ခင်လွန်း ● ရဲထွဋ်ရေးတဲ့စာ (သို့) အမှန်တရားအတွက် ဇီဝဇီုးအန်ဖတ်

ခင်လွန်း ● ရဲထွဋ်ရေးတဲ့စာ (သို့) အမှန်တရားအတွက် ဇီဝဇီုးအန်ဖတ်
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈

ရဲထွဋ်ရေးထားတဲ့စာတွေထဲက “ရသစာ’’ တွေကို စုထုတ်ဖို့လုပ်နေတယ်၊ အမှာစာသဘောမျိုး တခုခုရေးပေးပါဆိုတဲ့စကားနဲ့ နေသွင်လှမ်းအကြောင်းကြားလာတော့ စိတ်ထဲတော်တော် နှစ်ထောင်း အားရ ဖြစ်သွားမိတယ်။ ကောင်းလိုက်တဲ့စိတ်ကူးလို့လဲ သူ့ကို ချီးကျူးထောပနာ ပြုဖြစ်လိုက်တယ်။

ဒီလိုပြောရတာ အကြောင်းတွေရှိတာပေါ့။ ဒါတွေမပြောခင်တော့ “ ရဲထွဋ် ’’  ဆိုတာကိုတော့ ပြောဖို့လို ပေလိမ့်မယ်။

ဟုတ်တယ်၊ ရဲထွဋ်တွေများမြောင်လှတဲ့လောကကြီးမှာ  “မင်းဆိုးကို မိုးကြိုးပစ်မယ်’’ ဆိုတဲ့ဆောင်ပုဒ်ကိုကြွေးကြော်ပြီး မြန် မာပြည်မှာ အာဏာရှင်စနစ် အမြတ်ပြတ်ပျက်သုဉ်းသွားရေးအတွက် ထိုင်း-မြန်မာနယ်စပ်တနေရာက ရပ်တည်ထုတ်ဝေခဲ့တဲ့ မိုးကြိုးသတင်းစာရဲ့အယ်ဒီတာချုပ်ရဲထွဋ်ဆိုတာကို ကွဲပြားဖို့ လိုပါလိမ့်မယ်။

ရဲထွဋ်အကြောင်းပြောတော့ မိုးကြိုးသတင်းစာဆိုတာ မပါမဖြစ် ပါနေမှာမို့နည်းနည်းထည့် ပြောရတော့တယ်။

၉၀ စွန်းစွန်းနှစ်များနဲ့ ၂၀၀၀ စွန်းစွန်းနှစ်များကာလတွေမှာ ၈၈ စစ်အာဏာသိမ်းအစိုးရက  လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသွားခွင့်၊ ထုတ်ဝေခွင့်၊ စည်းရုံးခွင့်တွေ တင်းကျပ်စွာ ပိတ်ပင်ထားခဲ့တဲ့အတွက် လွတ်မြောက်နယ်မြေအဖြစ်ခံယူထားတဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒီမိုကရက်တစ်အင်အားစုတွေက တန်ပြန်တဲ့အနေနဲ့ရော၊ အတင်းအကြပ်ပိတ်ဆို့ဖိနှိပ်ခံထားရပြီး အမှောင်ထုအောက် ကျရောက်နေတဲ့ပြည်သူတွေအတွက် အမှန်တရားနဲ့ စစ်အာဏာရှင်အောက်က တိုင်းပြည်ရဲ့ ပကတိအခြေအနေတွေကို ဆောင်ကြဉ်းအသိပေးမယ်ဆိုတဲ့ခံယူချက်နဲ့ စာနယ်ဇင်းသတင်းလှုပ်ရှားမှုတွေလုပ်ခဲ့ကြရာမှာ  တစုံတရာထိ အင်အားထုထည်ရှိခဲ့ပါတယ်။

မိုးကြိုးသတင်းစာဟာ အဲဒါတွေထဲက ကိုယ်ပိုင်အာဘော်၊ ကိုယ်ပိုင်အမြင်အယူအဆ၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အလံနဲ့ ကိုယ် ပိုင်ဥပဓိရှိရာ လူမျိုးစုံတိုင်းရင်းသား ပြည်သူလူထုကိုကိုယ်စားပြုသောသတင်းဌာနတခုလို့ ဆိုနိုင်ပါတယ်။

