စာအုပ်အငှားဆိုင်နှင့် မောင်မိုးသူ



စာအုပ်အငှားဆိုင်နှင့် မောင်မိုးသူ 

(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈
 
မောင်မိုးသူတို့ စာပေလောကအတွက် အလွန်အထောက်အကူပြုတဲ့ ဆိုင်များဟာ စာအုပ်အငှားဆိုင်များ ဖြစ်ပါတယ်။ မောင် မိုးသူတို့၊ မောင်ပေါ်ထွန်းတို့ရဲ့ ဘာသာပြန် စာအုပ်များကို ထုတ်ဝေတဲ့ ဘဝတက္က သိုလ် စာပေတိုက်ရဲ့ အခြေခံအုတ်မြစ်ဟာ စာအုပ်အငှားဆိုင်ပဲခင်ဗျ။ ထိုနည်းတူ မောင်မိုးသူရဲ့ ပင်တိုင်ထုတ်ဝေသူဖြစ်တဲ့ မြဝတ်ရည်စာပေတိုက်မှာလည်း အငှား ဆိုင် ရှိတာပဲခင်ဗျ။ ရန်ကုန်မြို့ လမ်းတိုင်းလမ်းတိုင်းမှာ စာအုပ်အငှားဆိုင်တွေ ရှိကြတယ်။ လူငယ်လူရွယ်တွေ ကျောင်းဆင်း၊ အလုပ်ပြန် စာအုပ်အငှား ဆိုင်ကို ပြေးပြီး ကိုယ်ကြိုက်တဲ့ စာရေး ဆရာများ၏ စာ အုပ်များကို ငှားကြရတယ်။ စာအုပ်အငှား ဆိုင်ထိုင်တဲ့ပုဂ္ဂိုလ်ကလည်း ဘယ်စာရေးဆရာရဲ့ စာအုပ်ထွက်ရင် ဘယ်သူ့အတွက် ငှားရမယ်ဆိုပြီး သိနေတာမျိုး။ မဂ္ဂဇင်း တွေဆိုတာလည်း အိမ်တွေက ဝယ်ဖတ် ကြတာမျိုး မဟုတ်ဘဲ စာအုပ် ဝါသနာအိုးတွေက စာအုပ်အငှားဆိုင်က စာအုပ်တွေပဲ ဖတ်ကြရတာဖြစ်ပါတယ်။

