ဇင်လင်း ● ရန်လိုမှုများ လျှော့ချနိုင်မှ သံသယများလျော့ကျနိုင်မည်

ဇင်လင်း ● ရန်လိုမှုများ လျှော့ချနိုင်မှ သံသယများလျော့ကျနိုင်မည်
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးဟု ဆိုရမည့် မြန်မာနိုင်ငံ ပြည်တွင်းစစ်သည် တငွေ့ငွေ့လောင်လိုက် တဟုန်းဟုန်းတောက် လိုက်ဖြင့် ငြိမ်းပြီ အေးပြီဟု ပြောနိုင်လောက်သည့် အခြေအနေမျိုး မတွေ့ရသေး။ လွတ်လပ်ရေးနှင့် အတူ စတင်ခဲ့သော ပြည်တွင်းစစ် သက်တမ်းသည် နှစ်ပေါင်း ၇၀ ပင်ကြာခဲ့ပြီ။ အစိုးရအဆက်ဆက် မူဝါဒအမျိုးမျိုးချမှတ် ကြိုးပမ်းခဲ့ကြသော် လည်း ညှိမရ နှိုင်းမရ အလျှော့အတင်း မလုပ်နိုင်ကြသဖြင့် ကြာလေဆိုးလေ၊ ကြာလေ တိုင်းပြည်နှင့် လူထုနစ်နာလေ ဖြစ်လျှက်ရှိသည်။ ပြည်တွင်းစစ်ကို လက်နက်ကိုင် ဖက်ပြိုင်တိုင်ခိုက်နေကြသော အင်အားစုများ အနေဖြင့် ငါ့မူ ငါ့အယူ၊ ငါ့တရား ငါ့စကားကိုသာ လက်ကိုင်ပြုနေကြပြီး၊ တို့ပြည် တို့နိုင်ငံ၊ တို့ပြည်သူ တို့လူထုအကျိုး စသည်ဖြင့် လေးလေး နက်နက် ထည့်သွင်းစဉ်းစားခြင်း မပြုကြသည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို မူဝါဒချမှတ် အကောင်အထည်ဖေါ်နေသော်လည်း ယခုတက်တိုင် ပါဝင်ပတ်သက်သူများအတွင်း အတိုင်အဖေါက်မညီသေး။ အခက်အခဲများ ဆက်လက်ကြုံတွေ့နေရဆဲဖြစ် သည်။ အထူးသဖြင့် အစိုးရက ငြိမ်းချမ်းရေးစကားဝိုင်းများ ပြုလုပ်နေစဉ် တပ်မတော်က ယာယီစစ်ပြေငြိမ်းရေး လုပ်ရန် လောက်ကိုပင် မလုပ်နိုင်သည်ကို မြင်တွေ့နေရသည်။ စစ်ရေးဖိအား လျှော့ချသွားခြင်း မရှိသဖြင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ (EAOs) အကြား သံသယများ တိုးပွားလာနေသည်ဟု အရပ်ရပ်သတင်းများက ဖေါ်ပြနေသည်။ ထို့ကြောင့် အစိုးရက ငြိမ်းချမ်းရေး စကားဝိုင်းကျင်းပနေစဉ် တပ်မတော်က ယာယီမျှဖြစ်စေ  အပစ်ရပ်ထားသင့်သည်။ ထိုသို့ ရန်လိုမှုများ လျှော့ချနိုင်မှလည်း သံသယများ လျှော့ကျနိုင်ပေမည်။

ဤဖေဖေါ်ဝါရီလ အတောအတွင်းမှာပင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း(ပလောင်)တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသ ခံ ၅၀၀ နီးပါးခန့် စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောကြောင်း Network Media Group သတင်းက ဆိုသည်။ အစိုးရတပ်မတော်မှ ငေါ့ငါးကျေးရွာအတွင်း လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် ရွာသားများ မိုင်းယု (၁၀၅)မိုင်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

