မောင်စိန်သော် ● မန်ခါတိုက်ပွဲ (သို့မဟုတ်) ရန်သူ့ထိုးစစ်ကို ရိုက်ချိုးပစ်သည့် တပ်ရင်းချေမှုန်းရေးတိုက်ပွဲ - အပိုင်း (၂)

မောင်စိန်သော် ● မန်ခါတိုက်ပွဲ (သို့မဟုတ်) ရန်သူ့ထိုးစစ်ကို ရိုက်ချိုးပစ်သည့် တပ်ရင်းချေမှုန်းရေးတိုက်ပွဲ - အပိုင်း (၂)
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂ဝ၁၈

ရန်သူက “တာကောင်းအက်" ကူးတို့ဆိပ်မှ သံလွင်မြစ်ကိုဖြတ်ကူးကာ ဘယ်ဘက်လမ်းကြောင်းတလျှောက် ထိုးဖောက်ဝင်ရောက်လာပြီး မိမိ မန်မန့်ဆိုင် (မန့်ရှန်) မြို့နယ်အတွင်းရှိ မန်ခါဒိုင်နယ်၊ မန်ခါရွာတဝိုက် တောင် ကုန်းများကို သိမ်းယူတပ်စွဲထားသည်။ ရန်သူရောက်နေသည့်နေရာနှင့် မန်မန့်ဆိုင်မှာ ခန့်မှန်း ၂ နာရီခရီး လောက်ရှိလိမ့်မည်။ နေရာယူထားသည့် ရန်သူအင်အား တပ်ရင်းတရင်းလား နှစ်ရင်းလား သေချာအောင် ထောက်လှမ်းရသည်။ ပထမ ရန်သူစထိုးစဉ်က ခလရ ၃၃ နှင့် ခလရ ၂၃ တို့နှစ်ရင်းဖြစ်သည်။ ခလရ ၆၇ က သံလွင်မြစ်ကူး ကူးတို့ဆိပ်တလျှောက် လုံခြုံရေးယူထားသည်ဟု သိရသည်။ နောက်ပိုင်း ရန်သူတပ်တချို့ ပြန်နုတ်သွားသည့်သတင်းက သေချာနေသည်။ သို့သော် ပြန်နုတ်သွားသည့် ရန်သူတပ်က တရင်းလား စစ်ကြောင်းတကြောင်းလား တိတိကျကျသိဖို့က အရေးကြီးသည်။ ရန်သူတပ်ရင်းတရင်း ပြန်နုတ်သွားသည့် သတင်းသေချာပါက ကျန်နေသည့်တပ်ရင်းကို ချေမှုန်းတိုက်ခိုက်မည်။ ထိုဒေသသို့ ရန်သူထိုးစစ်ဆင်လာစဉ် အရင်ဆုံးခံစစ်ဆင်တိုက်၍ လွတ်မြောက်နယ်မြေကိုကာကွယ်ထားသည့် ဝ တောင်ခရိုင်တပ်နှင့် ဒေသပြည်သူ့ စစ်များ မိမိတို့ဘက်တွင်ရှိသည်။ ဒေသသားရဲဘော်များဖြစ်၍ မြေအနေအထား အသေးစိတ်ကျွမ်းကျင်သလို သတင်းထောက်လှမ်းရေးအတွက် အလွန်အားထားရသည်။ ရန်သူ ထိုးဖောက်နေရာယူထားပုံ မြေအနေအထား၊ မိမိဘက်မှ ထိုးစစ်ဆင်ပြန်လည်သိမ်းပိုက်ရေး လမ်းကြောင်းများ၊ ဝိုင်းပတ်ပိတ်ဆို့မည့်ခွင်၊ လက်နက်ကြီးချ ထားမည့်နေရာများကို အခိုင်အမာသဲမြေပုံခင်း၍ စူးစမ်းလေ့လာကြပြီး တပ်ကေဒါအစည်းအဝေးတွင် ရန်သူကို တိုက်ခိုက်ချေမှုန်းပစ်ပြီး မိမိနယ်မြေကို ပြန်လည်သိမ်းပိုက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။

