ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၂)

August 9th 2017, Photo - Burmese Senior General Office

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၂)
အမျိုးသားရင်ကြား ကွဲအက်ရေး ရှောင်ကျဉ်ပြီး ရဲဘော်ရဲဘက်စိတ်နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားကြဖို့ အပိုင်း (၂)
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈

ရင်ကြားကွဲအက်ရေး ဘာတွေလုပ်ကြနေသလဲ (အစွန်းရောက်ဒီမို)

၁၁။ တဖန် ဒီမိုကရေစီဘက်တော်သားများရင်ထဲ ထိခိုက်ဖွယ်ရာများဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်များနဲ့ တပ်မတော်အပေါ်အမြင် မကြည်လင်မှုများ ဆက်လက်ဖေါ်ပြသွားပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုင်စွဲပြီး သူမအပေါ်ရက်စက်ခဲ့သူများကိုပင် နားလည်ခွှင့်လွှတ်လိုက်လို့ စစ်အာဏာရှင်များက သမ္မတအဖြစ်တင်ပေးလိမ့်မယ်လို့ ဒီမိုကရေစီဘက်တော်သားများက ကြီးမားစွာ မျှော်လင့်ခဲ့ကြပါတယ်။ သမ္မတ မဖြစ်စေတဲ့ ပုဒ်မ (၅၉)(စ) ကို မပြင်ပေးနိုင်လောက်တဲ့အခါ တပ်မတော်ကို အစွန်းရောက်ဒီမိုများက အာဏာကိုဖက်တွယ်ထားတယ်လို့ မြင်ကြပါတယ်။ ဆက်လက်ပြီး တပ်မတော်ကို ဝေဖန်တဲ့ (NLD ထိပ်တန်းလူများ အပါအ၀င်) သူမှန်သမျှ နံမည်ကြီး ပုဒ်မ (၆၆)နဲ့ နှိပ်ကွပ်သလို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုပင် ပြင်းထန်တဲ့ စာထုတ်တာကြောင့် တောင်းပန်ရတဲ့ အခြေအနေအထိ ရောက်လို့ ဆတ်ဆတ်ထိ မခံနိုင်အောင် သဘောထားတင်းမာလွန်းတယ်လို့ မြင်ကြပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်က ခွင့်လွှတ်နိုင်သေးတယ်ဆိုရင် ယနေ့တပ်မတော်ခေါင်းဆောင်များက သူတို့ရဲ့ အဘတွေ ကျုးလွန်ခဲ့တဲ့ ဒီပဲယင်းလိုဖြစ်စဉ်တွေ၊ အပြစ်တကယ်မရှိဘဲ ပစ်မှတ်ထားထောင်ချခဲ့သူတွေ၊ စစ်အာဏာရှင်တွေ စီးပွါးရေးသောင်းကျန်းမှု ၊ အဂတိလိုက်စားမှုကြောင့် ပြည်သူလူထု ဆင်းရဲတွင်းနက်ခဲ့ရတာမျိုးတွေမှာ တောင်းပန်တာထက် ကိုယ်စား ခွင့်လွှတ်ဖို့ ဘာကြောင့်မပြောနိုင်ရတာလဲဆိုတာ ဒီမိုတွေအတွက် ရင်ထဲက ဖြေမဆည်နိုင်လောက်ဖူးလို့ ထင်ပါတယ်။

ပိုဆိုးတာက စစ်အာဏာရှင်နဲ့ ခရိုနီအသိုင်းအ၀ိုင်းက ဒီမိုတွေတက်လာပြီး မြေလှန်စစ်မယ်ဆိုရင် ချောင်ပိတ်ရိုက်ခံရပြီဆိုရင် ကိုယ်ကျိုးစီးပွါးကာကွယ်ဖို့ ကိုယ်ပိုင်လက်နက်များ ကြိတ်စုဆောင်းကာ လက်မရွံ့လူမိုက်များသဖွယ် ခါးပိုက်ဆောင်တပ်ဖွဲ့ထားတာ - ဖြိုးကိုကိုတင့်ဆန်းဖြစ်စဉ်လို ဗူးပေါ်သလို ပေါ်လာတာမို့ ဒီမိုတွေအတွက် ဒေါသထွက်လာစရာလို့ မြင်ပါတယ်။

