနေကြသော ဆရာများလည်း အများကြီး ရှိပါသည်။ ဒီတစ်ယောက်ပြန်သွားလျှင် နောက်ဆရာတစ်ယောက်က ၀င်သင်။ ဤနည်းဖြင့် သင်နေကြခြင်းဖြစ်သည်။ ဆရာတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွား သည်။ သင်တန်းတွေကတော့ ပိတ်သည်ဟူ၍မရှိ။

အင်္ဂလန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမာန်စသည့် တိုင်းပြည်များက ခရီးသွားများသည် သူတို့အလုပ်အားသည့် အားလပ်ရက်များတွင် ဓရံဆာလာသို့လာ၍ အခမဲ့ စာသင်ပေးနေကြတာကို တွေ့ရသည်။ တစ်ချို့ဆရာများသည် သူတို့၏ ရက်ရှည် အလုပ်ပိတ်ရက်များတွင် ဓရံဆာလာကိုအရောက်လာပြီး နှစ်စဉ်နှစ်တိုင်း လာရောက် သင်ပေးနေကြခြင်းဖြစ်သည်ဟုသိရသည်။ ကိုးကွယ်ယုံကြည်မှုဘာသာတရားတွေ မတူညီသည့်တိုင် လမ်းစရိတ် ၊ နေစရိတ်၊စားစရိတ်အကုန်ခံပြီး စာသင်ပေးနေကြသည့် သူတို့၏ စေတနာတရားက လေးစားအားကျအတုယူဖွယ်ပင် ကောင်းနေပါ သေးတော့သည်။

တိဗက်လူမျိုးများအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ထားသည့် သင်တန်းများဖြစ်သော်လည်း မည်သူမဆို တက်ရောက်သင်ယူခွင့်ရှိသည်ဖြစ်ရာ စာရေးသူလည်း အင်္ဂလိပ်စာ၊ တိဗက်စာနှင့် ဂျာမန်စာများကို မတောက်တခေါက် တက်ရောက်သင်ယူကြည့်လိုက် သေးသည်။ ကိုယ့်ရဲ့ထူးချွန်မှုတစ်ခုဟုပဲ ဆိုရပါလိမ့်မည်။ ခဏတဖြုတ်သင်ဖူးသည်ဟု စကားအဖြစ် ဆိုရုံကလွဲ၍ ဖြစ်ဖြစ်မြောက်မြောက်ကား ဘယ်အရာမှ ဖြစ်မလာခဲ့။

တိဗက်လူမျိုးများနှင့် မိတ်ဆွေဖြစ်ရသည်မှာ ပျော်ရွှင်ဖို့ကောင်းသလို ကြေကွဲဖို့လည်း ကောင်းပါသည်။ ကိုယ့်ခြေထောက်ကို ကိုယ်လိုရာကို မသယ်နိုင်တော့လောက်အောင် အသက်အရွယ် အမှည့်လွန်နေပြီဖြစ်သည့် တိဗက်အဖိုးအို၊ အဖွားအိုကြီးများအတွက် ဓရံဆာလာတွင် ဘိုးဘွားရိပ်သာတစ်ခုရှိသည်။ တစ်ချို့တစ်ချို့သောသူတွေအတွက် ဘ၀ဆိုသည်မှာ ရှင်သန်နေထိုင်ဖို့ခက်သလို သေဖို့လည်း ခက်နေတတ်ပြန် ပါသေးသည်။ ဘ၀ရဲ့နေ၀င်ချိန်ကို ဣနြေ္ဒရရ ထိုင်စောင့်နေကြသည့် တိဗက် အဖိုးအဖွားများကိုလည်း တွေ့ခဲ့ရသေးသည်။ ဘုန်းတော်ကြီးဒလိုင်းလားမားရဲ့ အမျှော်အမြင် ကြီးမားမှုကို ကြည်ညိုရပြန်ပါသေးတော့သည်။ သူ့လူမျိုးတွေ သူများ တိုင်းပြည်မှာ ဖြစ်သလိုနေပြီး ဖြစ်သလိုသေကြရမည့်အရေးကို ဘုန်းတော်ကြီးက အဖြစ်မခံ။

ဓရံဆာလာတွင် စာအုပ်ဆိုင်နှစ်ဆိုင်နှင့် တိဗက်လူမျိုးများကို အခမဲ့ကုသပေးနေသည့် ဆေးရုံနှစ်ရုံရှိပါသည်။ အိန္ဒိယလူမျိုးဆရာဝန်များက တာဝန်ယူ ကုသပေးနေသည် မှန်သော်လည်း ၀န်ထမ်းအများစုကတော့ တိဗက်လူမျိုးများပင်ဖြစ်သည်။ ခေတ်မီ အင်္ဂလိပ်ဆေးဝါးများနှင့် တိဗက်ရိုးရာ ဗိန္ဓောဆေးများကိုလည်း အပြည့်အစုံ ထားရှိပေးထားသည်။ စာရေးသူဓရံဆာလာတွင် နေထိုင်စဉ်တုန်းက ဦးဇင်းလေး ဦးသဇ္ဇန ဗိုက်အောင့်လို့ တိဗက်ဆေးရုံကို လိုက်ပို့ပေးဖူးသည်။ ပြီးတော့ စာရေးသူကို ဓရံဆာလာရှိတိဗက်များနှင့် ချိတ်ဆက်ပေးခဲ့သူ၊ မိမိဘ၀တွင် လေးစားအားထားရသည့် ဆရာမေ (ဒေါက်တာဦးမေဓာနန္ဒ)၊ ရေပုံးမ,ရင်း ခါးနာသွားလို့ တိဗက်ဆေးရုံကို လိုက်ပို့ပေးခဲ့ဖူးသည်။

နှာစီး ချောင်းဆိုး။ ဘာဖြစ်ဖြစ် သည်ဆေးရုံကလေးကို အားကိုးနေရသည့် အချိန်မျိုးဖြစ်သည်။ ဆေးရုံက အခမဲ့ဆေးရုံဖြစ်သောကြောင့်လည်းဖြစ် မည်ထင်ပါ သည်။ ကိုယ်တိုင်က ဘာရောဂါမှ မဖြစ်သည့်တိုင် အဆိုပါဆေးရုံကလေးသို့ နောက်ထပ်လည်း မကြာခဏရောက်ဖြစ်ခဲ့ပါသေးသည်။

(ဆက်လက်ဖော်ပြပါမည်)
ကိုသစ် (သီတဂူ)
၁၊၆၊၂၀၁၈

0