မိုးကြိုးရဲ့အသံဟာ လူမျိုးစုံတိုင်းရင်းသား ပြည်သူတို့ရဲ့အသံလို့ ဆိုစမှတ်အပြုခံခဲ့ကြရတယ်ပေါ့။

အဲဒီ့အချိန်က ၉၀ ခုရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို လူထုအပြည့်အဝထောက်ခံ မှုရထားတဲ့ နိုင်ငံရေး ပါတီကြီးတောင် ပါတီကထုတ်ပြန်တဲ့ကြေညာချက်လေးကအစ တနယ်က တနယ်၊ တမြို့ကတမြို့ပျံ့နှံ့ဖို့မဆိုထားနဲ့ ရန်ကုန် တိုင်းအတွင်းက မြို့နယ်တွေဆီကိုတောင် ယူလို့မရနိုင်တဲ့အခြေအနေမျိုး၊  ပါတီတွင် ကြေညာချက်မိတ္တူလေးလက်ထဲထားမိတာနဲ့ နရသိန်အကျဉ်းသားဘဝကို ဆယ်စုနှစ်တစုစာမက ရောက်သွားနိုင်တဲ့ကာလမျိုးတွေပေါ့။

အဲဒီ့အချိန်မှာ မိုးကြိုးဟာ နယ်စပ်တနေရာကနေ မြန်မာပြည်တွင်းထဲအထိ ထိုးဖောက်ပြန့်နှံစေတဲ့ အပြောင်မြောက်ဆုံးသတင်းတိုက်ပွဲဝင်ခဲ့တဲ့သတင်းစာတွေထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။  မိုးကြိုးမှာပါတဲ့ နိုင်ငံရေးသုံးသပ်ချက်တွေ၊ ဖယ်ဒရယ် ပြည်ထောင်စုရေးနဲ့ ဒီမိုကရေစီရေးတို့အတွက်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနည်းနဲ့ သာမက လက်နက်ကိုင်တော်လှန် ရေးနည်းနာနဲ့တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အသီးသီးတို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမေး မြန်းခန်းတွေဟာ နားမျက်စေ့အပိတ်ခံထားရသလိုဖြစ်နေတဲ့ပြည်သူတွေကို နတ်မျက်စေ့ပမာဖြစ်စေခဲ့တဲ့အတွက် အမှန် တရားကို သိမြင်၊ ကြားသိ၊ လိုလားငတ်မွတ်နေတဲ့ပြည်သူတွေရဲ့ ကိုးစားယုံကြည်မှုကိုခံရပြီး လူထု အပေါ်တစုံတရာ သြဇာရှိ ညောင်းတယ်လို့လည်း ဆိုနိုင်ပါတယ်။

အထူးသဖြင့် အယ်ဒီတာချုပ် ရဲထွဋ်ရဲ့စူးရှထက်ထက်မြက်လှတဲ့ အဲဒီကာလက မိုးကြိုးအယ်ဒီတာ့အာ ဘော်တွေဟာ လူထု နား မျက်စေ့တွေကိုဆွဲဖွင့်နို်င်ခဲ့တဲ့အပြင် သူတို့ရဲ့ပျောက်ဆုံးမှုန်ဝါးနေတဲ့အနာဂတ်အတွက်ပါ မျှော်လင့်ရောင်ခြည်တွေပေးနိုင်ခဲ့တဲ့အတွက် လူထုအသည်းနှလုံးထဲထိ နက်နက်ရှိုင်းရှိုင်း ပေါက်ခဲ့ရောက်ခဲ့တယ်ဆိုတာ နယ်စပ်တော်လှန်ရေးထဲ အချိန် ကာ လတခုထိ ထဲထဲဝင်ဝင် ဖြတ်သန်းပါ ဝင်ခဲ့ဖူးသူတွေတိုင်း သိခဲ့ကြပါတယ်။

ဒါဟာ ရဲထွဋ်နဲ့ မိုးကြိုးသတင်းစာပေါ့။
….