၁၂။ ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာချိန်တွင် အစိုးရရဲ့ဝန်ကြီးနဲ့ ၀န်ကြီးချုပ်တွေဟာ ဆောင်ရွက်လုပ်ကိုင်မှုတွေဟာ လုပ်ချင်ကိုင်ချင်စိတ်များလို့ဖြစ်စေ၊ ဖြစ်ချင်စိတ် မြန်မြန်ဖြစ်စေလိုစိတ် များသွားလို့ ဖြစ်စေ၊ လက်ရှိအခြေအနေယိုယွင်းပျက်စီးတာကို မကြည့်ရက်လို့ အားမလိုအားမရ မြန်မြန်လုပ်ပေးချင်စိတ်ကြောင့် ကျွံသွားတဲ့စကားလုံးကြီးတွေအား အမျိုးသားရေးဝါဒီများရဲ့ ထောက်ကွက်များ ဆက်တိုက်ဖြစ်ပေါ်လာလို့ အစွန်းရောက်ဒီမိုများက သည်းခံစိတ်ကုန်ခမ်းလာဟန် တူပါတယ်။ တခါတရံ အသေးအဖွဲ ချွတ်ချော်မှုများကိုပင် တန်ဆာဆင်ကာ ပုံကြီးချဲ့တတ်တာမို့ သံသရာတပတ်လည် ၀ဋ်လည်နေသလားလို့ဘဲ ထင်မိပါတယ်။

တချို့အခမ်းအနားတွေမှာ အချိန်လု လုပ်ရလို့ဖြစ်စေ၊ စီမံခန့်ခွဲရေးနှင့် ရာထူးအဆင့် နေရာယူမှု မကျွမ်းကျင်၊ မသိရှိ၊ နားမလည်လို့ Seating Plan ချထားမှုတွေမှာ သံဃာတော်များကို ရိုသေဂါဝရတရားမထားသလို ဖြစ်သွားတဲ့ဖြစ်စဉ်ကို နားလည် လစ်လျူရှု ပေးသင့်ပါတယ်။ နောင်ဒီလိုမဖြစ်အောင် မီဒီယာနဲ့မတင်ဘဲ ရုံးစာနဲ့ဖြစ်စေ၊  ပုဂ္ဂိုလ်ရေးရာနှုတ်ဖြင့်ဖြစ်စေ၊ တိုးတိုးတိတ်တိတ် အပြုသဘောလုပ်ရင် မရနိုင်စရာမရှိဖူး လို့မြင်ပါတယ်။

NLD က ဗုဒ္ဓဘာသာကို ဦးစားမပေးဘဲ နှိမ်တယ်ဆိုတဲ့ထိကွက်ကို ဆွဲတင်လာတော့ ဗုဒ္ဓဘာသာဝင် NLD များအဖို့ စိတ်မကောင်းဖြစ်မိတယ်လို့ ယုံကြည်ပါတယ်။ ဗိုလ်ချုပ်သမီးကို မေ့လျော့နေဟန်တူပြီး လူမှုမီဒီယာကွန်ယက်တွေမှာ နိုင်ငံရေးအောက်လုံးများနဲ့ တိုက်ခိုက်နေတာတွေ့ရလို့ ဒေါ်အောင်ဆန်းစုကြည်ဘက် ရပ်တည်နေတဲ့ ဒီမိုတွေရင်ထဲမှာ ခံစားချက်မကောင်းနိုင်ဖူးလို့ မြင်ပါတယ်။

