ဂျူနီယာဝင်း - သတင်းစာပညာ စာအုပ်တစ်အုပ်

ဂျူနီယာဝင်း - သတင်းစာပညာ စာအုပ်တစ်အုပ် 
 (အတွေးအမြင် အမှတ် ၃၀၈ မတ် ၂၀၁၈ ) မိုးမခ၊ မတ် ၁၊ ၂၀၁၈



(”Journalism“ (သတင်းစာပညာ) လို့အမည်ပေးထားတဲ့ စာအုပ်ကို James Glen Stovell (ဂျိမ်းစ် ဂလန် စတိုဗယ်) ကရေးပါတယ်။ ဂျိမ်းစ်ဟာ ၁၉၄၈ခုနှစ် စက်တင်ဘာ၈ ရက်နေ့ ဖွား အလာဘားမား (Alabama) တက္ကသိုလ်က သတင်းနှင့်အချက်အလက်ဆိုင်ရာဌာန အငြိမ်းစား ပါမောက္ခ ဖြစ်ပါတယ်။ သူက လက်ရှိ (၂၀၁၈ လက်ရှိအနေအထားအရ) သတင်းရေးသားခြင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားနေဆဲ၊ ၀က်ဆိုက်သတင်းစာပညာကို သင်ကြားနေဆဲ သူတစ်ယောက်ဖြစ်ကာ စာရေးဆရာအဖြစ်နဲ့ ဂျေပရော့ဖ် (jprof) ၀က်ဆိုက်မှာ ရေးသားနေဆဲသူတစ်ယောက်ဖြစ်တယ်။) ယခုစာအုပ်က သက္ကရ်ာဇ် ၂၀၁၁ ကထွက်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို ၂၀၁၃ ခုနှစ်က ဖတ်ဖို့အခွင့်အရေးရခဲ့တယ်။ ဒီမှာတော့ ဂျိမ်းစ် ကသူ့အာဘော်အတိုင်း နိဒါန်းပျိုး ရေးထားတာကို ဖြည့်စွက် ဘာသာပြန်ပေးထားတာပါ။ စာရေးသူဖြည့်စွက်ထားတာတွေကို ကွင်းစကွင်းပိတ်နဲ့ လုပ်ပေးထားပါတယ်။)

”သတင်းစာဆရာတွေက ကျွန်တော်တို့ကို ကျွန်တော်တို့အကြောင်းတွေ ပြောပြကြတယ်။“

(လို့သူကအစချီထားပါတယ်။ သတင်းစာတွေထဲမှာပါတဲ့သတင်းတွေနဲ့ ပတ်သက်လို့ သူ့အမြင်ကို ရေးထားတာပါ။ သတင်းစာတွေကပေးတဲ့သတင်းတွေကို တော်တော်လေး လေ့လာဆန်းစစ်ပြီး သုတေသနလုပ်ကာ ရေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Journalist တွေကို သူကတော်တော် ချီးမွမ်းခန်းဖွင့်ထားတယ်လို့ ယူဆရပါတယ်။ Journalist ကို သတင်းစာဆရာ၊ သတင်းရေးတဲ့သူတွေ လို့ဆိုရပါမယ်။ သူ့နိဒါန်းအရတော့သူက သတင်းစာဆရာဘ၀တွေ၊ သတင်းရေးတာကို စိတ်ဝင်စားသူတွေ၊ သတင်းလိုက်ရတာကို အရသာတွေ့သူတွေကို ချီးမွမ်းခန်းဖွင့်ထားပါတယ်။ ဒီအလုပ်ဟာ စိတ်ဝင်စားစရာကောင်းတယ် ခင်ဗျားတို့လည်း လုပ်ကြည့်ကြပါဦးလို့ ဆိုထားပုံပါပဲ။)

သည်လိုအလုပ်ဟာဖြင့် ကျွန်တော်တို့အတွက် အရေးကြီးသလို လူ့အဖွဲ့အစည်းအတွက်လည်း မရှိမဖြစ်လိုအပ်လျက်ရှိပါတယ်။ သူတို့ပေးတဲ့ သတင်းတွေဟာ ကျွန်တော်တို့ဘ၀တွေအတွက်လဲ ဖြစ်သလို ကျယ်ပြန့်တဲ့ လူ့ပတ်ဝန်းကျင်ကိုလည်း ဆက်သွယ်ပေးနေပါတယ်။ အဲဒီသတင်းအချက်အလက်တွေက ကျွန်တော်တို့ကို ဆုံးဖြတ်ချက်တွေ ချပေးတယ် …. ဥပမာ မိုးလေ၀သ သတင်းတွေကို ဖတ်ပြီးတော့ ထီးယူသင့်မယူသင့်…. ပညာရေးသတင်းတွေ ဖတ်ပြီးတော့ ဘယ်လိုင်းကိုယူသင့်တယ်၊ ဘယ်လို ရွေးချယ်သင့်သလဲ စသည်ဖြင့်….. ဒီလို သတင်းသမားတွေက ပေးတဲ့ သတင်းတွေကို မဖတ်ပဲ ကျွန်တော်တို့ရဲ့ဘ၀က ဘယ်လိုပြည့်စုံမလဲ။

