မြင့်မြတ်သိင်္ဂီ - အဖြူရောင်ပိတ်ကားထက်ကအလွမ်းရောင်လွင်ပြင်

မြင့်မြတ်သိင်္ဂီ ● အဖြူရောင်ပိတ်ကားထက်က  အလွမ်းရောင်လွင်ပြင်
(မိုးမခ) မတ် ၁၅၊ ၂၀၁၈

ရာသီတွေ အလီလီပြောင်းခဲ့ပြီ။ နှစ်တွေလည်း တရွေ့ရွေ့ အိုဟောင်းပြောင်းလဲသွားခဲ့သလို မိမိတို့အရွယ် အသက်သည်လည်း တနေ့ချင်း တရက်ချင်း တလချင်း တနှစ်ချင်းဖြင့်  ကြီးရင့်သထက် ကြီးရင့်လို့ လာခဲ့ လေပြီ ။

သို့သော် မည်မျှပင်မည်သို့ပြောင်းလဲပါစေ၊ အတိတ်၏ခြေရာတို့နှင့် အရိပ်ပမာဆုံရလေတိုင်း မိမိစိတ်အစဉ် တို့က နုသစ်လန်းဆန်းလာကာ ငယ်ဘဝဆီသို့ စိတ်စေစရာမိသွားတတ်ပြီး လန်းဆန်းပျော်ရွှင်စရာ၊ ကြည်နူး ချမ်းမြေ့စရာများ ပြန်လည်ခံစားမိရင်း အဆုံးမှာတော့ လွမ်းရိပ်ဝေရမြဲ ဖြစ်ကာ နွမ်းလျကျန်ရစ်ရလေသည်။

အထူးသဖြင့် လေးငါးတန်းအရွယ် ဆယ်စုနှစ်မောင်မယ်ကလေးများကို မြင်ရလေတိုင်း မိမိတို့၏ ထိုအရွယ် ထိုဘဝကို ပြန်ပြောင်း သတိရ တမ်းတမိရပြီ။

သို့သော် သူတို့ကလေးများ၏ ယခုခေတ်နေထိုင်လှုပ်ရှားအပြုအမူများက မိမိတို့နှင့် အနည်းငယ်မျှ ကွာခြား နေခဲ့သည်ကို သတိပြုမိရပြီ။ ယခုအခါ သူတို့က ဖုန်းထဲက Game တွေကို သာ ထိုင်ရာမထစွဲစွဲလမ်းလမ်း ကစားတတ်ကြသည်။ သူတို့ငယ်ဘဝနှင့် မိမိတို့ကလေး ဘဝ အာရုံကျက်စားမှု ဝင်စားမှုတို့ကမတူကြတော့။ နည်းပညာခေတ်ကြီးကပဲ ခြားနားပြောင်းလဲ လိုက်ရော့သလားပေါ့။
မိမိတို့ သူတို့အရွယ်လောက်ကမူ ပြေးတမ်းလိုက်တမ်း ကစားကြသည်။ ဇယ်တောက်ကြ၊ ကြိုးခုန် ကြသည်။ တူတူပုန်းကြ၊ ထုတ်စည်းတိုးကြသည်။ ပျော်စရာလွမ်းစရာကောင်းလိုက် ပါဘိတော့။ 

မှတ်မိနေပါသေးသည်။ ထိုစဉ်က အိမ်မှာ ရွယ်တူမတိမ်းမယိမ်း ညီအစ်မတွေက ၄ ယောက်၊ အိမ်ရှေ့အိမ် နှင့် ဘေးအိမ်မှ လာကစားသည့် မတိမ်းမယိမ်းသူငယ်ချင်း ကောင်လေးကောင်မကလေးတွေက ၃ ယောက်၊ ပေါင်း ၇ ယောက်စုကြကစားကြသည်မှာ တအိမ်လုံး မှောက်မတတ်။ လူကြီးတွေရှိနေလျှင်တော့ ခပ်တည် တည် ငြိမ်ကြသည်။ လူကြီးတွေအပြင်ထွက်၍ ကလေးတွေချည်းကျန်သည်နှင့် မျောက်ရှုံးအောင် ဆော့ကြ တော့သည်။ ထိုအဖွဲ့ထဲမှာ အကြီးဆုံး ဖြစ်သည့် မိမိက အကဲဆုံးဖြစ်ခဲ့သည်။