တဖန် အစွန်းရောက်ဒီမိုတွေဘက်က ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတာနဲ့ စပ်လျဉ်းပြီး မြှုပ်လုဆဲဆဲ တပ်မတော်အပေါ် အမြင်မကြည်လင်မှု ရှင်သန်လာပါတယ်။ သတ်ခိုင်းတဲ့သူတွေဟာ တပ်မတော်အရာရှိငယ်တွေသာမက အရာရှိကြီးအဆင့်လုပ်ခဲ့သူများဖြစ်တယ်။ လွတ်နေတဲ့ ယနေ့တိုင်မမိသေးတဲ့ အောင်ဝင်းခိုင်ဟာ သူ့ရဲ့တပတ်စဉ်ထဲသူငယ်ချင်းက တပ်ချုပ်ရဲ့ PA လုပ်ခဲ့သူဖြစ်နေလို့ လူ့သဘာဝအတိုင်း ယုံထင်ကြောင်ထင်တွေးကြမှာ အမှန်ဖြစ်ပါတယ်။ သူတို့အချင်းချင်း ဂေါက်ရိုက်ပွဲ၊ လ္ဘက်ရည်ဆိုင်ပွဲတွေမှာ ဦးကိုနီကို မကျေနပ်တာ ပြောကြပေမဲ့ စိတ်လိုက်မာန်ပါကြိမ်းဝါး ပြောဆိုလုပ်ကိုင်ဖို့ မလုပ်သင့်ဖူးဆိုတာ တားဆီး ဆုံးမဖို့ပျက်ကွက်နေပါတယ်။ အောင်ဝင်းခိုင်ဟာ (နပတ)မှာပင် ပျောက်ပြီး ယနေ့ထိ ၁ နှစ်ကျော်တိုင် ရှာမရ ဖြစ်နေတာဟာ ဘာကြောင့် ဖမ်းမမိနိုင်ရတာလဲဆိုတာ မေးခွန်းထွက်နေပါတယ်။ CCTV တွေတပ်ထားတဲ့ (နပတ)မြို့တော်ကြီးတ၀ိုက် သတင်းစ နောက်ဆုံးရပြီး အခြားမြို့ကြီးတွေနဲ့ နယ်စပ်ထိ သတင်းမရဘဲ ပျောက်သွားတာ အခုထိ ဖမ်းမမိနိုင်သေးတာ ပြည်ထဲရေးဌာနမှာ တာဝန်အပြည့်အ၀ရှိပါတယ်။ အားမထည့်တာလား၊ အစွန်းရောက်ဒီမိုတွေရဲ့ခံစားချက်ကို သိနေလို့ သူတို့ကိုယ်စား ဘယ်သူ့ကို ကြောက်နေရတာလဲ ဆိုတဲ့မေးခွန်းတွေ ထွက်နေပါတယ်။

၁၃။ န၀တ ခေတ်ကာလမှာ တံတားဆည်ဖွင့်ပွဲတွေမှာ နိုင်ငံတော်ဆိုတဲ့အစိုးရ(စစ်အစိုးရ)ကို ဒေသခံပြည်သူလူထုတစ်ဦးက ကျေးဇူးတင်ပြောကြားခိုင်းတာဟာ ကျေးဇူးရှင်ကြီးသဖွယ် ရုပ်လုံးဖေါ်နေတာ သဘာဝမကျကြောင်း စာရေးသူဆောင်းပါးတွေမှာဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကို ဘာလို့ပြန်ပြောနေရလဲ ဆိုရင် တပ်မတော်ကို အရပ်သားတွေ အမြင်စောင်းနေတာ အကြောင်းမဲ့ မဟုတ်တာ၊ ဒါတွေကိုသင်ခန်းစာဖေါ်ထုတ်ပြီး နောင်မလုပ်မိဖို့၊ ပြည်သူလူထုကို မိဘသဖွယ် အလုပ်အကျွေး ဆတက်တံပိုးပြုစုဖို့ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတော်အား ဂျောက်ကမ္ဘားကျရောက်ခြင်းမှ တပ်မတော်က လက်မတင်လေး ကယ်တင်ခဲ့ရတယ် ဆိုတဲ့ ကျေးဇူးရှင်ကြီးသဖွယ် မော်ကြွားဂုဏ်ယူနေဖို့မလိုဘဲ မပြောရင်လည်း သမိုင်းနဲ့ ပြည်သူလူထုက အလိုလိုသိနေပြီးဖြစ်ပါတယ်။  တပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုဂုဏ်ဒြပ်ကို ကြိမ်ဖန်များစွာ ပြောနေတာကြောင့် နည်းနည်းဘဲ လုပ်ထားလို့ ကြွားတာဆိုတဲ့ အဓိပ္ပါယ်တမျိုးထွက်လာကာ နဂိုကမှ မျက်မှန်စိမ်းတပ်ထားတဲ့ အစွန်းရောက်ဒီမိုများအဖို့ ပေါက်ထွက်တာလည်း ဖြစ်ပါတယ်။

