စ်န္ခ ● အၾကည့္

စ်န္ခ ● အကြည့်
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈

တယောက်နဲ့တယောက် ခိုက်ရန်ဖြစ်တာအစ ချစ်ခြင်းမေတ္တာအဆုံး အားလုံးကို အကြည့်တချက်တည်းနဲ့ ဆုံးဖြတ်သွား တာတွေ အများ ကြီးတွေ့ကြုံရပါတယ်၊

၂၀၁၃ ခုနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်၊ ကျွန်တော်တို့ရွာက လူငယ်လေးတယောက်ဟာ ပခုက္ကူမြို့ပေါ်ကို ဇာတ်သဘင်ပွဲအကြည့် သွားတော့ အနီးအနားက လူငယ်တစုဆီသို့ သူ့မျက်လုံးက ကြည့်မိပါတယ်၊ ဒါကို ထိုလူငယ်တစုက သူတို့ကို မကြည်ကြည့် ကြည့်တယ်ဆိုပြီး ဝိုင်း ရိုက်လိုက်လို့ဆေးရုံဆေးခန်းပြယူရပါတယ်။

တကယ်တော့ ရွာကလူငယ်ကောင်လေးဟာ ရန်မဖြစ်တတ်သလို သည်းခံစိတ်လည်းရှိတဲ့လူငယ် တယောက်ပါ၊ သို့သော် တဖက်လူငယ် တွေက မူးရူးလာတဲ့အခါ သူတို့ကိုကြည့်တဲ့အကြည့်မှန်သမျှ အမုန်းမျက်လုံးချည်းထင်နေမိတာပဲ ဖြစ်ပါတယ်၊ ကိုယ်ကချစ်တဲ့မျက်လုံးနဲ့ ကြည့်ပေ မယ့် တဖက်လူကအခန့်မသင့်တုန်းနဲ့ကြုံတဲ့အခါတွေမှာလည်း  လှောင်ပြောင်တယ်ထင်ပြီး အမုန်းပွားတတ်ပြန်ပါတယ်၊ လူတွေရဲ့စိတ်သဘော သဘာဝအရ များသောအားဖြင့်တော့ သနားလို့ကြည့်တဲ့အကြည့် ကိုလည်း လက်ခံပေးနိုင်၊ နားလည်ပေးနိုင်ဖို့ ခဲယဉ်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်လူရဲ့စိတ်ထဲမှာ သနားလို့ အကြည့်ခံရတဲ့အခါ သူ့ကိုယ်သူ ဒုက္ခိတသတ္တဝါလို အထင်ခံရတယ်ဆိုတဲ့အတွေး ဝင်လာလို့ဖြစ်ပါတယ်၊ ထို့ကြောင့် တချို့လူတွေဟာ သနားတာကို မလိုလားကြ သနားတဲ့အကြည့်ဖြင့် အကြည့်မခံလိုကြခြင်းဖြစ်ပါတယ်။