၁၉၇၉ ခု ဒီဇင်ဘာ ၃၁ ရက်ဟုထင်သည်။ တပ်ဖွဲ့တိုင်း တိုက်ပွဲဝင်ရန်အသင့် ဖြစ်နေကြပြီ။ ညနေ ၁၈ဝဝ နာရီ တွင် တပ်များစခန်းချရာနေရာမှ ထွက်ခွာသည်။ လွယ်ပန်လုံတောင် အရှေ့ဘက် မန်းပတ်-ဆိုသည့် ဝ ရွာ၏ အပေါ်ပိုင်းကွင်းပြင်တွင် တပ်များ စုရပ်အဖြစ်စုစည်း၍ တပ်မှူးနှင့် နိုင်ငံရေးမှူးတို့က တပ်ထွက်မိန့်ခွန်းပြော သည်။ တပ်ထွက်မိန့်ခွန်းပြောအပြီး တပ်ဖွဲ့တိုင်း သတ်မှတ်ချက်အတိုင်း မန်းပတ်ရှေ့လမ်းမကြီးအတိုင်း ဆက်လက်ထွက်ခွာလာခဲ့ကြသည်။ ည ၁၂ နာရီကျော်သွားပြီ။ လမ်းမကြီးဘေးမှာ တပ်ဖွဲ့အသီးသီးမှ နောက်ချန် ကျောပိုးအိတ်များ၊ အခြားအပိုပစ္စည်းများအား စောင့်ရှောက်ရန် ချန်ထားခဲ့သည့်ရဲဘော်လေးများ နှစ်နေရာ သုံးနေရာလောက်တွေ့ရသည်။ တချို့က မီးထည့်လှုံနေသည်။ ရန်သူမီးမြင်ပြီး ကြိုတင်သတင်းရမှာ မစိုးရိမ်ရ ဘူးလား၊ ကျွန်တော့်အတွေးထဲက မေးခွန်းများနှင့် လက်နက်ကြီးသုံးကိရိယာတွေ ထမ်းပိုးရင်း ကျွန်တော်တို့ တပ်ဖွဲ့ချီတက်နေသည်။ လမ်းဘေးတွင် ဘုန်းကြီးကျောင်းပုံစံ တွေ့မိလိုက်သည်၊ ထိုနေရာမှ နာရီဝက်လောက် ဆက်သွားရာ သတ်မှတ်နေရာရောက်သည်။

(၄)
လက်နက်ကြီးပစ်ရန် နေရာသတ်မှတ်တိုင်းထွာ ကြိုပြင်ထားပြီးဖြစ်သည်။ ဤနေရာမျိုးတွင် ညအချိန် အသံလုံ၊ အရောင်လုံ၊ အထူးသဖြင့် မီးရောင်မတွေ့ရန် သတိရှိကြရသည်။ ကျွန်တော်တို့ လက်နက်ကြီး ပစ်မည့်နေရာ သည် တပ်နေထားသည့် ကတုတ်ကျင်းများတွေ့ရသည်။ ခရီးရောက်မဆိုက် လက်နက်ကြီးကျည်ဆန်တွေ စစ်ဆေးစီစစ်ပြီး အသင့်ပြင်ဆင်ကြရသည်။ တကြိမ်မျှပစ်မစမ်းဖူးသေးသော လက်နက်ကြီးများ လက်တွေ့တိုက် ပွဲတွင် ပစ်စမ်းရတော့မည်။ ဒီဇင်ဘာဆောင်းက ခိုက်ခိုက်တုန်အောင် နှုတ်ဆက်နေသည်၊ မီးမလှုံရ၍ ပိုအေးနေ သည်။ ကျွန်တော်တို့တပ်ဖွဲ့က WT (Walkie-Talkie) တပ်ဆင်ထားသည်၊ ပြင်ဆင်မှုများအားလုံး ချောမော ကောင်းမွန်သည်၊ နားနားနေနေမှေးစက်ရန်ပင် အချိန်ရသေးသည်။

