ထွန်းဝင်းငြိမ်း- သခင်ဇင် (၁၉၁၂ - ၁၉၇၅) အပိုင်း (၂)

သခင်ဇင် (၁၉၁၂ - ၁၉၇၅)
အပိုင်း (၂) 

ထွန်းဝင်းငြိမ်းပြုစုသည်
(မိုးမခ) မတ် ၁၄၊ ၂၀၁၈

ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်

၁၉၄၄ ခုနှစ် ဂျပန်ခေတ်မှာ သခင်ဇင်နှင့် ဆုံတွေ့ရပုံကို ကလောင်ပျံ ဦးဘကိုးက ရေးသားဖော်ပြရာမှာ ''ဂျပန်ခေတ်ရောက်သောအခါ ဂိုးလ်ဒင်းဘယ်လီ Golden Velly(ယခု- ရွှေတောင်ကြား)ရှိ သခင်သန်းထွန်း အိမ်တွင် ကိုဇင့်အား သခင်သန်းဖေ(ဖြူး)နှင့်အတူ တွေ့ရပါသည်။ ၁၉၄၄ ခုနှစ် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (နောင် ဖဆပလ) ဖွဲ့စည်းပြီးစအချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ဖက်ဆစ် ဂျပန်တော်လှန်ရေးနှင့် ဆက်စပ်မည်ဟုတွေးမိသဖြင့် ဘာကြောင့်လာသည်ကိုမမေးဘဲ ကိုယ်ရေးကိစ္စကို သာ သူနဲ့ပြောပါသည်'' ဆိုပြီးရေးခဲ့တာကို တွေ့ရပါတယ်။

၁၉၄၄ ခုနှစ် ဖက်ဆစ်တော်လှန်ရေး မတိုင်ခင်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပါတီကလာပ်စည်းများ ဖွဲ့စည်းရေးတာဝန်ယူခဲ့ကာ ပါတီ ဝင်များဖြစ်ရေးအတွက် လျှို့ဝှက်သင်တန်းများဖွင့်လှစ်ပြီး သခင်ဇင်ကိုယ် တိုင် မာ့က်စ်လီနင်သဘောတရားရေးနှင့် အနုပဋိလောမရုပ်ဝါဒကို ပို့ချသင်ကြားပေးခဲ့ကြောင်း၊ ထို့နောက် ပါတီကလာပ်စည်းများဖွဲ့စည်းကာ ဂျပန်ဆန့်ကျင်ရေးအတွက် လုပ်ငန်းတာဝန်များချမှတ် တာဝန်ပေးခဲ့ ကြောင်း၊ လုပ်ငန်းစဉ်များအဖြစ် ရိက္ခာစုဆောင်းခြင်း၊ လက်နက်ပုန်းများ စုဆောင်းသိမ်းဆည်းခြင်းဖြင့် လျှို့ ဝှက်တပ်မတော်သားများကို လျှို့ဝှက်ထိန်းသိမ်းခြင်း စသည့်အလုပ်တာဝန်များချမှတ်ပေးခဲ့ကြောင်း၊ ဂျပန် တော်လှန်ရေးအတွက် ပြင်ဆင်သည့်လုပ်ငန်းစဉ်များချမှတ်ပေးခြင်းတို့ဖြစ်ကြောင်း ဗကပတပ်မှူးဟောင်း ဦးစောရင်က ရေးသားခဲ့ပါတယ်။

ဖက်ဆစ်တော်လှန်ရေးစတဲ့အခါမှာ သခင်သန်းထွန်းရဲ့တာဝန်ပေးမှုအရ တိုင်း ၄ စစ်ရေးတာဝန်ခံ ဗိုလ်မှူး ချုပ်ကျော်ဇောနဲ့သွားတွေ့ချိန်မှာ သခင်ဇင်နဲ့လည်းတွေ့ရပုံကို ကလောင်ပျံ ဦးဘကိုးက အခုလို မှတ်တမ်း တင်ခဲ့ပါတယ်။

