မောင်လူပေ- ဗဟိုအစိုးရ ရပ်ဆိုင်းခြင်း(Government shutdown)



မောင်လူပေ- ဗဟိုအစိုးရ ရပ်ဆိုင်းခြင်း(Government shutdown)
(မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၈

အခုတလော အမေရိကားသတင်းတွေမှာ ကြားနေရမဲ့စကားလုံးကတော့ Government shutdown ဆိုတာပဲ။ ဗဟိုအစိုးရရပ်ဆိုင်းခြင်းလို့ ဘာသာပြန်ရမယ်ထင်ရဲ့။

ဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်းတစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ တကယ်ဖြစ်သွားလေတော့ အမှတ်တရနှစ်ပတ်လည်ပေါ့လေ။

အရင်သမ္မတတွေဖြစ်တဲ့ ဘွတ်ရှ်တို့ အိုဘားမားတို့ခေတ်မှာလည်းဖြစ်ခဲ့ဖူးတယ်။ နောက်ဆုံးဖြစ်ခဲ့တာ ၂၀၁၃ အောက်တိုဘာမှာ၊ (၁၆)ရက်ကြာတယ်။

ဗဟိုအစိုးရ(federal government)ရဲ့ နှစ်စဉ်ရသုံးငွေစာရင်းကို လွှတ်တော်နှစ်ရပ်က အတည်ပြုပေးဖို့သဘောမတူနိုင်လို့ဖြစ်လာရတဲ့ရလာဒ်ပေါ့ဗျာ။ ဗဟိုဘဏ်မှာငွေရှိပေမဲ့ လွှတ်တော်နှစ်ရပ်ကအတည်ပြုမှ ထုတ်လို့ရမှာ။ အာဏာကို ခွဲဝေပေးထားခြင်း(check and balance)ကြောင့် သမ္မတနဲ့အပြိုင် လွှတ်တော်တွေမှာလည်း အာဏာအပြည့်ရှိတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲကစပြီး သဘောတူညီမှုမရကြလို့ ငွေစာရင်းကို တနှစ်စာအတည်ပြုရမဲ့အစား အချိန်တိုလေးတွေအတည်ပြုရင်း ဆွေးနွေးနေကြတာပါ။ နှစ်လစာအတည်ပြုလိုက်၊ နောက်နှစ်လစာ ထပ်အတည်ပြုလိုက်ပေါ့။ အခုလည်းအောက်လွှတ်တော်က တစ်လစာအတည်ပြုထားတယ်။ အထက်လွှတ်တော်ကတော့ အချိန်တို တစ်လစာအတည်ပြုတဲ့ငွေစာရင်းကိုလက်မခံဘူးလို့ ပြောထားတာ။အခုလည်း အထက်လွှတ်တော်မှာမဲခွဲတော့ လိုအပ်မဲ ၆၀မရပဲ ဆယ်မဲလိုနေတယ်။ ဒီမိုကရက်၅ဦးက ရီဗာဗလစ်ကင်တွေနဲ့အတူ yes မဲပေးခဲ့ပြီး ရီဗာဗလစ်ကင်၎ဦးက ဒီမိုကရက်တွေနဲ့အတူ no မဲပေးခဲ့တာလည်း မှတ်သားစရာ။ ပါတီနဲ့ပြည်သူ့ဆန္ဒခွဲထုတ်လိုက်တဲ့သဘောပေါ့။

ထရန့်က ဒီမိုကရက်ကိုအပြစ်တင်၊ ဒီမိုကရက်က ရီဗာဗလစ်ကင်ကိုအပြစ်တင်၊ ရီဗာဗလစ်ကင်က ဒီမိုကရက်ကို အပြစ်တင်နဲ့ အပြစ်တင်ပွဲ(blame game) တွေလုပ်နေကြပေမဲ့ တကယ်တော့အားလုံးမှာ တာဝန်ရှိတယ်။ အမေရိကားမှား ခံယူချက်တွေနှစ်ခြမ်းကွဲနေတာ ပိုပြီးထင်ရှားလာတဲ့အရိပ်လက္ခဏာ။

ထရန့်တက်လာထဲက လွှတ်တော်နှစ်ရပ်လုံးမှာ သူ့ပါတီဖြစ်တဲ့ ရီဗာဗလစ်ကန်က လွှမ်းမိုးထားတာပါ။ဒါပေမဲ့ အပြတ်အသတ်လွှမ်းမိုးနိုင်တာမဟုတ်လေတော့ တခုခုသဘောတူဖို့ဆိုရင် ဒီမိုကရက်တွေကိုစည်းရုံးရတယ်။ နှစ်ပါတီလုံးသဘောတူမှလုပ်နိုင်တယ်။ ပါတီနှစ်ခုက အမြင်နှစ်မျိုးညှိမရတာကြောင့် ကွဲကြပြဲကြတဲ့အခါ ဖြစ်တတ်တဲ့ ရပ်ဆိုင်းမှုပေါ့။

