ဒေါ်နယ်ထရန့်အတွက် လွှတ်တော်မှာ လူဝင်မှုကြည့်ကြပ်ရေးဥပဒေ ဆွေးနွေး


ဒေါ်နယ်ထရန့်အတွက် လွှတ်တော်မှာ လူဝင်မှုကြည့်ကြပ်ရေးဥပဒေ ဆွေးနွေး
(မိုက်ခဲစိန်) မိုးမခ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈

အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့် တက်လာချိန်ကစပြီး ၂၀၁၇ ကနေ ခုထိ အမေရိကန်မှာ လူဝင်မှုဥပဒေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်လာခဲ့ပါတယ်။ immigration လို့ခေါ်တဲ့ တပြည်သားများ ပြည်ဝင်ခွင့် ခေါ်ခေါ် လူဝင်မှုကြည့်ကြပ်ရေး လို့ဆိုဆို ဥပဒေများ နည်းဥပဒေများကို ထိထိရောက်ရောက် အသုံးချ အရေးယူလာတဲ့အတွက် တရားမ၀င်ပြည်ဝင်သူများကို ဖမ်းပြီး ပြည်နှင်ဒဏ်ပေးတာတွေ တိုးသည်ထက် တိုးလာပါတယ်။ တပြည်သားတွေ ၀င်ရောက်တာကိုလည်း တင်းမာတဲ့ ကန့်သတ်မှုတွေ လုပ်နေတာကြောင့် တရားတဘောင်တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

တလောကတော့ ထရန့်က အိုဘားမားလက်ထက် သမ္မတအမိန့်နဲ့ တပြည်သား တရားမ၀င်ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်မှုပေးထားတာကို နောက်တက်လာတဲ့ သမတအမိန့်သစ်နဲ့ ဖယ်ရှားလိုက်ပါတယ်။ မတ်လ ၁၅ အထိပဲ သူတို့ကို နေထိုင်ခွင့်ဆိုင်ရာ ရုံးလုပ်ထုံးလုပ်နည်းများကို ခွင့်ပြုပြီး နောက်ပိုင်းရက်တွေအတွက် သူတို့ကို ဥပဒေအကာအကွယ် မပေးတော့ဘူးလို့ ဆိုလိုက်ပါတယ်။ ဒါကို DACA - Deferred Action for Childhood Arrivalsလို့ ခေါ်ပါတယ်။ လက်ရှိမှာ ပြည်ထောင်စုတရားရုံးက ကြားဝင် ဆိုင်းငံ့ထားပြန်လို့ တပြည်သားကလေးတွေ သက်တမ်းတိုးလို့ ရနေပြန်သတဲ့။

ထရန့်ကတော့ DACA ဆိုတာ ဆေးမြီးတိုဖြစ်တယ်။ အမေရိကန်ရဲ့ ပြည်ဝင်ခွင့်ဥပဒေကို တခါတည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး သည်ကလေးတွေကော အခြားတရားမ၀င်နေထိုင်သူတွေကောပါ စိစစ်ပြီး ဥပဒေသစ်ကနေ နေထိုင်ခွင့်တွေ နိုင်ငံသားခံယူခွင့်တွေ ပယ်ဖျက်ခွင့်တွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်။ အမေရိကန်ပြည်ဝင်ခွင့်ကို ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ သူရဲ့ မဲဆွယ်တုန်းက ကြွေးကြော်သံဖြစ်တဲ့ မက္ကစီကိုနယ်စပ်မှာ နယ်စပ်တံတိုင်းနဲ့ လုံခြုံရေးတိုးမြှင့်ဖို့အတွက်ပါ ဘတ်ဂျက်ဥပဒေ တခါတည်း တွဲဆွဲပေးဖို့ လွှတ်တော်ကို တောင်းဆိုပါတယ်။ ပြီးတော့ အမေရိကန်ပြည်ထဲကို မိသားစုကနေတဆင့် ပြည်ဝင်ခွင့်တွေ နေထိုင်ခွင့်တွေ အဆင့်ဆင့်တောင်းဆိုနေတဲ့ chain migration ကိုလည်း ပြင်ဆင်ဖို့၊ ပြီးတော့ အမေရိကန်ဗီဇာကံစမ်းမဲကို တလွဲသုံးပြီး ၀င်ရောက်လာနေသူတွေကို တားဆီးဖို့ green card visa lottery အစီအစဉ်ကိုပါ ဖျက်သိမ်းဖို့ သို့မဟုတ်ပါက ပြည်ဝင်ခွင့်လျောက်မယ့်သူတွေကို  အဆင့်ဆင့် တန်ဖိုးရှိသူတွေ အသုံးဝင်သူတွေသာ လက်ခံဖို့ လုပ်ကြရန် သူက လမ်းညွှန်ချက် ထုတ်လိုက်ပါတယ်။

