ဇော်အောင် (မုံရွာ) ● ကွန်ဖြူးရှပ် (BC551-BC479)

ဇော်အောင် (မုံရွာ) ● ကွန်ဖြူးရှပ် (BC551-BC479)
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈

နှစ်ပေါင်း ၂၅၀၀ ကျော် လုံးဝပြင်ဆင်ခြင်းမရှိပဲ ကမ္ဘာ့လူဦးရေ လေးပုံတပုံက ဘာသာကြီးတခုလိုပဲ အသုံးပြု သင်ကြားပေးတဲ့ စာအုပ်ပါ။ ဘာသာရေးကျမ်းစာလိုပဲ သဘောထားရမှာပါ။ လူ့ကျင့်ဝတ်လားလို့လည်း မေးမြန်းကြပါတယ်။ တရုတ်ပြည် အစိုးရအဆက်ဆက်နဲ့ ဧကရာဇ်များစွာ အုပ်ချုပ်ရေးအတွက် မဏ္ဍိုင်ပြုထားရတဲ့ သင်ကြားမှုစနစ်ဖြစ်ပါတယ်။ အတွေးအခေါ် လို့လည်း ဆိုကြပါတယ်။ ဘာသာလို့လည်း သတ်မှတ်ထားကြတယ်။

သူဟာ သာမန်လူတဦးအဖြစ်ကနေ အသက် ၂၀ ကျော်မှာ အစိုးရဝန်ထမ်းအဖြစ် လူငယ်များကို စာပေပို့ချတဲ့အလုပ် လုပ် ရင်း သူ့အယူအဆနဲ့ အတွေးအခေါ်များကို လက်တွေ့အုပ်ချုပ်ရေး အစိုးရယန္တရားမှာအသုံးချဖို့ သေသည့်တိုင်အောင်ကြိုးစားခဲ့ပါတယ်။ တရုတ်ပြည် ပြည်နယ်များစွာလှည့်လည်ရင်း အသက် ၇၂ နှစ်မှာ ဘယ်ပြည်နယ်အစိုးရကမှ အသိအမှတ် ပြုမခံရပဲ သေဆုံးသွားခဲ့ပါတယ်။ လူအများက သူ့ကိုဂရုမစိုက်ကြောင်း သတိပြုမိလို့ "ကျနော့်အကြောင်းကို နတ်ပြည်က သိ နေတာပဲ" လို့ သူ့ကိုယ်ကို နှစ်သိမ့်စကား ဆိုရပါတယ်။

မိမိဘဝခရီးမှာ အထီးကျန် လူတွေဂရုမစိုက်ခံနေရရင်လည်း မိမိရဲ့ မှန်ကန်တဲ့အတွေးခေါ်နဲ့ ခံယူချက်ချင်းတူတဲ့ အပေါင်း သင်းလေးတစုနဲ့ ပျော်ရွှင်စွာနေသွားဖို့ ကွန်ဖြူးရှပ်က ပုံသက်သေပြနေပါတယ်။ မအောင်မြင်လည်း အားငယ်စရာမရှိပါဘူး။ မိမိအကြောင်း နတ်ပြည်က သိနေပါတယ်။

● သင်ကြားပို့ချမှု
သူဟာ ဘာသာရပ်တိုင်းကိုတတ်ပေမယ့် ဘယ်ဘာသာမှ မထူးချွန်ဘူးလို့ ပြောကြပါတယ်။ သူကွယ်လွန်ပြီးနောက်မှ အောင် မြင်တဲ့ ကမ္ဘာ့အတွေးခေါ်ပညာရှင်တဦးအဖြစ် ထင်ရှားခဲ့ပါတယ်။ ယနေ့တိုင် ကွန်မြူနစ်စနစ်ရဲ့ တးမြစ်ဖျက်ဆီးခံခဲ့ရပေမယ့် လူဦးရေသန်း ၄၀၀ ကျော် ဘာသာတခုလို ကိုးကွယ်စံနမူနာထားနေရပါတယ်။ ယနေ့ တရုတ်ပြည်ခေါင်းဆောင်ကြီး ကျီရှင်ဖျင့်ကိုယ်တိုင် ကွန်ဖြူးရှပ်သင်ကြားမှုများကို တရုတ်ပြည်အုပ်ချုပ်ရေးမှာ ပြန်လည်ပြဌာန်သင်ကြားးနေရပါပြီ။

