ကိုဂျေ ● တိုက်ပွဲပျော် ဟာသစာရေးဆရာကြီး အီကြာကွေး - အပိုင်း (၂)

ကိုဂျေ ● တိုက်ပွဲပျော် ဟာသစာရေးဆရာကြီး အီကြာကွေး - အပိုင်း (၂)
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၈

သူ့အကြောင်းကို ထဲထဲဝင်ဝင် မသိသူတွေက သူ့ကို အပျော်ကြိုက်သူ၊ ဟေးလားဝါးလားနေတတ်သူလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သူဟာ အရက်သေစာကို ငယ်ငယ်ကတည်းက ရှောင်ကြဉ်ခဲ့သူ ဖြစ်ပါတယ်။ ဆရာအီကြာကွေးနဲ့ တဝိုင်းထဲ ထိုင်လိုက်တာနဲ့ ဆေးပြင်းလိပ်အနံ့က ထောင်းထောင်းထ နေခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ ဆေးပြင်းလိပ်ကိုလဲ လုံးဝမသောက်တော့ပါဘူး။

တရက်မှာ နယ်မြို့တမြို့က စာပေဟောပြောပွဲ လာဖိတ်သူတွေနဲ့အတူ ဆရာအီကြာကွေးရဲ့ အိမ်ကို ရောက်သွား ခဲ့ပါတယ်။ စွပ်ကျယ်အဖြူ လတ်ပြတ်နဲ့ ပုဆိုးကို သပ်သပ်ယပ်ယပ် ဝတ်ထားတဲ့ ဆရာကွေးကို မြင်လိုက်ရတော့ အမြင်ဆန်းခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဆရာအီကြာကွေးဟာ ဘောင်းဘီရှည်ကိုပဲ မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်သူဖြစ် လို့ပါပဲ။

‘ကိုဂျေ ခဏနော်..ကျနော် ပြုနေကျအလုပ်လေးတွေ လုပ်လိုက်ဦးမယ်’ လို့ ဆရာကွေးက ပြောပါတယ်။ အဲဒီနောက် ဘုရား ပန်းအိုးလဲတာ၊ ရေကပ်တာ၊ ဘုရားဆွမ်းတော်တင်တာကို စနစ်တကျလုပ်ပါတယ်။ အဲဒီနောက် ဘုရားဝတ်ပြုပါတယ်။ အပြင်မထွက်ခင်မှာ သူနဲ့အတူနေ အဒေါ်အပျိုကြီးကို ဦးချပါတယ်။

အဝတ်အစား လဲပြီးလိုက်တာနဲ့ ဧည့်သည်တွေနဲ့ ထိုင်စကားပြော၊ စာပေဟောပြောပွဲ သွားမယ့်ရက်ကို သတ်မှတ်ပြီးတာနဲ့….ကဲ ဒီနေ့တော့ အငှားကားနဲ့ပဲ မြို့ထဲထွက်ရမှာမို့ စိတ်လက် သက်သာလိုက်ဟရို့လို့ ဆရာကွေးက ပြုံးစေ့စေ့မျက်နှာပေးနဲ့ နောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အသက်အရွယ်နဲ့ ဘတ်စ်ကားကို နေ့စဉ်တိုးဝှေ့စီးနေရတဲ့ ဒုက္ခက သိပ်ကိုကြီး လွန်းလှပါတယ်။
xxxxxxx

‘အိမ်မှုကိစ္စတွေကို ဆရာကွေး တယောက်ထဲလုပ်နေရတာ ပင်ပန်းလိုက်တာ၊ အဒေါ်ကြီးလဲ အဖော်ရအောင် အိမ်ထောင်ပြုပါ လား’ လို့ ကျနော်က သူ့ကို နောက်မိပါတယ်။

‘အေး…ဒီကိစ္စက တို့လို့ ထိလို့ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ ကံမကောင်းလို့ တခါ အိမ်ထောင်ကျလိုက်တာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရမလိုတောင် ဖြစ်ခဲ့ဖူးတယ်’ လို့ ဆရာကွေးက ပြောပါတယ်။