အကြည့်တချက်တည်းနဲ့လည်း တယောက်နဲ့တယောက် ချစ်ခင်ကြည်နူးပြီး ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သွားကြတာ တွေလည်း ရှိပါတယ်။ မျက်စိဆိုတဲ့အကျင့်က ကိုယ်ချစ်နေတဲ့သူကိုကြည့်နေရရင် တစ်နာရီကြည့်လို့လည်းမဝ၊ တနေကုန် ကြည့်လို့လည်းမဝဆိုသလို အချိန်တွေကုန်မှန်းမသိ ကုန်နေတတ်ပါတယ်။ လောကနီတိဆရာကြီးကလည်း အကြည့်နဲ့ပတ် သတ်ပြီးတော့ “န နတ္ထိ စက္ခုမ္ပိ ပိယဒဿနံ” မျက်စိဟာ ချစ်တဲ့သူကိုကြည့်နေရတဲ့အခါ ဘယ်တော့မှ ရောင့်ရဲတင်းတိမ်ခြင်း မရှိဘူးဟု ဖွင့်ဆိုခဲ့ပါတယ်။ တချို့ဆို သွားရင်းလာရင်း အမှတ်တမဲ့ကြည့်တာလေးကနေ တဖက်လူမှာ ထိုအကြည့်ကို မေ့မရ သလို ညညအိပ်ယာဝင်တဲ့အခါ ပြန်ပြီးမြင်ယောင်နေတတ်ပါတယ်၊ နောက်နေ့နောက်နေ့တွေမှာလည်း အဲဒီ လူရဲ့အကြည့်ကို မသိစိတ်က မျှော်နေတတ်ပြန်ပါတယ်၊ မတွေ့ရပြန်တော့ နေမှကောင်းရဲ့လား အဆင်မှပြေရဲ့လား စသည်ဖြင့် အလိုလို စိတ်ပူနေ တတ်ပြန်ပါတယ်၊ တချိန်ချိန်မှာ ပြန်တွေ့ဦးမှာပါဆိုပြီး အကြည့်ခံချင်တဲ့စိတ်လေးနဲ့လည်း မိမိကိုယ်ကိုယ်မိမိ ဖြေ သိမ့်တွေး တွေးနေတတ်ပြန်ပါတယ်၊

ဘုရားအလောင်းသိဝိဘုရင်ကြီးဟာ ဥမ္မာဒန္တီရဲ့အကြည့်အောက်မှာ အရူးလွယ်အိတ်ပျောက်သလိုခံစားခဲ့ရဖူးပါတယ်၊ ဥမ္မာ ဒန္တီအနေနဲ့ မကောင်းတဲ့စိတ်ထားနဲ့ကြည့်တာမှန်ပေမယ့် သိဝိဘုရင်ကြီးက ချစ်စိတ်ဝင်သွားတော့ မအိပ်နိုင်မစားနိုင် တမှိုင် မှိုင် တထွေထွေနဲ့ နေ့စဉ်နှင့်အမျှ ဥမ္မာဒန္တီရဲ့အကြည့်ကိုပဲ မျှော်နေမိပါတယ်၊ ချစ်တဲ့သူကိုကြည့်ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာပြီး ဘယ်လိုအိပ်အိပ် အိပ်လို့မပျှော်၊ ဘယ်လိုစားစား စားလို့မဝင် ဖြစ်နေပါတယ်၊ ကိုယ်ချစ်တဲ့သူကို ကြည့်နေရရင် မျက်စိဟာ ရောင့်ရဲတင်းတိမ်သွားတယ်ဆိုတာ မရှိဘူးဆိုတဲ့ သဘောပါပဲ။

ချစ်လို့ကြည့်တဲ့အကြည့်ကို လူတိုင်းလက်ခံနိုင်ပေမယ့် မုန်းလို့ကြည့်တဲ့အကြည့်၊ အထင်သေးပြီးကြည့်တဲ့အကြည့်၊ ကဲ့ရဲ့လို တဲ့ အကြည့်တွေကိုတော့ လူတိုင်းမလိုလားကြပါဘူး၊ လက်ဖက်ရည်ဝိုင်း၊ စကားဝိုင်း၊ ကဗျာရွတ်ဝိုင်း၊ စာပေဆွေးနွေးဝိုင်းကအစ နိုင်ငံရေးဆွေးနွေးပွဲတွေအဆုံး မုန်းလို့ကြည့်တဲ့အကြည့်ကို မလိုလားသလို၊ အထင်သေးပြီးကြည့်တဲ့အကြည့်၊ ကဲ့ရဲ့လိုတဲ့ အကြည့်တွေကိုလည်း ဘယ်သူမှမလိုလားကြပါဘူး၊