အနောက်နိုင်ငံက ဆိုကရေတီးလိုပဲ သာမန်စကားပြောရင်း သင်ပြတာ စာသင်တာနဲ့မတူ တပည့်များမေးမြန်းတာကို အပြန် လှန်ဆွေးနွေး သင်ပြသွားပါတယ်။

အလုပ်တခု မလုပ်ခင်  နှစ်ကြိမ်ပဲစဉ်းစားသုံးသပ်ရင် လုံလောက်ပြီလို့ ဆိုပါတယ်။ သူကိုယ်တိုင်မှားရင်လည်း ဝန်ခံဖို့ဝန် မလေးသူပါ။ ဆင်းရဲသား အနှိမ်ခံများဖက်က အမြဲရပ်တည်ပြီး ကျောင်းစရိတ်မတတ်နိုင် ဆင်းရဲတဲ့ကျောင်းသားများကို အခမဲ့သင်ကြားပေးလေ့ ရှိပါတယ်။

တိုင်းပြည် မင်းလုပ်အုပ်ချုပ်သူများဟာ ဓူဝံကြယ်လို တိုင်းသူပြည်သားများအတွက် စံပြဖြစ်သင့်ကြောင်း သင်ကြားပေးပါတယ်။ "အုပ်ချုပ်တဲ့ဘုရင်ကိုယ်တိုင် ဖြောင့်မတ်စွာကျင့်ခဲ့ရင် တိုင်းသူပြည်သားတွေက ဘယ်သွေဖီရဲပါ့မလဲ" လို့ ပြောဆိုခဲ့ပါတယ်။

● ကွန်ဖြူးရှပ် အယူဝါဒ
သိနားလည်ဖို့ကတော့ တရုတ်ပြည် ရှေးခေတ် ကြောထောက်နောက်ခံများ နားလည်ဖို့ လိုပါတယ်။ မြန်မာများကတော့ ဗုဒ္ဓ ဘာသာ ကျင့်ဝတ်များရှိပေမဲ့ အခုခေတ်မှာ မြန်မာလူကျင့်ဝတ် + အင်္ဂလိပ်စကားနဲ့ အနောက်တိုင်းယဉ်ကျေးမှု + တရုတ် စတိုင် ပြုပြင်ပြောင်းလဲမှုများ ရှုပ်ထွေးနေတဲ့ မြန်မာပြည်ပါ။ ပြီးတော့ အကျင့်ပျက် အဂတိတွေ စာနာမှုတွေ ဆင်းရဲချမ်းသာ ကွာဟမှုများလာတဲ့ မြန်မာပြည်အခြေအနေပါ။ ကွန်မြူနစ် ဘာသာမဲ့ တရုတ်ပြည် ဗီယက်နမ် လာအိုနိုင်ငံများ ပြုပြင်ပြောင်း လဲရာမှာ ကွန်ဖြူးရှပ်အယူဝါဒဟာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နေလို့ အနည်းငယ် သိထားသင့်ပါတယ်။

တရုတ်ရိုးရာကတော့ သေဆုံးသွားတဲ့မိဘဘိုးဘွားများက နတ်ပြည်မှာရှိပြီး မိမိတို့က လူ့ပြည် အခက်ခဲ အနာဂါတ်ကောင်း အောင် ဘိုးဘွားများကို ပူဇော်ပသကြပါတယ်။ လူပြည်အရေးထက် နတ်ပြည် တမလွန်ဘဝကို ပိုအရေးထားကြပါတယ်။ ကွန်ဖြူးရှပ် ကတော့ လူ့ဘုံအရေးကို ပိုအလေးထားပါတယ်။ နတ်ပြည်အရေးကို လုံးဝစွန့်ပစ်ထားခြင်းမဟုတ်ကြောင်း သတိ ပြုစေပါတယ်။ ဘိုးဘွားကိုးကွယ်ခြင်းကနေ သားသမီးများကို သနားဂရုဏာထားရှိရေး သွန်သင်ဆုံးမလေတယ်။ သေဆုံး ဝိညာဉ်များရှိကြောင်း မငြင်းဆို။ အသက်ရှင်နေထိုင်ကြသော မိသားစုကို ဦးစားပေးရေးလဲ ညွှန်ပြဆုံးမပါတယ်။ သွေးသား ချင်းတော်စပ် ဆွေမျိုးများ ချစ်ခင်ရင်းနှီးရေးက မြင့်မြတ်ကြောင်း ဟောပြောပါတယ်။