‘ဆရာကွေးက လူပျိုကြီးဆို’ လို့မေးတော့.. ခေါင်းလေးတခါခါနဲ့ သူ့ရဲ့ ချစ်ကံခေပုံကို ပြောပြခဲ့ဖူးတယ်။

အီကြာကွေးဆိုတဲ့ကလောင်နဲ့ လူသိများစက နယ်မြို့လေးတမြို့က ကဗျာဝါသနာရှင် မိန်းကလေးတယောက်နဲ့ ချစ်ကြိုက်ခဲ့ ဖူးကြောင်း ပြောပြတယ်။ သူ့ဘဝ သူ့အကြောင်းကို အကုန်သိတဲ့မိန်းကလေးမို့ အိမ်ထောင်ဖက်အဖြစ် ရွေးခဲ့တယ်။ အဲဒီမိန်း ကလေးနဲ့ အိမ်ထောင်ကျစက သူ့ဘဝမှာ အပျော်ရဆုံးနေ့ရက်တွေလို့ ထင်ခဲ့မိကြောင်း ဆရာကွေးက ပြောပြတယ်။

‘ကျနော်က ကံဆိုးတယ်ဗျာ။ ကျနော့် မိန်းမကိုယ်ဝန်ရှိတယ်ဆိုတာသိရပြီး ပျော်နေတဲ့အချိန်မှာပဲ၊ ကျနော့်မိန်းမရဲ့ အမျိုး တွေက ဘာတွေပြောကြသလဲတော့မသိဘူး။ ကျနော်နဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချလိုက်တယ်’ လို့ ဆရာကွေးက လွမ်းလွမ်းဆွေး ဆွေး ပြောပြခဲ့တယ်။

အဲဒီနောက်မှာတော့ သူ့မိန်းမက ကွားရှင်းပြတ်စဲပေးဖို့ ရပ်ကွက်ရုံးကေ တဆင့် တောင်းလာတယ်။ ကျနော် သူ့ကိုမခွဲနိုင်ဘူး။ အရမ်းချစ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျနော့်ကို အရှက်တကွဲဖြစ်အောင် အော်တာ။ အိမ်ရှေ့ကနေ ရန်လာထောင် တာတွေလုပ်ခဲ့တာကြောင့် ကွားရှင်းပေးခဲ့တယ်။ ကျနော့်မိန်းမက ကျနော့်ကို လေးစားခဲ့ ချစ်ခဲ့ပါတယ်။ ကျနော်နဲ့ နေခဲ့တဲ့ ရက်တွေ ကြာလာတော့ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ရှာဘူးထင်တာပဲ။ စာရေးဆရာမဟုတ်လားဗျာ…တနေ့လာ ချဉ်ဟင်းနဲ့ ငြုပ်သီးထောင်းဆိုတော့ ကြာတော့ သူလည်း စိတ်ပျက်လာမှာပေါ့လို့ ဆရာကွေးက သူ့ဘဝဇာတ်ကြောင်းတွေကို ပြောပြခဲ့ဖူး တယ်။

‘ကျနော်က ကြိုးစားရတယ်ဗျ၊ ဘဝကို ရုန်းကန်ရတယ်၊ ဒါပေမယ့် ကံဆိုးတယ်၊ ဒါကြောင့် ကံကံ၏အကြောင်းတရားကို ကျနော်ယုံကြည်တယ်။ ဒီဘဝမှာ ကုသိုလ်ကံကောင်းအောင်လှူမယ်ဗျာ။ ကျနော် မသေခင် ကတည်းက ကျနော်ရဲ့ အိမ်ကို ရေစက်ချပြီးလှူခဲ့မယ်။ ကျနော်က တယောက်ထဲ သမားမဟုတ်လား’လို့ ဆရာကြီး အီကြာကွေးက မကြာခဏ ပြောပါတယ်။
xxxxxxxx

