ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၅)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသံဃာ့နာယကဂိုဏ်းချုပ် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို။ (ထိုင်း) ဖေဖော်ဝါရီ - ၁၆

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၅)
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈

အမျိုးသားရင်ကြားကွဲအက်ရေး ရှောင်ကျဉ်ပြီး ရဲဘော်ရဲဘက်စိတ်နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားကြစို့
 - အပိုင်း(၅)

အမျိုးသားရင်ကြား မကွဲအက်ရေး တပ်ချုပ်အား တိုက်တွန်းချက်
၃၅။ တပ်ချုပ်အနေနဲ့ တပ်တွင်သဘာဝနေထိုင်မှုစည်းကမ်းတကျ အထူးသဖြင့် အထက်အရာရှိ အကြီးအကဲ မျက်စိစပါးမွှေးစူးမည့် သွားလာနေထိုင်တာမျိုး ရှောင်ကြဉ်ထိမ်းသိမ်းရမယ်ဆိုတာ နားလည်လောက်ပါတယ်။ စာရေးသူ တပ်ခွဲမှူးဘ၀တုံးက ချွေးနဲစာနဲ့ Sunny Pickup တစီးဝယ်ထားမိပြီး စစ်သည်များ အုပ်ချုပ်ရေးအဆင်ပြေစေဖို့ လုပ်ကိုင်ပေးရတဲ့စေတနာ နားမလည်တဲ့ မနာလိုစိတ်ဖြစ်ပွားလာခဲ့တဲ့ တပ်ရင်းမှူးတစ်ဦးနဲ့ ကြုံခဲ့ပြီးပါပြီး၊ ဒီတော့ကာ တပ်ချုပ်အနေနဲ့ နိုင်ငံခြားသွားလို့ သူတို့က လိုတာထက်ပိုပြီး နိုင်ငံ့အကြီးအကဲအဆင့် ကောဇောနီခင်းပြီး ကြိုဆိုခံရတာဟာ မိမိအကြီးအကဲတွေနဲ့ ဆက်ဆံရေးပြေပြစ်နေချိန် ပြသနာမရှိသော်လည်း နောင်တချိန် ငြိုငြင်စရာတခုခု ဖြစ်လာခဲ့ရင် ဒီကိစ္စဟာထောက်ကွက်ဖြစ်သွားနိုင်ပါတယ်။

၃၆။ တပ်ရဲ့အစဉ်အလာအတိုင်း တပ်ချုပ်အနေနဲ့ ၂၀၁၆ ခုနှစ်ဆန်းတုံးက ဒေါ်အောင်ဆန်းစုကြည်ကို စစ်သမိုင်းပြတိုက်ကို ဖိတ်ကြားပြီးပြသလိုမျိုး တပ်မတော်(ကြည်း/ရေ/လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကြီး လေ့ကျင့်မှုပွဲကို ဖိတ်ကြားပြသခဲ့ရင် ဂုဏ်ယူဝံ့ကြွားနိုင်ကာ နိုင်ငံတော်ဘတ်ဂျက်သုံးရတာ တန်တယ်ဆိုတဲ့ အတွေးအမြင်မျိုး သူမစိတ်ထဲမှာ ရသွားစေပါမယ်။ မကြာမှီကျင်းပတော့မည့် ပြည်ထောင်စုနေ့နဲ့ တပ်မတော်နေ့ အခမ်းအနား စစ်ရေးပြ/ ညစာစားပွဲတွေမှာ ဖိတ်ကြားတာမျိုး ပြုလုပ်ဖန်တီးပေးသင့်ပါတယ်။

၃၇။ တပ်ချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိန်းကလေးဖြစ်နေတော့ အလေးပြုရင် ခါးကိုင်းပြီး အရိုအသေပေးရမည်ဆိုရင် ယူနီဖေါင်းကြီးနဲ့ဆိုတော့(ဟန့်) နေတာခက်နေတာ သဘောပေါက်ပါတယ်။ စာရေးသူပြောဖူးတဲ့ စစ်တပ်မှာ (ဖါးတော်၊ အမျိုးတော်) တော်တာမျိုးနဲ့လည်း လုပ်လို့မရတာ မှန်ပေမဲ့ စစ်တပ်အကြီးအကဲအနေနဲ့ အောက်ကျို့လို့မရသေးဖူး သူ့ခြေလှမ်းကိုစောင့်ကြည့်ဦးမယ်ဆိုပြီး သောကတောင်တန်း နေကြယ်တွေသန်းနေတုံးဘဲလားလို့ မေးလိုက်ချင်ပါတယ်။ ယုံကြည်မှုနဲ့ဆိုင်နေတာမို့ တကယ်လို့အစွန်းရောက်အမျိုးသားရေးဝါဒီတွေ စွပ်စွဲသလို ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး တပ်မတော်ကို ဖိအားပေးမည်ဆိုတဲ့ မကောင်းတဲ့ စိတ်ကူးစိတ်သန်းရှိမယ် ဆိုရင် အမေရိကန်ဝန်ကြီးဟောင်းရစ်ချတ်ဆင်လည်း ချက်ခြင်းထွက်သေးမှာမဟုတ်သလို သူမကိုလည်း အရှက်တကွဲအကျိုးနည်းအောင် လုပ်မှာလည်း မဟုတ်ဖူးဆိုတာ သက်သေပြပါတယ်။ သူမထံကို ဆုတွေပြန်ရုပ်သိမ်းခိုင်းတာလည်း ဂုဏ်သိက္ခာနဲ့ ဆိုင်နေတာမို့ သူမဟာ နိုင်ငံပျက်စီးစေမည့် တပ်မတော်ကိုထိန်းချုပ်ဖို့ သူမအာဏာရဖို့  အောက်လမ်းနည်း ဘယ်တော့မှ သုံးမှာမဟုတ်ဖူးဆိုတာ တပ်ချုပ်ယုံကြည်စေချင်ပါတယ်။