● သဘာဝလွန် အယူအဆများကို
ကွန်ဖြူးရှပ် နှုတ်ပိတ်နေပေမဲ့ လုံးဝမယုံကြည်တာ မဟုတ်နိုင်ပါ။ အမှန်တရားဖက်က ရပ်တည်တဲ့တန်ခိုးရှင်တပါးပါးဟာ စင်္ကြာဝဌာကြီး တနေရာမှာရှိရမယ်။ မှန်ကန်တဲ့သစ္စာတရားပျံ့နှံ့ရန် လိုအပ်တယ်။ သူတော်ကောင်းတွေတောင်မှ ကြောက် ရတဲ့အရာကတော့ ကောင်းကင်ဘုံပေါ်က ကျရောက်လာနိုင်တဲ့ ဒေါသဖြစ်တယ်လို့ ယုံကြည်ပါတယ်။

သူ့ကို တိုက်ခိုက်ဝေဖန်ခံရချိန် အခါများမှာ သူ့နောက်လိုက်များကို "ဒီဝါဒဟောကြားဖို့ နတ်ပြည်က ကျနော့်ကို တာဝန်ပေးခဲ့ တာဖြစ်တယ်" လူအများက သူ့ကိုဂရုမစိုက်ကြောင်း သတိပြုမိလို့ "ကျနော်အကြောင်းကို နတ်ပြည်ကသိနေတာပဲ" လို့ သူ့ ကိုယ်ကို နှစ်သိမ်စကား ဆိုရပါတယ်။ ကိုးကားပြောရတဲ့ ကွန်ဖြူးရှပ် နှုတ်ထွက်စကားတခုကတော့ "နတ်တွေကိုတောင် စော်ကားတဲ့လူတွေအတွက်တော့ အခြားကိုးကွယ်စရာလည်း မရှိတော့ပါဘူး" ဆိုတဲ့ စကားပဲဖြစ်ပါတယ်။

အခုခေတ် ကွန်မြူနစ်တရုတ်ပြည်မှာ ပြန်လည်ကျင့်သုံးသင်ကြားလာတဲ့ ကွန်ဖြူးရှပ်အယူဝါဒလောက် ထောက်ခံမှုရတဲ့ အတွေးအခေါ် မတွေ့ဖူးပါ။ နှစ်ပေါင်း နှစ်ထောင်ငါးရာကြာအောင် တရုတ်မင်းအဆက်ဆက်က အစိုးရအရာရှိများ သင်တန်း ရဲ့ သင်ခဏ်းစာအဖြစ်အသုံးပြုခဲ့တယ်။ ပညာရေး စာရတ္တမဏ္ဍိုင်အဖြစ် အသုံးပြုခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်မှာ သူ့မွေးနေ့ကို တရုတ်ပြည် ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့ပါတယ်။

ဘာသာမဲ့ ကွန်မြူနစ်များက ကွန်ဖြူးရှပ်အယူဝါဒကို စွန့်ပယ်ခဲ့ပေမယ့် အခု တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အဓိက စာရိ တ္တပညာဝန်ထမ်းများကို ကွန်ဖြူးရှပ်အယူဝါဒ အခြေခံသင်တန်းများ ပြန်လည်သင်ကြားနေကြပါတယ်။ ကွန်ဖြူးရှပ်အယူဝါဒ အကြောင်း တစေ့တစောင်ပါ။ အခု ခေတ်ပေါ် တရုတ်ပြည်မှာ စာရိတ္တအတွက် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားလာသလို ချီးမွှမ်းခြင်း ခရစ်ယန်ဘာသာများစွာ ထွန်းကားလျှက်ရှိပါတယ်။

ကိုးကား
* ညိုသောင်း. .ဘာသာကြီးလေးခု အနှစ်သာရ
* Wikipedia

Comments