ကျနော်က ဟင်္သာတသားဆိုပေမယ့် မန္တလေးသား စာရေးဆရာတွေ၊ ထုတ်ဝေရေးအသိုင်းအဝိုင်းကလူတွေနဲ့ အတွဲများခဲ့ တယ်။ အထူးသဖြင့်တော့ ကာတွန်းကံချွန်နဲ့ ကျနော်က ညီအစ်ကိုအရင်းလို တွဲခဲ့ကြတယ်။ ကျနော်တို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တဲ့အခါတိုင်း မန္တလေးနဲ့ပတ်သက်တဲ့ဟာသတွေကိုလဲ ပြောခဲ့ပါတယ်။

မန္တလေးမြို့က နယ်မြို့သာသာလောက်ပဲ ရှိတဲ့မြို့ဖြစ်တယ်။ ရန်ကုန်လို မြို့မကျယ်ဘူး။ ကံချွန်လို့ မေးလိုက်ရင် တမြို့လုံး ကသိတယ်။ ရန်ကုန်မှာတော့ နေဝင်းလို့ ပြောတာတောင် မသိတဲ့သူတွေက အများကြီးလို့ ဆရာကွေးက ပြောခဲ့တယ်။ တောင်ဥက္ကလာပကနေ ရန်ကုန်ကိုဘတ်စ်ကားစီးရင် မှတ်တိုင်တိုင်းမှာ ဘတ်စ်ကားကရပ်တယ်။ ဘတ်စ်ကား စပယ်ယာ ကလဲ ဘတ်စ်ကားရပ်လိုက်တာနဲ့ ရန်ကင်းဈေးမှတ်တိုင်၊ ပုစွန်တောင်ဈေးမှတ်တိုင်၊ လမ်း ၅ဝ မှတ်တိုင်၊ ဘာလမ်းမှတ်တိုင်လို့ အော်တော့တာပဲ။ တက်တဲ့သူကတက် ဆင်းတဲ့သူကဆင်း။ မှတ်တိုင်ကျော်သွားစရာ မရှိဘူးလို့ ဆရာကွေးက ပြောတယ်။

မန္တလေးကတော့ ရန်ကုန်နဲ့ တခြားစီပဲ။ သူမန္တလေးရောက်ပြီး ဘတ်စ်ကားစီးတဲ့အကြောင်း၊ မန္တလေးက ဘတ်စ်ကားတွေဟာ မှတ်တိုင်တိုင်းမှာ မရပ်ကြောင်း၊ ဆင်းချင်တဲ့သူက ချမ်းမြေ့ပါတယ်လို့ အော်ရတယ်။ ကောင်မလေးတယောက်က ဆင်း သွားတယ်။ ဒီလိုပဲ အရီတောင်းပါတယ်ပြောလိုက်ရင်လဲ အဖွားကြီးတယောက်က ဆင်းသွားပြန်တယ်။ ဒါနဲ့ သူလဲ ဘတ်စ် ကားပေါ်ကဆင်းချင်တာကြောင့် အီကြာကွေးပါတယ်လို့ အော်လိုက်တယ်။ ဘတ်စ်ကားက ရပ်မပေးဘူး။ ဆက်မောင်းသွား တယ်။ အီကြာကွေးပါတယ်လို့ ထပ်အော်တယ်။ ရပ်မပေးဘူး။ ခဏ ခဏ အော်တော့ ကားစပယ်ယာက ဒေါသမျက်နှာနဲ့ ဒီမှာ ကိုယ့်လူ အီကြာကွေးပါရင် ကားရပ်တဲ့အခါ ဆင်းရောင်းလိုက်၊ အလကားနေ အော်မနေနဲ့လို့ ပြန်ပြောတယ်လို့ ရန်ကုန် မန္တလေးကွားခြားပုံကို ဟာသဖောက်ပြီးနောက်ခဲ့ဖူးတယ်။
xxxxxx