ဒီလိုသမ္မတရဲ့ ညွှန်ကြားချက်ကို မဏ္ဍိုင် ၄ ရပ်နဲ့ လူဝင်ခွင့်ဥပဒေ ပြင်ဆင်ရေးလို့ သတင်းတွေက ရေးကြပါတယ်။ မဏ္ဍိုင် ၁ကတော့ DACA တွေအတွက် အဖြေရှာရန်။ ၂ ကတော့ နယ်စပ်တံတိုင်း ကာရံရန်။ ၃ ကတော့ chain migration လို့ခေါ်တဲ့ တပြည်သားကနေ အမေရိကန်နိုင်ငံသားခံယူသူတွေက ပြည်ပက မိသားစုတွေအကုန် တနွယ်ငင် တစင်ပါ အကုန် လူဝင်ခွင့်တောင်း ခေါ်ယူတာကို ဖြတ်တောက်ဖို့။ မဏ္ဍိုင် ၄ အဖြစ် အမေရိကန်ဂရင်းကဒ်စနစ်ကို ဖျက်သိမ်းရန် ပြင်ဆင်ရန်တွေ လို့ ခေါ်ရပါမယ်။

လက်ရှိမှာ အမေရိကန်သမ္မတကလည်း အမျိုးသားဝါဒီ ရှေးရိုးစွဲ၊ လွှတ်တော် ၂ ရပ်လုံးကလည်း ကြံ့ဖွတ်တွေ အဲလေ ယောင်လို့ အမျိုးသားရေး ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်တွေ အများစုဆိုတော့ တပြည်သားတွေ ၀င်ရောက်ခွင့်ကို တားဆီးပိတ်ပင်ကြဖို့ အလွန်ကို အလေးသာနေပါတယ်။ လက်ရှိ လူနည်းစု အမတ်တွေဖြစ်တဲ့ အင်န်အယ်ဒီ အဲလေ ဟုတ်ပေါင် ဒီမိုကရက်တွေကတော့ မက္ကဆီကန်တွေ၊ မူဆလင်တွေ၊ ဥရောပသားတွေ၊ အာဖရိကား တပြည်သားတွေ၊ အာရှသားတွေ၊ တောင်အမေရိကန်သားတွေ ပြည်ပေါင်းစုံက immigrant တွေနဲ့ ထူထောင်ထားတဲ့ အမေရိကန်ပြည်ထောင်စုလို့ ခံယူထားကြလေတော့ ဒီလို အမျိုးသားကာကွယ်ရေး ပြည်ဝင်ခွင့်ဥပဒေတခု ဖြစ်ထွန်းသွားမှာကို မလိုလားကြပါဘူး။

ဒါကြောင့် ဒီရက်ပိုင်းအတွင်း လွှတ်တော် ၂ရပ်လုံးမှာ အမတ်တွေက ဒူးတိုက် ဆွေးနွေးပွဲတွေ ကျင်းပပြီး လူဝင်မှုဥပဒေကြမ်း တရပ် နှစ်ပါတီလုံး ဘုံသဘောတူညီချက် ရပြီး အတည်ပြုနိုင်ဖို့ အကြိတ်အနယ် စတင်ဆွေးနွေးနေကြပါတယ်။ လူဝင်မှုကြည့်ကြပ်ရေးဥပဒေကို ပြုပြင် ပြင်ဆင်ပြီး ခေတ်နဲ့ စနစ်နဲ့ အညီ အသစ်ပြဌာန်းနိုင်ဖို့က အခြေခံလိုအပ်ချက်ပါ။ ဘယ်ဘယ်ကို အလေးသာကြမလဲဆိုတာကတော့ အာဏာကို ကိုင်ထားတဲ့ အနိုင်ရပါတီလက်ထဲမှာ ရှိပါတယ်။

