မောင်မိုးသူ - ရုပ်ရှင်နှင့် ဘကြီးမိုး

Illustration - Zaw Maung

 မောင်မိုးသူ - ရုပ်ရှင်နှင့် ဘကြီးမိုး 
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈
 
ဘကြီးမိုးရဲ့ သောကြာစကားဝိုင်းက ရုပ်ရှင်အစည်းအရုံးမှာ ဖွင့်ထားတဲ့ မောနင်း စတားဆိုင်မှာ ဆုံလေ့ရှိကြတယ်။ ခုတစ်လော သောကြာပတ်မှာတော့ ဘကြီးမိုးကို ရုပ်ရှင်သမားတွေက လာနှုတ်ဆက်ကြ တယ်။ ရှေးဟောင်း ရုပ်ရှင်လူမျိုးများကိုပါ တွေ့ပါတယ်။ မနေ့တစ်နေ့ကတော့ အင်န် အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံတစ်ဦး ဖြစ်တဲ့ မုံရွာအောင်ရှင်နဲ့ ဘကြီးမိုး ထိုင်နေတုန်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဇင်ဝိုင်း (ကိုဌေး) နဲ့ ဆုံတော့ စကားပြောဖြစ်ပါ တယ်။ ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဖြစ်တဲ့ ဒေါက်တာဖေမြင့်နဲ့ပါ ဆုံကြ ရအောင် ပြောမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါက်တာဖေမြင့်ကလည်း စာရေးဆရာကိုး။ နောက်တစ်ရက်ကျတော့ ရုပ်ရှင်အစည်းအရုံးနာယက ဒါရိုက်တာ ကြည်စိုးထွန်းနဲ့ အစည်းအရုံးဥက္ကဋ္ဌ ဇင်ဝိုင်း တို့ ဆင်ဆာနဲ့ပတ်သက်ပြီး ပြောကြတာ ဖတ်လိုက်ရကြားလိုက်ရပါတယ်။ အဲသည် တော့ စာပေဟောပြောပွဲခေတ်မှာ စာရေးဆရာ ဒါရိုက်တာ ဘကြီးမိုးဟာ ရုပ်ရှင်လောက ကြုံတွေ့ဖြတ်သန်းရတဲ့ ဇာတ်လမ်းစိစစ်ရေး ရုပ်ရှင်ဆင်ဆာအခက်အခဲ များအကြောင်း ဟောပြောခဲ့ဖူးတာကို သတိရမိပါတယ်။

တကယ်တော့ ဘကြီးမိုးကို ရုပ်ရှင်ဒါရိုက်တာအဖြစ် မသိကြတော့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက် ရေးကော်မတီဖွဲ့စည်းစဉ်က ဘကြီးမိုးနဲ့ အတူ အိအိခိုင်၊ ကြည်ဖြူသျှင်၊ မခိုင် (ထွန်းအိန္ဒြာဗိုလ်) တို့နဲ့ ဆုံဖြစ်ပါတယ်။ အိအိခိုင် ဆိုတာ ဘကြီးမိုးရဲ့ သူငယ်ချင်း မိတ်ဆွေ ဒါရိုက်တာ ဦးကြီးမြင့်ရဲ့ သမီးပေါ့၊ ကြည် ဖြူသျှင်ကတော့ ဘကြီးမိုးထက် အ သက် ၁၀ နှစ်ကြီးပေမဲ့ သူငယ်ချင်းလို ပေါင်း ခဲ့တဲ့ ဒါရိုက်တာ ဦးထွန်းမြင့်ထွန်းရဲ့ မြေးမလေး ဖြစ်ပါတယ်။ မခိုင်ကတော့ ဗိုလ်ချုပ် ရုပ်ရှင်လုပ်ကိုင်ကြမှ မြင်ဖူးတွေ့ဖူးတာပါ။ မခိုင်နဲ့ တကွ ခေတ်ပေါ် ရုပ်ရှင်မင်းသမီး ကလေး များ အကြောင်း စကားစပ်မိတော့ ဘကြီး မိုး က သူတို့မသိတဲ့အကြောင်း ပြောမိပါတယ်။ အဲသည်တော့ မခိုင်က ပြုံးပြီး သူတို့ကလည်း ဘကြီးမိုးကို မသိတော့ပါဘူး ပြန်ပြောတယ်။

