ဆောင်းယွန်းလ ● ကျောက်ရုပ် ကျောက်ပျက်


ဆောင်းယွန်းလ ● ကျောက်ရုပ် ကျောက်ပျက်
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈

မပျော်တဲ့အကြောင်းကို
အတည်ပေါက်နဲ့ ပြောပြတော့
သူဟာ ပြုံးနေခဲ့တယ်

ပျော်တဲ့အကြောင်းကို
အပြက်လုပ်ပြီး ပြောပြတော့
သူ့ မျက်ဝန်းမှာ မျက်ရည်စတွေတွဲခိုလို့ 

မပျော်တဲ့အခါ ပြုံးပြီး
ပျော်ရင် ငိုရတာလားလို့ 
ကျနော်က သူ့ကိုမေးမိတော့
သူ့မှာ ငိုဖို့မျက်ရည်ခမ်းခြောက်ခဲ့တာကြာပါပြီတဲ့
အဲဒီကစလို့  သူဟာ အမြဲပြုံးနေခဲ့တော့တာပဲလို့ 
ကျနော့်ကို ပြုံးပြုံးကြီးကြည့်ပြီး ပြောလိုက်တယ်

သူဟာ
နှုတ်ခမ်းတွေမလှုပ်ပဲ အသံထွက်နေခဲ့တဲ့
ကျောက်ရုပ်ကြီးတရုပ်ပေါ့
ကျနော်ကတော့
မကြာခဏ ဝမ်းနည်းနေတတ်တဲ့
ကျောက်ပျက်တကောင်ပါ။

ဆောင်းယွန်းလ

Comments