၃၈။ NLD မှ အစွန်းရောက်ဒီမိုတွေက တပ်မတော်အပေါ်တိုက်ခိုက်လာမှုအပေါ် တပ်မတော်ဘက် ရပ်တည်ပေးခဲ့တဲ့ဖြစ်စဉ်တွေတွေ့ရပြီးဖြစ်ပါတယ်။ ဦးရန်နောင်မျိုးသိန်းနှင့် ဦးဖြိုးမင်းသိန်းကိစ္စတွေမှာ သိသာထင်ရှားပြီး တပ်မတော်ရဲ့အဓိက Key ဖြစ်တဲ့ ကာကွယ်ရေးဘတ်ဂျက်ကို NLD က ယနေ့ထိ စတိသဘောဖြတ်ယူပြီး တင်သမျှနီးပါး အကုန်ပေးခဲ့လို့ ယခုဆို ရုရှား Su30 တောင် ၀ယ်ယူခွင့် ရနေပြီးဖြစ်ပါတယ်။ ၂၀၁၇-၁၈ ကာကွယ်ရေးဝန်ကြီးဌာန သာမန်အသုံးစရိတ် ၁၆၅၅.၄၃၆ သန်း  တင်ပြတောင်းခံခဲ့ရာ လွှတ်တော်က ၁ ဘီလီယျံသာဖြတ်ကာ ၁၆၅၄.၄၃၆ ဘီလီယျံ ခွင့်ပြုပေးခဲ့သလို ငွေလုံးငွေရင်းအသုံးစရိတ် (နိုင်ငံခြားမှစစ်လက်နက်ပစ္စည်းယာဉ်တွေ ၀ယ်ရေးအဓိကထား)  ၁၂၅၀.၈၆၅ ဘီလီယျံ တောင်းခံခဲ့ရာ လုံးဝအဖြတ်အတောက်မရှိဘဲ ခွင့်ပြုပေးခဲ့တာ ကျေးဇူးတင်သင့်ပါတယ်။ နိုင်ငံဆင်းရဲနေတာကို ပြည်သူလူထုက နားလည်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံလို့ အဆင်ပြေသွားတာ ပိုပြီးတန်ဘိုးထားရပါမယ်။

၃၉။ တပ်ချုပ်ကို အကိုကြီးလိုဘဲ တလေးတစားခေါ်ချင်ပြီး အကိုကြီးတို့အပါတ်စဉ်က အကိုကြီးကို  Nick Name အဖြစ် ကြောင်ချီးလို့ စကြပြောင်ကြပေးခဲ့ကြတယ်လို့ သိရပါတယ်။ ကြောင်ချီးဆိုတာက ပျော့ပျော့လေးနဲ့ နံတာမို့ စကားအပြောအဆိုကောင်းပါတယ်။ နံတော့မနံလိုက်ပါနဲ့ အကိုကြီးကို တောင်းပန်ချင်ပါတယ်။ အများအားဖြင့် ကျောင်းဆင်းအရာရှိတွေဟာ သူတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ Mind set ပြောင်းလာကြရာ အကိုကြီးလည်းပြောင်းလိမ့်မယ်လို့မျှော်လင့်ပါတယ်။

ဗိုလ်လောင်းအပါတ်စဉ်ကျောင်းဆင်းရင် ရွှေဓါးဆုအကောင်းဆုံးရသူတွေ ရှေ့တန်းစစ်ဆင်ရေးမှာ အရင်ဆုံး ကျသွားတတ်သလို Last cadet ဟာလည်း တပ်မမှူး အစောဆုံးဖြစ်တတ်တာလည်း တွေ့ရပါတယ်။ ဆိုလိုတာက ကံဇာတာက ကံထမ်းလာတာမြင်လို့မရဖူး ဆိုတာပြောချင်ပါတယ်။ အကိုကြီး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဘ၀တုံးက ကိုးကွယ်တဲ့ဗေဒင်ဆရာက ဧကန်မုချ မင်းဖြစ်လိမ့်မယ် ဟောလိုက်တာကြောင့် လူတိုင်း ဒီလိုစိတ်ကူးယဉ်ခွင့်တော့ရှိပါတယ်။ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေး နက္ခတ်ဗေဒ ပညာရှင်ဖြစ်တဲ့ ဆရာဇော်မြင့်က တပ်မတော်ပိုင်းဆိုင်ရာအနေနဲ့ လာမယ့် ကဆုန် လပြည့်ကျော် ၁ ရက်နေ့မှ သီတင်းကျွတ်လကွယ်နေ့ အထိ ကာကွယ်ရေးပိုင်းဆိုင်ရာ အကြီးအကဲတွေ ပြောင်းလဲဖို့ အပြောင်းအလဲတွေ မြင်ပါတယ်လို့ ဟောထားရာ တပ်ချုပ် ၂နှစ်ပြည့်နိုင်တဲ့ မေလ (ကဆုန်လ)နဲ့ တိုက်ဆိုင်နေတာတွေ့ရတယ်။ ဒါပေမဲ့ နာမည်ကြီး ဗေဒင်ဆရာကြီးတဦးက ၂၀၁၅ မှာ ဧကန်မုချ ဒေါ်အောင်ဆန်းစုကြည်ကို မင်းဖြစ်လိမ့်မယ်လို့ သူ့ရဲ့တဲ့ရော့ကတ်ကို ကြည့်ကာ အခိုင်အမာဟောခဲ့တာ ဘာလို့ မမှန်သလဲ စဉ်းစားကြည့်ပါ။