အခု ဒီစာအုပ်ဟာ အဲဒီ့ ရဲထွဋ်ရေးတဲ့စာတွေထဲကတချို့ကို ပြန်ထုတ်တာပါ။ ဒါပေမဲ့စီစဉ်သူဆိုခဲ့သလို စစ်အာဏာရှင်စနစ်၊ စစ်ဘုရင်တွေကြီးစိုးတဲ့ခေတ်ကိုဆန့်ကျင်ပြီး ပြည်သူ့ဒီမိုကရေစီခေတ်၊ ဖယ်ဒရယ် ပြည်ထောင်စုစနစ်ကို လိုလားမျှော်မှန်းသူ၊ နိုင်ငံရေးယုံကြည်ချက်အခိုင်အမာ ကိုင်စွဲထားသူတဦးရဲ့ သတင်းစာအာဘော်တွေ၊ နိုင်ငံရေးသုံးသပ်ချက်တွေမဟုတ်မူဘဲ မွေးကတည်းက (သမိုင်းအစဉ်အလာကြီးတဲ့ လက်နက်ကိုင်တော်လှန်ရေးမိသားစုတစုက တောတွင်းတနေရာမှာ မွေးဖွားခဲ့) သူကြီးပြင်းဖြတ်သန်းခဲ့ရာဘဝကပြဋ္ဌာန်းလာတဲ့အာရုံရိပ်တွေကိုအခြေခံပြီး၊ စစ်ကျွန်ဘဝက တိုင်းရင်းသားပြည်သူပေါင်း  စုံ လွတ်မြောက်ရေးတိုက်ပွဲထဲ သူပါဝင်ဆောင်ရွက်ခဲ့ရာကာလရှည်ကြီးအတွင်း သူထိတွေ့ သိမြင် စူးစိုက်ခဲ့တဲ့အရာတွေ၊ လူ ပုဂ္ဂိုလ်များရဲ့ပုံရိပ်နဲ့သူတို့နှလုံးသားတွေကို သူခံစားတွေ့ရှိသလို ရေးသားထားခဲ့တာ တွေဖြစ်ပါတယ်။

(ဥပမာ ကမ္ဘာသိထင်ရှားတဲ့ ကရင့်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်မြရဲ့ဘဝဆည်းဆာကိုရေးဖွဲ့ထားတဲ့ ‘သခွပ်ပွင့်ချိန်’ လို အက်ဆေးမျိုး)

ဒီလိုအက်ဆေးမျိုးကိုဖတ်ရင် မြန်မာအုပ်စိုးသူအဆက်ဆက်က လက်နက်ကိုင်သောင်းကျန်းသူ အဖျက်သမားလို့ တလျှောက် လုံး သတ်မှတ်ထားခဲ့ရတဲ့ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တယောက်ဘဝပုံရိပ်နဲ့ စိတ်နှလုံးသားကို အရိပ်အမြွက်လှမ်း တွေ့နိုင်မှာဖြစ်ပြီး ယနေ့လို တမျိုးသားလုံး ပြန်လည်စုစည်းညီညွတ်ဖို့ ကြိုးစားနေတဲ့အခါမျိုးမှာ တဦးနဲ့တဦး တဖက်နဲ့တဖက် ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်စေဖို့ ထောက်ကူပြုနိုင်မယ်လို့ မြင်မိပါတယ်။ ဒါ ဥဒဟရုဏ်မျှ ပြောတာပါ။

‘ဆိုင်ကယ်တစီးရဲ့အထုပ္ပတ္တိ’ အက်ဆေးမှာတော့ သူ့ရဲ့နယ်စပ်တော်လှန်ရေးသမားဘဝထဲက တစိတ်တပိုင်းဖြစ်တဲ့ မိုးကြိုး သတင်းစာတိုက်မှာရှိတဲ့ မော်တော်ဆိုင်ကယ်လေးတစီးအကြောင်းကို ရေးထားတာပါ။