“ပြီးခဲ့တဲ့ နှစ်ရက်က တိုက်ပွဲဖြစ်လို့လေ၊ အစက ရွာအပြင်မှာပဲဖြစ်တယ်။ ပြီးတော့ လေယာဉ်နဲ့ ဗုံးတွေ လာကြဲတယ်၊ စစ်သားတွေလည်း အများကြီးပဲ။ အဲ့ဒါရွာသားတွေအားလုံးထွက်ပြေးတာ။ ငေါ့ငါး ကျောင်းလည်း ပိတ်ထားရတယ်။ ဘယ်သူမှ မပြန်ရဲကြဘူး။ တချို့က မိုင်းယုမှာ ထွက်ပြေးတယ်။ တချို့က နမ့်ဖက်ကာကို ထွက်ပြေးတယ်။ ကွတ်ခိုင်မြို့ နယ်ထဲမှာပဲ။” ဟု ငေါ့ငါးကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက NMG သို့ပြောပြသည်။

ငေါ့ငါးကျေးရွာ၊ မန်ကန်ကျေးရွာ၊ ဖာဖိုင်ကျေးရွာ၊ ဘန်ထိပ်ကျေးရွာ၊ နားဝီးကျေးရွာတို့မှာ ဒေသခံများမှာ မိုင်းယုလေးနှင့် နမ့်ဖက်ကာကျေးရွာသို့ ဖေဖော်ဝါရီ ၅ ရက်နေ့မှစ၍ စစ်ဘေးရှောင်နေကြရသည်ဟု ပြောသည်။

ကွတ်ခိုင်မြို့နယ် ဖာဖိုင်ကျေးရွာနှင့် ငေါ့ငါးကျေးရွာအကြားတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် (၀၇း၁၅) နာရီမှ (၁၀း၃၀) နာရီ အချိန်ထိ တအာင်းတပ်မတော် တပ်ရင်း ၅၇၁ နှင့် အစိုးရတပ်မတော် တပ်မ ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ပွဲ၌ တပ်မတော်က ရဟတ်ယာဉ် ၂ စင်းဖြင့် မိနစ် ၃၀ နီးပါးကြာ လာရောက်ပစ်ခတ်ခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ခဲ့သည်။ လက်ရှိ ငေါ့ငါးကျေးရွာမှ စစ်ဘေးရှောင်သူ ဦးရေက နှစ်ရာကျော်ခန့်ရှိပြီး၊ အားလုံးက တအာင်း(ပလောင်)များဖြစ်သည်ဟု ဆိုသည်။ TNLA နှင့် အစိုးရတပ်အကြား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တစ်ရွာလုံးထွက် ပြေးရသည်ဟု စစ်ဘေးရှေင်သူများက ပြောကြောင်း NMG သတင်းက ဆိုသည်။  ကွတ်ခိုင်မြို့နယ် တာခိုင်ချောင်းအနီးတွင် ဖေဖော်ဝါရီလ (၇)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ နမ္မတူမြို့နယ်၊ နားပိန်းကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် ကောင်းအိုင်ကျေးရွာသို့ စစ်ဘေးရှောင်လာသည့် ကွက်ခိုင်မြို့နယ် ကြိမ်မွန်းကျေးရွာအုပ်စု အတွင်းရှိ ဒါခိုင်းကျေးရွာမှ ကချင်၊ ရှမ်းနှင့် တအာင်း(ပလောင်) ဒေသခံ ၁၆၀ ခန့်တို့ အတွက်လည်း အရေးအပေါ် အကူအညီလိုအပ်နေသည်ဟု သိန္နီဒေသခံများက ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ပြောသည်။

မကြာသေးမီက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က ပြောကြောင်း သတင်းများကြားနေရသည်။