တူတူပုန်းတမ်းကစားကြတော့ သူတကာတွေလို အကွယ်တွေမှာမပုန်း၊ မိန်းကလေးတန်မဲ့ အိမ် ထုပ်တန်း ပေါ် တက်ပုန်းသည်။ ထုပ်တန်းကြီးပေါ် မကြောက်မရွံ့ကားယားမှောက်ရင်း မိမိကို လိုက်ရှာနေသူကို အပေါ်စီးမှကြည့်လျက် တခွီခွီသဘောကျနေခဲ့၏။

ထို့ပြင် ထိုစဉ်က အိမ်ခေါင်းရင်းမှာ သရက်ပင်ကြီးတပင်ရှိသည်။ နွေဆို သရက်ကင်းကလေး တွေ မိုးအစဆို သရက်သီးတွေ ပြွတ်နေအောင် သီးတတ်သည်။ တခါတရံ သရက်သီးတွေ ကို တံချူနှင့်မခူးဘဲ ထိုသရက် ပင်ကြီးခွဆုံအထိ လှေကားထောင်တက်ကာ ခွဆုံမှာထိုင် လျက် ဝါးလုံးတချောင်းဖြင့် သရက်သီးများ ပုတ်ချ တတ်သည်။ အမှန်က သရက်သီး ခူးချင်သည်ထက် အပင်ပေါ်တက်ချင်၍ ဖြစ်ပါသည်။ သို့သော် အတက်မှာ ဟုတ်တိပတ်တိ ခွဆုံ အထိတက်ပြီးကာမှ အဆင်းကျတော့မှ မဆင်းရဲတော့၍ ထိုသရက်ပင်ခွဆုံကြီးမှာ ကြောက်ကြောက်ရွံ့ရွံ့ထိုင်ငိုခဲ့ဖူးသည်ကို အမှတ်ရသည်။ 

မိုးဦးလေဦး သရက်သီးတွေ ကြွေချိန်ဆို ကိုယ်တိုင်လည်း အပြေးအလွှားသွားကောက်ကြ သလို လမ်းက ဖြတ်သွားရင်း သရက်သီးကြွေ ကောက်ကြသူများကို မျက်စောင်းတထိုးထိုး ရန်စောင်ခဲ့ ကြသည်မှာ အခု ပြန်တွေးမိတော့ ရယ်စရာကောင်းလှပါသည်။

နေ့လည်နေ့ခင်း လူကြီးတွေမရှိချိန်ဆို ကလေးတသိုက် သရက်သီးတွေကို ခဲတံချွန်ဓားနှင့် လှီးဖြတ် အခွံ သင်ကြ ငါးပိစိမ်းတွေနှင့် တို့စားသုတ်စားကြသည်မှာ တပျော်တပါး။ တခါ တလေတော့လည်း ထိုသရက် သီးလုရင်း ဆော့ကစားရင်း ကလေးတသိုက်ရန်ဖြစ်တတ်ကြ သေးသည်။

သို့သော် အိမ်ရှေ့အိမ်မှ ဆရာကြီးက တုတ်ကြီးကိုင်၍ အရိပ်ပြအသံပေးလိုက်သည်နှင့် ကိုယ်စီ ဇက်ကလေး တွေပုကာ ငြိမ်သွားကြတော့၏။
ထို့နောက်တော့ ချက်ချင်းပင် မျောက်ရှုံးအောင် ဆက်ကစားကြပြန်ပါသည်။ သာမန်ကလေးတွေ ကစားကြ သလို အိုးပုတ်ကလေးတွေဖြင့် ထမင်းဟင်းချက်တမ်း ဈေး ရောင်းတမ်းလည်း ကစားကြသည်။ ထိုမျှမက ရိုးရိုးကစားရတာ အားမရကြ။

ကြည့်ဖူးသမျှ ဗွီဒီယို ရုပ်ရှင်ကားတွေထဲလို သရုပ်ဆောင်တမ်းလည်း ကစားကြပြန်သည်။ ထိုအခါ  အမေ လျှော်ဖွပ် မီးပူထိုးကာ သေသေချာချာကျကျနန ဗီရိုထဲထည့်ထားထပ်ထားခဲ့သော အဝတ်အစားတွေက မိမိ တို့ မျက်စိကျစရာဖြစ်လာပြန်၏။ ထို့ကြောင့် မမီ့တမီဗီရိုကြီး ကို အားကုန်သုံး၍ရအောင်ဖွင့်ကာ ထိုအထဲမှ ပြောင်ပြောင်လက်လက် အမေ့ချိတ်ထဘီတွေ ဖဲအင်္ကျီတွေ ပုဝါတွေ ဆွဲထုတ်သည်။ ထိုအဝတ်အစားတွေကိုအပေါ်မှထပ်ဝတ်လျက် မိမိ ကိုယ်မိမိ မင်းသမီးတပါးကဲ့သို့ဆင်သည်။ ထို့နောက် ခေါင်းပေါ်ကိုအင်္ကျီတထည်တင်၊ဆံပင် ပုံစံလုပ် ၊ဆံထုံးလိုလိုထုံးသရဖူကဲ့သို့ ပုံစံလုပ်ထားသည့်စက္ကူ ပတ် ကြီး ခေါင်းပေါ်တင်ကာ တယောက်တလှည့် သရုပ်ဆောင် တန်းကစားကြတော့သည်။