လက်ရှိမှာ အမေရိကန်က တောင်အမေရိကန်ပြည်နီးချင်းတွေဆီက သဘာဝဘေးဒဏ် နိုင်ငံရေးဘေးဒဏ် မူးယစ်ဆေးရာဇ၀တ်ဂိုဏ်ဘေးဒဏ်သင့် ဒုက္ခသည်တွေကို အဆက်ဆက်သော သမ္မတအမိန့်တွေနဲ့ ယာယီနေထိုင်ခွင့်တွေ ပေးထားတာ လူဦး သိန်းချီပြီး နှစ်ပေါင်း ၁၀နှစ်ကျော်ကို ရှိနေတာကို ထောက်ပြနိုင်ပါတယ်။ အမေရိကန်မှာ ပြည်ဝင်ခွင့်ဥပဒေက လိပ်ခဲတည်းလည်း ဖြစ်နေတာကြောင့် သည်ဒုက္ခသည်တွေဟာ ယာယီလက်မှတ်နဲ့ ခိုလှုံနေတာဟာ ၀န်ထုပ်ဝန်ပိုးဖြစ်နေပြီလို့ ထရန့်က ပြောပါတယ်။ အဲသည် အမိန့်တွေကိုလည်း ထရန့်က တခုပြီး တခု ပယ်ဖျက်ပစ်နေတာကြောင့် ဟေတီတို့၊ အယ်ဆဗေးဒိုးတို့ စတဲ့ တပြည်သားဒုက္ခသည်တွေ ပြသနာအထွေထွေ တက်နေပါတော့တယ်။ ထရန့်ကတော့ သူ့လက်ထက်မှာ ဘယ်နည်းနဲ့ဖြစ်ဖြစ် ဒီလိုလူတွေ အိမ်ပေါ်တက်နေတာကို ရှင်းပစ်မယ်။ နိုင်ငံသားပေးချင်လည်း ပေး၊ မပေးနိုင်ရင်လည်း ပြန်မောင်းထုတ်။ အချိန်ဆွဲနေလို့ မဖြစ်ဘူးလို့ ဆိုနေတာ ဖြစ်ပါတယ်။

တကယ်တန်းကတော့ အမေရိကန်ပြည်ဟာ ကိုလိုနီပြည်တခုအဖြစ် ဥရောပတွေ ၀င်ရောက်နယ်ချဲ့ နေထိုင်ခဲ့တာပါ။ ဌာနေ အမေရိကန်အင်ဒီယန်းတွေကို တိုက်ခိုက်နှိမ်နှင်းပြီး ကျူးကျော်နေထိုင်ခဲ့ရာက အမေရိကန်တွေလို့ သူတို့ကိုယ်သူတို့ ခေါ်တွင်ကြပါတယ်။ ပြီးတော့ ကိုလိုနီသခင် ဥရောပဘုရင်တွေကို တော်လှန် မောင်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ သည်တော့ အမေရိကန်မှာ လက်ရှိနေထိုင်သူတွေဟာ အကုန်လုံးက ကျုးကျော်သူတွေ တရားမ၀င်တွေ immigrant တွေလို့ ဆိုရမှာ ဖြစ်ပေမယ့် အရင်ဝင်နေသူက အိမ်ရှင်ကြီးလုပ်ပြီး အခုနောက်ပိုင်း တပြည်သားတွေ ၀င်ခွင့်ကို ကန့်သတ် ချုပ်ချယ် ဖိနှိပ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

ဒီမိုကရက်တွေကတော့ DACA တွေ တရားဝင်နေထိုင်ခွင့်ရဖို့နဲ့ မက္ကှဆီကို နယ်စပ်လုံခြုံရေး တိုးမြှင့်ဖို့ မဏ္ဍိုင် ၂ ရပ်ကိုပဲ လက်ခံဆွေးနွေးမယ်လို့ ပြန်လည် တုန့်ပြန်နေကြပါတယ်။ ကျန် မဏ္ဍိုင် ၂ ရပ်ကတော့ ချက်ခြင်း သဘောတူညီမှု မရနိုင်လောက်အောင် ရှည်လျားနိုင်တယ်ဆိုပြီး ငြင်းဆန်ထားကြပါတယ်။ လက်ရှိမှာ တပြည်သား တရားမ၀င်ရောက်ရှိလာတဲ့ ကလေးများ စောင့်ရှောက်မှုနဲ့ နေထိုင်ခွင့်ရဖို့က အရေးပါတဲ့ ကဏ္ဍကို ရောက်နေပါတယ်။ သူတို့တွေရဲ့ မျိုးဆက်တွေကိုယ်တိုင်ကလည်း ရှေးကတည်းက အမေရိကန်ပြည်သားအဖြစ် ရောက်ရှိနေထိုင်ကြတဲ့ မဲဆန္ဒရှင်တွေ ဖြစ်နေတာဆိုတော့ သူတို့တွေရဲ့ မဲဆန္ဒကလည်း ၂ ပါတီလုံးအတွက် အရေးပါနေပါတယ်။ ဒေါ်နယ်ထရန့်ကတော့ ခေါင်းမာမာနဲ့ပါပဲ။ မဏ္ဍိုင် ၄ ရပ်လုံး အခြေခံတဲ့ ပြည်ဝင်ခွင့်ဥပဒေပြင်ဆင်ပြဌာန်းနိုင်ရေးကိုပဲ တောင်းဆိုနေပါသတဲ့။