“တိုက်ပွဲကတော့ ခုတစ်လောကတော့ တနိုင်းမြို့နယ်ဖက်မှာပေါ့ ကေအိုင်အေ တပ်ရင်း ၁၄ ဖက်မှာတော့ နေ့တိုင်းနေ့တိုင်း လို တိုက်ပွဲကတော့ ပြင်းထန်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒီနေ့လည်းပဲ အဲဒီ တပ်ရင်း ၁၄ ဖက်မှာ တပ်မတော်ဖက်က နေ လေယာဉ်ပျံနှင့် လာပစ်တယ် ဗုံးကြဲတယ် နောက်ပြီးတော့ မြေပြင်တိုက်ပွဲတွေလည်း ပြန်ဖြစ်တယ်။ အဲဒီအခြေအနေ ဖြစ်ပါတယ်” ဟု ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက NMG သတင်းသို့ပြောကြားသည်။

တိုက်ပွဲများမှာ တနိုင်း၊ မန်စီနှင့် ဆွမ်ပရာဘွမ် မြို့နယ်များအတွင်း ဖြစ်ပွားနေခြင်းဖြစ်သည်။ တနိုင်းဒေသ၊ လီဒိုလမ်းမ တစ်လျှောက် တိန်ကောက်ကျေးရွာ၊ ရှဒူးဇွပ်ကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု တနိုင်းဒေသခံများ က ပြောသည်။

“တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ။ ဒီ ညနေ နှစ်နာရီလောက်ပေါ့ အခုနကပေါ့ လေယာဉ်နှစ်စင်းနဲ့ နှစ်ခေါက်ပြန်ပေါ့ လာပစ်သွားတယ်။ လက်နက်ကြီးသံတွေ သေနတ်သံတွေကလည်း တနိုင်းကနေ ကြားနေရတာ။ ဒီနေ့ တိန်ကောက် ဒီဂျန်ဘွမ်တောင်မှာလည်း တိုက်ပွဲဖြစ်တယ်။ အခုဒီ တိုက်ပွဲတွေမှာ ဒီနန်းကွမ်းဘက်၊ ရှဒူးဇွပ်နဲ့ တိန်ကောက်ဘက်မှာ ရှမ်းပြည်သူ့စစ်တွေ၊ စခုန်တိန်းယိန်းရဲ့ အဖွဲ့တွေ၊ ရင်း ၁၄ ဘက်မှာက လီဆူပြည်သူ့စစ်တွေလည်းပါတယ်။ တိုက်ပွဲက ပြန်ထွက်လာတဲ့လူတွေပြောပြတာပေါ့နော်” ဟု အမည်မဖော်လိုသူ တနိုင်းဒေသခံတစ်ဦးက ပြောသည်။

တချိန်တည်းမှာ ပင် မန်စီမြို့နယ်ရှိ တပ်မဟာ ၃ နယ်မြေဖက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆို သည်။ ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရတပ်မတော် ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသည်ဟု NMG သတင်းက ဆိုသည်။ ယခုကဲ့သို့သော တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး အလားအလာကို ပိုမို၍ အလှမ်းဝေးစေနိုင်သည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။

“အခုလိုမျိုး စစ်ရေးနှင့်ပဲ ဖိအားပေးနေတာ တိုက်ပွဲပဲဆင်နွှဲနေတာဆိုတော့ ငြိမ်းချမ်းရေးကတော့ သိပ်ပြီးမှ အခြေအနေက မကောင်းဘူးထင်တယ်။ ပြည်ထောင်စုလို့ပဲပြောပြော ဖက်ဒရယ်လို့ပဲပြောပြော အတူတူနေထိုင်ဖို့ ကျနော်တို့ ဆွေးနွေးချင် နေတာ။ ဒါပေမယ့် ဒီ တပ်မတော်ဖက်ကတော့ အခုလိုမျိုး စစ်ရေးနှင့်ပဲ သူကဖိအားပေးတယ်ဆိုတော့ အချင်းချင်းကတော့ အယုံအကြည်မရှိဘူး။ အယုံအကြည်မရှိတဲ့အခါကျတော့ နိုင်ငံရေးဆွေးနွေးတာဟာလည်း အောင်မြင်မှာမဟုတ်ဘူး။”ဟု သူက ဆိုသည်။