မောင်မိုးသူတို့ ဘာသာပြန်ဆရာတွေဆိုရင် စာအုပ်အငှားဆိုင်ဟာ မောင်ပေါ်ထွန်း ဘာသာပြန်စာအုပ်များကတစ်စင်၊ မြတ်ငြိမ်းရဲ့ ဘာသာပြန်စာအုပ်များက တစ်စင်၊ မောင်မြင့်ကြွယ်ဘာသာပြန် စာ အုပ်များကတစ်စင်၊ မောင်မိုးသူဘာသာ ပြန် စာအုပ်များကတစ်စင် အဲသလိုထား ကြတာခင်ဗျ။ ဘာသာပြန်စာဖတ်ပရိသတ်ကလည်း သူ့စာရေးသူ အစွဲရှိကြပေသေး တာကိုး။ ဘာသာပြန်စာအုပ်တွေ ခေတ်ကောင်းတဲ့အချိန်ကဆို ဘာသာပြန်စာအုပ် ရဲ့ စောင်ရေဟာ ၁၅၀ဝ ရိုက်ရပါတယ်။ အဲသည် ၁၅၀ဝ ရဲ့ ထက်ဝက်ကျော်ဟာ စာအုပ်အငှားဆိုင်များက ဝယ်ယူကြတာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ စာအုပ် ဆိုင်တို့၊ စာအုပ်အငှားဆိုင်တို့ဆိုရင် အခန်း နေရာက အတော်ယူရတယ်။ စာအုပ်ဝယ် သူကလည်း စာအုပ်များကို မျက်နှာဖုံးကို ဖြန့်ခင်းထားတာ ဝယ်ချင်ကြတာ။ ပြီးတော့ စာအုပ်ဆိုင်ကြီးတွေကလည်း အကြီးကြီးမှ ဖြစ်ပေမှာပေါ့။ စာအုပ်အငှားဆိုင်များကျတော့ စာရေးဆရာရဲ့ အမည်နဲ့ စာအုပ်အ မည်ကို စာအုပ်အနှောင့်မှာ ရေးထားပြီး သူ့စင်နဲ့သူ ထားလေ့ရှိပါတယ်။ ဒါလည်း စာအုပ်တွေက များလေတော့ စာအုပ် အ ငှားဆိုင်ရဲ့ နေရာကျယ်ဝန်းမှုဟာ ကြီးမား ပါတယ်။ ပန်းဆိုးတန်းအောက်လမ်းမှာဆို ရင် စာအုပ်ဆိုင်အကြီးကြီးတွေ အများကြီး ရှိခဲ့တဲ့ အတန်းပေါ့။ ခုတော့ မရှိတော့ပါဘူး။ မောင်မိုးသူတို့ စာပေလောကထဲကို ရောက် ချိန်မှာ ကိုတင်အောင်-မစန်း စာအုပ်ဆိုင်၊ ဦးဘရီနှင့်သမီးများ စာအုပ်ဆိုင်၊ စံလှစာပေ၊ ဇွဲစာပေ၊ စာပေလောကစာအုပ်ဆိုင်များ၊ ဂုဏ်ထူးစာအုပ်ဆိုင် အစရှိသည်ဖြင့် မြန်မာစာအုပ်ဆိုင်ကြီးတွေ အများကြီး အ များကြီး ရှိခဲ့ဖူးပါတယ်။ မောင်မိုးသူတို့ တက္ကသိုလ်ကျောင်းသားခေတ်မှာ ရန်ကုန် ရောက်တာနဲ့တစ်ပြိုင်နက် စာအုပ်ဆိုင် တွေကို ပြေးရတာပဲခင်ဗျ။ ဆူးလေဘုရားလမ်းမှာဆို စမတ် မူကာတန်စာအုပ်ဆိုင် ကြီး ရှိတယ်။ နှစ်ဆိုင်ကျော်လောက်မှာ ဝင်း စာအုပ်ဆိုင်ကြီး ရှိတယ်။ စမတ် စာအုပ် ဆိုင်က အိန္ဒိယက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ်တွေ ပင်တိုင်ရောင်းချ တဲ့ စာအုပ် ဆိုင်ကြီးပေါ့။ နှစ်ခန်းအကွာမှာ ရှိတဲ့ ဝင်းစာအုပ်ဆိုင်ကလည်း အင်္ဂလိပ် စာအုပ်ကောင်းတွေ ရောင်းတာ ဖြစ်ပါ တယ်။ ပန်းဆိုးတန်း အလယ်လမ်းမှာ လည်း အင်္ဂလိပ်စာအုပ် ဆိုင်ကြီးတွေ ရှိတယ်ခင်ဗျ။ ကုန်သည်လမ်းက ပြည်သူ့ စာပေဆိုရင် နိုင်ငံရေးစာအုပ် စာတမ်းတွေ ရောင်းချတဲ့ စာအုပ်တိုက်ပေါ့။ ဆူးလေအ ဝိုင်းကြီးမှာလည်း အင်တာနေရှင်နယ်ဆို တဲ့ ဆိုဗီယက်နဲ့ တရုတ် နိုင်ငံရေး စာအုပ်တွေ ရောင်းတဲ့ စာအုပ်ဆိုင် ရှိတယ်။ ဗိုလ် အောင်ကျော်လမ်းမှာလည်း ဟံသာဝတီ တိုက်ကထုတ်တဲ့ စာအုပ်တွေရောင်းတဲ့ ဟံသာဝတီစာအုပ်ဆိုင်က ပင်ဂွင်းက ထုတ်တဲ့ စာအုပ်တွေအကုန်လုံး ကိုယ်စား လှယ် ယူပြီး ရောင်းတယ်။ အဲသည်လို ဆိုင်နဲ့ ကနားနဲ့ဖွင့်တဲ့ ဆိုင်ကြီးတွေရှိသလို ကျဉ်းကျဉ်းကျပ်ကျပ် ချောင်ထဲမှာ မြေအောက်ခန်းလေးထဲမှာရောင်းတဲ့ စာအုပ် ဆိုင်တွေလည်း ရှိပါတယ်။

ပုံနှိပ်မီဒီယာခေတ်မှသည် အီလက်ထရွန်းနစ်မီဒီယာ ပြောင်းလဲလာတဲ့အချိန် မှာ ဘားလမ်းမှ စာအုပ်တန်းတွေလည်း ရုပ်မြင်သံကြားလမ်း ဖြစ်သွားပါတော့ တယ်။ တခြားတခြား စာအုပ်ဆိုင်ကြီးများ လည်း သူတို့ရဲ့ ကျယ်ဝန်းကြီးမားလှတဲ့ ဆိုင်ခန်းနေရာများကို တခြား ခေတ်ပေါ် အီလက်ထရွန်းနစ်ပစ္စည်းအရောင်းဆိုင် များအဖြစ် ပြောင်းလဲသွားရပါတော့တယ်။