နယ်စပ်မှာထုတ်ဝေခဲ့တဲ့သတင်းစာတော်တော်များများဟာ ပြည်ပအဖွဲ့အစည်းတခုခုရဲ့အကူအညီ အထောက်အပံ့နဲ့ ကင်း ကြရိုးမရှိပေမယ့် မိုးကြိုးကတော့ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် (တော်လှန်ရေးကျကျ) လုပ်ချင်တဲ့စိတ်ကြောင့် ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ထုတ်ဝေခဲ့ကြရတာမို့ အခက်အခဲတွေ ကြီးကြီးမားမားကြုံတွေ့ရပုံ၊ မိုးကြိုးရဲ့အလံတော် အောက်မှာရှိတဲ့ လူငယ်လူလတ်ပိုင်း အင်အားစုတွေလည်း  မိုးကြိုးနဲ့အတူ သူတို့ရဲ့ယုံကြည်ချက်အတိုင်း ဘဝကိုပေးဆပ်ရင်း နယ်စပ်တော်လှန်ရေးလောကဓံကို ရင်ဆိုင်တွေ့ကြုံဖြတ်သန်းကြရတာတွေကို ဆိုင်ကယ်လေးတစီးနဲ့နိမိတ်ပုံပြပြီး ရေးသွား တာဟာ တချိန်က အရှိန်အဟုန်ကောင်းခဲ့တဲ့ လွတ်လပ်နယ်မြေဆိုတဲ့ နယ်စပ်တော်လှန်ရေးသမားတွေရဲ့ဘဝကို စာဖတ်သူ များ မှန်းဆတွေးယူနိုင်ကြမှာမျိုး ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးတွေ၊နိုင်ငံရေးအယူအဆကိုင်စွဲချက်တွေ အကွဲအကွဲအပြားပြားဖြစ်နေတဲ့ ဒီမိုကရက်တစ်အ တိုက် အခံတွေကြား ညီညွတ်ရေးဟာလဲ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အခရာဖြစ်ပေမယ့် အချင်းချင်းတွေကြား အထွေထွေသဟဇာတဖြစ်မှုဟာ ခက်ခဲလှတာကို အစပ်အဟပ်ကောင်းတဲ့ ဈေးသုပ်လို အသုပ်တပွဲရဲ့အရသာရှိပုံမျိုးနဲ့ နိ မိတ်ပုံပြရေးဖွဲ့ထားတာတွေကို ဈေးသုပ်ဆိုတဲ့ အက်ဆေးမှာ တွေ့ရမှာပါ။

ဒါ့အပြင် နိုင်ငံရေးယုံကြည်ချက်နဲ့ မျှော်ရည်မှန်းဆချက်တွေကြောင့် တိုင်းပြည်ကနေ ဆယ်စုနှစ်တွေနဲ့ပြီး ခွဲခွာကာ ကြမ်းတမ်း ခက်ခဲ နက်နဲသိမ်မွေ့လှတဲ့ နိုင်ငံရေးတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲကြား ရုန်း ကန်တိုက်ပွဲဝင်ခဲ့သူတဦးရဲ့လောကဓံတရားနဲ့စီးချင်းထိုးခဲ့ရတာတွေကို သူ့ရဲ့စာတွေထဲမှာ တစေ့တစောင်းအဖြစ်သော်၎င်း၊ အရိပ်အမြွက်အဖြစ်သော်၎င်း မြင်ရဖတ်ရနိုင်မှာ လဲ ဖြစ်ပါတယ်။

ကိုယ့်နိုင်ငံအရေးမျှသာကိုသာမဟုတ်ဘဲ ကမ္ဘာတခွင်စီးပွား ယန္တရားကြီးတခုလုံးကို တဦချင်းလက်တွေ့ ဘဝတွေဆီကနေ ကမ္ဘာချီလက်ဝါးကြီးအုပ် စီးပွားစနစ်ကြီးအထိ ရေးပြသွားတဲ့ “ပင်လယ်ထဲသို့ စီးဝင်လေသည်” လိုအက်ဆေးက အက်ဆေး ထက် ဝတ္ထုတိုအဖွဲ့ဘက်နွယ်တဲ့အရေးအသားနဲ့ ရေးဖွဲ့သွားပုံကိုလဲ မြင်ကြဖတ်ကြရပါလိမ့်မယ်။