၁၄။ ၂၀၁၅ ခုနှစ် အစိုးရသစ်တက်တာနဲ့ NLD ဌာနချုပ်ရုံးက ဦးရန်နောင်မျိုးသိန်းက တပ်ချုပ်ကိုစတင် ဝေဖန်ခဲ့လို့ တပ်မတော်က ပုဒ်မ(၆၆)နဲ့တရားစွဲခဲ့သလို အလားတူဖြစ်စဉ်မျိုးတူ ၂ ဦး (လူမှုကွန်ယက်သုံးသူ အပါအ၀င်) ကိုလည်း အဆိုပါ ပုဒ်မနဲ့ပင် တရားစွဲခဲ့ပါတယ်။ ပုသိမ်ကျောင်းပြဇာတ်မှာ တပ်မတော်ဂုဏ်သိက္ခာထိခိုက်လို့ ပါဝင်သရုပ်ဆောင်တွေကို တရားထပ်စွဲခဲ့ပါတယ်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တပ်ချုပ်အဆင့်ကို ညွှန်ချုပ်အဆင့်နဲ့တန်းတူထား ပြောမိလို့ စာထုတ်လိုက်လို့ တောင်းပန်လိုက်ရပါတယ်။ ဦးဝင်းထိန်ဟာလည်း နှူတ်ကျွံသွားလို့ စာထုတ်ခံရပါတယ်။

စာရေးသူမိတ်ဆွေ စာရေးဆရာတစ်ဦးကဆိုရင် လွတ်လပ်ရေးကြိုးပမ်းမှုမှာ တပ်မတော်က အပြည့်အ၀လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ဆောင်းပါးတင်လိုက်ရာ အံ့သြ စိတ်မကောင်းခြင်းများစွာ ဖြစ်မိပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာတာ တပ်မတော်ဟာ မဟာဗျူဟာအရမြန်မာနိုင်ငံရဲ့ အချက်အချာမြေ၊ အရေးကြီးမြေ၊ အဓိကမြိုတော်တွေနဲ့ အသက်သွေးကြော၊ အစိုးရရုံးစိုက်ရာမြို့တွေကို တပ်မတော်က တိုက်ခိုက်သိမ်းနိုင်လို့မဟာမိတ်တွေ အလွယ်တကူ ရသွားတာ မောင့်ဘက်တန်ကထောက်ခံထားတာမို့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ တပ်မတော်ရဲ့ကဏ္ဍကို အငြင်းပွားဖွယ်ရာမရှိဖူးလို့ ရဲရဲပြောလိုပါတယ်။ သမိုင်းပညာရှင်တွေနဲ့သမိုင်းစာမျက်နာတွေက သက်သေပြနေတာဖြစ်ပါတယ်။ နိုင်ငံရေးအကျပ်အတည်းဖြစ်တိုင်း ရန်ကုန်အစိုးရလို့ခေါ်ခံခဲ့ရတဲ့ လွတ်လပ်ရေးရပြီးပြီးချင်း ရုန်းကန်ခဲ့ရတဲ့ ဒီမိုကရေစီအစိုးရကို တပ်မတော်သားတွေဟာ အသက်ချွေးသွေးရင်းပြီး ပြည်ထောင်စုတခုလုံး နိုင်ငံတော်တည်ငြိမ်အောင် အစိုးရအား ထောက်ကူပေးခဲ့တယ်ဆိုတာ ဒီမိုအစွန်းရောက်များအနေနဲ့ အသိအမှတ်ပြုဖို့ကောင်းပါတယ်။  ပြည်ပရန် တရုတ်ဖြူရန်မှ ကာကွယ်ပေးခဲ့လို့ လေယာဉ်ပျက်ကျဆုံးခဲ့ရတဲ့ ဗိုလ်ပီတာ အပေါ် ပြည်သူလူထုရဲ့သနားဂရုဏာထောက်ခံမှုကို ပြန်ပြောင်းအောင်မေ့ သတိရ စေလိုပါတယ်။ တရုတ်ထောက်ပံ့တဲ့ ဗကပကွန်မြူနစ်တပ်တွေ မြို့ရွာသိမ်းမည့် စီမံချက်တွေ အကောင်အထည်ဖေါ်ချိန်၊ အားကောင်းချိန်မှာ တပ်မတော်က တားဆီးကာကွယ်ပေးတဲ့ သာဓကဖြစ်စဉ် အမြောက်အများရှိပါတယ်။