၂၀၁၁ ခုနှစ်ကစတင်၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့သောကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိသော်လည်း တစ်ပြည်လုံး စစ်ပွဲများရပ်စဲရေးအလားအလာမှာ ယခုတိုင် မကောင်းသေးဟု ဆိုရပေမည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် KIO နှင့် အစိုးရတပ်မတော်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့စဉ် KIA တပ်မဟာ ၄ နှင့် တပ်မဟာ ၆  တို့ကို တပ်မတော်ကိုယ်စားလှယ်ဘက်က အသိအမှတ်မပြု ကြောင်း KIO အား ပြောခဲ့ကြောင်း သိရသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရတပ်မတော်တို့ တွေ့ဆုံဆွေးနွေး မှု နှင့်ပတ်သက်၍ ထုတ်ပြန်ကြေငြာချက်တစ်စောင်ကို KIO က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်ဘက်က KIA တပ်ရင်း ၁၄ ဌာနချုပ်အပါအ၀င် KIA တပ်စခန်းများ ဖယ်ရှားပေးရန်နှင့် အချို့သော KIA တပ်မဟာများ တည်ရှိမှုကို အသိအမှတ်မပြုနိုင်ကြောင်း ဖိအားပေးဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။ KIO ဘက်က ၎င်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် လိုအပ်သည်ဟုသာ တုန့်ပြန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထို့ပြင် KIO ဘက်က လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကိစ္စ အပါအ၀င် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲများလျှော့ချရေး၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်ရေးနှင့် ပင်လုံစာချုပ် ပင်လုံကတိက၀တ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အလေးထားဆွေးနွေးခဲ့ပါသည်ဟု KIO ထုတ်ပြန်ချက်တွင် ဖေါ်ပြထား ကြောင်း သိရသည်။

ဤအတောအတွင်း ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က ကချင်ပြည်နယ် မိုးကောင်း-ဖားကန့်လမ်းပေါ် နန့်ဟိုင်ရွာအနီးတွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲအတွင်း KIA က ဖမ်းဆီးရမိသည့် အစိုးရတပ်မတော်သား ၃ ဦးကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း RFA သတင်းအရ သိရသည်။ စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးရမည်ဆိုသော မူဝါဒအရ လွှတ်ပေး ခြင်း ဖြစ်ကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ နေ့လည် ပိုင်းက ကထန်ယန်ရွာတွင် KIA တပ်ရင်း ၆ တပ်ရင်းမှူးက မြစ်ကြီးနားအခြေစိုက် PCG ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် များထံ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။ နှစ်ဘက်စစ်ရေးအရ တင်းမာနေဆဲ မြန်မာစစ်တပ်နှင့် ကချင်တပ်အကြား ယခုကဲ့သို့ ဆောင်ရွက်ချက်အပေါ် ကြိုဆိုသော်လည်း စစ်ဖြစ်ရာ ဒေသများက အရပ်သားများကို တပ်မတော်ဘက်က ဖမ်းဆီးထားသည်ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက် က တောင်းဆိုခဲ့သည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကို လေ့လာသုံးသပ်ကြည့်ပါက၊ သာမန်အလုပ်သမား လယ်သမား ဆင်းရဲသားပြည်သူများက စစ်ပွဲတွင် ဓါးစာခံဖြစ်နေရသည်ကို မြင်ရသည်။ သို့ဖြစ်၍ ပြည်သူလူထုတွေ့ကြုံခံစားနေရသည့် စစ်ပွဲအတွင်း ဆင်းရဲဒုက္ခများကို စာနာထောက်ထားကြသောအားဖြင့် တစ်ပြည်လုံးတွင် ယာယီအပစ်အခတ်ရပ်စဲရေး စတင် သင့်သည်။ လက်ငင်းအခြေအနေများကို သုံးသပ်ပါက EAOs နယ်မြေဒေသအချို့တွင် တပ်မတော် က စစ်ဆင်ရေးများ ဆက်လုပ်နေသဖြင့် ဒေသခံပြည်သူများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ယုံကြည်မှု ကျဆင်းစေသည်။  မကြာသေး မီက သတင်းကောင်းတစ်ခုမှာ မွန်ပြည် သစ်ပါတီ (NMSP)နှင့်လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင် လက်မှတ်ရေးထိုးသွားမည်ဟု ကတိပြုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခြင်းသည် နောင်လာနောက်သားများ အတွက်ဖြစ်၍ ထိုသို့ ဆုံးဖြတ်မှုအပေါ် ပြည်ထောင်စုသားအားလုံးက ဝမ်းမြောက် ဂုဏ်ယူ ကျေးဇူးတင်ကြလိမ့်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