ဒါဟာ ၈ လေးလုံးအရေးတော်ပုံအပြီး စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် တိုင်းပြည်ကနေ ထွက်ခွာပြီး သဏ္ဌာန်မျိုးစုံနဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲထွဋ်ပါဝင်သော ဒီမိုကရက်တစ်များရဲ့ပုံရိပ်များလို့ဆိုနိုင်တဲ့ သမိုင်းမှန်ကူကွက်တွေလဲဖြစ်နေမှာပါ။

အထက်မှာပြောခဲ့သလို ဒီလိုအကြောင်းအရာမျိုးတွေရေးသားနိုင်ဖို့ဆိုတာ ရွှေပေးလို့မရတဲ့ အတွေ့အကြုံတွေ လိုအပ်မှာဖြစ် သလို စာရေးသားခြင်း အတတ်ပညာပါလိုအပ်ချက်တရပ်လိုဖြစ်နေတာမို့ ရဲထွဋ်ရဲ့စာကို ထုတ်တဲ့စိတ်ကူးဟာ ကောင်းလှပါပ ကောလို့ ဆိုခဲ့တာပါ။

ဟုတ်ပါတယ်။ တမျိုးသားလုံးပြန်လည်စုစည်းညီညွတ်ဖို့ ရင်ကြားစေ့ရေးကိစ္စတွေမှ တဖက်နဲ့တဖက် အပြန်အလှန်နားလည်ဖို့ကြိုးစားနေရချိန်မှာ ရဲထွဋ်တို့လို ပြည်ပလွတ်မြောက်နယ်မြေကနေ ဒီမိုကရေစီရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့ကိုရှေးရှုရင်းတိုက်ပွဲဝင်ခဲ့ကြသူတို့ရဲ့ နှလုံးသွေးနဲ့ရေးတဲ့စာတွေကလဲ တဖက်တလမ်းက အကူအညီပေးလိမ့်မယ်လို့ မြင် မိပါတယ်။

နိဂုံးချုပ်ပါ့မယ်။

တော်လှန်ရေးသမားတွေ နိုင်ငံရေးသမားတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ်ကစပြီး တိုင်းပြည်ငြိမ်းချမ်းရင် လွတ်လပ် ရင် စာရေးစားမယ်ဆိုပြီး မျှော်မှန်းခဲ့ကြတာတွေ အဖန်ဖန်ကြားဖူးပါတယ်။ ဒါပေမဲ့ တကယ်တမ်းဖြစ်လာကြဖို့ရာ သူတို့ရဲ့ကိုယ်ပိုင်ဘဝပြဋ္ဌာန်းချက်တွေကလဲ အရေးကြီးတယ်လို့ မြင်မိပါတယ်။ များသောအားဖြင့်တော့ နိုင်ငံရေးလှိုင်းလုံးတွေကြားမှာပါ မြှုပ်ချည်ပေါ်ချည်အဖြစ်နဲ့သာ တွေ့ ကြရတာပါပဲ။

ရဲထွဋ်နဲ့ မိုးကြိုးမှာအတူနေရင်း သူလည်း ဒီလိုပြောခဲ့တာကိုသတိရရနေမိတတ်ပါတယ်။ သူ အခုမိသားစုနဲ့အတူ မြန်မပြည် မှာပြန်အခြေကျနေပြီလား၊ နိုင်ငံရေးမိုးလေဝသကြား ကူးခပ်လှုပ်ရှားနေဆဲလား။ ကျန်းမာရေးမှကောင်းရဲ့လား။

ကျနော်ကတော့ သူဦးဆောင်ပြီး မိုးကြိုးဝိုင်းတော်သားအားလုံး မပါမနေရလုပ်ခဲ့ကြတဲ့စာဖတ်ဝိုင်းလေး တွေပြန်မြင်ယောင်နေ မိတတ်ပါတယ်။ (အဲဒီ့ထဲက လူငယ်လေးတွေဟာ ဒီနေ့မြန်မာပြည်ရဲ့ထိပ်တန်း မီဒီယာကြီးတွေဖြစ်တဲ့ ဗွီအိုအေ၊ အာရ်အက်ဖ် အေ၊ ဒီဗွီဘီ စတဲ့နေရာတွေမှာ အောင်မြင်သူတွေဖြစ်နေကြတာများပါတယ်)