''၁၉၄၅၊ မတ်လ ၂၇ ရက်တွင် ဂျပန်တော်လှန်ရေးစသောအခါ ကျွန်တော်သည် ဖြူးအနောက်ဘက်၊ ပဲခူးရိုး မပေါ်တွင်ဖွင့်လှစ်ထားသော သခင်သန်းထွန်း၏နိုင်ငံခြားဆက်သွယ်ရေးစခန်း၌ တာဝန်ကျသောကြောင့် တိုင်း (၄) စစ်ရေးတာဝန်ခံ ဗိုလ်ကျော်ဇောမှတဆင့် ဆက်သွယ်သွားရမည်ဖြစ်သဖြင့် ဗိုလ်ကျော်ဇောရှိလေ ရာ ညောင်လေးပင်အနောက်ဘက် သုံးမိုင်ခန့်ဝေးသော ဒိုးတန်းကျေးရွာသို့သွားပြီး ဗိုလ်ကျော် ဇောနှင့် တွေ့ရပါသည်။ အခန့်သင့်ပင် ကိုဇင်နှင့်ပါတွေ့ရသဖြင့် ဝမ်းသာရပါသည်။
ကျွန်တော်ရှေ့ဆက်ရမည့်အရေးတို့ကို ကိုဇင်ကပင် စီစဉ် ပေးပါသည်။''
ဖက်ဆစ်တော်လှန်ရေးမှာ သခင်ဇင်နဲ့အတူ နိုင်ငံရေးမှူးတာဝန်ယူခဲ့ဖူးတဲ့ ဗကပ-တပ်မှူးဟောင်းဦးစောရင် က သူ့ရဲ့တော်လှန်ရေးအတွေ့ အကြုံကို အခုလို ရေးသားခဲ့ပါတယ်။

''၁၉၄၅၊ မတ်လ ၂၇ ရက်ည တော်လှန်ရေးမစခင် ညနေပိုင်းတွင် ဒိုက်ဦး မြို့၊ဖောင်ဝဲရွာသို့ သွားခဲ့ရပြီး ည ဘက်ချီတက်မည့် အစီအစဉ် များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ရပါသည်။ ညပိုင်းတွင် တပ်ခွဲတခွဲကို ဗိုလ်ကြီးဘသိန်းဦးဆောင်ပြီး ချီတက်လာသောတပ်အား တော်ဝိမှကြိုဆိုပြီး ကောင်းမယ်သူ၊ အင်ကုန်း၊ ကရင်ရွာမဘက်သို့ ချီတက်နေရာယူခဲ့ရပါသည်။ မိမိမှာ တပ်ခွဲနိုင်ငံရေးမှူးတာဝန်ဖြင့် တပ်ခွဲမှူးနှင့်အတူ တပ်ခွဲကိုခေါင်းဆောင်ရန် ဖြစ်ပါသည်။ သခင်ဇင်မှာ တပ်ရင်းမှူးဗိုလ်မှူးအုန်းကျော်တို့နှင့်အတူတွဲပြီး တပ် ရင်း နိုင်ငံရေးမှူးအဖြစ် တာဝန်ယူခဲ့ရပါသည်။''

''တိုက်ခိုက်ရေးအတွက် တပ်မှူးများမှာ တာဝန်ရှိသော်လည်း နိုင်ငံရေးမှူးများ၏ သဘောတူညီမှုဖြင့်သာ တိုက်ပွဲများတိုက်ခိုက်ကြရပါသည်။ သခင်ဇင်ဦးဆောင်ရသည့်တပ်ရင်းမှာ တိုင်း ၄၊ တပ်ရင်း ၁ဝ၁ ဖြစ်ပါ သည်။ မိမိက ယင်း ၁ဝ၁ မှ တပ်ခွဲတခွဲ၊ ခွဲ(၁)ကို တာဝန်ယူ ခဲ့ရ ပါသည်။ မြို့နယ်အတွင်း အစုကွဲဂျပန်များ အား လိုက်လံချေမှုန်းခြင်း၊ ဌာန(ရဲ) စခန်းများကိုဝင်ရောက်စီးနင်းခြင်းများ လုပ်ကြရပါသည်။ သခင်ဇင်နှင့် တပ်ရင်းမှူးတို့သည် မိမိတို့မရောက်ခင် ဖဒိုဌာနသို့ စီးနင်းဝင်ရောက်ကာ လက်နက်များရယူသိမ်းဆည်း ထားပြီးဖြစ်သဖြင့် ရဲနွယ်ချောင်းမှ စုန်ဆင်းလာသော ဂျပန်အစုကွဲများကို မိမိတပ်ခွဲက လိုက်လံတိုက်ခိုက်ခဲ့ ကြရပါသည်။''