ဒေါ်နယ်ထရန့်လက်ထက်မှာ အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ခြေနဲ့ဖျက်ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ပါ။ ပြီးတော့ သူက အမေရိကန်ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။ လူချမ်းသာတွေကို အခွန်အကြီးအကျယ် လျော့ပေးတဲ့ မက်လုံးနဲ့ ၀င်ငွေခွန်ဥပဒေကို ပြဌာန်းနိုင်ခဲ့ပေမယ့် သူ့လက်ထက်မှာ အစိုးရအတွက် ဘတ်ဂျက်လိုငွေ အကြီးအကျယ် ပြလာခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရမှာ ခုချိန်ထိ အစိုးရ ဘတ်ဂျက် အတည်ပြု ပြဌာန်းနိုင်ခြင်း မရှိဘဲ အကြိမ်ကြိမ် ယာယီသက်တမ်းတိုးနေရပါတယ်။ ပြည်တွင်းလမ်းတံတားပြုပြင်ရေး ဘတ်ဂျက်တွေ ပရိုဂျက်တွေ ချပေးမယ် ပြောပြန်သော်လည်း သူ့မှာ အစိုးရဘဏ္ဍာ အလုံအလောက် မရှိတာကြောင့် ပြည်နယ်တွေနဲ့ ပုဂ္ဂလိကတွေက ကိုယ့်ဖာသာကိုယ် ရှာဖွေကြရမယ်လို့ အူကြောင်ကြား လမ်းညွှန်ချက် ထုတ်ပြန်ထားပါတယ်။ အခုလည်း ပြည်ဝင်ခွင့်ပြုပြင်ရေးကို ဇောင်းတင်နေပြန်ပါပြီ။

ဒေါ်နယ်ထရန့်ကို သေမတတ် ကြည်ညိုပြီး ဘုရားလို ကိုးကွယ်နေသူတွေကတော့ သူ့လုပ်ဆောင်ချက်တွေကို ကြွေပြီးရင်း ကြွေနေကြဆဲဖြစ်ပါတယ်။ လက်ယာစွန်း လူချမ်းသာ အမျိုးသားရေးဝါဒီ ရှေးရိုးစွဲ တဦးကတော့ သည်လို မှတ်ချက်ပေးဖူးပါတယ်။

'ဒေါ်နယ်ထရန့်က သိပ်တော်တယ်။ မဖြစ်နိုင်တာတွေချည်းပြောပစ်လိုက်တယ်။ ပြောလိုက်ရင် အစွန်းတွေချည်းပဲ။ ဒီလိုအစွန်းတွေ ပြောပစ်လိုက်မှ ၂ဘက်ပါတီက နိုင်ငံရေးသမားတွေ တဖြေးဖြေး ဆွေးနွေးယူရင်းနဲ့ ဖြစ်နိုင်တဲ့ အလယ်အလတ်လမ်းစဉ်ကို ရောက်လာ ဆုံလာကြရတာ ဖြစ်တယ်။ အစကတည်းက ဖြစ်နိုင်တဲ့ လမ်းစဉ်ပြောကြည့်ပါလား၊ လက်ယာစွန်းကလည်း သူတို့ဘက် ဆွဲ၊ လက်ဝဲစွန်းကလည်း သူတို့ဘက် ဆွဲနဲ့ အစွန်းတဘက်ဘက် ရောက်ကုန်ရော။ အခု အစကတည်းက အစွန်းတဖက်ကနေ ပြောထားမှ တဖြေးဖြေး ဖြစ်နိုင်တဲ့ ဈေးကို ဆစ်လို့ရတာ။ ဒါမှ နိုင်ငံရေးသုခမိန်အစစ်၊ အဖေကြီး ဒေါ်နယ်ထရန့် ကွ ..." တဲ့

(မိုက်ခဲစိန် မှတ်ချက် - အဖေကြီးဆိုတာက စာရေးဆရာ ထည့်ရေးတာပါ။ ဟိုလူကတော့ အဖေကြီးလို့ မခေါ်ပါ။ ဟိဟိ)




Comments