ဒီအခေါက်မှာ ပါတီနှစ်ရပ်အမြင်မတူတာ နှစ်ခုရှိတယ်။ တစ်ခုက DACA လို့အတိုခေါ်တဲ့ Dreamers Acts ကိစ္စ။ ငယ်စဉ်ထဲက မိဘနဲ့ပါလာပြီး အမေရိကားမှာကြီးပြင်းလာတဲ့ ခုနှစ်သိန်းလောက်ရှိသော လူငယ်တွေကို တရားဝင်အောင်လုပ်ပေးမယ်လို့ အိုဘားမားကပြောခဲ့တယ်။ အချိန်တစ်ခုထိ ဆက်လက်နေထိုင်ခွင့်ပေးခဲ့တယ်။ ဒီအချိန်က မတ်လဆိုရင်ကုန်ဆုံးတော့မယ်။ လွှတ်တော်တွေက သဘောတူချက်မရ။ ရီဗာဗလစ်ကင်ပါတီက လုံးဝဆန့်ကျင်နေတယ်။ ဒီလူငယ်တွေက မတ်လရောက်ရင် တရားမဝင်နေထိုင်သူတွေဖြစ်သွားပြန်ပြီပေါ့။ နောက်တစ်ခုက နယ်စပ်လုံခြုံရေးအတွက် ခြံစည်းရိုးခပ်မဲ့ကိစ္စ။ ဒီမိုကရက်တွေကကန့်ကွက်တယ်။ဒီနှစ်ခုသဘောတူညီမှုမရကြလို့ပါတဲ့။

အစိုးရရပ်ဆိုင်းမှုကြောင့် ဗဟိုအစိုးရရဲ့အရေးကြီးဌာနတွေက ဝန်ထမ်းတွေကလွဲပြီးကျန်ဌာနဝန်ထမ်းတွေအလုပ်မဆင်းရဘူး။ လခလည်းမရဘူး။ သဘောတူညီချက်ပြန်ရရင်တော့ လခအပြည့်ပြန်ပေးတယ်။ (အလုပ်မလုပ်ပဲ လခအပြည့်ရတာ ပိုတောင်ကောင်းသေးလို့ ထင်ရင်လည်းရလောက်တယ်။)

စစ်တပ်နဲ့နယ်ခြားစောင့်တပ်၊ နိုင်ငံတော်လုံခြုံရေးအဖွဲ့ အစရှိတဲ့ အရေးကြီးတဲ့ဗဟိုအစိုးရရဲ့ ယန္တရားတွေက ဆက်လက်လည်ပတ်နေမယ်။ လခကတော့ လောလောဆယ်မရသေး၊ သဘောတူညီချက်ရမှ ပေးမယ်။ (အိုဘားမားလက်ထက်က စစ်တပ်ကို လစာဆက်ပေးတယ်။)စာတိုက်၊ ပတ်စပို့ဌာနတွေက သီးခြားငွေစာရင်းကသွားလို့ ဒီရပ်ဆိုင်းမှုထဲမှာမပါဝင်။ လဝကတို့ ကျန်းမာရေးတို့က တဝက်လောက်ရပ်ဆိုင်းမယ်။ အရေးပေါ်ကယ်ဆယ်ရေး၊ ပန်းခြံ၊ပြတိုက်တွေ ဆက်ပြီးလည်ပတ်မယ်။

၂၀၁၃မှာ အိုဘာမားလက်ထက်က ကျန်းမာရေးစောင့်ရှောင့်မှုအာမခံကို သဘောမတူကြလို့ ဗဟိုအစိုးရရပ်ဆိုင်းခဲ့တာ (၁၆)ရက်ကြာသွားတယ်။ အဲဒီလို အကြာကြီးဖြစ်သွားလို့လားမသိ၊ နောက်နှစ်(၂၀၁၄)ရွေးကောက်ပွဲမှာ ရီဗာဗလစ်ကန်တွေ အောက်လွှတ်တော်ကို ပြန်ရသွားတယ်။ ဒါကြောင့် ဒီနှစ်ထဲကျင်းပမဲ့ လွှတ်တော်ရွေးပွဲမှာ ဒီမိုကရက်တွေ ပြန်မရဘူးလို့ မပြောနိုင်။ (အောက်လွှတ်တော်က (၂)နှစ်တစ်ကြိမ်ပြန်ရွေးရတယ်။)

ဒီအခေါက်တော့ ကြာချင်မှလည်းကြာမှာပါ။ စနေနေ့မှာ အထက်လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ပြီး ဆွေးနွေနေစဉ်အချိန်မှာလစာပေးဖို့ နှစ်ပတ်ခွဲစာအသုံးငွေကို အတည်ပြုလိုက်ရင်ရနိုင်ပါသတဲ့။ အထက်လွှတ်တော်က ရသုံးငွေစာရင်းကို ပြန်ပြင်ဆင်ပြီးအတည်ပြုရင် ပြင်ဆင်လိုက်တဲ့မူကြမ်းကိုအောက်လွှတ်တော်က ပြန်ပြီးမဲပေးအတည်ပြုရဦးမှာမို့အနည်းဆုံးနှစ်ပတ်တော့ကြာနိုင်ပါသတဲ့။ ပြီးမှ သမ္မတကလက်မှတ်ထိုး၊ဒီတော့မှ ဗဟိုဘဏ်က ငွေထုတ်ပေးမှာ။

ဗဟိုအစိုးရရပ်ဆိုင်းခြင်းဆိုတဲ့အတိုင်း ပြည်နယ်အစိုးရ၊ ခရိုင်မြို့နယ်စတဲ့ဌာနေအစိုးရတွေနဲ့လုံးဝ(လုံးဝ)မပတ်သက်ပါဘူး။ အဲဒီအစိုးရတွေရဲ့ရုံးဌာနတွေက ဆက်လက်လည်ပတ်နေမှာပါလို့ပြောရင်း မှတ်သားဖွယ်အဖြစ်အပျက်လေးတစ်ခုကို ဝေငှလိုက်ပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေ ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ(မောင်ရေခဲ)

Comments