မမြင်ရတဲ့ကံတွေ ရှိပါသေးတယ်၊ မြတ်စွာဘုရား ဟောကြားချက်တခုဖြစ်တဲ့ ကံကံ၏အကျိုး ကောင်းတာစေတနာထားလုပ်ရင်  ၀ဋ်ကြွေးကုန်ရင် လက်တွေ့ခံစားရလိမ့်မယ်ဆိုတာ ညွှန်သွားပါတယ်။ ကျိုင်းတုံအဘယမုနိဘုရား တည်တာနဲ့ ထားဝယ်မှာ ဆူးလေပုံတူ ဘုရားတွေတည်နေတာ အန္တရာယ်ကင်းအောင်ဖြစ်ဖြစ်၊ ဗေဒင်သဘောအရ ယတြာချေတာဘဲဖြစ်ဖြစ်၊ အကိုကြီးအတွက် သာဓုခေါ်ပါတယ်။ တခုဘဲကျန်သွားနိုင်တာက ဒေါ် အောင်ဆန်းစုကြည်အပေါ် မိမိအကြီးအကဲလို တန်ဖိုးထားလေးစားပြီး စိတ်ကောင်းစေတနာထားလိုက်ရင် ရဟန္တာ၊ နတ်၊ ၀ိဇ္ဇာ၊ ကိုယ်စောင့် နတ်၊ သူတော်စင်ပုဂိုလ်၊ ဆရာတော်သံဃာတော်တွေက သာဓုခေါ်ပြီး အဲ့ဒါတွေရဲ့တွန်းအားဟာ အကိုကြီးလုပ်ခိုင်းနေတဲ့ ပြည်သူလူထုကို အကျိုးပြုကျန်းမာရေး ဆေးကုသမှုစေတနာနဲ့ပေါင်းစပ်လိုက်ရင် မင်းဖြစ်မည့်ကံ ပွင့်သွားစေပါတယ်။ တခုသတိပေးလိုတာက  “မင်း”ကို အတင်းလုပ်ယူလိုက်ရင် ဦးရွှေမန်းကြုံသလို ဆိုးကျိုးသက်ရောက်နိုင်တာမို့ အလိုက်သင့်ဘဲ အချိန်အခါစောင့်ဖို့ဘဲလိုပါတယ်။ မင်းဖြစ်တော့ဖြစ်ပါရဲ့ ပေးဆပ်ပြီးမှ သွေးမြေကျပြီးမှ မင်းဖြစ်တာထက် ပြည်သူလူထုထောက်ခံမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ရွေးကောက်တင်မြောက်ပေးတဲ့ သန့်သန့်ရှင်းရှင်း “မင်း” ဖြစ်တာ ပိုမကောင်းဖူးလားလို့ ဆိုချင်ပါတယ်။

၄၀။ တပ်မတော်ရဲ့ပြုမူဆောင်ရွက်ချက်ဖြစ်စဉ် ၂ ခု အားမရတာရှိပါတယ်။ ပထမတခုက ၂၁ ပင်လုံညီလာခံ အရှိန်ကုန်နေချိန်မှာ မိမိလက်အောက်ခံတပ်များအနေနဲ့ အစိုးရသွားတဲ့နိုင်ငံရေးလမ်းကြောင်း မထိခိုက်စေဖို့ လက်ရှိသွားနိုင်တဲ့ NPRC ရဲ့အခြေအနေကို အောက်ခြေကအစ တပ်မှူးအဆင့်လိုက် အနည်းဆုံး ချပြသင့်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကျောင်းဆင်းဖြစ်လျက်နဲ့ ကယားပြည်နယ်မှာရှိတဲ့ KNPP အကောက်စခန်းနှင့် လွိုင်ကော်ဒကစတို့ ပဋိပက္ခဖြစ်ကာ တိုက်ပွဲဖြစ် KNPP ၄ ဦးသတ်ခံခဲ့ရပါတယ်။ စစ်တပ်ကို လူပါးဝလို့ မရဖူးဆိုတာ သဘောပေါက်ပါတယ်။ ဆိုးကျိုးရလဒ်ကတော့ UNFC မှာ NMSP နှင့်လားဟူတို့က NCA ထိုးချင်ပေမဲ့ KNPP က NCA မထိးုသေးဖူး အသံထွက်လိုက်တာ အင်မတန်မှနှမျောဖို့ကောင်းပါတယ်။ တကယ်ဆို  KNPP အကောက်စခန်းကို အချိန်ကန့်သတ်ပေး သတိပေးဖယ်ရှားခိုင်းကာ SSA လို ကိုင်တွယ်ပြီး သတ်မှတ်ရက်ရောက်လို့မှ တိုက်ချတာဆို ပိုမကောင်းဖူးလားလို့ဆိုချင်ပါတယ်။ အလားတူ အစိုးရအားနည်းချိန်မှာ NCA လက်မှတ်ထိုးဖို့ UNFC အဖွဲ့ကိုတောင် ချန်ထားပြီး တက်လာတဲ့ NMSP နှင့် LDU လားဟူအဖွဲ့ကို ရဲဘော်ရဲဘက်စိတ်နဲ့ နွေးထွးစွာကြိုဆိုပြီး သူတို့ရဲ့လိုအပ်ချက်တွေကို  ဆောလျင်စွာ ဖြည့ှ်ဆည်းပေးသင့်ပါတယ်။ အငြင်းပွားဖွယ် နိုင်ငံရေးအကြိုဆွေးနွေးပွဲကိစ္စမှာ RCSC  ငြိုငြင်သွားတာမို့ ဒါကိုဘယ်လိုနည်းလမ်းရှာပြီး ထိပ်သီးဆွေးနွေးပွဲခေါ် အမြန်ဖြေရှင်းသင့်ပါတယ်။

အရပ်ဖက်အုပ်ချုပ်ရေးက ထောက်ကူပေးမည်လို့ စာထုတ်ပေးပြီးမှ တပ်က လိုက်လံတားဆီးနေရပါတယ် ဆိုတဲ့ပုံစံမျိုးဟာ မဖြစ်သင့်တဲ့ အရပ်ဖက် စစ်ဖက်ဆက်ဆံရေး ညံ့ဖျင်းနေပြီး သုံးသပ်ဖို့ လိုပါတယ်။