စာအုပ်ထုတ်ဝေသူတစ်ယောက်က ပြောဖူးတဲ့စကား ရှိပါတယ်။ ရန်ကုန်ပတ်လည် အုပ် ၈၀ တဲ့။ စာအုပ်အသစ်ထွက်လာရင် ရန်ကုန်ပတ်လည် ဖြန့်ချိရောင်းချ ရတဲ့ နှုန်းထားဟာ ၈၀ ပဲ ရှိပါတယ်။ အခု တော့ စာအုပ်ဆိုင်ကြီးများ အားလုံး အား လုံး မရှိတော့သလောက် ဖြစ်သွားပါတယ်။ စာအုပ်ဖြန့်ချိရေးဈေးကွက်က စီးတီးမတ်ကိုပဲ အားကိုးနေရတယ်လို့ ထုတ်ဝေသူ တစ်ဦးက ပြောပါတယ်။

တကယ်တော့ စီးတီးမတ်ဆိုတာ ကုန် ပဒေသာဆိုင်ပဲခင်ဗျ။ စာအုပ်ခင်းကျင်းနိုင် ရန် အကန့်လေးတစ်ကန့်ပဲ ရှိပါတယ်။ ဒါ ပေမဲ့လည်း စီးတီးမတ်ကုန်ပဒေသာဆိုင် ပေါင်းက၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ကုန်ပဒေသာဆိုင်မှာ မိသားစုက ကုန် ပစ္စည်းတွေဝယ်ရင် စာဖတ်တဲ့အမျိုးသားနဲ့ ကလေးတွေက စာအုပ်ဆိုင်က ဝယ်တာကိုး။ ရန်ကုန်က စာအုပ်ဆိုင်ကြီးတွေမှ မရှိ တော့ တာ၊ စာအုပ်ဆိုင် စာအုပ်အကန့် လေးမှာပဲ စာအုပ်တွေ ရွေးကြရပါတယ်။ စီးတီးမတ် ရဲ့ စာအုပ်ဖြုန်းအားက ၂၅၀ လောက် ရှိသတဲ့။ သည်ထက်ရောင်းရတဲ့ စာအုပ်တွေလည်း ရှိပါတယ်။ စီးတီးမတ် ကို စာအုပ် တင်ရတာ ရောင်းရတာဟာ ငွေပေးငွေယူ မှန်ကန်လွယ်ကူလို့ ထုတ်ဝေ သူများ သ ဘောကျတယ်လို့ ဆိုကြပါ တယ်။
စာအုပ်ဆိုင်ကြီးတွေ လျော့ပါးသွားပြီး စာအုပ်ဖြန့်ချိရေးက စီးတီးမတ်ကို မှီခိုနေရ ချိန်မှာ ဒိုးတူဒိုး စာအုပ်ဖြန့်ချိရေးကလည်း ပေါ်ပေါက်လာပါတယ်။ ဒါကလည်း ခေတ် ကာလရဲ့ တောင်းဆိုမှုပေါ့လေ။ အစားအ သောက်များကိုလည်း အိမ်တိုင်ရာရောက် ပို့တဲ့ခေတ်၊ စာအုပ်တွေကိုလည်း အိမ် တိုင်ရာရောက် ပို့ပေးကြတယ်။ အခုနောက် ဆုံးအဆင့်ကတော့ အွန်လိုင်းရောင်းဝယ် ရေးပဲ ဖြစ်ပါတယ်။ ကုန်ပဒေသာဆိုင်ကြီး တွေမှာ ဖွင့်လှစ်ထားတဲ့ နာမည်ကျော် ဘ ရန်းဒက် ကုန်ပစ္စည်းဆိုင်ကြီးတွေလည်း ဆိုင်နဲ့ကနားနဲ့ ဖွင့်လှစ်ရောင်းချတဲ့အပြင် အွန်လိုင်းမှာလည်း ရောင်းချရတဲ့အဖြစ်ကို ရောက်ရှိနေပါပြီ။