နောက်နေ့ အရုဏ်တက် ဝ၅ဝဝ နာရီလောက်တွင် ရန်သူထွက်ပြေးသွားပြီ ဆိုသည့်သတင်း ပထမ ကြားရ သည်။ ခဲလေသမျှ သဲရေကျမလို ဖြစ်နေရာမှ ရန်သူမပြေးဘူး၊ ရှိနေသည်ဟု သိရသည်နှင့်တပြိုင်နက် မိမိဘက် အခြားတပ်ဖွဲ့မှ လက်နက်ကြီးစတင်ပစ်ဖောက်လိုက်သံ ဒိန်းကနဲစကြားလိုက်ရသည်။ ကျွန်တော်တို့ တပ်ဖွဲ့လည်း ပြင်ဆင်ထားသည့်လက်နက်ကြီး စတင်ပစ်ဖောက်ပါတော့သည်။ အချိန်ကြာမြင့်စွာ အောင့်အည်းထားရသည့် ၁၂ဝ မမ လက်နက်ကြီးနှစ်လက်မှာ မြေကြီးများတုန်ခါသွားအောင် ဒေါသမီးများ ဝင်းဝင်းတောက်၍ ကျည်ဆန် များ ခုန်ထွက်သွားကာ ရန်သူ့စခန်းများအား ထွင်းဖောက် ဖြိုခွင်းပစ်နေသည်။ ၁၂ဝ နှစ်လက်ကို တဝုန်းဝုန်းပစ် ခတ်နေသည့် နာရီဝက်လောက်အတွင်း ၎င်းကျည်ဆန်တွေ တော်တော်ကုန်သွားသည်။ ကျွန်တော်တို့လည်း ဘာသံမှ မကြားရလောက်အောင် နားအူနေတော့သည်။ အရှေ့တောင်အာရှ ညီနောင်ပါတီတခုမှ ညီနောင် ခွဲမှူး ရဲဘော်တယောက် ကျွန်တော်တို့တပ်ဖွဲ့နဲ့ပါလာသည်။ သူက အမြောက်အကဲကြည့်အဖြစ် လက်တွေ့ပါဝင် လေ့လာနေသူဖြစ်သည်။ သူက ပစ်မှတ်ထိမှန် အမြောက်ဆန်ပေါက်ကွဲမှုရှင်းမှ နောက်တလုံး ထပ်ပစ်စေချင် သည်။ အကဲကြည့်ရန်မြင်ကွင်းကို သစ်ကိုင်းများကွယ်နေ၍ အရှင်းခိုင်းလိုက်ရာ အရေးထဲ ရဲဘော်တယောက် မိုင်းထိသွားသည်။ မိုင်းကွင်းထဲမှ မိုင်းထိရဲဘော် ကောက်ယူကယ်တင်ရေး ရဲဘော်များ စွန့်စွန့်စားစား သယ်မ ထုတ်ယူကြရသည်။

ရန်သူ့စခန်းအခြေသို့ ရောက်နေသည့် မိမိတို့ခြေလျင်တပ်က မုန်တိုင်းစတင်ထိုးရန်၊ မီးကျည်များပစ် အချက်ပေး လိုက်သည်။ မီးကျည်တွေ့ရပြီးနောက် မုန်တိုင်းစစ်ဆင်နေသည့် လက်နက်ငယ်ပစ်ခတ်သံများ မိုးပြင်းရွာကျ သည့်နှယ် အတွဲလိုက်သေနတ်သံတွေ ဆူပွက်သွားတော့သည်။ မွှေ့ရမ်းလိုက်သည့် သေနတ်သံတွေ နှစ်လော လောက်ဘဲ ကြားလိုက်ရသည်ဟု ကျွန်တော်ထင်သည်။ ရန်သူ့တပ်ရင်းရုံးလို့ တွက်ထားသည့် တောင်ကုန်းပေါ် မိမိခြေလျင်တပ်မှရဲဘော်များ ရောက်သွားသည်ကို အဝေးမှလှမ်းတွေ့ရသည်။ ရန်သူ ဖြန့်ကြက်ယူထားသည့် စခန်းကုန်းတိုင်း ယမ်းငွေ့တွေဝေနေပြီး လက်နက်ငယ်ပစ်သံတွေ ကြိုးကြားကြိုးကြား ကြားနေရသည်။ ရန်သူက မန်ခါခွင်ထဲရှိ တောင်ကုန်းတွေပေါ်မှာ စခန်းနေရာ ၉ ခု၊ ၁ဝ ခုလောက်ခွဲ နေရာယူထားသည်။ ကျွန်တော်တို့ တပ်ဖွဲ့မှာ ရန်သူယူထားသည့်စခန်းကုန်းများနှင့် လက်နက်ကြီးတကမ်းမှာရှိနေ၍ မိမိခြေလျင်တပ် တက်ထိုးချေ မှုန်းနေသည့် တိုက်ပွဲအခြေအနေကို ရုတ်တရက် ဘယ်လိုမှ ရှင်းရှင်းလင်းလင်းမသိနိုင် ဖြစ်နေသည်။ မကြာခဏ ဆိုသလို စခန်းတွေနောက်ဘက်ဆီက လက်နက်ငယ်ပစ်သံတွေ ကြားရပြန်သည်။ ကုန်းပေါ်မှဆင်းပြေးသည့် ရန်သူများ ပြေးလမ်းကိုဝိုင်းပတ်ပိတ်ထားသည့် မိမိတပ်များနှင့်ဝင်တိုး၍ တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်ဟု တွက်ဆ လို့ရသည်။ သုံ့ပန်းမိနိုင်မည်ဟုလည်း တွက်လို့ရသည်။ သိပ်မကြာလိုက်၊ ရှေ့တန်းစစ်ဦးစီးရုံးမှ ရဲဘော်များ ရန်သူစခန်း သိမ်းနိုင်ပြီဖြစ်၍ စခန်းကုန်းပေါ်တက်သွားကြသည်။ ကျွန်တော်တို့က မှန်ပြောင်းသုံး၍ ရန်သူ့စခန်း သိမ်းပိုက်နိုင်သည့်အနေအထားကို တွေ့ရသည်။ မိမိတပ်မှ ဒဏ်ရာရရဲဘော်များ ထမ်းထွက်လာသည်ကိုလည်း မြင်ရသည်။ ကျဆုံးရဲဘော်များလည်းရှိ၍ ထမ်းစင်များနှင့် အလောင်းများသယ်ရသည်။ တချို့ရဲဘော် အလောင်းများ မမြင်ရက်စရာ၊ စစ်မြေပြင်မြင်ကွင်းကား သွေးချင်းချင်းနီနေသည်။ အသက်နှင့်လဲ၊ တိုက်ပွဲကို အနိုင်ယူသွားကြသည့် သူရဲကောင်းများဖြစ်သည်။