၄၁။ နောက်ဆုံးတခုက တပ်က စာထုတ်ပြီး ထုတာ ကိုမင်းကိုနိုင်အပါအ၀င် ၃ကြိမ်ရှိ သွားပြီဖြစ်ပါတယ်။ တပ်ထုံးစံအရ စာထုတ်တာက မှင်နီတားချင်လို့ နောက်ဆုံး အရေးယူချင်လို့  ပြင်းထန့် တဲ့ တုန့်ပြန်ချက်ဖြစ်ရာ ဒီအဆင့် မတိုင်ခင် စာတို ထုတ်ညှိနှိုင်းခြင်း နဲ့R.Tစက်ပေါ်တက်ပြီး ဖြေရှင်းချက်တောင်းခံခြင်း၊ ဦးစီးအရာရှိတွေကိုယ်ရေးအရာရှိတွေ အချင်းချင်း တီးခေါက်ခြင်း၊ မိမိဖြစ်စေချင်တာကို တဖက်သားကို သြဇာလွှမ်းမိုးမည့် လူကြီးမိတ်ဆွေများကတဆင့်  သတိပေးခြင်း၊ အလွတ်သဘော personal ဆွေးနွေးထောက်ပြခြင်း စတဲ့ သံတမန်ဆန်ဆန် တုန့်ပြန့်လို့ မှ မရရင်တော့ စာထုတ်တဲ့ အဆင့် သုံးတာမျိုး၊ လုပ်သင့်ပါတယ်။ ရန်သူလို စိတ်ထားတာထက် ခံယူချက် မတူပေမဲ့ ရဲဘော်ရဲဘက်စိတ်နဲ့တွဲလုပ်ပြနိုင်တာ စည်းရုံးနေမှန်းကို မသိအောင် တပ်မတော်ကို အမြင်ကြည်လင်အောင် စည်းရုံးနိုင်တာဟာ တကယ့် စစ်မှန်တဲ့ စည်းရုံးရေးသမားကောင်း ဖြစ်ပါတယ်။

၄၂။ နောက်ဖြစ်စဉ်တခုက ရခိုင်ဒေသမှာ တပ်မတော်က ရှင်းလင်းရာမှာ လူမျိုးတုံးဥပဒေမဲ့ သတ်ဖြတ်တာ၊ အကြမ်းဖက်တာ မရှိကြောင်း တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီး အေးဝင်းနဲ့အဖွဲ့တင်ပြခဲ့ပြီးမှ အင်းဒင်ရွာဘင်္ဂါလီ ၁၀ ဦးသတ်ဖြတ်ခံရတဲ့ကိစ္စ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တကယ်ဆို အင်းဒင်ရွာကိုတော့ အဲဒီအဖွဲ့က စစ်ဘေးတွေ့ရှိချက်အနေနဲ့  ဖေါ်ထုတ်အရေးယူပြီး ကျန်တဲ့ဒေသတွေမှာ မရှိဖူးဆိုရင် နိုင်ငံတကာက လက်ခံနိုင်တယ်၊ သဘာဝကျမယ်။ ဒီလိုကိစ္စမျိုး ဆတ်ဆတ်ထိ မခံဖြစ်နေတာကို သိလျက်နဲ့ သေသေချာချာ ဂဃဏန မလုပ်ခဲ့တာကို အပြစ်တင်လိုပြီး တပ်ရဲ့ပုံရိပ်တောက်ပမည့်အရေး လက်လွတ်ဆုံးရှုံးသွားပါတယ်။ သူတို့သေချာ မလုပ်လို့ ကျန်တဲ့နေရာလည်း ရှိနိုင်သေးတယ်ဆိုတဲ့အတွေး ၀င်သွားနိုင်လို့ ပြောရတာဖြစ်ပါတယ်။

ဆောင်းပါးအချောသတ်နေစဉ်မှာပင် Reuters သတင်းဌာနက သတ်ခံရတဲ့ ဓါတ်ပုံတပုံထပ်တင်ပြီး
စွပ်စွဲလာပြန်တယ်။ ဂူတပြင်ရွာတွေ့ရှိချက်က လုပ်ကြံသတင်းဖြစ်လို့သာ အသက်ရှူချောင်သွားတယ်၊ ရခိုင်ပြည်နယ်အရေးအခင်းကိစ္စမှာ တပ်မတော်တာဝန်ကျေပြွန်ခဲ့ပါတယ်။ အကြမ်းဖက်ရွာသားများနှင့်  အကြမ်းဖက် ARSA ရောထွေးနေတဲ့လူအုပ်ကြီးကို ထိန်းသိမ်းရှင်းလင်းသွားတာ လူဦးရေ ၅ သိန်းနှင့်  ပစ်ခတ်လို့သေဆုံးတဲ့ ၄၀၀ အချိုးကျကြည့်ရင် မည်သည့်တပ်မဆို ဒီအရေအတွက်ထက်ပိုသာရှိမည် နည်းမည်မဟုတ်ဟု စာရေးသူယခင်ဆောင်းပါးတွေက သုံးသပ်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော် တပ်မတော်က အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုဟာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့တယ်လို့ဆိုပါမယ်။

ရခိုင်အမျိုးသားပါတီက တပ်ချုပ်နဲ့ လာရောက်တွေ့ဆုံပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် ကို  တပ်ချုပ်အနေနဲ့ နောက်ပိုင်းတင်ပြခဲ့တာ ဟုတ်မဟုတ် ပွင့်လင်းမြင်သာမှုမရှိဘဲ အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။ ထင်သာမြင်သာ သတင်းထုတ်ပြန်လိုက်ပါက တပ်သိက္ခာကျသွားမယ် ထင်နေတယ်ဆိုရင် ခံယူချက်မကောင်းလှပါ ။ တိုင်းရင်းသားတွေကတော့ တပ်မတော်ကို အမှတ်ပေးကြိုဆိုရပေမဲ့  နိုင်ငံတကာအမြင်ကျတော့ အစိုးရ ၂ ရပ်မြင်သွားနိုင်ပါတယ်။ တကယ်တမ်း ARSA က တိုက်ကွက်ဖေါ် အကြမ်းဖက်လာလို့ နိုင်ငံတကာက မျက်စိဒေါင့်ထောင့်ကြည့်နေချိန်မှာပင် တပ်မတော်ရဲ့အင်အားသုံး  စစ်ဆင်ရေးကြောင့် အစုလိုက်အပြုံလိုက် ထွက်ပြေးရပါတယ်ဆိုပြီး စွပ်စွဲချက် ထွက်ပေါ်လာတယ်။ တဆက်တည်း လူသားမျိုးတုံး သတ်ဖြတ်ပါတယ်ဆိုတဲ့ ဂွင် ဆွဲဝင်သွားပါတယ်။ ဒီလိုဖြစ်လာချိန်မှာ
တပ်မတော်က အစိုးရကို စဉ်ဆက်မပြတ် သတင်းပို့နေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုအောက်မှာ အကောင်အထည်ဖေါ်နေတယ်ဆိုရင် ပိုလို့တောင် တာဝန်ပေါ့သွားပါလိမ့်မယ်။