ဟုတ်ပါတယ်။ သတင်းစာသမားတွေပေးတဲ့ သတင်းတွေကိုကြီးပဲ မမှီခိုပဲနဲ့ ကိုယ့်ဘာသာကိုယ်လည်း သတင်းအချက်အလက်တွေ ရနိုင်ပါတယ်။ – သူငယ်ချင်းတွေ၊ မိသားစုတွေကြား၊ စာအုပ်တွေ ဖတ်ပြီးတော့ဖြစ်ဖြစ်၊ ရုပ်ရှင်တွေ ထဲကဖြစ်ဖြစ်၊ လက်ကမ်းကြော်ငြာတွေဆီကနေ၊ ဒါမှမဟုတ် ကြော်ငြာဘုတ်တွေဆီက (အခုခေတ်ဆိုရင်တော့ ဖေ့ဘုတ်ကနေ ရနေတဲ့သတင်းတွေ ကိုထည့်သွင်း စဉ်းစား ရလိမ့်မယ် ထင်ပါတယ်။) စသဖြင့် စသဖြင့် ရနိုင်ပါတယ်လို့ စောဒကတက်လို့ ရပါတယ်။ သို့သော် သတင်းစာဆရာတွေက သည့်ထက် ပိုပြီးကျယ်ပြန့်တဲ့ နယ်ပယ်တွေဆီကို ရောက်အောင်သွားပြီး အချက်အလက်တွေ စုဆောင်း၊ ရယူ၊ မှတ်သားလို့ ကျွန်တော်တို့က စုပေါင်းပြီး ဖတ်လို့မှတ်လို့ရအောင် လုပ်ပေးနေတာ ဖြစ်ပါတယ်။ သတင်းသမားများဟာ ကျွန်တော်တို့ရဲ့ဘ၀တွေထဲကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ သတင်းအချက်အလက်တွေ ထိတွေ့လို့ရအောင် ဆောင်ရွက်ပေးနေပါတယ်။ သင်အခုဘာလုပ်နေသလဲ သင်ကအခုဘာလဲ ဆိုတဲ့အချက်အလက်တွေဟာ သတင်းသမားတွေရဲ့ သြဇာသက်ရောက်မူနဲ့ မကင်းနိုင်ပါဘူး။

သတင်းစာဆရာတွေကပေးတဲ့ အချက်အလက်တွေက လူတစ်ကိုယ်စာတင်မက ကျွန်တော်တို့ နေထိုင်နေတဲ့ လူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ခုလုံးဆီကိုပါ အကျိုး သက်ရောက်နေပါတယ်။ အဲသည်အကျိုးသက်ရောက်မူ ဘယ်လောက်တောင်များလဲလို့ ဆိုတာ ကိုလေ့လာကြည့်လိုက်တော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ စသဖြင့် စသဖြင့် တွေဆီကိုပါ ဖြန့်ကျက်လျက်ရှိနေပါရောလား။ သတင်းစာသမားတွေက ကျွန်တော်တို့ကို ပတ်ဝန်းကျင်အသိအမြင်တွေအပြင် ဒီအသိအမြင်တွေကို တခြားလူတွေကို ဘယ်လို ဝေမျှရမယ်ဆိုတာကိုပါ လမ်းပြပေးနေပါတယ်။