အဆိုးဆုံးကတော့ လူတဖက်သားကို အထင်သေးပြီး ကဲ့ရဲ့လိုတဲ့အကြည့်ကို လူတိုင်းလက်မခံနိုင်ကြပါဘူး၊ တချို့က လူပုံစံကိုကြည့်ပြီး ကဲ့ရဲ့ချင်ကြ၊ တချို့က အဝတ်အစားကိုကြည့်ပြီး ကဲ့ရဲ့ချင်ကြ၊ တကယ်တော့ ကဲ့ရဲ့လိုတဲ့အကြည့်ဟာ မိမိကိုယ်ကိုယ် အရင်ဆုံးကဲ့ရဲ့နေမိတယ်ဆိုတာ ဘယ်သူမှသတိမထားမိကြပါဘူး၊ တဖက်လူကိုကဲ့ရဲ့မယ်ဆိုရင် မိမိကိုယ် တိုင်က မကောင်းတဲ့စိတ်အရင်မွေးမြူပြီးမှ တဖက်လူကို ကဲ့ရဲ့လို့ရတာပါ၊ မကောင်းတဲ့စိတ်ဝင်လာတာနဲ့တပြိုင်နက် ကောင်း တဲ့အကျိုးတရားတွေလည်း အလိုလိုဆုတ်ယုတ်သွားပါတယ်၊ အကြောင်းတရားနဲ့ ကင်းပြီး အကျိုးတရားဆိုတာ ဘယ်တော့မှ ဖြစ်ပေါ်လာတာမရှိပါဘူး၊ မိမိက သူတပါးကိုကဲ့ရဲ့ပြစ်တင် ရှုတ်ချထားတဲ့အခါ မိမိကိုယ်တိုင်လည်း အမုန်းပွား ခံရမှု အာဃာ တ တရားတွေနဲ့ ရင်ဆိုင်ရပါတယ်၊ တယောက်နဲ့တယောက် အငြိုးအာဃာတတွေရှိလာပြီဆိုရင် ပျော်စေပြက်စေပြောနေတဲ့ စကားဝိုင်း လေးကအစ စာပေဝိုင်း နိုင်ငံရေးဆွေးနွေးဝိုင်းတွေအထိ ပြေလည်မှုရဖို့ဆိုတာ မလွယ်တော့ပါဘူး၊

ကျွန်တော်တို့မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးတာ ကြာခဲ့ပြီဆိုပေမယ့် တယောက်ကိုတယောက် မယုံကြည်မှု၊ တယောက်နဲ့တယောက် အထင်သေးမှု၊ တယောက်နဲ့တယောက် မာနတရားတွေ ထားရှိနေမှုတွေကြောင့် ခုချိန်ထိ အပစ်အခတ်ရပ်စဲရေးစာချုပ်ပန်းတိုင်ကို မရောက်နိုင်သေး ဘဲဖြစ်နေရတာပါ။ ပုဂ္ဂလဓိဋ္ဌာန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ဘယ်သူက မကောင်းလို့ ဘယ်ဝါကမကောင်းလို့စသည် ပြစ်တင်လို့ရတာမှန်ပေမယ့် ဓမ္မဓိဋ္ဌာန်အားဖြင့်ကြည့်ရင်တော့ မာနတွေ အာဃာတွေကို မချိုးနှိမ်နိုင်လို့ပဲဖြစ်ပါတယ်၊ အကျိုးဆက်အားဖြင့်တော့ တိုင်းပြည်မငြိမ်သက်မှုတွေဖြစ်တယ်၊ ပြည်သူလူထုတွေ အိုးမဲ့အိမ်မဲ့ဖြစ်တယ်၊ စီးပွားရေးတွေနောက်ကျကျန်တယ်၊ အခြေခံအဆောက်အအုံတွေ မလုံလာက်မှုဖြစ် လာတယ်၊ ညီအကိုအချင်းချင်းသတ်ဖြတ်နေတော့ တိုင်းပြည်ကာကွယ်ရေးဘက်မှာလည်း ဘက်ဂျက်လိုငွေတွေ ပြလာတယ်၊ တကယ်လို့ တယောက်ကို တယောက် ယုံကြည်မှုရှိမယ်၊ တယောက်နဲ့တယောက်လေးစားမှုရှိမယ်၊ ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်ချင်စိတ်ရှိကြပြီး လက်တွဲညီညီနဲ့ ရှေ့သို့ချီ တက်ကြမယ်ဆိုရင် မဝေးတော့တဲ့ကာလတခုမှာ တိုင်းပြည်တိုးတက် လာမှာ မြေကြီးလက်ခက်မလွဲပါဘူး၊ ငုံးမင်းဇာတ်တော်ထဲကလို သူတလူ ငါ တမင်းစိတ်မွေးပြီး သူက ဒီဘက်လမ်းကို လျှောက်ရင် ငါက ဟိုဘက်လမ်းကိုလျှောက်မယ်၊ သူက ဒီအလုပ်ကိုလုပ်ရင် ငါက ဟိုအလုပ်ကိုလုပ်မယ်နဲ့ တယောက်ကို တယောက် ကန့််လန့်လိုက်နေရင် အခုလျောက်လှမ်းနေတဲ့ ဒီမိုကရေစီလမ်းစဉ်ဟာလည်း အလိုလိုသွေဖယ်သွား မှာဖြစ်ပါတယ်။