နိုင်ငံရေးအကဲဆတ်လို့ စစ်ရေးကိစ္စနားမလည်လို့ဆိုပြီး လက်လွှတ်စပယ် ဇွတ်တရွတ်လုပ်လို့မရတာ  သဘောပေါက်မယ်ထင်ပါတယ်။ နောက်ပိုင်ဖိအားတွေများလာလို့မှ တပ်ချုပ်က သမ္မတကို  ခွင့်တောင်းတင်ပြနေပါတယ်ဆိုတဲ့ အသံထွက်လာပါတယ်။

အမျိုးသားရင်ကြား မကွဲအက်ရေး နိုင်ငံတော်အတိုင်ပင်ခံအား တိုက်တွန်းချက်
၄၃။ လက်ရှိအခြေအနေဟာ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တိုင်း တပ်မတော်ဘက် အစိုးရရပ်တည်မှု မပြတ်မသားရှိနေတာကြောင့် တပ်မတော်သားအများစု စိတ်ပျက်နေချိန်မှာ ကိုရဲမိုးရဲ့ဖေ့ဘွတ်တင်ပြချက်ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။

“ဒီတိုင်းပြည်မှာ ဖြစ်နေတဲ့  တိုက်ပွဲတွေက တပ်မတော်နဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေ မတည့်လို့ ဖြစ်နေတာ ။ ငါတို့အစိုးရကကြားဝင်စေ့စပ်ဖြေရှင်းပေးနေတာလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်။

အဲဒီ အဓိပ္ပာယ်ဖွင့်ချက်ဟာ တို့တာဝန်အရေးသုံးပါးနဲ့  တရားဥပဒေစိုးမိုးရေးအတွက် မတိုက်မဖြစ်လို့  စစ်တိုက်နေရတယ် ။ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ နယ်မြေစိုးမိုးရေး လုပ်နေရတယ်လို့ ခံယူထားတဲ့  တပ်မတော်အတွက်ကတော့ အတော်စိတ်နာစရာကောင်းတဲ့ ပြကွက်အမျိုးအစား ဖြစ်တယ် ။

သဘာဝသယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်မယ် ။ ရွှေတွေတူးတာ တောတွေခုတ်တာ ကျောက်တွေတူးတာ လက်မခံဘူးဆိုတဲ့  အစိုးရတက်လာတယ် ။

တပ်ဘက်က အစိုးရရဲ့ ပေါ်လစီအတိုင်း အကောင်အထည်ဖော်တယ် ။ တရားမ၀င်ရွှေမှော်တွေ ၀င်ရှင်းတယ် ။ သစ်ခိုးထုတ်တဲ့  ဧရိယာတွေကို ထိန်းချုပ်ဖို့ လုပ်တယ် ။ လွှတ်တော်မှာ တင်ပြပြီးကို လုပ်တာ ။

အဲဒီတော့ အဲဒီမှော်တွေက ဆက်ကြေးရနေတဲ့ ကေအိုင်အေနဲ့  တပ်နဲ့  အကြီးအကျယ်တီးကြရော ။ တီးတဲ့အချိန် အစိုးရက တပ်ဘက်ကနေ အားပေးမယ်ထင်သလား ။ တပ်ကို ကျောထောက်နောက်ခံ ပြုမယ်ထင်သလား ။

အစိုးရ ဖြစ်ပုံက အားပေးတယ်လဲ မပြောသလို ကန့် ကွက်တယ်လဲ မပြောဘူး ။ မကြိုက်ဘူး မပြောသလို ကြိုက်တယ်လဲ မပြောဘူး ။ မလုပ်နဲ့  ရပ်လိုက်တော့လို့ မပြောသလို ဆက်တိုက်လို့ လဲ မပြောဘူး ။

မူဆယ် ၁၀၅မိုင်ကို ၀င်တိုက်ခံရတယ် ။ မုံးကိုးကို ၀ိုင်းချတယ် ။ တပ်က ပြန်သမတယ် ။ အကြမ်းဖက်အဖွဲ့ လို့ လွှတ်တော်ကို တင်တယ် ။ NLD အများစုရှိတဲ့  လွှတ်တော်က ပယ်ချတယ် ။

ဒါဆို အဲဒီလက်နက်ကိုင်အဖွဲ့ တွေကို မတိုက်ရဘူးလား ။ ဟာ မဟုတ်ဘူး အဲဒီလို မဟုတ်ဘူး ။ ကိုယ်တိုက်စရာ ရှိတာတိုက် ။

ဒါဆို အားပေးလား ... ဟာ အဲဒီလိုလဲ မဟုတ်ဘူး ငါတို့ အစိုးရက ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတာ ။ ငါတို့ က ကြားနေပဲ ။ ငါတို့ က ဘလာဘလာ သူတို့ က ဘလာဘလာ ....