ဒါပေမဲ့ တစ်ချိန်တုန်းက စာရေးဆရာဒါရိုက်တာအဖြစ် စာပေဟောပြောပွဲတွေမှာ မြန်မာနိုင်ငံ ရုပ်ရှင်လောကရဲ့ ခက်ခဲစွာ ဖြတ်သန်းခဲ့ကြတဲ့ ဇာတ်လမ်းစိစစ်ရေး နဲ့ ဘယ်လိုမှန်းမသိစွာနဲ့ တင်းကျပ်တဲ့ ရုပ်ရှင်ဆင်ဆာအကြောင်းတွေ ဟောပြော မိတယ်ဆိုတာကို သတိရမိပါတယ်။ အဲသည်ခေတ်ကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် ရုပ်ရှင်ကောင်စီခေတ်ပေကိုး။ (အေဝမ်းဦးတင်မောင် ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး မင်းသားဦးရွှေဘတို့ရဲ့ ရုပ်ရှင် ကောင်စီ နှစ်နှစ်ကာလမှာ ဘကြီးမိုးလည်း ဗဟိုဦးစီးအမှုဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။)

အဲသည်ခေတ် ရုပ်ရှင်လောကသား များ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ အတွက်ဆိုရင် ပထမဆုံး ဖြတ်သန်းရတဲ့ အခက်အခဲကြီးကတော့ ဇာတ်လမ်းစိစစ် ရေး ဖြစ်ပါတယ်။ ဇာတ်လမ်းစိစစ်ရေးကို (၁) ဇာတ်ကားရဲ့ ရည်ရွယ်ချက်၊ (၂) ဇာတ်လမ်း အကျဉ်းချုပ်၊ (၃) ဇာတ်လမ်းအခန်းစဉ် ရေးသားတင်ပြပြီးမှ ခွင့်ပြုချက်ရပါမှ ရုပ်ရှင်ရိုက်ကူးကြရတာ ဖြစ်ပါတယ်။ အဲ သည်လို ရည်ရွယ်ချက်၊ အကျဉ်းချုပ် ၊ ဇာတ် လမ်း အခန်းစဉ်ဆိုတာတွေကို စာကူးစက် ဖြင့် ကော်ပီတော်တော်များ များ ရိုက်ပြီး တင်ရတာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ကျဖို့ကလည်း အတော်ခက်တာခင်ဗျ။

ဇာတ်လမ်းစိစစ်ရေးအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်သူကတော့ ထုံးစံအတိုင်း အထူး အရာရှိ ဗိုလ်ကြီးတစ်ယောက်ဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်တစ်ခေတ်လုံးမှာ အဖွဲ့ အစည်းအားလုံး၊ စီးပွားရေးလုပ်ငန်းများ အားလုံး၊ စက်ရုံအလုပ်ရုံများ အားလုံးကို အထူးအရာရှိအဖြစ် တာဝန်ယူကြရတဲ့ သူများက စစ်ဗိုလ်ကြီးများ ဖြစ်ကြပါတယ်။

အဲသည်ခေတ်မှာ ဇာတ်လမ်းတစ်ပုဒ်ခွင့်ပြုချက်ရဖို့ဆိုတာ ဗြဟ္မာ့ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်း ထိမိဖို့ ခက်သလို ခက်တာပါ။ ထားလိုက်ပါတော့ ထားလိုက်ပါတော့။ ဇာတ်လမ်းခွင့်ပြုချက်ရလာပြီဆိုရင်တော့ ရုပ်ရှင်လောကသားများ ဆောင်ကြ ရှောင်ကြရမယ့် ကြီးမား ကြီးလေးကြတဲ့ တာဝန်များလည်း ရှိလေရာ အဲသည်အကြောင်းများကို ဘကြီးမိုး ခေါ် မောင်မိုးသူက စာပေဟောပြောပွဲမှာ ဟောပြောတဲ့အခါ ပရိသတ်တွေက တအုန်းအုန်းတဝါးဝါးနဲ့ သဘောကျကြပါတယ်။

ဘကြီးမိုး ဟောပုံက တစ်မျိုးလေ။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်မှာ အထက် တန်းကျောင်းသူနဲ့ ကျောင်းသားများ ရည်း စားမထားရ၊ ပြီးတော့ ရုပ်ရှင်ဇာတ်ကားထဲမှာ သမီးရည်းစားနှစ်ယောက်ရဲ့ အခြေခံ ပညာအရည်အချင်းက တက္ကသိုလ်ကျောင်း သားများ ဖြစ်ရမှာကိုး။ ပြီးတော့ ဘကြီးမိုး က ပြောပါတယ်။ ရုပ်ရှင်နယ်ပယ်မှာသာ အထက်တန်းကျောင်းသူကျောင်းသားများ ရည်းစားမထားကြတာ မဟုတ်ပါဘူး၊ အပြင်လောကမှာလည်း အထက်တန်း ကျောင်းသူ ကျောင်းသားများ ရည်းစား မထားကြပါဘူး။ ပရိသတ် သဘောကျ တာပေါ့။

