မြတ်လှိုင်း - နွေဦးခေါ်သံ

နွေဦးခေါ်သံ
မြတ်လှိုင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈

ပြောကြပါစို့။
နွေဦးမှာ၊လမ်းလျှောက်လာတယ်
နွေဦးခေါ်သံကိုပထမဦးဆုံးကြားရတာလား
အကြိမ်ကြိမ်ကြားခဲ့ရတာလား
ဒါတွေထားလိုက်၊ ဒါတွေတွေးမနေနဲ့
နွေဦးထဲကို ငါရောက်လာခဲ့ပြီ။

နွေဦးရဲ့ခေါ်သံ
စိန်ပန်းတွေကိုနီရဲစေလိုက်တယ်၊ သူတို့ရဲ့သန်မာတဲ့လက်ဖျံရိုးပေါ်က
သစ်ရွက်စိမ်းတွေခြွေပစ်လိုက်တယ်
နေပူပူထဲ၊ ဝေရဲလိုက်ကြတယ်၊ ရဲရဲနီလို့
အဲဒီလို ငါတို့ဝေရဲခဲ့ကြတယ်။

ဒါသဘာဝလား
ဝေတဲ့အချိန်မှာ ရဲရဲ၊ ကြွေချိန်မှာလည်း ရဲရဲ
အတွေးရဲရဲ၊ သွေးရဲရဲနဲ့
ငါတို့ နွေဦးရဲရဲထဲမှာ လမ်းလျှောက်ရဲခဲ့ကြတယ်။

သင်္ခါရဆိုတာ မေ့ထားလိုက်
ဝေချိန်တန်ဝေ ကြွေချိန်တန်ကြွေမှာပဲ
သေရဲဖို့အတွက် ဒီနွေဦးကိုရဲရဲဖြတ်သန်း
နွေဦးခေါ်သံထဲ
ငါတွေ လမ်းလျှောက်နေတယ်။

မြတ်လှိုင်း

Comments