တပ်မတော်ရဲ့လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေကို စစ်အာဏာရှင်တွေက သူတို့ရဲ့ကိုယ်ကျိုးစီးပွားကို ဖုံးကွယ်ချင်လို့ တပ်မတော်ဆိုတဲ့အဖွဲ့အစည်းဆွဲထည့်ကာ အလွန်အကျူး High Light လုပ်ပြီး အပ်ကြောင်းထပ်ပြောဆိုနေတာကြာလာတော့ အစွန်းရောက်ဒီမိုတွေက လက်သင့်ခံချင်ပုံမရဘဲ အခွင့်ထူးခံလူတန်းစားရယ်လို့  စွပ်စွဲကြလာပါတယ်။ တပ်မတော်လုပ်ဆောင်ခဲ့တာကို အစွန်းရောက်ဒီမိုတွေက အသိအမှတ်ပြုဖို့မကြိုးစားခဲ့တာ ကိုမင်းကိုနိုင်ရဲ့ ငြိမ်းချမ်းရေးသရုပ်ပြပွဲမှာ ထင်ဟပ်လာပါတယ်။

၁၅။ ကိုမင်းကိုနိုင်ရဲ့နောက်ဆုံးပြီးခါနီးပြကွက် အဆုံးသတ်က ရည်ရွယ်ချက်ကောင်းမွန်တယ်လို့ ဆိုရပေမဲ့ သူက DVB နဲ့ တွေ့ဆုံပြီး ထပ်ရှင်းကာမှ ပိုဆိုးသွားပါတယ်။ ယနေ့ခေတ်ကာလ အခြေအနေအရ မပြသင့်သေးဖူးလို့မြင်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ လိပ်ခဲ
တင်းတင်း ဖြစ်နေချိန်မို့ သတိထားရပါမယ်။ ၂၁ ပင်လုံညီလာခံမှာ NLD လက်မှတ်ထိုးဖို့ မပြေမလည်ဖြစ်ရတာ တိုက်ဆိုင်နေတာဖြစ်ပါတယ်။ စာရေးသူအဓိကထောက်ပြလိုတာက ကိုမင်းကိုနိုင်အနေနဲ့ ဒီပြကွက်ဟာ တပ်မတော်ထံ အသိပေးညှိနိုင်း အကြောင်းကြားခဲ့ရင် (ဥပမာ ရကတ တိုင်းမှူးအဆင့်လောက်ကို (နယ်လုံ)၀န်ကြီး ကတဆင့်ဖြစ်ဖြစ် UPDJC ကဘဲ ဖြစ်ဖြစ်၊ ညှိနိုင်းပါ၊ ခွင့်တောင်းရန်မလိုပါ) စစ်ယူနီဖေါင်းနှင့် သေနတ်များကိုတောင် ထုတ်ပေးတာ ကြုံကောင်းကြုံနိုင်ပါတယ်။ ဆိုလိုတာက တပ်မတော်သားတွေဟာ နယ်ဘက်အရပ်သားအစိုးရတက်လာချိန်မှာ မျက်မှန်စိမ်းတပ်ကြည့်ခံရပြီး ယခင်စစ်အာဏာရှင်တွေရဲ့ အကျင့်ပျက်ချစားမှု၊ မတရားမှုတွေနဲ့ရောချပြီး နိမ့်ချဆက်ဆံလာမှာကို တွက်ဆ စိုးရိမ်စိတ်ဝင်နေဟန် တူပါတယ်။ ဒါကိုပယ်ဖျက်ပြီး တန်းတူညီတူ ညီအကိုလိုလက်တွဲမယ်ဆိုရင် တွဲတဲ့လက်တွေကို တပ်မတော်သားတွေ ပုတ်ချမယ်လို့ လုံးဝ မထင်မိဖူးလို့ ပြောချင်ပါတယ်။  ကိုမင်းကိုနိုင်ဟာ ပထမတန်းခေါင်းဆောင်ပီသစွာ နိုင်ငံရေးရေချိန်မြင့်မြင့်နဲ့ နူးညံသိမ်မွေ့စွာ အရပ်ဖက်၊ စစ်ဖက် ဆက်ဆံရေးကို လိုက်နာကျင့်သုံးပြီး စစ်အာဏာရှင်အဘကြီးများကို သတ်သတ်၊ အမိန့်ရထမ်းဆောင်ခဲ့ရတဲ့ နောင်တခေတ်လူငယ်တွေကို အပြစ်ကင်းစင် ခွင့်လွတ်တယ်ဆိုတဲ့
သဘောထားပြသမယ်ဆိုရင် ဒီပြသနာဖြစ်လာစရာ မရှိဖူးလို့ မြင်ပါတယ်။ 