ထိုနည်းတူပဲ ရုပ်ရှင်ထဲမှာ တရားသူ ကြီးများ၊ အစိုးရအရာရှိများအားလုံး အား လုံး လာဘ်မစားကြရဘူးခင်ဗျ။ အပြင် လောကမှာလည်း ဟဲ ဟဲ လာဘ်မစားကြ ဘူးလို့ ပြောတာကို ပရိသတ် သဘောကျ ကြပါတယ်။

နောက်တစ်ခု ကျွန်တော်တို့ မြန်မာ့ ရုပ်ရှင်ဇာတ်ကားထဲမှာ လင်ငယ် မယား ငယ် မနေရဘူးခင်ဗျ။ အပြင်လောကမှာ လည်း လင်ငယ် မယားငယ်မနေကြပါဘူး လို့ ဘကြီးမိုးက ပြောတာကိုး။ သည်ကိစ္စနဲ့ ပတ်သက်ပြီး ဘကြီးမိုးက ထင်ရှားတဲ့ ရုပ် ရှင်ဇာတ်ကားတစ်ကား ဥပမာတစ်ခုကို ပြောပြပါတယ်။ အေဝမ်းဦးတင်မောင် ဒါ ရိုက်တာ မင်းသားအဖြစ် ရိုက်ကူးတဲ့ ရတ နာပုံ ဇာတ်ကားပါပဲ။ ရတနာပုံဇာတ်ကား မှာ ဦးတင်မောင် (မောင်ထွန်းမြတ်) နဲ့ ခင် စိန်ကြည်တို့ လင်မယားနှစ်ဦးရှိရာမှာ သား သမီးတွေ ရပြီးခါမှ ခင်စိန်ကြည် (ကြည်ကြည်ဌေး) က အေးကြူနဲ့ လင်ငယ်နေ ဖောက်ပြား အိမ်ပေါ်ကနေ ဆင်းသွားပါတယ်။ ခင်စိန်ကြည် ဒုက္ခတွေ အမျိုးမျိုး ရောက်ရှိတဲ့ ဇာတ်ကားပေါ့။ အဲသည် ရတ နာပုံ ဇာတ်ကားကို နောက် တစ်ကြိမ် ဇာတ် လမ်း စိစစ်ရေးမှာ ဇာတ်လမ်းတင်ပြတော့ ခင်စိန်ကြည်က လင်ငယ်မနေရဘူး၊ အိမ် ထောင်ရေး မဖောက် ပြန်ရဘူးဆိုတော့ ဇာတ်ဘယ်နာတော့မလဲ။

ထိုနည်းတူ ဆရာဝန်များလည်း ရုပ်ရှင်ထဲမှာ မဟုတ်တာ လုပ်ခွင့်မရှိဘူးခင်ဗျ။ သည်ထက်ခွကျတာ တစ်ခုရှိသေး။ ယူနီ ဖောင်းဝတ်ထားတဲ့သူနဲ့ အရပ်ဝတ်နဲ့ လက်သီး မထိုးရဘူး၊ ဖိုက်တင်မချရဘူးခင်ဗျ။ ချရင်လည်း အရပ်ဝတ်က မနိုင်ရဘူးတဲ့။ အဲသည်နေရာမှာ အတော်ခွကျတာတစ်ခု ရှိတယ်။ မင်းသား ရဲအရာရှိဖြစ်ပြီး လူဆိုးတွေ လိုက်ဖမ်းတဲ့အခါမှာ ဖိုက်တင်ချခန်း ပါချင်သေးတာကိုး။ ပြီးတော့ ဘာလုပ်ကြသေးလဲဆိုရင် ရဲအရာရှိ မင်းသားကို ယူနီ ဖောင်းချွတ်ပြီး အရပ်ဝတ် ဝတ်ခိုင်းပြီးမှ လူ ဆိုးများ နဲ့ ဖိုက်တင်ချခွင့်ရတော့တာကိုး။

အဲသည်လို အဲသည်လို ပြင်ပလောက မှာ ဖြစ်ပျက်ဖူးတဲ့ မတူညီ ထူးခြား ဆန်း ပြား အကျင့်သီလနဲ့ ပြည့်စုံတဲ့ ရုပ်ရှင်ဇာတ်ရုပ်စရိုက်များနဲ့ ဘကြီးမိုးတို့တစ်တွေ ရိုက်ကြရပါတယ်။

အဲသည်တော့ မြန်မာရုပ်ရှင်ဇာတ် ကားထဲမှာရှိတဲ့ ဇာတ်ရုပ်စရိုက်တွေဟာ လာဘ်စားခြင်းမရှိ၊ မဟုတ်တာလုပ်ခြင်း မရှိ၊ လင်ငယ် မယားငယ် မနေကြ၊ လူဆိုးများ သွားဖမ်းတဲ့ ရဲအရာရှိ ဖိုက်တင်ချချင် တာ တောင် အရပ်ဝတ်လဲပြီးမှ ချကြရတာကိုး။