ဆက်လက်ပြီး ''စစ်ပွဲပြီးဆုံးသည်နှင့်တပြိုင်နက် မိမိနှင့်သခင်ဇင်တို့မှာ မူလအတိုင်း အဖွဲ့အစည်းတာဝန်များ ကို ဆက်လက်တာဝန်ယူခဲ့ကြရသဖြင့် သခင်ဇင်က မြို့နယ်ဖဆပလအတွင်းရေးမှူးတာဝန်ယူပြီး မိမိမှာ မြို့နယ်တောင်သူလယ်သမားဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရပါသည်။ သခင်ဇင်မှာ တကြိမ်တည်း၊ တချိန် တည်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖြစ် တာဝန်ယူခဲ့သည်ဟု သိရပါသည်''

တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ

ဗကပတပ်မှူးဟောင်းဦးရဲလင်းရဲ့မှတ်တမ်းတခုမှာတော့ ''ဖက်ဆစ်တော်လှန်ရေးအပြီး ကွန်မြူနစ်ပါတီက တောင်သူလယ်သမားသမဂ္ဂကို ဖွဲ့စည်းလိုက်၏။ ဥက္ကဋ္ဌ သခင်သန်းထွန်း၊ အထွေထွေအတွင်းရေးမှူး သခင် သန်းမြိုင်(ဖြူး)ဖြစ်၏။ သခင်ဇင်သည် ဗဟိုသမဂ္ဂအမှုဆောင်၊ ပဲခူးခရိုင်၊ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဖြစ်၏။''ဆိုပြီး တွေ့ရပါတယ်။

ဆက်လက်ပြီးတော့ သခင်ဇင့်ကို ပုဂ္ဂိုလ်ရေးအကဲဖြတ်ချက်များ ရေးသားရာမှာ...
''သခင်ဇင်သည် ရိုးသည်။ အေးသည်။ ဖြောင့်မတ်သည်။ လုံ့လဝီရိယ ရှိသည်။ ဇွဲကြီးသည်။ စိတ်ရှည် သည်။ ပြဿနာတရပ်ကို ပြေလည်သွားသည်အထိ ရှင်းလင်းနိုင်စွမ်းရှိသည်။ တနည်း စည်းရုံးရေးစွမ်းရည် ရှိ၏။ စည်းကမ်းကြီး၏။ ငွေရေးကြေးရေး လက်မဖွာ၊ စိစစ်သည်။ စာရင်းအင်း တိတိကျကျထား သုံးစွဲ တတ်သည်။ နာမည်ပျက် တစက်မျှမရှိ။ ထူးခြားမှုတစ်ခုမှာ ဘာပစ္စည်းသုံးသုံး အကောင်းစားကိုသုံး၏။ အကောင်းစားသည် ဈေးကြီးသော်လည်း တာရှည်ခံသည်။ ဈေးပေါတာက ခဏခဏ ပျက်၊ပြင်ရ။ ပြင်ခနဲ့ပင် ၂ ဆခန့်ဈေး ဖြစ်သွားတတ်သည်ဟု တွက်ပြသည်။ သူ့အတွက် ပစ္စည်းဝယ်ရာမှာသာ သုံးခြင်း မဟုတ်။ အများအတွက် တာဝန်ယူရာမှာပင် သူ့မူအတိုင်း ကျင့်သုံး၏။

စာကြမ်းရေးသည့်အခါတိုင်း လက်ရေးသော့မရေး။ စာချောရေးသလိုပင် သပ်သပ်ရပ်ရပ်ရေး၏။ အမှားပြင် စာဖြည့်လုပ်သည့်အခါ သေသေသပ် သပ်ရေးပြီး ပြင်တတ်၊ ဖြည့်တတ်၏။ အားကစားလိုက်စား၏။ ဘောလုံးသမားဖြစ်ခဲ့သူဖြစ်၍ ရောက်ရာတွင် ဘောလုံးကန်နိုင်အောင် စုစည်း၏။ ဘောလုံးကန် သင်ပြ၏။ အအိပ်အနေနည်း၏။ မအိပ်ဘဲလည်း အလုပ်လုပ်နိုင်၏။ အစားအသောက် ချေးမများ။ အများစားသလို စား၏။'' ဆိုပြီး တွေ့ရပါတယ်။