တခုစဉ်းစားမိတာက ကျွန်တော်တို့လူမျိုးတွေမှာ အားနည်းချက်တွေအများကြီးရှိနေတယ်ဆိုတာပါပဲ၊ ကိုယ်တိုင်လည်း ခေါင်းဆောင်စိတ် မမွေး၊ ခေါင်းဆောင်တဲ့သူရဲ့နောက်ကိုလည်း မလိုက်ချင်ကြ၊ ကန့်လန်လိုက်နေရတာကို ဝတ္တရားတခုကျေမွန်နေသလိုထင်နေကြပါတယ်၊ ပြောင်း လဲပစ်ရမယ့် စိတ်နေစိတ်ထားတွေပါ၊ အခုဆို အွန်လိုင်းပေါ်တွေမှာလည်း တယောက်ကိုတယောက် နားမချမ်းသာအောင် ဆဲကြ၊ အပြစ်ပြောကြ၊ ကဲ့ရဲ့ကြတာတွေ အများကြီးတွေ့နေရပါတယ်၊ တကယ်ဆို ကဲ့ရဲ့ပြစ်တင်နေမယ့်အစား အပြုသဘောမျိုးနဲ့ ထောက်ပြဝေဖန်ပေးကြမယ်ဆိုရင် ပို ကောင်းကြမယ်ထင်ပါတယ်၊ တယောက်နဲ့တယောက်၊ အဖွဲ့အစည်းတခုနဲ့တခုဟာ အမြဲတမ်းနဂ္ဂတစ်အမြင်တွေ မြင်နေကြမယ်ဆိုရင် တိုင်းပြည်ရဲ့ လားရာလည်းမကောင်းတော့ပါဘူး၊ ယုံကြည်မှုတည်ဆောက်ဆဲကာလမှာ အဖွဲ့အစည်းတခုနဲ့ တခုဟာ အပြုသဘောဆောင် ပေးခြင်း၊ လိုအပ်ချက် တွေကို ထာက်ပြဝေဖန်အကြံပေးခြင်းတွေ ပြုလုပ်ကြမယ်၊ အမြင်မရှင်းတာတွေကို လက်တွေ့ကျကျ ရှင်းပြပေးကြမယ်ဆိုရင် ယုံကြည်မှုတည် ဆောက်ရေးဟာလည်း တိုးတက်လာမှာဖြစ်ပါတယ်၊ ဒီနေရာမှာ ယုံကြည်မှုဆိုတဲ့ အဓိပ္ပါယ်ဟာ အဖွဲ့အစည်းတခုနဲ့တခုမှာ ယုံမှကြည်ကြတာပါ၊ မယုံ ဘူးဆိုရင် မကြည်ကြတော့ပါဘူး။