NMSP နှင့်  LDU တို့ကို စံနမူနာထား၍ ကချင်ပြည်နယ်တွင်လည်း အလားတူအခြေအနေမျိုး ဖြစ်ထွန်းလာစေရန် အစိုးရ နှင့် တပ်မတော်တို့ ညှိနှိုင်းဆောင်ရွက်သင့်သည်။ အစိုးရအနေဖြင့် KIO/KIA နှင့် လည်း ငြိမ်းချမ်းရေးကိစ္စ မလွဲမသွေ ဆွေးနွေးရမည်ဖြစ်သဖြင့် တပ်မတော်က စစ်ရှိန်မြှင့်ရေးထက် ယာယီစစ်ပြေငြိမ်းကာ ဆွေးနွေးပွဲပြန်ထိုင်သင့်သည်။ KIO နှင့်တကွ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များကိုလည်း ပြည်တွင်းစစ်ရပ်စဲရေးကြိုးပမ်းမှုတွင် ချန်ထားခဲ့ရန် မသင့်ပေ။

အထက်ဖေါ်ပြပါ လက်ငင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်အခင်းအကျင်းများကို လေ့လာပါက၊ စစ်အင်အားဖြင့် အဖြေရှာ ခြင်းကြောင့် လက်တွေ့နစ်နာနေသူအများစုကြီးမှာ တိုင်းရင်းသားပြည်သူလူထုဖြစ်သည်မှာ ထင်ရှားပါသည်။ စစ်အင်အား ပြပွဲများ လုပ်နေခြင်းကြောင့် ပြည်သူ့ဘဏ္ဍာများလည်း ပမာဏကြီးမားစွာ အဟောသိကံ ဖြစ်ခဲ့ရသည်ကို မသိကျိုးကျွံ မပြုသင့်ပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အကြီးအကျယ် နစ်နာစေခဲ့သည်။ အဆိုပါဒေသများတွင် ပြည်သူလူထုခမြာ အေးအေးချမ်းချမ်း နေထိုင် လုပ်ကိုင်အသက်မွေးခွင့် မရသည်မှာ ဆယ်စုနှစ်များစွာရှိနေပြီ ဖြစ်သည်။ ထိုစစ်ပွဲများကြောင့် ဒဏ်မခံနိုင်တော့သည့် လူငယ် လူရွယ်များသည် နိုင်ငံရပ်ခြားသို့ ထွက်ခွာပြေးခဲ့ကြရသည်။ တိုင်းပြည်အတွက် လူသား အရင်းအမြစ်များ အဆက်မပြတ် ယိုစီးဆုံးရှုံးနေခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းသာယာဖွံ့ဖြိုး တိုးတက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြန်လည်ထူထောင်ရေးအတွက် ယဉ်ကျေးသိမ်မွေ့ ရိုးသားဖြောင့်မတ်စွာ စကားပြောဆိုညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း အနူးအညွတ် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

သူရိယနေ၀န်းဂျာနယ်၊ Vol.1, No. 187: 17 February 2018 (Saturday)၌ ဖေါ်ပြသည့် ဆောင်းပါး

Comments