စစ်နိုင်ကွန်ဂရက်နှင့်

၁၉၄၅ ခု၊ ဇူလိုင်လ ၂ဝ ရက်နေ့မှာ စမ်းချောင်း၊ ဗားကရာလမ်းက ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယ အကြိမ်မြောက် ပါတီကွန်ဂရက်ကျင်းပခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေး အောင်ပွဲခံချိန်မှာ ကျင်းပတဲ့ကွန်ဂရက်မို့ ကွန်ဂရက်သဘာပတိဖြစ်တဲ့ သခင်သန်းထွန်းက '' စစ်နိုင်ကွန် ဂရက်'' လို့ သုံးနှုန်းခဲ့ပါတယ်။ အဲဒီကွန်ဂရက်ကို သခင်ဇင်တို့ ပဲခူးမြောက်ပိုင်း စည်းရုံးရေးအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပုံကို သခင်တင်မြရဲ့ ''ဘုံဘဝမှာဖြင့်စာအုပ်'' (ပထမအကြိမ်၊ ၁၉၇၄၊ သြဂုတ်လ) စာ-၈၁၂ မှာတော့ အခုလို တွေ့ရပါတယ်။

''ကိုကြီးမြင့်တို့အား ပါတီတရားဝင်ရပ်တည်ခွင့်ရရေးအတွက် ပါတီဆိုင်းဘုတ်များ အမြန်တင်ရန် ညွှန်ကြား ချက်ကို မလိုက်နာဘဲပျက်ကွက်ခြင်း၊ လက်နက်များဝှက်ထားခြင်းတို့အတွက် ပါတီညီလာခံတက် ရောက် ခွင့်မပြုဘဲ ကိုယ်စားလှယ်စာရင်းမှပယ်ဖျက်လိုက်ပါသည်။ ကိုကြီးမြင့်ခေါင်းဆောင်သည့် ပဲခူးတောင်ပိုင်း စည်းရုံးရေးအဖွဲ့ဝင်များအနေဖြင့် ဤသို့ကိုယ်စားလှယ်စာရင်းမှ ပယ်ဖျက်ခံရသော်လည်း သခင်ဇင်(ယခု-ဗကပဗဟိုကော်မတီဥက္ကဋ္ဌ) ခေါင်းဆောင်သော ပဲခူးမြောက်ပိုင်းစည်းရုံးရေးအဖွဲ့ဝင်များမှာမူ ပါတီကွန်ဂရက် သို့ တက်ခွင့်ရကြပါသည်။

သခင်ဇင်ခေါင်းဆောင်သည့် မြောက်ပိုင်းစည်းရုံးရေးအဖွဲ့ကလည်း ကိုကြီးမြင့်တို့အား ပါတီကွန်ဂရက်သို့ တက်ရောက်ခွင့် ပေးပါရန် တောင်း ဆိုကြပါသည်။ တောင်းဆို၍မရသောအခါ ပါတီကွန်ဂရက်သို့ သူတို့ မတက်တော့ဟုပြောလာသဖြင့် သခင်သန်းထွန်းနှင့် ကျွန်တော်မှာ သခင်ဇင်တို့အား ပါတီကွန်ဂရက်သို့ တက်ရန် အတော်ပင် ပြောဆိုဆွေးနွေးကြရပါသည်။''

ဖူးစာဖက်

၁၉၄၆ ခုနှစ်က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အလယ်ပစ္စယံမှာ ဖဆပလ ညီလာခံကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကွန်ဂရက်ကို ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဇနီး ဒေါ်ခင်ကြည်က ဥက္ကဋ္ဌ၊ သခင်ဗဟိန်းဇနီး ဒေါ်ခင်ကြီးက ဒု-ဥက္ကဋ္ဌဖြစ်ပြီး ညောင်လေးပင်သူဒေါ်ကြည်ကြည် က အလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။