အိမ်တအိမ်ကို လက်ဆော့တတ်တဲ့လူတယောက်အလည်လာတယ်ဆိုရင် အိမ်ရှင်တွေဟာ ယုံကြည်မှုမပေးပါဘူး၊ အလည်လာတဲ့လူက ဘယ်ပစ္စည်းကိုယူသွားမလဲ၊ ဘာကိုကြည့်နေတာလဲ စသည်ဖြင့် မျက်စိကအလစ်မပေးတော့ပါဘူး၊ ဒါက ဘာကိုပြောသလဲဆိုရင် အိမ်ရှင်တွေရဲ့ စိတ်ထဲမှာ ယုံရတဲ့လူမဟုတ်လို့ စိတ်က မကြည်ခြင်းဖြစ်ပါတယ်၊ စိတ်က မကြည်တော့ဘူးဆိုရင် မျက်လုံးကလည်း အလွတ်မပေးတော့ပါဘူး၊ ဒါကို အလည်လာတဲ့လူက မျက်လုံးချင်းဆိုင်မိလို့ကြည့်မိတဲ့အခါ ပြဿနာပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်၊ သူ့အိမ်ကိုအလည်သွားတုန်းက ငါ့ကို မကြည်တဲ့မျက်စိနဲ့ ကြည့်ထားတဲ့လူ ငါ့အိမ်ကိုအလည်လာတဲ့အခါ တွေ့ကြသေးတာပေါ့စသည်ဖြင့် စိတ်ထဲမှာ အကြိတ်အခဲလေးတည် လာပါတယ်၊ အကြိတ်အခဲအသေးလေးကနေ တငွေ့ငွေ့လောင်မြိုက်လာပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာပါတယ်၊ ထိုအခါ မလိုလားအပ်တဲ့နောက် ဆက်တွဲ ပြဿနာတွေလည်း အလိုလိုရောက်လာပါတယ်။ မိသားစုချင်းစိတ်ဝမ်းကွဲလာမယ်၊ ထိုမှတဆင့် ဆွေမျိုးအသိုင်းအဝိုင်းချင်းစိတ်ဝမ်းကွဲလာမယ်၊ သူ့ ဘက် ကိုယ့်ဘက် မိတ်ဆွေအပေါင်းသင်းချင်းစိတ်ဝမ်းကွဲလာမယ်၊ အဖွဲ့အစည်းတခုနဲ့တခုစိတ်ဝမ်းကွဲလာမယ်၊ သူ့ရပ်ကွက် ကိုယ့်ရပ်ကွက် စိတ်ဝမ်းကွဲလာရကနေ စည်းလုံးမှုအင် အားတွေ ယုတ်လျော့လာရတဲ့အထိ မယုံကြည်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပေါ်ပေါက်လာမှာဖြစ်ပါ တယ်။

တချို့ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ စကားအသုံးအနှုန်းလေးတစ်ခုရှိပါတယ်၊ ဒီလူနဲ့သွားပြီး မပတ်သတ်နဲ့ အကြည့်ကိုက မကောင်းဘူး စသည်ဖြင့် အကြည့်နဲ့ပတ်သတ်ပြီးသင်္ကေတထားတာတွေရှိပါတယ်၊ အကြည့်မကောင်းရင် လူ့လောက ပဲဖြစ်စေ၊ တိရစ္ဆာန်လောကပဲဖြစ်စေ တယောက်ကိုတယောက် မာန်စောင်လာပြီဆိုရင် မျက်လုံးက အရင်ဆုံးစကားပြော လာပါတယ်၊ မျက်ထောင့်တွေ နီရဲလာတယ်၊ ဒေါသအခိုးကြောင့် မျက်ရည်ပူတွေ စီးကျလာတယ်၊ ခံစားချက်တွေပေါက် ကွဲလာတယ်၊ စိတ်ကိုမထိန်းနိုင် မသိမ်းနိုင်ဖြစ်လာတယ်၊ နောက်ဆက်တွဲဖြစ်ပေါ် လာမယ့် ပြဿနာဆိုးကျိုးတွေကို မမြင်နိုင် တော့ဘူးဖြစ်လာတယ်၊ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ မကောင်းတဲ့စိတ်ဝင်လာတဲ့အခါ ရန်ပွဲအသွင်ဆောင်လာပြီး မပြီးဆုံး နိုင်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာပါတော့တယ်။

Comments