မောင်လူပေ - ချိုင်းနိစ်နှစ်သစ် ၂၀၁၈ ခွေးနှစ် အကြောင်း



မောင်လူပေ - ချိုင်းနိစ်နှစ်သစ် ၂၀၁၈ ခွေးနှစ် အကြောင်း

(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈

ချိုင်းနိစ်နှစ်သစ်ရောက်တော့မယ်။ ချိုင်းနိစ်ဗေဒအလိုအရ နှစ်တိုင်းကို အကောင်ဆယ့်နှစ်ကောင်နဲ့ သတ်မှတ်ချက်အရ ဒီနှစ် ၂၀၁၈ကတော့ သစ္စာရှိတယ်လို့နာမည်ကြီးတဲ့ ခွေး နှစ်ကိုကြရောက်ပါတယ်။ မြေကြီးဓါတ်ကိုရတဲ့ခွေး( Earth Dog year) ပါတဲ့။ အတိအကျပြောရရင်တော့ ၂၀၁၈ ဖေဖေါ်ဝါရီလ ၁၆ရက်(ချိုင်းနိစ်နှစ်သစ်ကူးနေ့)ကနေ ၂၀၁၉ ဖေဖေါ်ဝါရီလ ၉ရက်နေ့ကြားမွေးသူများဟာ ခွေးနှစ်မွေးသူများပါလို့ ဆိုလိုပါတယ်။

ချိုင်းနိစ်နှစ်ကူးအပြီး ၁၉၃၄၊ ၁၉၄၆၊ ၁၉၅၈၊ ၁၉၇၀၊ ၁၉၈၂၊ ၁၉၉၄၊ ၂၀၀၆၊ ၂၀၁၈၊ ၂၀၃၀ မှာမွေးသူတွေဟာ ခွေးနှစ်မှာမွေးသူတွေပေါ့။ ရွှေ၊ သစ် ၊ရေ၊ မီး ၊မြေ ရယ်လို့ ဓါတ်ကြီးငါးပါးနဲ့ခွဲခြားတဲ့အခါ ဒီနှစ်ဟာ မြေဓါတ်ရတဲ့ခွေးနှစ်ဖြစ်သွားတယ်။

ခွေးနှစ်မှာမွေးသူတွေအတွက်
ကံကောင်းတဲ့နံပါတ်တွေက ၃၊ ၄၊ ၉။
ကံကောင်းစေတဲ့အရောင်က အနီ၊ အစိမ်း၊ ခရမ်းရောင်။
ကံကောင်းစေတဲ့ပန်းက နှင်းဆီ၊ သစ်ခွပင် (cymbidium orchid)။
ကံကောင်းစေတဲ့နေ့တွေက ချိုင်းနိစ်လရဲ့ (၇)ရက်မြောက်နေ့နဲ့ (၂၈)ရက်မြောက်နေ့။
ကံကောင်းစေတဲ့လတွေက ချိုင်းနိနှစ်ရဲ့ ၆လမြောက်၊ ၁၀လမြောက်၊ ၁၂လမြောက် လတွေ။
ကံကောင်းစေသောအရပ်များက အရှေ့အရပ်၊ တောင်အရပ်၊ အရှေ့မြောက်အရပ် တို့ဖြစ်ပါတယ်။

ချိုင်းနိစ်ရိုးရာဗေဒအရ ဓါတ်ကြီးငါးပါးနဲ့ခွဲခြားတဲ့အခါ

(၁) ၁၉၃၄၊ ၁၉၉၄ မွေးသူများဟာ သစ်သားခွေး(Wood Dog) ဖြစ်လို့ ကြင်နာတတ်သော၊ ယုံကြည်ရသော၊ စဉ်းစားချင့်ချိန်တတ်သော၊နားလည်တတ်သော၊စိတ်ရှည်တတ်သော သူများဖြစ်တယ်။အင်္ဂလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဝင်စတန်ချာချီ၊ ရော့ခ်အင်ရိုးဂီတဘုရင် အဲလ်ဗစ်ပရက်စလေ၊ လူငယ်တို့အသဲစွဲ ဂီတသမား ဂျပ်စတင်ဗီဘာတို့ဟာ သစ်သားဓါတ်ရ ခွေးနှစ်သမားပါ။