စာပေလောကထဲမှာ ဆရာအီကြာကွေးနဲ့ အခင်မင်ဆုံးလို့ပြောလို့ရတဲ့ မိသားစုတစု ရှိပါတယ်။ ဆရာသာဓု မိသားစုပါ။ ဆရာသာဓုကနေ သားတွေဖြစ်တဲ့ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ၊ ရုပ်ရှင်မင်းသား အဆိုတော်စာရေးဆရာ သုမောင်၊ ရုပ်ရှင်သရုပ်ဆောင်ကိုရှုပနဲ့ စာရေးဆရာမင်းလူတို့်အကြောင်းတွေကို မကြာခဏ ပြောပြတတ်ပါတယ်။ ဆရာသာဓုရဲ့ ခြံနဲ့ ဆရာအီကြာကွေးနေတဲ့ တောင်ဥက္ကလာ ၁၂ ရပ်ကွက် ဆိုတာကလဲ သိပ်ဝေးတာ မဟုတ်ပါဘူး လမ်းလျှောက်သွားလို့ရပါတယ်။ နယ်ကနေ စာပေဟောပြောပွဲ လာဖိတ်ပြီဆိုရင် ဆရာအီကြာကွေးက သူနဲ့အိမ်ချင်းနီးတဲ့ ကိုဝဏ္ဏ၊ ကိုသုမောင်နဲ့ ကိုမင်း လူတို့ကိုပါ ဖိတ်ခိုင်းလေ့ရှိပါတယ်။ အဲဒီညီအစ်ကိုတွေထဲက တယောက်မဟုတ် တယောက်ကို အပါခေါ်ခဲ့မယ်လို့လဲ အာမခံ တတ်ပါတယ်။ ဒါကြောင့်လဲ စကား အင်မတန်နည်းပြီး အနေအေးတဲ့ စာရေးဆရာမင်းလူဟာ ဆရာအီကြာကွေးနဲ့တွဲပြီး စာပေဟောပြောပွဲတွေ ထွက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

‘ကျနော်ကြောင့် မင်းလူခင်ဗျာ၊ ဟောပြောပွဲတွေကို မဟောချင် မပြောချင်ပါရဲ့ ပြောရသလို၊ ဒီမိသားစုကြောင့်လဲ ရပ်ကွက် ဟောပြောပွဲတွေမှာ ကျနော်တက်ဟောခဲ့ရတာတွေ ရှိတယ်’ လို့ ဆရာအီကြာကွေးက ပြောပါတယ်။

တခါက ဆရာသာဓုတို့ရပ်ကွက်မှာ စာပေဟောပြောပွဲလုပ်ခဲ့ကြောင်း၊ ဟောပြောပွဲကို ဆရာသာဓု မိသားစုက ဦးစီးလုပ်ခဲ့တာ ဖြစ်ကြောင်း၊ သူတို့နဲ့ ခင်တဲ့ စာရေးဆရာတွေကို ဖိတ်ခဲ့ကြောင်း ဒီအထဲမှာ ဆရာအီကြာကွေးလဲ ပါခဲ့တယ်လို့ ဆိုပါတယ်။ ထုံးစံအတိုင်း ဆရာအီကြာကွေးက လူရွှင်တော်ဟာသ၊ ရှေ့နေဟာသတွေ ဟောပြောခဲ့တယ်။ ပရိသတ်ကလဲ လက်ခုပ် လက်ဝါး တီးပြီးအားပေခဲ့တယ်။ စာပေဟောပြောပွဲ ပြီးတော့ စာပေဟောပြောပေးခဲ့တဲ့ စာရေးဆရာတွေကို လက်ဆောင် ပစ္စည်းတွေ ပေးတယ်။ တခြားစာရေးဆရာတွေအားလုံးဟာ စာအိတ်တအိတ်ပဲ လက်ဆောင်ရခဲ့ပေမယ့်၊ ဆရာအီကြာကွေး ကတော့ ပါကင်စက္ကူနဲ့ သပ်သပ်ယပ်ယပ်ထုတ်ပိုးထားတဲ့ လက်ဆောင်အထုပ်တထုပ်ကို ရခဲ့တယ်လို့ဆိုတယ်။ စာပေဟော ပြောပွဲမှာ စာရေးဆရာ အချင်းချင်းတောင် ဆရာကွေးက ကြွားလုံးထုတ်ခဲ့ကြောင်း။ သူရတဲ့ လက်ဆောင်က ပိုကြီးကြောင်းပြောခဲ့တယ်လို့ဆိုတယ်။ အိမ်ပြန်ရောက်တာနဲ့ လက်ဆောင်ပါကင်ထုတ်ကိုဖောက်ကြည့်တဲ့အခါမှာ အုတ်နီခဲတလုံးကိုတွေ့ရ ကြောင်း၊ အုတ်နီခဲရဲ့ အောက်မှာ ဆရာသာဓုလက်ရေးနဲ့ စာတစောင်ပါလာကြောင်း၊ စာပေါ်မှာ မနက်ဖန် မနက် အိမ်ကိုလာ ပြီး စာပေဟောပြောပွဲ ချီးမြှင့်ငွေထုတ်ပါဆိုတဲ့ စာတစောင်ရေးထားတယ်လို့ အတိတ်က အကြောင်းတွေပြန်ပြောပြီး ဆရာ အီကြားကွေးက ရယ်မောခဲ့ပါတယ်။
xxxxxx