၁၉၄၇ ခုနှစ်၊ မေလမှာတော့ သခင်ဇင်ဟာ ညောင်လေးပင်မြို့က ဦးဘဦး၊ ဒေါ်လွင်တို့၏သမီး ဒေါ်ကြည် ကြည်နဲ့ လက်ထပ်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး မမကြည်(ဒေါ်ကြည်ကြည်)ကို ကြည်ကြည်ဇင်လို့ ခေါ်ကြတဲ့အပြင် အများက ကြည်ကြည်ဇင်လို့အသိအမှတ်ပြုကြောင်းေ ဒ်ါခင်လက်ျာရဲ့ ဒေါ်ကြည်ကြည် (၁၉၂ဝ-၂ဝဝ၁) ဆောင်းပါးမှာ ရေးသားထားပါတယ်။

သခင်ဇင် ဒေါ်ကြည်ကြည်နဲ့ အိမ်ထောင်ကျတာကို ကလောင်ပျံဦးဘကိုးက အခုလိုမှတ်တမ်းတင်ပါတယ်။

''တော်လှန်ရေးပြီးဆုံးပြီးနောက် ကာလအတန်ကြာသောအခါ ကိုဇင်နှင့် မကြည်ကြည်တို့ လက်ထပ်လိုက် ကြပြီဆိုသောသတင်း ရန်ကုန် သို့ရောက်လာသောအခါ ရဲဘော်များက အမျိုးမျိုးထင်မြင်ချက်ပေးကြပါ သည်။ 'ကိုဇင်ဟာမိန်းမပိုးတတ်တဲ့သူမဟုတ်ဘူး။ ဘယ်လိုလုပ် မိန်းမရတာလဲ' ဟူ၍လည်းကောင်း၊ 'လူ မတတ်ပေမယ့်၊ လက်ဖက်ထုပ်တတ်တာဖြစ်မှာပေါ့' ဟူ၍လည်းကောင်း၊ 'တုတ်နဲ့ ပစ်လို့ရရ၊ ခွေးကိုက် လို့ရရ၊ ယုန်ရဖို့ပဲ အရေးကြီးတယ်'ဟုဆိုသူကဆို။ နောက်ဆုံး ရဲဘော်တယောက်က ညောင်လေးပင် အလှ ဘုရင်မကို ကိုဇင်ရတာ ကော်တာပေါ့'ဟုပြောချလိုက်ရာ အားလုံးသော ရဲဘော်များက 'ဟုတ်တယ်၊ မှန် တယ်' ဟု သြဘာပေး ထောက်ခံလိုက်ကြပါသည်။''

တိုင်းပြုပြည်ပြုလွှတ်တော်အမတ်

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံမခံရမီ ပြုလုပ်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာ ပဲခူးမြေက် ပိုင်းကနေ သခင်ဇင်နဲ့ ဗကပတပ်မှူးဟောင်း သခင်စောရင်တို့ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြပုံနဲ့ ၁၉၄၇ ဖြူးလယ်သမား သမဂ္ဂကွန်ဂရက်အကြောင်းတို့ကို သခင် စောရင်က အခုလို ရေးသားဖော်ပြခဲ့ပါတယ်။

''၁၉၄၇ တိုင်းပြုပြည်ပြုဥပဒေရေးဆွဲရေး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပဲခူးမြောက်ပိုင်းမှ သခင်ဇင်နှင့် မိမိတို့ ယှဉ်ပြိုင်အရွေးခံခဲ့ကြသော် လည်း ဖဆပလ၏ မသမာသည့်လုပ်ရပ်ကြောင့် မိမိတို့ အရွေးမခံရပါ။ ၁၉၄၇ ဖြူးကွန်ကရက်တွင် သခင်သန်းထွန်း ဥက္ကဋ္ဌ၊ သခင်ဇင် ဒု-ဥက္ကဋ္ဌ၊ သခင်သန်းဖေအထွေထွေအတွင်း ရေးမှူး၊ သခင်တင်ဖေ တွဲဖက်-အထွေထွေအတွင်းရေးမှူးနှင့် မိမိအပါအဝင် သခင်စောရင်တို့ ဗဟိုအလုပ် အမှုဆောင် ၁၅ ဦးအဖြစ် ရွေးချယ်တင်မြှောက်ခံကြရပါသည်။''