(၂) ၁၉၄၆၊ ၂၀၀၆ မွေးသူများဟာ မီးလျှံခွေး(Fire Dod) ဖြစ်လို့ ဉာဏ်ပညာကြီးသူ၊အလုပ်ကြိုးစားသူ၊ကြင်နာတတ်သူ ဖြစ်တယ်။ အမေရိကန်သမ္မတတွေဖြစ်တဲ့ ဘေလ်ကလင်တန်၊ ဂျော့ခ်ျဘွတ်ဂျူနီယာနဲ့ ဒေါ်နယ်ထရန့် တို့အပြင် နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ စတီဗင်စပီးဘတ်တို့ဟာ မီးလျှံဓါတ်ရ ခွေးနှစ်သမားပါ။

(၃) ၁၉၅၈၊ ယခုနှစ်၂၀၁၈ မွေးသူများဟာ မြေဓါတ်ခွေး(Earth Dog)တွေဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်သူ၊ တကယ်ကိုစိတ်ပါဝင်စားသူ၊အလုပ်အပေါ်တာဝန်ယူနိုင်သူတွေ ဖြစ်တယ်။ ဂီတကြယ်ပွင့်တွေဖြစ်ကြတဲ့ မက်ဒေါနားနဲ့ မိုက်ကယ်ဂျပ်ဆင်တို့ဟာ မြေဓါတ်ရ ခွေးနှစ်သမားပါ။

(၄) ၁၉၁၀၊ ၁၉၇၀ မွေးသူများဟာ ရွှေ(သို့) သတ္တုခွေး( Gold/Metal Dod) ဖြစ်လို့ ရှေးရိုးဆန်သူ၊ စိတ်ဓါတ်ပြင်းထန်သူ၊ ဂရုစိုက်တတ်သူ၊ တဖက်သားကိုအမြဲကူညီလိုသူတွေဖြစ်ကြတယ်။ ဂရုဏာရှင် ကက်သလစ်သီလရှင်ကြီး မာသာထရီစာဟာ သတ္တုဓါတ် ခွေးနှစ်သမားပါ။

(၅) ၁၉၂၂၊ ၁၉၈၂ မွေးသူများကတော့ ရေဓါတ်ခွေး(Water Dog) ဖြစ်လို့ ရဲရင့်တတ်သူ၊ တကိုယ်ကောင်းဆန်တတ်သူ၊ ငွေရေးကြေးရေးကိစ္စတွေမှာကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။

ခွေးနှစ်သမားတွေအတွက် ကံမကောင်းစေမဲ့အရောင်များက အပြာရောင်၊ အဖြူရောင်၊ ရွှေရောင်။
ကံမကောင်းစေမဲ့နံပါတ်များက ၁၊ ၆၊ ၇။
ကံမကောင်းစေမဲ့အရပ် အရှေ့တောင်အရပ်။
ကံမကောင်းစေမဲ့လများက ချိုင်းနိစ်လရဲ့ ၅ လ ပိုင်းနဲ့ ၈ လ ပိုင်းဆိုပါတယ်။ ဂရုစိုက်ပေးပါ။

ခွေးနှစ်မှာမွေးဖွားသူများရဲ့အမူအကျင့်တွေကိုပြောရရင်တော့ ရိုးသားသူ၊သစ္စာရှိသူ၊ ဂရုစိုက်တတ်သူ ၊နိုးကြားတတ်သူတွေဖြစ်သလို ရိုးသားမှုနဲ့သစ္စာရှိမှုအခြေခံကြောင့်ပဲ မိမိအနေနဲ့ အရေးပါသူလို့ယုံကြည်သူအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်ပေးဖို့ ဝန်မလေးတတ်သူတွေဖြစ်ကြပါတယ်။

ခွေးနှစ်မွေးသူတွေရဲ့ အားနည်းချက်ကတော့ တပါးသောသူတွေနဲ့ ဆက်ဆံရေးပါပဲ။ သူတို့ရဲ့ထင်မြင်ချက်တွေကိုလည်း တပါးသူသိအောင် ထုတ်ပြဖို့ ခက်ခဲတတ်ကြတယ်။ ဒါကြောင့်လည်း အလွန်ကိုခေါင်းမာသူတွေနဲ့ ဝေးဝေးရှောင်လေ့ရှိပါသတဲ့။