ချေမှုန်းစစ်ဆင် စခန်းသိမ်းတိုက်ပွဲများ ၂ နာရီနီးပါးအကြာ စခန်းအများစုရရှိပြီးသွားသည်။ ကျွန်တော်တို့ ၁၂ဝ မမလက်နက်ကြီးအဖွဲ့လည်း မိမိလက်နက်များ ဖြုတ်သိမ်း ပြန်ဆုတ်လာသည်။ အထမ်းသမားအပါ ကျွန်တော်တို့ အဖွဲမှာ အင်အား ၆ဝ လောက်ရှိသည်။ လာလမ်းအတိုင်းပြန်လာစဉ် ဖားချပ်(ခြေတော်ရာ) ခေါ်သည့် ဘုန်းကြီး ကျောင်းနားရောက်လာသည်။ ကျောင်းအနီးက ကျောက်တောင်လေးတွေပေါ်မှာ စေတီငယ်တွေ ဖူးတွေ့ရ သည်။ အဲဒီကျောက်တောင်တွေဘေးမှာ ဖမ်းဆီးရမိလာသည့် သုံ့ပန်း ၄- ၅ ယောက်ကို ကေဒါတချို့က စစ်ဆေးမေးမြန်းနေသည်။ ပြည်သူ့တပ်မတော်၏ အမြန်တိုက်၊ အမြန်အဆုံးသတ်စစ်ဆင် ဆိုသည့် စစ်ရေး ပေါ်လစီအတိုင်း တိုက်ခိုက်လိုက်နိုင်သည့်အတွက် သူတို့တပ်တွေ ဖရိုဖရဲထွက်ပြေးကြ၊ လက်နက်ချကြရတဲ့ အဖြစ် သုံ့ပန်းများပြောကြားချက်ကို ကျွန်တော် နားထောင်နေမိသည်။ တိုက်ပွဲခွင်မှရဲဘော်များ တဖြည်းဖြည်း ပြန်ဆုတ်လာနေသည်။ သုံ့ပန်းတွေ ထပ်ပို့လာပြန်သည်။ တိုက်ပွဲမှာ တောင်ကုန်းတွေပေါ်မှာ ပြီးသွားသော် လည်း လျှိုမြောင်တွေအကြား ဝိုင်းပတ် ပိတ်ဆို့ထားသည့်ခွင်ထဲ ရန်သူရှိနေသေး၍ လိုက်လံရှင်းလင်း နေဆဲ ဖြစ်သည်။ ဒဏ်ရာရသုံ့ပန်းများရှိ၍ သူတို့ချင်း ပြန်ထမ်းခိုင်းထားသည်။