မှတ်မိနေပါသေးသည်။ သူ့ကျွန်မခံပြီ ရုပ်ရှင်ကားကြီးကြည့်ပြီးကာစ အချိန်။ ထိုဇာတ်ကားထဲက စုဖုရား လတ်ပုံ သရုပ်ဆောင်တမ်းကစားကြသည်။ အကုန်လုံးမှတ်မိလာကြသော ဇာတ်ဝင်ခန်းက စုဖုရားလတ်နှင့် ကင်းဝန်မင်းကြီး အချီအချပြောသောအခန်းနှင့် ဘုရင် မိဘုရားတို့ သင်္ဘောဆိပ်သို့ဆင်းရသော ဇာတ်ဝင် ခန်းတို့ ဖြစ်သည်။ ထို့ကြောင့် တယောက် တလှည့်စီ မပီကလာပီကလာသရုပ်ဆောင်ကစားကြရင်း မိမိ အလှည့်ရောက်တော့ အနားစ ပုံကျနေသည့် အမေ့ထဘီကြီးကိုဝတ်ကာ အဖျားကိုလက် ကလေးနှင့်ပြန်ဆွဲ ဖိုသီဖတ်သီ အဝတ်အစားကြီးဖြင့် စုဖုရားလတ် သင်္ဘောဆိပ်ဆင်းသည့်ပုံ သရုပ်ဆောင် ပြသည်။

မျက်နှာကိုတင်းချီကာ ခေါင်းမော့ဟန်လုပ်ပြီး ပါးစပ်က ပါတော်မူသီချင်းတပိုင်းတစကို ဆွဲဆွဲငင်ငင်ဆို လိုက်သေး၏သီချင်းက ပါတော်မူလေပြီ၊ ဒါပဲရသည်။ ဒါကိုပဲ သံရှည်ဆွဲ အထပ်ထပ်အခါခါ ဆိုလို့ ကောင်းနေစဉ်မှာပင် ကြည့်နေကြသော ကျန်ညီအစ်မများက ဟီးဟီးဟီးဟု ထငိုလိုက်ကြတော့ သရုပ် ဆောင်နေရာမှရပ်ကာ ဘာဖြစ်တာတုန်း ဘာလို့ ငိုကြတာတုန်းဟု အလန့်တကြား မေးမိတော့ စုဖုရား လတ်ကိုသနားလို့ တဲ့။
 
ထိုအခါမှပင် ဟယ်သရုပ်ဆောင်တာကိုဟုဆိုကာမိမိမှာ ငိုအားထက် ရယ်အားသန်ခဲ့ရဖူးပါ သည်။ ငယ်နုစဉ် အဖြူရောင်ထိုကာလများက သူ့ကျွန်မခံပြီဟူသော ရုပ်ရှင်ဇာတ်ကားကြီးမှ ဇာတိမာန် စိတ်ထားများသည် အမှန်တကယ်ပင် မိမိတို့နှလုံးသားထဲ ထိုးဖောက်ဝင်ရောက်ခဲ့ ဖူးပါသည်။

ထို့ပြင် တန်ဆောင်တိုင်ပွဲတော်ကာလက ကြည့်ခဲ့ကြရဖူးသော ရုပ်သေးပွဲများကို အတုယူကာ ရုပ်သေးပမာ ကလေးတယောက် ခြေလက်တို့ကို အပ်ချည်ကြိုးဖြင့်ချည်ကာ အောက်မှာ ရပ်စေ၍ မိမိက ခုံအမြင့်မြင့် ဆင့်ထိုင်ကာ ရုပ်သေးဆရာလုပ် ပါးစပ်က ရရာသီချင်းဆိုကာ ဟိုကြိုးမြှောက် ဒီ ကြိုးမြှောက်ဖြင့် ရုပ်သေး ကတမ်းလည်း ကစားခဲ့ဖူးကြသည်။