အဆုံးသတ်တော့ တပ်နဲ့ လက်နက်ကိုင်အဖွဲ့ နဲ့  မတည့်လို့  ရန်ဖြစ်နေတာ ။ အစိုးရက လိုက်ပြီး ညှိနိုင်းပေးနေရတာ ဒီလိုပုံစံ ပြန်ရောက်သွားပြန်ရော ။

လက်ရှိ Run နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှိတယ် ။ အစိုးရရော တပ်ရော လက်နက်ကိုင်တွေရော အဲဒီဖြစ်စဉ်ထဲမှာ Run နေတယ် ။ သို့ သော် ငြိမ်းချမ်းရေးဖြစ်စဉ်ကို Runနေလို့  မြို့ တွေ ရွာတွေကို Guard တွေ လုပ်ထားတာ လျှော့ချလို့ မရဘူး ။ နယ်မြေရှင်းလင်းရေး လုပ်တဲ့ ကိစ္စတွေ ရပ်ထားလို့ မရဘူး ။

ဘာလို့ လဲဆိုတော့ ဒါတွေက ငြိမ်းချမ်းရေးနဲ့ မဆိုင်ဘူး ။ ပြည်တွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနဲ့ ဆိုင်တယ် ။ ငြိမ်းချမ်းရေးက ရချင်ရမယ် ။ ပျက်ချင်ပျက်မယ် ။ အထက်ကဆိုခဲ့သလို မြို့ ရွာတွေကို Guard လုပ်တာ နယ်မြေလုံခြုံရေးဆောင်ရွက်တာကတော့ ပျက်လို့ မရဘူး ။ အမြဲလုပ်နေရမယ်။

ဒါကို ဘယ်သူက လုပ်လဲဆိုတော့ အစိုးရရဲ့  တပ်မတော်က တာဝန်ယူဆောင်ရွက်ရတယ် ။ ဘာလို့ လုပ်ရလဲဆိုတော့ အစိုးရယန္တရား လည်ပတ်နိုင်ဖို့ လုပ်ရတာ ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် လုပ်ရတာ ။

အစိုးရအနေနဲ့ ကတော့ တပ်မတော်က ဒီလို အစိုးရကိုယ်စား နယ်မြေလုံခြုံရေး နဲ့  တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့  ကိစ္စကို တပ်ဟာ ငါတို့ ကိုယ်စားလုပ်နေတာပါလို့  ၀န်ခံချင်ပုံမရဘူး ။

ဘာလို့ လဲဆိုတော့ အဲဒီလို သွားဝန်ခံလိုက်လျှင် သူတို့ တစ်ချိန်လုံး ပြောနေတဲ့  တပ်က ငါတို့ အောက်မှာ မရှိဘူး ။ ငါတို့ က တပ်ကို ခိုင်းလို့ မရဘူး ဆိုတဲ့  အနေအထားက ပျက်သွားမယ် ။

ဒါဆို တပ်က ဒီလိုလုပ်တာ မကြိုက်ဘူးလားဆိုတော့လဲ မဟုတ်ဘူး ကြိုက်တယ် ။ ဘာလို့ လဲဆိုတော့ လက်နက်ကိုင်အဖွဲ့ တစ်ချို့ က မြို့ တွေ ရွာတွေ ခြိမ်းခြောက် ၊ အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားကို အနှောက်အယှက်ပေးတဲ့ ကိစ္စတွေကလဲ ရှိတာကိုး ။

အဲဒီတော့ ဆိုလိုတာက ကြိုက်တော့ကြိုက်တယ် ဆက်လုပ် ။ သို့ သော် အစောက ဆိုခဲ့သလို ငါတို့ က မပါဘူး ။ ငါတို့ က ကြားနေပဲ ။

အစိုးရက အဲဒီလို သူတော်ကောင်းယောင်ဆောင်နေတာကို မကြိုက်လို့  တပ်က နယ်မြေတွေ မရှင်းတော့လျှင် ဘာဖြစ်မလဲ ။

နယ်မြေတွေမရှင်းလျှင် အဲဒီနယ်မြေမှာ သူပုန်ကြီးစိုးလာမယ် ။ အစိုးရရဲ့  အုပ်ချုပ်မှု ယန္တရား အားပျော့လာမယ် ။ အစိုးရ အာဏာ မတည်တော့ဘူး ။ သူပုန်ရဲ့ အာဏာစက်က ပိုကြီးလာမယ် ။အဲဒီအခါကျလျှင်ရော တပ်က အပြစ်လွတ်မယ်ထင်လား ။ မထင်ပါနဲ့  အဲဒီအခါကျလျှင်လဲ အစိုးရက အုပ်ချုပ်ရေးကို အောင်မြင်စွာဆောင်ရွက်နို်င်ဖို့  တပ်က အကူအညီမပေးဘဲ မသိချင်ယောင်ဆောင်နေတယ်ဆိုပြီး ထပ်ဖြစ်အုန်းမှာ ဖြစ်တယ်။”

၄၄။ အထက်ပါ အပိုဒ်အရ တပ်မတော်သားတွေရဲ့ခံစားချက်ကို ထင်ဟပ်ပေါ်လွင်စေပါတယ်။

အလားတူ ဘင်္ဂါလီ ဝေါဟာရသုံးနှုန်းပုံကို တွန့်ဆုတ်နေတာဟာ နိုင်ငံတကာဖိအားကို စိုးထိတ်နေတာဖြစ်တယ်လို့ အမျိုးသားရေးဝါဒီတွေက စွပ်စွဲကြရာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆင်ခြင်ပြုပြင်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ဒီဆောင်းပါးရေးနေဆဲမှာပင် လွှတ်တော်မှာ ၀န်ကြီးက သုံးဖို့လုပ်နေ ကြောင်း ကြိုဆိုမိပါတယ်။ တိုင်းရင်းသားတွေအားလုံးနဲ့ပြည်သူလူထု ၉၀%ကျော်က လက်မခံတဲ့ ကိစ္စဖြစ်လို့ ပြောနေရခြင်းဖြစ်ပါတယ်။ တပ်မတော် အဖွဲ့အစည်းကို ဘင်္ဂါလီကိစ္စမှာတောင် အစိုးရက ရပ်တည်ပေးခဲ့တာ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်တချို့ လွန်နေတာသိရင် အစိုးရက ဘာလို့ တပ်မတော်ဘက် ရပ်တည် မပေးရမှာလဲ မေးခွန်းထွက်ပါတယ်။ သူတို့ကိုယ်ကျိုးစီးပွါးအတွက် မသိနားမလည်တဲ့ တိုင်းရင်းသားတွေကို ဘာသာရေးခုတုံးလုပ် လက်နက်နဲ့ဖိအားပေး ထောက်ခံခိုင်းတာကို အဟုတ်မှတ်ခါ ၂၁ပင်လုံကို ဝေ့လည်ကြောင်ပတ် ကစားနေတာ၊ ပြည်တွင်း အဖျက်အမှောက် လုပ်ပြီး အုပ်ချုပ်ရေးယန္တရားကို မထီမဲ့မြင်လုပ်နေတာ နားရွတ်တံတွေး တက်စွတ်နေတာကို ပြတ်ပြတ်သားသား သူပုန် ဓါးပြလို့ မပြောနိုင်စရာ မရှိဖူးလို့ မြင်ပါတယ်။