အချိန် နေ့ခင်း ၁၁ နာရီလောက် ဖြစ်လိမ့်မည်။ လေကြောင်းရန်သတိထားရေးကို ရှေ့တန်းစစ်ဦးစီးရုံးက လိုက် သတိပေးနေသည်။ တိုက်ပွဲတခုလုံးအခြေအနေ မသိနိုင်သေး၊ တိုက်ပွဲခွင်ကျယ်သည့် တိုက်ပွဲကြီးဖြစ်သဖြင့် အဆုံးမသတ်နိုင်သေးဘဲ ဖြစ်နေသည်။ ဗုံးကြဲလေယာဉ် ၃- ၄စင်း၊ တိုက်ပွဲခွင်ကျော်၍ ကျွန်တော်တို့လာလမ်း မန်မန့်ဆိုင်ဈေးဘက် မြို့နယ်ရုံးနှင့် အနီးအနားရွာတွေဆီ ဦးတည်ပျံသန်း ဗုံးကြဲချသည်။ ကျွန်တော်တို့လည်း လေယာဉ်ဗုံးရှောင်ရင်း အနားယူကြသည်။ ထိုအခိုက် သတင်းကောင်းတခု ရောက်လာသည်။ ခလရ ၃၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရစိုးမင်းနှင့် အိုင်အို ဗကအေးဝင်း အပါအဝင် အရာရှိ ၆ ယောက် သုံ့ပန်းအဖြစ် အရှင် ဖမ်းမိကြောင်းသတင်းဖြစ်သည်။ ညနေဘက်အထိ ရန်သူဗုံးကြဲလေယာဉ်များ ဗုံးကြဲနေသည်။ အရပ်သားပြည်သူ တွေ စိုးရိမ်စိတ်မဖြစ်ကြရန် အားပေးရသည်၊ နောက်နေ့နံနက်ပိုင်းအထိ ရှင်းလင်းရေးတပ်ဖွဲ့များက သုံ့ပန်းများ ဖမ်း၊ ဆိုင်ရာသို့ပို့နေသည်ကို တွေ့ရသည်။ ဒုတိယနေ့ညနေပိုင်းလောက်မှ တိုက်ပွဲအခြေအနေတခုလုံးကို ပေါင်းရုံးသုံးသပ် သတင်းထုတ်ပြန်နိုင်ခဲ့သည်။
(၅)
ဒီတိုက်ပွဲအတွင်း ရန်သူ့ထံမှ လက်နက်ကြီးငယ်မျိုးစုံ ၂၂၁ လက်သိမ်းရသည်။ ဒီအထဲမှာ ဂျီ - ၂၊ -၃၊ ၄ အလက် ၁၄ဝ၊ နဲ့ ပစ္စတို ၁၂ လက်လောက်ပါသည်။ ၇၅ မမ နောက်ပွင့် ၂ လက်၊ ၃ လက္မစိန်ပြောင်း ၂လက်၊ ၂ လက္မ စိန်ပြောင်း ၅ လက်၊ လက်ထောက်မော်တာ (အမ် ၄ဝ) ၅ လက်၊ ၉ဝ မမ ၅ လက်နဲ့ အခြား ကာဘိုင်တို့ စတင်း ဂန်းတို့လည်း သိမ်းရသေးသည်။ လက်နက်ကြီးကျည် ၃ဝဝ ကျော်၊ လက်နက်ငယ်ကျည် ၂ သိန်းလောက်နဲ့ ကန စက်များ၊ စကားပြောစက်များအပါ အခြားစစ်သုံးပစ္စည်းမြောက်မြားစွာ သိမ်းဆည်းရမိသည်။ ရန်သူ ချေမှုန်းခံရ သည်မှာ ၂ဝဝ ကျော်လောက်ရှိ၊ စက ၂ မှူး၊ ဗမ စန်းမောင်နဲ့ ဒဏ်ရာသမားအချို့ အပါအဝင် ၇ဝ လောက် ထွက်ပြေး လွတ်သွားတယ်။ တပ်ရင်းမှူး၊ အိုင်အိုနှင့် ခွဲမှူးများအပါအဝင် အရာရှိ ၆ ယောက်၊ အရာခံ ၁ ယောက်၊ အကြပ် ၂၈ ယောက်၊ တပ်သား ၈၂ ယောက်၊ စုစုပေါင်း သုံ့ပန်း ၁၁၆ ယောက်ကို၊ မိမိတို့ ပြည်သူ့တပ်မတော်က ဖမ်းဆီးရမိခဲ့သည်။ ရန်သူ သေကြေဒဏ်ရာ ၁ဝဝ ကျော်လိမ့်မည်။  စာရင်းအတိအကျ မမှတ်မိတော့ဘူး။ သုံ့ပန်း များကို တလလောက် ကောင်းမွန်စွာဆက်ဆံပြုမူ၍ ပြည်သူ့တပ်မတော်၏ ပေါ်လစီများကို သင်တန်းသဘော ရှင်းလင်းပြောကြားပြီး ၎င်းတို့ကိုပြန်လွှတ်ပေးလိုက်သည်။ လွှတ်ပေးသည့်စာရင်းကို ပါတီအသံလွှင့်ဌာန ပြည်သူ့ အသံက လွှင့်ပေးသည်။ သုံ့ပန်းများ စစ်ဆေးမေးမြန်း အတည်ပြုချက်အရ ခလရ ၃၃ ၏ ခွဲ ၂၊ ခွဲ ၃၊ ခွဲ ၄၊ ခွဲ ၅၊ ဌာနချုပ်တပ်ခွဲ အပါအဝင် တပ်ခွဲ ၅ ခွဲ ဖွဲ့စည်းပုံပျက် ချေမှုန်းနိုင်သည့် တပ်ရင်းချေမှုန်းရေးတိုက်ပွဲဖြစ်သည်။ တပ်ခွဲ ၁ တခွဲသာ တိုက်ပွဲခွင်အပြင်ရောက်နေ၍ အချေမှုန်းမခံရခြင်းဖြစ်သည်။