သတင်းစာပညာဟာ အထူးသဖြင့်တော့ အမေရိကန်တွေရဲ့ လူ့အဖွဲ့အစည်းမှာ မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်ပါတယ်။ (အမေရိကမှာ သတင်းစာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရူနေတဲ့ ပရိသတ်တွေ ရှိနေဆဲပါ။ သူတို့က သတင်းစာတွေကို ဖတ်ဆဲ၊ အချက်အလက်တွေကို လေ့လာနေဆဲ၊ အချင်းချင်း ဆွေးနွေးနေကြဆဲ လို့ သူက အတိအကျ ဆိုထားပါတယ်။ ဒါ ၂၀၁၁ စစ်တမ်းအရပေါ့။) သတင်းစာတွေကနေ ပေးတဲ့ သတင်းအချက်အလက်တွေကို ရယူတယ်ဆိုတာ ဟိုးရှေးကတည်းက ကျင့်သုံးလာတဲ့ ရှေးအယူအဆတစ်ခုလိုဖြစ်ပါတယ်။ ဒါတွကို တဖန်ပြန်ပြီး ထင်မြင်ချက်တွေပေးကြ၊ ဝေဖန်သုံးသပ်ကြ၊ အကြံညဏ်တွေရယူကြတယ်ဆိုတာ ထုံးတမ်းစဉ်လာတစ်ရပ်လို ဖြစ်နေတာ အမေရိကန်လူမျိုးတွေကြားထဲမှာပါ (တဲ့။)။ ဒါတွေကို သတင်းစာပညာမရှိပဲ ဘာမှ လုပ်လို့မရပါဘူး။

သည်တော့ ဒါလောက်တောင် အရေးပါတဲ့ သတင်းစာပညာကို လေ့လာကြည့်ကြရအောင်။ သင့်ရဲ့အလုပ်က သတင်းစာပညာနဲ့ ဘာမှမဆိုင်လဲပဲ ပေါ့လေ။ ဟောဒီစာအုပ်က သတင်းစာပညာ ဆိုတာဘာလဲဆိုတာကို မိတ်ဆက်ပေးတဲ့ စာအုပ်။ သတင်းစာပညာ ဆိုတာ

– ကျယ်ပြန်တဲ့ စာနယ်ဇင်းလုပ်ငန်းကို သိမြင်ဖို့

– သင်ဖတ်နေတဲ့သတင်းတွေက ဘယ်လိုကနေ ဘယ်လို ရရှိ၊ ထုတ်ပြန်သလဲဆိုတာကို နားလည်ဖို့

– သတင်းအဖွဲ့အစည်းတွေ ဘယ်လို လုပ်ကိုင်ကြသလဲဆိုတာကိုသိဖို့

– သတင်းစာပညာ အကြောင်းကို တီးမိခေါက်မိဖို့

– အနာဂတ်သတင်းစာပညာ ဘာဖြစ်နိုင်သလဲလို့ တွေးခေါ်ကြည့်ကြဖို့

ဆိုပါတော့။

သည်တော့ သတင်းစာပညာဆိုတာ ဘာလဲလို့ လေ့လာစမ်းစစ်သူတွေအတွက် သတင်းစာဆရာတစ်ယောက် အဖြစ်ကိုယ့်ကိုယ်ကိုယ်လည်းပဲ စဉ်းစားကြည့်မိစေဖို့ သည်စာအုပ်က ဖော်ညွန်းထားပါတယ်။ သင်လည်းပဲ တနေ့တချိန်ကျ သည်အလုပ်ကို စိတ်ဝင်တစား လုပ်ဖြစ်မယ်၊ သတင်းမီဒီယာကို သင်လည်းပဲ လုပ်ကြည့်ချင်မယ် ဆိုရင် သည်စာအုပ်က အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ အင်မတန် အသိပညာချမ်းသာကြွယ်ဝလှတဲ့ သတင်းစာပညာသမိုင်း ကို ဒီစာအုပ်မှာ တွေ့ကြမြင်ကြရမှာ ဖြစ်ပါတယ်။

အဓိကကျတဲ့ လုပ်ငန်းခွင်အလုပ်တွေ ဖြစ်တဲ့ သတင်းကို တင်ပြခြင်း၊ သတင်းရေးခြင်း၊ သတင်းကို တည်းဖြတ် ရေးသားသော အတတ်ပညာ၊ သတင်းကို စာမျက်နှာပေါ်မှာ တင်တဲ့အခါ ဒီဇိုင်းဖြင့် ပေါ်လွင် အောင်လုပ်ခြင်း၊ ဓါတ်ပုံကို မည်သို့ ရွေးချယ်ကာ သတင်းနှင့် ယှဉ်တင်ခြင်းပညာရပ် စတဲ့ သတင်းစာပညာ အခြေခံအချက်တွေကို သိထားဖို့လိုအပ်လှပါတယ်။ ဒီစာအုပ်မှာ သတင်းစာပညာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားရုံမက သည်အလုပ်ကို စလုပ်မယ့်သူအတွက်လည်း အင်မတန် ထိရောက်မယ့် လိုရင်းတိုရှင်း ထိထိမိမိ ပေးသွားမယ့် စာအုပ်ဖြစ်တယ်။