၄၅။ သူတို့နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည်က NCA လက်မှတ်မထိုးသေးသူများရဲ့တောင်းဆိုချက်ကို သူ့ဘက်ကနေ သဘောတူလိုက်လျှောမှုတွေ ပြုပေးနေပါတယ်တဲ့။ လက်မှတ်ထိုးဖြစ်သွားစေချင်လို့ ... ဂိုးဝင်စေချင်လို့ပါ ... တဲ့။ ဒါပေမဲ့လည်း သူတို့တွေဘက်က... ဂိုးမဝင်အောင်လို့ ဂိုးတိုင်ကိုရွှေ့ရွှေ့နေကြတော့ မခက်ပေဘူးလားရှင်.. တဲ့။

အထက်ပါပြောဆိုချက်ဟာ ဘယ်အဖွဲ့ကို ရည်ရွယ်တာလဲဆိုတာရယ်၊ဆိုတာ KNUတို့၏ ငြိမ်းချမ်းရေး
အကျိုးတော်ဆောင်ခဲ့သူ ဗိုလ်မှူးငွေစိုး(ငြိမ်း) အား စာရေးသူ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“မင်္ဂလာပါ အကိုကြီး၊ ဒေါ်စုဘယ်အဖွဲ့ကို ဆိုလိုတာလဲ နောက်ပြီး KNPP က NCA ဘာလို့ မ၀င်တာလဲ”

“ KIA ကိုဆိုလိုတာပါ။ တကယ်တော့ ဒီအဖွဲ့က ခြေဆန့်လက်ဆန့်သိပ်လုပ်တတ်တယ်ဗျ၊ KNPP က ညီ ထင်သလို လွိုင်ကော် ဒကစနဲ့ ပြသနာတက်တာ တခုတည်း မဟုတ်ဖူး၊ နောက်ကွယ်က KIA က CONTROL ပါတာမျိုး နောက်ကွယ်မှာ အကြောင်းအများကြီးရှိတယ်၊ ဒီကိစ္စဖြစ်တော့ အကြောင်းပြချက်ရ သွားတာပေါ့၊”

စာရေးသူက ဆက်လက်ဆွေးနွေးပါတယ် ...

“ NCA နှေးနေရတာ အစိုးရဖက်က အလွတ်သဘောတွေ့ဆုံမှု များများ မလုပ်ခဲ့သလို လုပ်ပိုင်ခွင့် မရတာမျိုးရှိတယ်နော်၊ အလားတူ တဖက်က KIA ကျတော့လည်း အလွတ်သဘောပြင်ပက ဆွေးနွေးတာမျိုး ရှောင်ဖယ် ရှောင်ဖယ်လုပ်တတ်ပြီး တရားဝင်ဆွေးနွေးပွဲကျမှ တက်တာမျိုး၊ တက်ပြန်တော့လည်း နားရွက်ကို ပတ်ကိုင်နေတာမျိုး ဒေါ်စု ပြောသလိုဖြစ်နေတော့ ပိုကြာနေတာပေါ့။”

၄၆။ ဒေါ်အောင်ဆန်းစုကြည်ပိတ်မိနေတာက လူ့အခွင့်အရေး၊လူသားခြင်းစာနာမှု စတဲ့ နိုင်ငံတကာဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ တဖက်သတ် သတ်မှတ်မှုတွေနဲ့ အမျိုးသားရေးဝါဒီတွေရဲ့ အမျိုးသားအကျိုးစီးပွါး၊ အမျိုးသားလုံခြုံရေး တန်ဖိုးထားမှုတွေဟာ ထိပ်တိုက်တွေ့နေရာ ဘက်၂ဘက် ထိန်းကစားနေဟန်တူနေပါတယ်။ ဒါပေမဲ့ တခုခုသော ဆုံမှတ်ရောက်လာမယ်ဆိုခဲ့ရင် (ဥပမာ  ဘင်္ဂါလီများပြန်ရောက်လာပြီး သူတို့ထောင်ချောက်၊ တည်ကြက်၊ လုပ်ကြံဇာတ်လမ်းထွင် ပြသနာရှာ) အမျိုးသားရေး ကိုင်စွဲထားတဲ့ တပ်မတော်ဘက်ကို မလွှဲမသွေဘက် ရပ်တည်ဖို့ ဖြစ်လာပါမယ်။ ဒါကြောင့် မိမိရဲ့ ခံယူချက် သဘောထား မူဝါဒကို ဘယ်အတိုင်းအတာလောက်ထိဘဲ လူ့အခွင့်အရေး ပေးနိုင်မယ်၊ ကျန်တာ မလိုက်လျောနိုင်ဖူးဆိုတဲ့ သဘောမျိုး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဖို့ အကြောင်း မရှိဖူးဆိုတာမျိုး ပြောဆိုသင့်ပါတယ်။

ဘင်္ဂလီတွေကို ဦးစားပေးလွန်းတယ် အမြင်ရှင်းသွားမှ တပ်မတော်နဲ့လက်တွဲရတာ အဆင်ပြေပါမယ်။ ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ထိတွေ့ ဆက်ဆံမှု ပြုလုပ်သင့်ပါတယ်။ လောလောဆယ် ဦးအေးသာအောင်က တဆင့် တီးခေါက်စေလွှတ်တာမျိုး၊ ရခိုင်ပညာတတ်များက တဆင့် စည်းရုံးစေလွှတ်ရပါမယ်။