အဲသည်လို အဲသည်လို ကုန်ပစ္စည်း ရောင်းဝယ်စနစ်ဟာ ကုန်ပဒေသာဆိုင်တွေလည်း များပြားလာသလို ရှော့ပင်းမောလ်တွေပဲ အများကြီး အများကြီး ပေါ်ပေါက်လာပါတယ်။ ကုန်ပဒေသာ ဆိုင်တွေ ၊ ရှော့ပင်းမောလ်တွေမှာဆိုရင် ကုန်ပစ္စည်းအမျိုးစုံ ရနိုင် သည့်အပြင် ဟင်း သီးဟင်းရွက်များကိုလည်း ရောင်းချလာတာ တွေ့ရှိရပါတယ်။ နောက်တစ်ဆင့် အွန်လိုင်း အရောင်းအဝယ်ကလည်း ပေါ်ပေါက်လာပြန်ပြီလေ။ ပေါ်ပေါက်ခါစ မှာ သူတို့ ဝယ်ယူမှာကြား သူနဲ့ ပေးပို့သူတွေ နှစ်ဦးနှစ်ဖက်ကြားမှာ အ ဆင် မပြေမှုလေးတွေ ရှိကြပေမဲ့ အလေ့ အကျင့်ရသွားကြရင် အဆင်ပြေကြမှာပါ။ အွန်လိုင်းအရောင်းအဝယ်ကိစ္စကြီးဟာ မလွှဲမရှောင်သာ ဖြစ်ပေါ်ထွန်းကားလာတဲ့ ခေတ်စနစ်ရဲ့ အခြေအနေပေါ့လေ။
အဲ ခင်ဗျ၊စာအုပ်ဆိုင်ကြီးတွေ ပျောက် သလောက် လျော့ပါးသွားတဲ့အချိန်မှာ စာအုပ်အငှားဆိုင်များကတော့ မရှိသလောက် ပျောက်ဆုံးသွားတော့တာပေါ့။ အရင်က ရန်ကုန်မြို့ လမ်းတိုင်းလမ်းတိုင်းမှာ စာအုပ်အငှားဆိုင်များရှိသလို ရပ်ကွက်တိုင်းမှာ စာအုပ်အငှားဆိုင် ရှိခဲ့ကြတယ်။ အခု တော့ ခင်ဗျ စာအုပ်အငှားဆိုင်တွေ ခမျာ မှာ သူတို့ရဲ့ ကျယ်ဝန်းတဲ့ နေရာထိုင် ခင်း မလုပ်နိုင်၊ အခန်းငှားခများလည်း များလာ၊ နောက်ဆုံးကျတော့ ပြုတ်တဲ့အဆင့် ရောက်သွားပြီး စာအုပ်အငှားဆိုင်နေရာလေးတွေမှာ ခေတ်ပေါ် အီလက်ထရွန်းနစ် ဆိုင်ကြီးတွေ ဖြစ်ပေါ်လာပါတော့တယ်။

စာအုပ်အငှားဆိုင်တွေ မရှိတော့သ လောက် လျော့ပါးသွားတာနဲ့အမျှ ယခင်က မြန်မာစာပေလောကမှာ အပြိုင်အဆိုင် ထုတ်ဝေခဲ့ကြတဲ့ မဂ္ဂဇင်းကြီးတွေလည်း မထုတ်ဝေနိုင်ကြတော့ဘူးခင်ဗျ။ ထိုနည်း တူ စာအုပ်အငှားဆိုင်တွေအပေါ် မှီခိုနေရ တဲ့ အချစ်ဝတ္ထု၊ သိုင်းဝတ္ထု ထုတ်ဝေသူများ လည်း နောက်ဆုတ်ကုန်တာပေါ့။ ထိုနည်း လည်းကောင်း ရုပ်ပြများ၊ ကာတွန်းများ လည်း ထုတ်ဝေသူ မရှိတော့သလောက် ဖြစ်သ∑ားပါတော့တယ်။ အားလုံး ပြောပြော နေကြတာကတော့ လူတွေက စာမဖတ် ကြတော့ဘဲ ဟန်းဖုန်းကို ပွတ်ပြီး ဖေ့စ်ဘုတ်ခ်ပဲ ကြည့်နေကြလေရဲ့လို့ ဆိုကြပါ တယ်။ အဲသည်တော့ အဲသည်တော့ ပရင့် မီဒီယာလို့ခေါ်တဲ့ ပုံနှိပ်မဂ္ဂဇင်းများ၊ ပုံနှိပ် ထုတ်ဝေသူများ၊ ပုံနှိပ်မီဒီယာနဲ့ ရေးသား တဲ့ စာရေးဆရာရဲ့ ဘဝဟာလည်း ရေနည်း ငါးဘဝကို ရောက်ရှိသွားပါတော့တယ်။

အဲသည် အဲသည်အထဲမှာ ဘာသာပြန် စာရေးဆရာတစ်ဦးဖြစ်တဲ့ မောင်မိုးသူလည်း ပါသွားရှာတာပေါ့ခင်ဗျာ။

စာအုပ်အငှားဆိုင်နှင့် မောင်မိုးသူပါ။



မောင်မိုးသူ

Comments