ကိုယ့်ဘ၀ကို သတင်းစာဆရာဘ၀နဲ့ပဲ ပျော်မွေ့တော့မယ်လို့ သံဓိဌာန်ချထားသူတွေအတွက် စိတ်လှူပ်ရှားစရာကောင်းတဲ့ သတင်းစာသမားဘ၀တွေကို လေ့လာရင်းနဲ့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ လူတိုင်းနားလည်သင့်တဲ့ သတင်းစာပညာကို အခုလို စာအုပ်ဖတ်ရုံနဲ့လက်တွေ့ ခံစားကြရမယ်ပေါ့။

ကျွန်တော်ဟာ သတင်းစာပညာထဲ ထဲထဲဝင်ဝင် လိုက်စားလာခဲ့တာ နှစ်၄၀ရှိပြီလို့ ဆိုရပါမယ်။ … ဆိုလိုတာက ကျွန်တော့်ရဲ့ ကျောင်းသားဘ၀ကတည်းက အထက်တန်း ကျောင်းသားသတင်းစာတွေ မှာပါဝင်လှူပ်ရှားခဲ့တာကို ထည့်တွက်ထားပါတယ် …. သည်အတွေ့အကြုံတွေကနေ လူတွေနဲ့ဆက်ဆံရင်းနဲ့ သူတို့တွေဟာ စိတ်ပါလက်ပါ သူတို့သိထားတာတွေကို ဝေမျှဖို့ ၀န်မလေးကြတာ၊ သင်ပေးဖို့ စိတ်ပါကြတာ၊ သင်ယူဖို့လည်း စိတ်ဝင်စားကြတာတွေကို တွေ့ရတယ်။ ကျွန်တော့်ဘ၀မှာ သည်လိုလူမျိုးတွေနဲ့ပဲ တွေ့ခဲ့ရတာကို ကံကောင်းတယ်လို့ မှတ်ပါတယ်။

အာလဘားမာ (Alabama) တက္ကသိုလ်မှာ တွေ့ခဲ့ဆုံခဲ့ရတဲ့ ကျွန်တော့်သူငယ်ချင်းတွေ၊ အနှစ် ၂၀ လောက် ဆရာအဖြစ်နဲ့ သင်ကြားပေးခဲ့တဲ့ ကျွန်တော့တပည့် ကျောင်းသားတွေဟာ ကျွန်တော့်အတွက်တော့ သူတို့ဆီက အကြံညဏ်တွေ၊ အားပေးမူတွေ အများကြီး ရခဲ့တဲ့ အထောက်အကူတွေကြောင့်လည်း သည်စာအုပ်လေး ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုပ်ရေးဖို့ သူတို့ပေးတဲ့ အချက်အလက်တွေ၊ စာရွက်စာတမ်းတွေ၊ ဓါတ်ပုံတွေကအစ ထိတွေ့ဖို့ အခွင့်အရေးတွေ ရခဲ့တယ်ပေါ့။

ကျွန်တော့်မှာ သတင်းစာအတွေ့အကြုံအဖြစ် ဘရစ်တို၊ ဟယ်ရယ်ကိုရီရေ၊ ကနော့စ်ဗီးသတင်းစာ၊ ချီကာဂိုထရစ်ဗျူး သတင်းစာတွေအပါအ၀င် တော်တော်များများသော သတင်းစာတွေနဲ့ ထိတွေ့မူတွေများစွာ ရခဲ့ပါတယ်။ နေရာတော်တော်များများက သူငယ်ချင်းတွေကလည်း ပံ့ပိုးခဲ့တယ်။ ဗီအိုအေ အပါအ၀င် သတင်းအေဂျင်စီ ၃မျိုးလောက် ဆီက သတင်းအချက်အလက်များကိုလည်းကျွန်တော် ရယူခဲ့ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ၊ တပည့်တပန်းတွေရဲ့ အကူအညီမပါပဲ ကျွန်တော်သည်စာအုပ် မရေးနိုင်ပါဘူး။ ကျွန်တော့်ဇနီးဆယ်လီ၊ သားဖြစ်သူ ဂျက်တို့ကလည်း အားပေး ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်ခင်ဗျား… ။ (လို့နိဒါန်းချီကာ သူ့စာအုပ်ကို အမွှမ်းတင်လျက် စာဖတ်သူများလက်ထဲ အရောက်ပို့လိုက်ပါတယ်။)