ကောင်းမွန်တဲ့အမူအကျင့်နဲ့ မွေးဖွားသူများပီပီ ရာဇဝတ်မှုတို့ မရိုးသားမှုနဲ့ စီးပွားရှာခြင်းတို့ကို မလုပ်လိုကြပဲ မိသားစုတွေနဲ့ အေးချမ်းတဲ့ဘဝလေးမှာနေလိုသူတွေဖြစ်ကြတယ်။

အေးချမ်းစွာနေလိုသူတွေမို့လည်း သူတို့တွေရဲ့ တွေးခေါ်မှုတွေက ကမ္ဘာကြီးဟာ မကောင်းမှုတွေနဲ့ ပြည့်နှက်နေတယ်၊ ရှုတ်ထွေးမှုတွေများလွန်းတယ်၊ ဒါကြောင့် ခပ်ကင်းကင်းနေတာအကောင်းဆုံးပဲ လို့ ထင်မြင်ယူဆတတ်ကြပါတယ်။

ခွေးနှစ်မှာမွေးသူများဟာ အများအားဖြင့် ပျော်ပျော်နေတတ်သူများပီပီကျန်းမာကြတယ်။ အားကစားလုပ်ရမှာ ကြိုက်နှစ်သက်ကြလို့ သာမန်အအေးပတ်တာ ချောင်းဆိုးတာလောက်ကို မှုသူများ မဟုတ်ကြ။

အလုပ် အလွန်များသူတွေ၊ လူမှုရေးတွေ အလွန်များသူတွေအတွက်တော့ လုံလောက်တဲ့အနားယူမှု လိုအပ်သလို ပြည့်စုံတဲ့လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် စိတ်နဲ့ကိုယ်ခန္ဓာအတွက် ခွန်အားသစ်တွေ ရစေပါတယ်။ ခွေးနှစ်သမားတွေဟာ အများအားဖြင့် ငွေနဲ့အာဏာကို မက်မောသူများမဟုတ်ကြပဲ စိတ်ဖိစီးမှုနဲစေမဲ့အလုပ်များကိုသာ လုပ်လိုကြပြီး အိမ်ပျော်သူတွေ ဖြစ်ကြပါသတဲ့။

ခွေးနှစ်မွေးသူတွေဟာ သစ္စာရှိမှုအခြေခံကြောင့် တပါးသူအတွက် အလုပ်လုပ်ရခြင်းကို မွေ့လျှော်ကြတယ်။အလုပ်ကိုလည်း ရင်လှိုက်သည်းလှိုက်ကို ချစ်မြတ်နိုးသူတွေဖြစ်တယ်။ ဒါကြောင့် ရဲအရာရှိ၊ သိပ္ပံပညာရှင်၊ အကြံပေးအရာရှိ၊ အိမ်အတွင်းဒီဇိုင်းဆင်သူ၊ တက္ကသိုလ်ပါမောက္ခ၊နိုင်ငံရေးသမား၊ ခရစ်ယာန်ဘုန်းကြီး၊ သူနာပြု၊ ရုံးအမှုထမ်း၊ တရားသူကြီးစတဲ့အလုပ်တွေနဲ့ သင့်တော်ပါတယ်။

ခွေးနှစ်မှာမွေးဖွားသူများအတွက် ယခုလာမဲ့နှစ်ဟာ ခွေးနှစ်ပြန်ရောက်မှာဖြစ်တဲ့အတွက် ချိုင်းနိစ်ဗေဒအရ ကံမကောင်းမှုတွေ တွေ့တတ်တယ်။ ယင်နဲ့ယန်သဘောတရားအရ အကောင်းနဲ့အဆိုး အလင်းနဲ့အမှောင် တလှည့်စီ ကျ ရောက်မှာကိုကြိုသိထားရင် သတိထားလို့ရပါတယ်။ စီးပွားရေးသမားတွေအတွက်ကတော့ အိမ်ခြံမြေရောင်းဝယ်ရေး၊ အပူနှင့်ဆိုင်သောလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းတွေက အမြတ်အစွန်းတွေရနိုင်တယ်။