နိင်ငံတော်အခမ်းအနားတွေမှာဘဲဖြစ်ဖြစ်၊ နိုင်ငံတကာခရီးစဉ် အကြီးအကဲများ (သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ ဒုသမ္မတများနဲ့ တပ်ချုပ်တို့) ၀င်ထွက်တိုင်း လေဆိပ်မှာ နယ်ဘက် စစ်ဘက် အကြီးဆုံးတွေက စုပေါင်းကြိုဆိုတာဖြစ်သင့်သလို ပြည်တွင်းခရီးစဉ်မှာ သမ္မတနဲ့ထိပ်သီး ၂ဦးသွားတိုင်း အောက်ခြေ အကြီးအကဲ စစ်ဖက်  နယ်ဘက်က တာဝန်ရှိသူ အကြီးအကဲအားလုံးလိုက်ပါရမည်ဆိုရင် မကောင်းပေဖူးလားဆိုချင်ပါတယ်။

ရည်ရွယ်လိုတာက အရပ်ဖက်စစ်ဖက်ဆက်ဆံရေး အေးစက်နေတာကို ဖါထေးလိုလို့ ဖြစ်ပါတယ်။

ခရီးစဉ်တွေမှာ အတူတွဲသွားရင်းနဲ့ခင်မင်မှူ၊ ရင်းနှီးမှူမှ သည် ယုံကြည်မှူရပါမယ်၊ အလားတူ ဖွင်ပွဲ့ အခမ်းအနားတွေမှာ By Name နဲ့အမည်တက်ရောက်ပေးရန် ဖိတ်ကြားတဲ့အပြင် လိုအပ်ပါက ဖုံးနဲ့ပါ ဖိတ်ဖို့ လိုပါတယ်။

၄၇။ ကြားလိုက်တဲ့ သတင်းတခုက ဦးဝင်းထိန်က မီဒီယာတခုက တပ်မတော်နေ့အခမ်းအနားကို မဖိတ်ကြားဖူးလားလို့မေးရာမှာ အဆင့်နိမ့်တဲ့သူကိုသာ ဖိတ်လို့ တက်လို့မရတာလို့ ဆိုပါတယ်။ ဒီအပိုင်းမှာ တပ်ချုပ်တို့နဲ့သက်ဆိုင်ပါတယ်။ အစိုးရကလည်း သူ့ပွဲမှာဖိတ်ကြားသင့်ပါတယ် နိုင်ငံတော်အတိုင်ပင်ခံက မြင့်နေလို့ တပ်မတော်နေ့အခမ်းအနားရောက်ရင် နေရာပေးရမှာ တမျိုးဖြစ်နေလို့မဖိတ်တာလား ထင်မိပါတယ်။ ဒါဆိုရင် စစ်အာဏာရှင်ကြီးဦးနေ၀င်းကို တော်လှန်ရေးပန်းခြံကို အပြီးသတ်အစမ်းလေ့ကျင့်ပွဲမှာ ဖိတ်ကြားပြီး အရိုအသေပေးပြတာမျိုး ရှိသလို အာဏာသိမ်းပြီး ၁၉၈၉ ခုနှစ် ညစာစားပွဲမှာတောင် ဖိတ်လို့ တက်တာ ရှိပါတယ်။ လူခင်ရင် မူပြင်ပါတယ်၊ အ၀င်အထွက်နဲ့ အဓိက ပုဂ္ဂိုလ် သက်တောင့်သက်သာဖြစ်ဖို့ အခမ်းအနားအစီအစဉ်ကို လိုအပ်သလိုပြင်ထည့်ရင် ဂါရ၀တရားသာ အဓိကဖြစ်တယ်။ ဒါ့အပြင် အောက်ခြေအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ စစ်ဖက်တပ်မှူးကြီး (တိုင်းမှူး၊ တပ်ရင်းမှူး) ဖိတ်ခေါ်ကာ ပုဂ္ဂိုလ်ရေးရာခင်မင်မှု တည်ဆောက်ဖို့ အလွတ်သဘောထား တီးခေါက်ကြရင်း ရင်းနှီးမှု၊ မိတ်ဖွဲ့ ယုံကြည်မှု ခိုင်မာသွားစေပါတယ်။

ဒါအပြင် ချစ်ကြည်ရေး အားကစားပွဲ ဘောလုံးပွဲနဲ့ ဂေါက်ပွဲကျင်းပတာမျိုး၊ မြန်မာရိုးရာပျော်ပွဲရွှင်ပွဲမှာ ကျင်းပတာမျိုး လုပ်သင့်ပါတယ်။ စစ်အာဏာရှင်ကြီးဦးသန်းရွှေက ဘယ်လိုကြံစည်တာလဲမသိ၊ သင်္ကြန်ကျရင် စစ်အာဏာရှင်ကြီး ၂ဦး (ဦးမောင်အေးနဲ့ ဦးခင်ညွှန့်) စောင်နေမှန်းသိလို့လား မသိ၊ ၁၄ အင်လျားမှာ ဆုံခိုင်းတာ ရှိပါတယ်။ ဦးခင်ညွှန့်ရဲ့ဇနီးက အမုန်းတရားကို ဖြေ သီချင်းကို အေ၀မ်းစိုးမြင့်တီးဝိုင်းနဲ့ ဆိုတာသိရသလို ဦးမောင်အေးပုခုံးပေါ် ဦးခင်ညွှန့်က ရေခွက်နဲ့ လောင်းတဲ့ဓါတ်ပုံတွေ တက်လာပြီး မြန်မာ့အသံမှလည်း အဲဒီသီချင်းထွက်လာတယ်။ ဦးသန်းရွှေရဲ့ နည်းပရိယာယ်လားမသိပါ။ ယခုလည်း တပ်ချုပ်က နိုင်ငံတော်အတိုင်ပင်ခံကြီးကို အတာရေပက်ဖျန်းရင် ဘယ်လောက်ကောင်းမလဲလို့ တွေးကြည့်နေမိပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Comments