(သူ့စာအုပ်မှာ အပိုင်းတွေ တော်တော်များများ ခွဲပြီး သတင်းစာပညာကို တော်တော်လေး နှံ့နှံ့စပ်စပ် ရေးသားထားတာပါ။ ယနေ့ခေတ်မှာ ကြုံတွေ့နေရတဲ့  သတင်းတွေကို လိုက်ပြီး သတင်းရေးရပုံများကို ဓါတ်ပုံတွေနဲ့တကွ တင်ပြထားပါတယ်။ ဒီစာအုပ်မှာသူက အဓိကအားဖြင့် – ဘယ်သူတွေက သတင်းတွေကို ယူသလဲ၊ သတင်းကို ဘယ်လို လိုက်ကြသလဲ၊ အင်တာဗျူးဘယ်လို လုပ်ဖို့ ဘယ်လိုပြင်ဆင်ရသလဲ၊ ဘယ်လိုမေးခွန်းတွေကို မေးမြန်းကြသလဲ၊ ရယူလာတဲ့သတင်းတွေကို ဘယ်လိုရေးသလဲ၊ ရေးထားတဲ့သတင်းတွေကို ဘယ်လိုပြန်လည် တည်းဖြတ်ပြီး ရေးသားရသလဲ၊ ဘယ်လိုအတိုချူံးပြီး လိုရင်းကို ရေးရသလဲ၊ သတင်းတွေရဲ့ ပုံစံ ဘယ်နှစ်မျိုးရှိသလဲ၊ အယ်ဒီတာရဲ့ အလုပ်ကဘာလဲ၊ အယ်ဒီတာနဲ့သတင်းရေးသူရဲ့ ဆက်ဆံရေး ဆက်သွယ်မူက ဘာလဲ၊ အယ်ဒီတာ တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ၊ သတင်းခေါင်းစဉ်ကို ဘယ်လိုပေးသလဲ၊ ပုံတွေကို ဘယ်လိုရွေးသလဲ၊ စကားလုံးနဲ့ပုံရဲ့ ဆက်သွယ်ချက်၊ ဒီဇိုင်းဆရာအလုပ်၊ သတင်းတစ်ပုဒ်ရဲ့အမြင်ကို ဘယ်လိုဖော်သလဲ၊ သတင်းရေးတဲ့စတိုင် စသည်ဖြင့် တွေသာမက လက်တွေ့ဘ၀မှာ သတင်းစာ၊ မဂ္ဂဇင်းတွေရဲ့ အရေးပါမူတွေကိုပါ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားပါတယ်။)

(သူ့စာအုပ်အခန်းတိုင်းမှာ ယနေ့ခေတ်နဲ့အညီ ၀က်ဆိုက်တွေ၊ သတင်းမီဒီယာတွေကို ထည့်သွင်းထားတာကြောင့် ယနေ့စာဖတ်သူတွေအနေနဲ့ ထပ်မံ ဆက်လက်လေ့လာ လိုက်စားဖို့ အထောက်အကူဖြစ်မှာပါ။ အမှန်ပြောရရင်တော့ စာအုပ်တစ်အုပ်လုံးဟာ စိတ်ဝင်စားဖွယ်ကောင်းလောက်အောင် ရေးသားထားတာမှန်သောလည်း တခါတခါတော့ ငြီးငွေ့ဖွယ်ကောင်း စာရင်းဇယားတွေ၊ ဂရပ်တွေနဲ့ ရှင်းလင်းချက်တွေ တွေ့ရသေးတယ်။)

(ဖတ်လို့ကောင်းပါတယ်။ ဘာသာပြန်မယ်ဆိုရင်တော့ တော်တော်လေး တည်းဖြတ်ပြီး လူစိတ်ဝင်စားအောင် ပြန်ရေးရပါလိမ့်မယ်။ အခုသူ့နိဒါန်းကိုလေ့လာကြည့်ရုံနဲ့ သတင်းစာပညာရဲ့သဘောတရားများကို စိတ်ပါဝင်စား ဖတ်ရူချင်လောက်ပါတယ်။ သတင်းလိုက်သူတွေရဲ့ စိတ်လှူပ်ရှားစရာအခန်းတွေကလည်း ပါတယ်ဆိုတော့ စာဖတ်သူတွေ မပျင်းတော့ဘူးပေါ့။ သတင်းလိုက်ခြင်း၊ သတင်းရေးခြင်း အတတ်ပညာပိုင်းဆိုင်ရာများ ကိုပါ ရေးသားထားတာကြောင့် တချိန်ချိန်တော့ စိတ်ဝင်စားစရာ အခန်းတချို့ကို ဘာသာပြန်ကြည့်ပါဦးမယ်။)

ဂျူနီယာဝင်း

(REF : (Journalism by James Glen Stovall 2011, PHI Learning Private Limited မှ နိဒါန်းကို ကိုးကားရေးသားပါသည်။)

Comments