အိမ်မှာရှိသမျှ အဝတ်အထည်တွေပုံချကာ အထည်ရောင်းတမ်းလည်း ကစားခဲ့ကြသည်။
ထိုသို့ ကစားထားကြသမျှ ဖွထားသမျှ ညနေ အမေတို့ပြန်လာချိန်နီးပြီးဆို ညီအစ်မ တတွေ ကမန်းကတန်း ပြန်လည်သိမ်းဆည်းကြရပါသည်။ 
အမေပြန်လာ၍ ဖွထားကြောင်းသိသည်နှင့် ရေစိမ်ဘောစကိုင်းသားကြိမ်ဖြင့် ညီအစ်မ ၄ ယောက်စလုံး လက်ပိုက်ကာ တန်းစီအဆော်ခံကြရပါတော့သည်။ အရိုက်ခံရ၍နာသည့်အခါ ခြေသလုံးလေးတွေ ကိုယ်စီ ပွတ်သပ်ကာ မျက်ရည်ကျကြသော်လည်း ခဏသာ။ 

မကြာပြန်၍ တဟီးဟီးရယ်မိခဲ့ကြသည်သာ။ ထို့ပြင် ကျောင်းဆင်းညနေတချို့မှာ ရပ်ကွက်ထဲက စာအုပ် အငှားဆိုင်ဘက် ခြေဦးလှည့်တတ်ကြသေးသည်။
အသားမည်းမည်း ဆံပင်ကောက်ကောက် မျက်မှန်ကြီးနှင့် စာအုပ်ဆိုင်ပိုင်ရှင် ဦးအီကျားကြီးက သဘော အလွန်ကောင်းလှသည်။ မိမိတို့ငှားသွားသမျှ စာအုပ်တွေရက်လွန်မှ ပြန်အပ်ကြလည်း ရက်လွန်ကြေး မယူ တတ်။ စာအုပ်ငှားခတွေလျှော့ပေးသမျှ မိမိတို့ကလည်း အား ပါးတရ စာအုပ် တွေငှားကြ တော်တော်နှင့် ပြန်မအပ်ပဲထားကြ ငှားခတွေလျှော့ခိုင်းကြနှင့် စိတ်ကြိုက်သောင်း ကျန်းခဲ့ကြသည်။ တခါငှားလျှင် ကာတွန်း ရုပ်ပြမဂ္ဂဇင်းဝတ္ထုပေါင်းစုံ မ သွားတတ်ကြသည်မှာ ဆိုင်ကို တော်တော်နှင့် ပြန်မရောက်တော့။

ယခုတော့လည်း ပြောင်းလဲလာသောခေတ်နှင့်အညီ စာငှားသူရော စာဖတ်သူတွေပါ စာအုပ် တွေ နေရာမှာ ဖုန်းတွေအစားထိုး ကြည့်ကြဖတ်နေကြပြီ။
ထိုသို့ဖြင့် စာအုပ်တွေဖတ်လိုက် ရုပ်ရှင်ဗီဒီယိုတွေကြည့်လိုက် ကစားလိုက်ဖြင့် ထိုအရွယ် ထိုအချိန်ကို ပျော် ပျော်ပါးပါးဖြတ်သန်းခဲ့ကြသည်။ ထိုမျှမက အမှတ်တရတွေကြားမှာ တခါ ကလည်း အဆော့လွန်ကာ အအ ဖြစ်မည့် အခြေအနေထိရောက်ခဲ့ဖူးသည်။

မှတ်မှတ်ရရ မိကျောင်းလုပ်တမ်းကစားကြချိန်။ အလှည့်ကျသူက မိကျောင်းပုံစံဖြင့် သူ့ ပိုင်နက်ရေဟု သတ် မှတ်ထားသောကွက်လပ်အတွင်း ဖြတ်ပြေးသူကို ဖမ်းရသည်။ မိသည့်သူက မိကျောင်း ပြန်လုပ်ရသည်။ မိမိမိကျောင်းလုပ်ရမည့်အလှည့်မှာ ရိုးရိုးမဖမ်းဘဲ မိကျောင်းကြီးက ပုလွေပါ မှုတ်မယ်ဟေ့ဆိုကာ ဝါးတူ တုတ်တချောင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ နှုတ်ခမ်းမှာတေ့လျက် ပုလွေမှုတ်ဟန်ဖြင့် ဖြတ်ပြေးသူများကို လိုက်ဖမ်းလေရာ တယောက်က သူ့မိသွားမည်စိုး၍ လက်နှစ်ဖက်ဖြင့် မိမိကိုတွန်းလိုက်ပါ၏။