နယ်မြို့တမြို့က ဟောပြောပွဲမှာ ရှေ့နေဟာသတခုကို ဆရာအီကြာကွေးက ပြောခဲ့ပါတယ်။ ကျေးရွာတရွာမှာ လူတယောက် ဆုံးသွားကြောင်း၊ ကျေးရွာရဲ့ ထုံးစံအတိုင်း သေဆုံးသူရဲ့ပါးစပ်ကိုဆွဲဟပြီး ကူးတို့ခထဲ့ဖို့ ကြိုးစားကြပေမယ့် ပါးစပ်က ဖွင့်မရ ကြောင်း၊ သေဆုံးသူရဲ့ နောက်ကြောင်းကိုမေးကြည့်တဲ့အခါ သေဆုံးသူဟာ ရှေ့နေဖြစ်နေကြောင်း…. ဒါ့ကြောင့် ပါးစပ်ကို ဆွဲမဟဘဲ တထောင်တန် ငွေစက္ကူကို သေဆုံးသူရဲ့မျက်နှာပေါ်မှာ လှုပ်ပြဖို့ ပြောခဲ့ကြောင်း၊ ငွေစက္ကူလှုပ်ပြမှ အလောင်း ကောင်ရဲ့ ပါးစပ်ပွင့်လာခဲ့ကြောင်း၊ အဲဒီအချိန်မှာပဲ ကူးတို့ခ တမတ်စေ့ကို ချောက်ကနဲ မြန်မြန်ပစ်ထဲ့ရကြောင်း၊ သေဆုံး သူဟာ ရှေ့နေဖြစ်တဲ့အတွက် ရဖို့ယူဖို့ကလွဲပြီး ပြန်မထွက်ချင်တဲ့ဆန္ဒစွဲကြောင့် ပါးစပ်က မပွင့်တာဖြစ်တယ်ဆိုတဲ့ ဟာသကို သူဟောခဲ့ပါတယ်။ ပရိသတ်ကလဲ လက်ခုပ်လက်ဝါးတွေတီး လက်ခေါက်တွေမှုတ်ပြီး အားပေး ခဲ့ကြောင်း၊ ဟောပြောပွဲပြီးမှ သူသိရတာက ဟောပြောပွဲ ကြီးကြပ်စီစဉ်သူဟာ ရှေ့နေဖြစ်နေကြောင်းကို ပြောပြဖူးပါတယ်။ တခါတခါ သူပြောတဲ့ ဟာသ ထက် ပရိသတ်က ပိုရယ်လာပြီဆိုရင် ဆက်မပြောရဲတော့တာတွေကိုလဲ ဆရာအီကြာကွေးက ပြောခဲ့ပါတယ်။
xxxxxxx

ကျနော်အိမ်ထောင်ပြုတော့မယ့်အကြောင်း ဆရာအီကြာကွေးကိုပြောလိုက်တာနဲ့ ကျနော့် အကြောင်းတွေကို စာရေးပြီး နောက်ခဲ့သလို၊ ကျနော့်ဇနီး ကိုယ်ဝန်ရှိတဲ့အကြောင်းသိတုန်းကလဲ ဆရာကွေးက အတည်ပေါက်နဲ့ နောက်ခဲ့ပြန်ပါတယ်။