အချစ်ရေးမှာလည်း ကံခေမှုတွေကြုံရတတ်တယ်။ ဒါပေမဲ့ လုံးဝ ကံဆိုးမှာ မဟုတ်ပါ။ ယောက်ျားလေးတွေဆိုရင် ကိုယ်ချစ်တဲ့သူအတွက် ပိုပြီးလုံ့လစိုက်ပေးရမယ်။ ဂရုစိုက်ပေးသင့်တယ်။ မိန်းကလေးတွေဆိုရင်တော့ ကိုယ့်ရဲ့မာနနဲ့သိက္ခာတရားကိုဂရုစိုက်နေရတာကြောင့် အချစ်ရေးမှာ ရှေ့ဆက်ဖို့ခက်နေတတ်ပါတယ်။ဒါကြောင့်မို့ ကမ်းနားမှာဖြစ်စေ၊ ပန်းခြံမှာဖြစ်စေ လမ်းလျှောက်အပန်းဖြေရင်း မိမိတို့ရဲ့အချစ်ရေးကို လေ့လာဆန်းစစ်ကြသင့်ပါတယ်။

ကျန်းမာရေးအပိုင်းမှာလည်း လက်နဲခြေထောက်တွေမှာ ဒါဏ်ရာရမှုတွေရှိတတ်တယ်။ ဒါဏ်ရာရပြီးသွေးထွက်လွန်တတ်တယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာတွေလည်း သတိပြုသင့်တယ်။ စိတ်အေးအေးထားပြီး ပန်းခြံ၊ ကမ်းခြေတို့မှာ လမ်းလျှောက်ပေးပါ။

ခွေးနှစ်သမားတွေအတွက် အသင့်တော်ဆုံး အိမ်ထောင်ဖက်က ယုံနှစ်မွေးသူများဖြစ်ပြီး မသင့်တော်ဆုံးကတော့ နဂါးနှစ်၊ ဆိတ်နှစ်နဲ့ ကြက်ဖနှစ်မွေးသူတွေပါပဲတဲ့။ကျန်နှစ်မွေးသူတွေကတော့ သာမန်ပါပဲတဲ့။

အချုပ်အားဖြင့်ဆိုရရင်တော့ ခွေးနှစ်မွေးသူများနဲ့ သူငယ်ချင်း မိတ်ဆွေဖြစ်လိုတယ်ဆိုရင် အချိန်နည်းနည်းတော့ယူရပါတယ်။ သူတို့ရဲ့ရှေးရိုးဆန်မှုနဲ့အရာရာကို သတိထားတတ်မှုကြောင့်ဖြစ်ပါတယ်။ သူတို့က ယုံကြည်သွားပြီဆိုရင်တော့ အလွန်သစ္စာရှိသူ မိတ်ဆွေတစ်ဦးရရှိသွားပြီလို့သာ မှတ်လိုက်ပါ။

ခွေးနှစ်မွေးသူများနဲ့ အချစ်ရေးမှာ ဆက်သွယ်ချင်ရင်လည်း ဒီအတိုင်းပါပဲ။ သူတို့တွေဟာလူတစ်ဦးကို အလွယ်တကူ ချစ်သွားတတ်သူတွေမဟုတ်ပါဘူး။ အချိန်တစ်ခုစောင့်ရပါ့မယ်။ သူတို့ကချစ်မိပြီဆိုရင်လည်း သူတို့ချစ်သူတွေအပေါ်မှာ သစ္စာရှိရှိနဲ့ခိုင်မြဲစွာ လက်တွဲလိုသူတွေပါ။ ဒါပေမဲ့သူတို့တွေရဲ့ ခံစားချက်တွေက တက်လွယ်ကြလွယ်ဖြစ်တတ်တာကိုတော့ နားလည်ပေးတတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ကျွန်တော်တတ်လွန်းလို့ ဟောပြောနေတာမဟုတ်ရပါ။ ခွေးနှစ်သစ်အတွက် လေ့လာရင်းတွေ့ရှိချက်တွေကို ဝေမျှပေးရခြင်းသာ ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ဖြစ်တဲ့ ခွေးနှစ်မှာ မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်
မောင်လူပေ

Comments