မိမိဒေသတွင်း ဝင်ရောက်လာသည့်ရန်သူကို ပြည်သူ့တပ်မတော်က ချေမှုန်းလိုက်ပြီး မိမိနယ်မြေများ ပြန်လည် သိမ်းပိုက်နိုင်ခြင်း သတင်းကြောင့် ဒေသပြည်သူများ ရွှင်လန်းအားတက်စေခဲ့သည်။ မင်းရန်အောင်အမည်နှင့် စစ်မျက်နှာအသီးသီးတွင် ထိုးစစ်ဆင်လာသည့် ရန်သူ တပ်မ ၇၇ နှင့် တပ်မ ၈၈ အပါအဝင် ရန်သူတပ်များ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ဤရက်ပိုင်းအတွင်း စစ်မြေပြင်များတွင် ရန်သူပစ်ခတ်မှုများ၊ တိုက်ပွဲများ ရပ် ဆိုင်းသွားသည်အထိ ရိုက်ခတ်သွားခဲ့သည်။

နောက်တရက် ကျိုင်းတုံအရှေ့ခြမ်းရှိ မိမိ ၈၁၅ စစ်ဒေသတပ်များက ထင်းရူးတောင်မှာ တပ်စွဲထားသည့် ရန်သူ သနက ၃ ၏ စစ်ကြောင်းတကြောင်းလုံးကို ချေမှုန်းပစ်လိုက်သည့် သတင်းကောင်းတခု ပြည်သူ့အသံက ထုတ် လွှင့်မှုအရ ကြားရပြန်သည်။
ပါတီဗဟိုအခြေစိုက်ရာ ပန်ဆန်းကိုဦးတည်သည့် ရန်သူ့မင်းရန်အောင်ထိုးစစ်၏ ဘေးစွယ် စစ်မျက်နှာနှစ်ခုကို ပြည်သူ့တပ်မတော်နှင့် လွတ်မြောက်ဒေသပြည်သူများက တပြိုင်တည်းရိုက်ချိုးပစ်လိုက်သည့် တိုက်ပွဲများဖြစ် သည်။ သို့သော် အလယ်ကြောစစ်မျက်နှာမှ ပန်ဆန်းကိုဦးတည်နေသော တပ်မ ၇၇ နှင့် ၈၈ တို့ကို ချေမှုန်း ပစ်ရေး နောက်တိုက်ပွဲများ ဆက်ရန်ရှိသေးသည်။

မောင်စိန်သော်
(၁၅.၂.၂ဝဝ၈)

0