အခု ကိုယ်လေးလက်ဝန် ရင့်လာပြီဆိုတော့ လူကြီးကော ကလေးပါ ကျန်းမာရေးကောင်းဖို့ သူဆုတောင်းပေးတဲ့အကြောင်း ဆရာအီကြားကွေးက ပြောပါတယ်။

‘အမျိုးသမီး မီးဖွားတဲ့အခါ ကလေး လွယ်လွယ်ကူကူ မွေးဖို့ကိစ္စမှာ အမျိုးသားရဲ့ အခန်းကဏ္ဍလဲ အရေးကြီးတယ်’ လို့ ဆရာ ကွေးက ပြောပါတယ်။ အဲဒီနောက်မှာတော့ မိန်းမရဲ့ ဗိုက်ရှေ့ကနေ ယောက်ျားဖြစ်သူက သကြားလုံးကိုင်ပြီး သားသားရေ မီးမီရေ လို့ နေ့တိုင်းအော်ဖို့လိုကြောင်း၊ ကလေး ဗိုက်ထဲမှာ အရမ်းလှုပ်လာပြီးဆိုရင် ခါတိုင်းထက်ပိုပြီး သကြားလုံးကိုင်လှုပ်ပြပြီး သားသားရေ ရော့ရာ့လို့ အော်သင့်တယ်လို့ ပြောပါတယ်။

‘ဘာဆိုင်လို့လဲ ဆရာကွေးရယ်’လို့ ပြောလိုက်တော့…
‘ကလေးဆိုတာ သကြားလုံးကြိုက်တယ်ကွ၊ မြန်မြန်မွေးတာပေါ့’လို့ နောက်ခဲ့တာကို သတိရနေမိတယ်။
xxxxxxx

ဘာသာတရားကိုင်းရှိုင်းတဲ့ ဆရာအီကြာကွေးဟာ သူမကွယ်လွန်ခင်လေးမှာပဲ သူနေထိုင်ခဲ့တဲ့ အမှတ် ၇၆၅၊ မင်္ဂလာလမ်း၊ ၁၂ ရပ်ကွက် တောင်ဥက္ကလာပ နေအိမ်ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဆရာအီကြာကွေးဟာ သူ့ရဲ့ မူရင်းကလောင်အမည် ဓနုဖြူကျော်ထွန်းနဲ့ ကဗျာ ပုဒ်ရေ ၁၂ဝဝ ကျော်၊ အီကြာကွေး ကလောင်အမည်နဲ့ မဂ္ဂဇင်း ဝတ္ထုတို ၈ဝ ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် ၃ ပုဒ်၊ လုံးချင်း ၂၇ အုပ်နဲ့ ပီမိုးနင်း၏ ဝတ္ထုတို အတတ်ပညာ စာပေဆိုင်ရာ ကျမ်းတစောင်ကို ပြုစုခဲ့ပါတယ်။ သူ့ကိုယ်သူ အသက် ၁၂ဝ ဆရာကြီးကွေး၊ အသက် နှစ်ထောင်ဂုရုကွေး၊ အသက် သုံးထောင် ဂုရုကွေးဆိုပြီး ပျော်ပျော်ပါးပါးနဲ့ စာပေလော ကမှာ ဖြတ်သန်းခဲ့တဲ့ ဆရာကြီးအီကြာကွေးဟာ အသက် ၇၂ နှစ်အရွယ်၊ ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၆ နာရီ အချိန်မှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကဗျာတွေ၊ စာတွေ၊ ဟောပြောခဲ့တဲ့ အသံတွေကတော့ ယနေ့တိုင် တန်ဖိုးကြီးစွာ ကျန်ရစ်နေဆဲပါပဲ။

ကိုဂျေ
ဇွန် ၃ဝ မနက် ၅ နာရီ

ဖော်ပြပါ ဓာတ်ပုံမူရင်းကတော့ ကိုမြတ်ခိုင် Myat Khine ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Comments