၁၅၊ ၃၊ ၁၉၄၇ နေ့စွဲထုတ် သူရိယ သတင်းစာမှာ

''သိန်းသန်းပါတီအမတ်လောင်းများ၊ ပေါ်လစ်ဗြူရိုက ရွေးကောက်ပွဲမဝင်'' ခေါင်းစီးနဲ့ ဧပြီလ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီက အောက်ပါအတိုင်း ကိုယ်စားလှယ် များ တင်သွင်း အရွေးခံလိမ့်မည်ဖြစ်ကြောင်း။

၁။ တောင်ငူတောင်ပိုင်း (၁) သခင် သန်းဖေ။ (၂) ဗိုလ် သိန်းတန်။ ၂။ တောင်ငူမြောက်ပိုင်း။ (၁) ဗိုလ် မောင် မောင်သန်း။ (၂)ဦးထွန်းဖေ။ ၄။ ပျဉ်းမနားခရိုင် တောင်ပိုင်း (၁)သခင်တင်ထွန်း၊ (၂)ကိုမောင်မောင်။ ပျဉ်းမနားခရိုင်မြောက်ပိုင်း (၁) ကိုလှ။ (၂) သခင် တင် ရှိန် (ပျဉ်းမနား)။ ပဲခူးမြောက်(၁) သခင်ဇင်။ (၂) သခင် စောရင်။ သရက် အနောက် (၁) ဗိုလ်ရန်အောင်။ (၂) ကိုဘအောင်။ သရက်အရှေ့ပိုင်း (၁)သခင်ဘအေး။ (၂) သခင်သွင်။ ဟင်္သာတမြို့မ (၁) ဗိုလ်အောင်မင်း။ ရန်ကုန် သိမ်ဖြူ (၁) သခင်ချစ်။ ဗိုလ်တထောင် (၁) ဗိုလ်ဘတင်။ (၂)ကိုစံေ ကျာ်(ဒလ)။ မြောင်းမြအနောက် (၁) သခင်ဗိုလ်ဦး။ (၂) ကိုမြမောင်(အိမ်မဲ)။ မြောင်းမြအရှေ့ သခင်သိန်းမောင်နှင့်ခရိုင်ပါတီမှ သူသဘောတူသူတဦး။ ပုသိမ် တောင်ပိုင်း (၁) ကိုတင် ကွန့်။ (၂) ကိုဝင်းမောင်။ ထားဝယ်၊ သံတွဲ၊ ကျောက်ဖြူတို့တွင် ကိုယ်စားလှယ်များတင်ရန် ဆိုင်ရာပါတီခွဲ များသို့ ဗဟိုကော်မတီက ညွှန်ကြားထားကြောင်း။

ပေါ်လစ်ဗြူရိုက အရွေးမခံ

ပေါ်လစ်ဗြူရိုအဖွဲ့ဝင်များသည် ရွေးကောက်ပွဲလုပ်ငန်းအရပ်ရပ်ကိုဦးစီးနိုင်ရန်အတွက် ကိုယ်စားလှယ်အဖြစ် အရွေးမခံရန်ဗဟိုကော်မတီ က ဆုံးဖြတ်လိုက်ကြောင်း၊ အရွေးခံရသော ကွန်မြူနစ်ကိုယ်စားလှယ်များကို တိုင်းပြုပြ ည်ပြု လွှတ်တော်တွင်ဗဟိုကော်မတီလူကြီးများ ဖြစ်သော သခင်သန်းဖေ၊ သခင်တင်ထွန်း၊ သခင်ဇင်၊ ဗိုလ်သိန်းတန်တို့က ရှေ့ဆောင်လိမ့်မည်ဖြစ်ေ ကြာင်း။ စသည်ဖြင့်ဖေါ်ပြခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ထွန်းဝင်းငြိမ်း
(သခင်ဇင် စာအုပ်၊ ယဉ်မျိုး စာအုပ်တိုက်၊ ၂၀၁၆ မှ)

Comments