ကိုမင်းကိုနိုင်ရဲ့ငြိမ်းချမ်းရေးပြကွက်နဲ့သူရဲ့ပြောဆိုချက်တွေဟာ ဒီလိုအကဲဆတ်တဲ့ အခြေအနေမှာ ပေါက်ကွဲထွက်လာတဲ့ တပ်မတော်နဲ့ မျိုးချစ်များရဲ့တုံ့ပြန်မှုဟာလည်း နှစ်လိုဖွယ်ရာမရှိတာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တပ်ချုပ် ဆက်ဆံရေးမှသည် အောက်ခြေ တိုင်းနှင့် ပြည်နယ် မြို့ရွာအရပ်ဖက် အုပ်ချုပ်ရေးအာဏာပိုင်နှင့် စစ်ဖက်အရာရှိများ နှစ်ဖက်ဆက်ဆံရေးတွေအထိ ထိခိုက်သွားနိုင်တယ်ဆိုတာ ထောက်ပြချင်လို့ဘဲ ဖြစ်ပါတယ်။

အစွန်းရောက်(နိုင်ငံရေးပါတီခေါင်းဆောင်နဲ့ AAအဖွဲ့)

၁၆။ အဲဒီဖြစ်စဉ်နဲ့မရှေ့မနှောင်းပင် ဒေါက်တာအေးမောင်ဟာ ဘူးသီးတောင်စာပေဟောပြောပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကျမ်းကျိန်သစ္စာဆိုထားတာကို လစ်လျှူရှုပြီး ဒို့တာဝန် အရေး ၃ ပါး ထိခိုက်ကာ နိုင်ငံတော်ပြိုကွဲစေမည့် စကားလုံးတွေနဲ့ အစိုးရအားနည်းနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သီးခြားနိုင်ငံထူထောင်ဖို့ လှုံ့ဆ်ာဟောပြောတာကြောင့် ကြီးမားစွာ ဂယက်ရိုက်သွားပါတယ်။ သူဟာ ဘင်္ဂါလီကိစ္စမှာ တပ်မတော်ကို ထိတွေ့နိုင်သူဖြစ်လို့ ကျော်ကြားနေသူဖြစ်ရာ ယခုဖြစ်စဉ်ကြောင့် တပ်မတော်အဖို့ မျက်နာပျက်ရမည့်ကိန်းဖြစ်ပါတယ်။ တပ်မတော်ရဲ့ပယောဂမပါနိုင်ဖူးလို့ စာရေးသူ ယူဆပြီးဒေါက်တာအေးမောင်နဲ့ AA ချိတ်ထားတဲ့အတွင်းသရုပ်ကို မူလကတည်းက တပ်မတော် လေ့လာတွေ့ရှိထားလောက်ပြီး ဖြစ်ပါတယ်။