သည်လို သည်လိုနဲ့ ဘကြီးမိုးတို့ ခေတ် ရုပ်ရှင်လောကသားများဟာ တစ်နှစ်ကို မြန်မာ့ရုပ်ရှင်ကားထုပ်ပေါင်း ၈၀၊ ၉၀ ရိုက် ကူး ထုတ်လုပ်နိုင်ခဲ့လို့ တစ်နှစ် ကို ကား ၁၀ဝ ပြည့်အောင် ထုတ်ကြမယ် လို့ ကြုံးဝါးခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့ ရုပ်ရှင်ကားတွေ အများကြီး အများကြီး ရိုက်ကူးထုတ်လုပ် နေကြတဲ့ ရုပ်ရှင်ထုတ် လုပ်ရေးလုပ်ငန်း အများကြီး ကိုလည်း ပိတ်ပင်လိုက်ပါ တယ်။
သည်ထက်ပိုဆိုးတာကတော့ ရုပ်ရှင် ကားတွေ ပြသနေတဲ့ မြန်မာတစ်ပြည်လုံး ရှိ ရုပ်ရှင်ရုံများကို ပြည်သူပိုင်သိမ်းလိုက် ခြင်းပင်။ သည်နေရာမယ် မြို့တစ်မြို့ မှာ ရုပ်ရှင်ရုံပိုင်ရှင်ဆိုတာ အဲသည်မြို့ရဲ့ သူဌေးပဲပေါ့။ သူဟာ ရုပ်ရှင်ရုံတည်ထောင် ရုပ်ရှင်ရုံပြသတဲ့ ဝင်ငွေတွေနဲ့ သူဌေး ဖြစ်နေတာပေါ့။ အဲသည် ရုပ်ရှင်ရုံကို နိုင်ငံ တော်က ပြည်သူပိုင်သိမ်းပြီးတဲ့နောက် ငါးယောက်၊ ၁၀ ယောက်နဲ့ ရုပ်ရှင်ပြစား ကြီးပွားခဲ့တဲ့ အနေအထားကနေပြီး အစိုးရ ဝန်ထမ်းအဆင့်ဆင့် လေးငါးခြောက်ဆယ် နဲ့ စီမံခန့်ခွဲပြသရလေတော့ ဝန်ဆောင်မှု စရိတ် ကြီးမားပြီး ပြည်သူပိုင်သိမ်း ရုပ်ရှင် ရုံများဟာ အရှုံးပေါ်ပါတော့တယ်။ နောက် ဆုံး တစ်ပြည်လုံးမှာရှိတဲ့ မြို့လေး မြို့ငယ်တွေရဲ့ ရုပ်ရှင်ရုံတွေဟာ ရုပ်ရှင်ရုံအဖြစ်မှ ဇီဝိန်ကြွေသွားပြီး ဂိုဒေါင်ဖြစ်လိုဖြစ်၊ ဖြစ် ချင်တာတွေ ဖြစ်ကုန်ကြတာပေါ့။

သည်နည်း သည်နည်းနဲ့ပဲ တစ်နှစ် ကား ၁၀ဝ ထုတ်မယ်လို့ ကြိမ်းဝါးခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကကြီးဟာ တစ်နှစ်လုံးနေမှ လက်ဆယ်ချောင်း မပြည့်လောက်တဲ့ ရုပ်ရှင်ကားများ ထုတ်လုပ်နိုင် တဲ့ အခြေအနေရောက်ရှိလာပြီး မြန်မာ တစ်ပြည်လုံးမှာ ရုပ်ရှင်ပြသနိုင်တဲ့ ရုပ်ရှင် ရုံပေါင်းဟာလည်း ဘယ်လောက်မှ မကျန် ရစ်တော့တာကို ဝမ်းနည်းစရာ တွေ့မြင်ရပါတယ်။
ရုပ်ရှင်အကြောင်း ဘကြီးမိုး ပြောရ မယ်ဆိုရင်တော့ အများကြီးပေါ့လေ။ တစ်ချိန်တည်းမှာ ရုပ်ရှင်ကားကြီးတွေ မရိုက်ကူးနိုင်လို့ ဗီဒီယိုဇာတ်ကားတွေ ထုတ်လုပ် ရိုက်ကူးတဲ့ခေတ်လည်း ရှိခဲ့ဖူးပါတယ်။ ဘကြီးမိုး (မောင်မိုးသူ) ကိုယ်တိုင်လည်း ဗီဒီယိုခေတ်ဦးမှာ ဗီဒီယိုဇာတ်ကား နှစ် ကားကို ရိုက်ကူးခဲ့သူဖြစ်လေတော့ ရှေ့အပတ်ကျရင် ရုပ်ရှင်နဲ့ဗီဒီယိုအကြောင်း ရေးပါ့မယ်။

Comments