တခါတခါလည်း သူက ရသစာပေနယ်မှာ မဆိုစလောက်အတွေ့အကြုံလေးရှိခဲ့ဖူးတဲ့ ကျနော့်ကို “ဒီစာမူလေး တည်းဖြတ်ပေး စမ်းပါဗျာ” ဆိုပြီး နိုင်ငံရေးစာတွေဘက်ကနေ ရသပင်လယ်ဘက်ဆီ တခါတရံ ကူးခတ်လာခဲ့တာတွေလဲ ကျနော်ပြန်မြင် ယောင်မိတတ်ပါတယ်။

သူက စာရေးဆရာမကြီး (ဒေါ်) ခင်နှင်းယုကိုယ်တိုင် မကွယ်လွန်မီက စုစည်းထုတ်ခဲ့တဲ့ ဇီဝဇိုးစံအိမ်ဆိုတဲ့ ရသဆောင်းပါးစုတွေကိုသိပ်ကြိုက်တော့ တနေ့သားမှာ အဲဒီ့စာအုပ်ထဲက စာလေးတပိုဒ်ကို သဘောကျလို့ စာရေးဆရာဘဝကို သူတ ကယ်ခံယူဖြစ်တဲ့အခါ ‘ဇီဝဇိုး’ ဆိုတဲ့ကလောင်အမည်ကို ခံယူမှာဖြစ်တယ်လို့ ကျနော့်ကိုပြောဖူးပါတယ်။ အဲဒီ့စာပိုဒ်လေး ကျနော်ပြန်ရေးပြရင်း ဇီဝဇိုးရေးတဲ့စာတွေ ဆက်လက်ဖတ်ရှုပါရစေလို့ဆန္ဒပြုလိုက်ရင်း နိဂုံးသပ်လိုက်ပါတယ်။

(ကျွန်မရင်ထဲမှာလည်း စာရေးဆရာများကို ဇီဝဇိုးငှက်ကလေးများလို ထင်သည်။ သူတို့ကို ဘယ်သူမှစေခိုင်းသည်မဟုတ်။ ကိုယ့်အတိုင်းအတာနှင့်ကိုယ် စာပေဗဟုသုတကိုလေ့လာဖတ်ရှုကြသည်။ စာပေနယ်မှာ ကျက်စားခဲ့သည်ဆိုရမည်။ ပြီး တော့ ရှာဖွေသမျှ စာပေဗဟုသုတကို သူတို့နှလုံးသားမှ အန်ထုတ်ခါ စာဖတ်ပရိသတ်ကိုပေးကြသည်။ သူတို့စာပေသည် စာဖတ်သူအတွက် အားဆေးဖြစ်ပါသည်။ ဇီဝဇိုးငှက်လေးများလိုပင် တချို့စာရေးဆရာများ သူတို့နှလုံးသားမှစာပေများကို အန်ထုတ်၍ ကျန်းမာရေးကိုမှဂရုမစိုက်၊ စိုက်လိုက်မတ်တတ် သူတို့စာပေကိုသာ ဇောက်ချအားသွန်ပြုစုရင်း ကွယ် လွန်သွား ကြသည်။)

ခင်လွန်း

=====
 

ရဲထွဋ်ရဲ့ ပင်လယ်ထဲသို့ စီးဝင်လေသည်ဆိုသော တော်လှန်ရေးသမားရေးတဲ့အက်ဆေးများစာအုပ်ကို 

မျိုးဆက်သစ်စာပေ
အမှတ် ၃၄၊ ၄ လွှာ၊ ကျီတော်လမ်း
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မှ  ဖြန့်ချိနေပြီး ဖုန်းနံပါတ် ၀၉၄၂၀၂၂၂၆၂၊ ၀၉၄၂၀၀၈၃၆၈၈
 


တို့ကိုလည်း တိုက်ရိုက် ဆက်သွယ် မှာကြားဝယ်ယူနိုင်ပါတယ်။

Comments