အချုပ်ဆိုရသော် ဒေါက်တာအေးမောင်ဟာ အစိုးရကို တိုက်ခိုက်ဝေဖန်သလို တပ်မတော်ကို  ချစ်ဟန်ဆောင် အောင့်ခါနမ်းပြီး နိုင်ငံရေးမျက်နှာစာ နေရာရယူခဲ့ပါတယ်။ ပါတီဥက္ကဌမှ ထွက်ခွင့်စာကို ရုတ်တရက်တင်လိုက်ချိန်မှာ ထွက်ခွင့်မပြုသေးလို့ ဘုံပျောက်ရမည့်အရေးမှ သူရဲကောင်းဘ၀သို့ နေ့ချင်းညချင်းရောက်သွားအောင် ဖဲသဘောအရ အောက်ပြုတ် “ဆော်”လိုက်တဲ့ မဟာဗျူဟာရွှေ့ကွက်ကြီးလို့ စာရေးသူ ယူဆပါတယ်။ ဒါဆိုရင် ဆရာဝန်တစ်ဦး ပညာတတ်တစ်ယောက်အနေနဲ့   အန္တရယ်ရှိမှန်းသိလျှက်နဲ့ ဘာလို့ ပြောရဲတာလဲ စဉ်းစားစရာဖြစ်လာပါတယ်။

 တပ်မတော်အရာရှိဟောင်းတချို့က သူ့ကို သုံးသပ်ရာမှာ ရခိုင်ပညာတတ်လူတန်းစားများနှင့်ရော ပါတီနဲ့ပါ အဆင်မပြေတာကို သိရကြောင်း၊ သူ ဒီလိုစကားမျိုးပြောရင် အန္တရာယ်ရှိကြောင်းသိလျှက်နဲ့ ပြောရဲတာဟာ နောက်ကွယ်မှာ အားကိုးတစ်ခုခုရှိကြောင်း၊ တိုက်ပွဲတွေကြောင့် အကျပ်ရိုက်နေတဲ့ AA နှင့် KIA တို့က အကြံဉာဏ်ပေးနိုင်ကြောင်း၊ ဘင်္ဂါလီများလက္ခံမည့်ရက် နီးကပ်လာတာကြောင့် ချက်ခြင်းလက်မခံချင်သေးလို့ မတည်မငြိမ်ဖြစ်နေကြောင်းပြချင်လို့ ဒေါက်တာအေးမောင်က တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘော အစိုးရ၊ တပ်မတော်၊ ပြည်သူတွေ သုံးပွင့်ဆိုင် ရှုပ်ထွေးသွားအောင် ရောသမမွှေ ဖန်တီးလိုက်တယ်လို့ ပြောကြပါတယ်။ ဒေါက်တာအေးမောင်ရဲ့ ရခိုင်တွေဟာဗမာကျွန်ဖြစ်တယ်လို့ စွပ်စွဲလိုက်တာဟာ အစွန်းရောက်အမျိုးသားဝါဒီတစ်ဦးရဲ့စကားဖြစ်နေပြီး လူမျိုးအချင်းချင်း အမုန်းတရားပွားအောင် ရန်တိုက်ပေးတဲ့ ပညာတတ်တဦးအနေနဲ့ မသုံးသင့်တဲ့ လူပြိန်းကြိုက် နိုင်ငံရေးအောက်လုံး စကားလုံး သုံးနှုန်းတဲ့သူလို့ စာရေးသူမြင်ပါတယ်။

 နောက်ဆုံးဝင်လာတဲ့ သတင်းအရ ဦးဘိုဘိုမင်းသိုက် အသတ်ခံရတာဟာ မြောက်ဦး အရေးအခင်းဖြစ်ပေါ်အောင် AA ရဲ့ သွေးထိုးမြောက်ပင့်မှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှု လုပ်ကိုင်နေကြောင်းပေါ်လွင်လာပါတယ်။ မသိနားမလည်တဲ့ ရခိုင်တိုင်းရင်းသားတွေကို အစွန်းရောက် မျိုးချစ်စိတ်ကြွလာအောင် ဖန်တီးပြီး သူတို့အကျိုးစီးပွါး ရယူတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Comments