စူးခနဲနာကျင်မှုနှင့်အတူ အာခေါင်ထဲစိုက်သွားသော ဝါးတူကို ကယောင်ကတမ်း ဆွဲထုတ် လိုက်မိတော့ သွေးတွေပါ ပါလာသည်။ ထိုအခါမှ အားလုံးကစားတာရပ်၍ စိတ်ပူပန်စွာ အနားဝိုင်းလာကြတော့ ငပေ ငတေမိမိကရတယ်ဟုလက်ကာပြကာ ပါးစပ်ကို ရေဖြင့် ချက် ချင်းပလုတ်ကျင်း၏။ သွေးတွေထွေးချ၏။ သွေးတိတ်သွားသော်လည်း အသံက ခပ်တိုး တိုးသာ အီး အဲထွက်တော့သည်။ 

ထိုနေ့က ညနေအထိ အားလုံးဆက်မကစားဖြစ်ကြတော့ဘဲ တယောက်မျက်နှာ တယောက် ကြည့်ကာ အကုန်ငြိမ်သွားကြသည်မှာ လူကြီးတွေ ပြန်လာသည့်အချိန်ထိ။
အမေပြန်လာတော့လည်း အကုန်ငြိမ်နေကြကာ လုပ်စရာရှိတာသာလုပ်နေကြတော့ အမေက မသင်္ကာ တော့။ ထို့ကြောင့် ထိုစဉ်က အကြီးဆုံး ကလေးခေါင်သူကြီးဖြစ်သော ခြောက်တန်း ကျောင်းသူ မိမိကို မေးပါ လေတော့၏ သို့သော် မိမိက အာခေါင်မှ တဆစ်ဆစ်နာနေ သောအရှိန်ဖြင့် အသံကျယ်ကျယ်မထွက်နိုင် တော့။ အင်း အဲ ဖြစ်နေတော့မှ အမေ့မှာ စိုးရိမ်တကြီးဖြစ်ကာ ကျန်သူများကို မေးမြန်းဆူပူလေမှ အားလုံး ဖြစ်ကြောင်းကုန်စင်ကို မျက်နှာ ငယ်ကလေးများဖြင့် ပြောပြကြပါလေ၏ ထိုအခါမှ မိမိကို ဆရာဝန်ဆီ ချက်ချင်း ခေါ်သွားကာ ဆေးခန်းပြ ဆေးထိုး သောက်စေရတော့သည်။ ကံကောင်း၍ သုံးရက်လောက်ရှိမှ အသံပြန် ရ ပြန်ကောင်းလာကာ မူလအတိုင်း ဖြစ်ပါတော့၏။

ထို့ပြင် ထိုစဉ်က သိုင်းဝတ္ထုများဖတ်ကာ သိုင်းရူးလည်း ရူးခဲ့ကြဖူးသည်။ နွေရာသီအားလပ်ချိန်ဆို သရက် သီးသုပ်သုပ်စားကြ သိုင်းချတမ်း ဈေးရောင်းတမ်း စသည်ဖြင့် ကစားနည်း ပေါင်းစုံနှင့် ညီအစ်မတသိုက် ဗြောင်း ဆန်အောင်ဆော့ကစားကြတော့သည်။

ဆော့ကြကစားကြရုံတင်မဟုတ်။ ငယ်ငယ်ရွယ်ရွယ် နှင့် ဆရာမကြီးတွေလည်း လုပ်ခဲ့ကြ သေးသည်။ အဖေက ယမကာကြိုက်၏။ ကြိုက်သည်နှင့်အမျှ မှီဝဲတတ်၏။ ညနေနေညိုပြီဆို အဖေ လေပြိုလေပြီ။ တားမရမည့်အတူတူ အပြင်မှာမသောက်နဲ့ အိမ်မှာ သောက်ဟု အမေက ခွင့်ပြု တော့ အဖေက သူ့ ယမကာ ကို ပုလင်းပြားကလေးဖြင့် ဝယ်ထားပြီး အိမ်မှာသောက်လေ၏။ တယောက်တည်းတော့မဟုတ်။ တခါတရံ အဖေ့သူ ငယ်ချင်းဦးဘိုနီဆိုသည့် အသားဖြူဖြူ လူ ကြီးပါ အိမ်ကိုရောက်လာကာ အတူသောက် တတ်ကြ သည်။ ထိုသို့ သောက်ကြသည်ကို မိမိတို့ ညီအစ်မများကမကြိုက်ကြ။ 

အရက်ဆိုတာမကောင်းမှန်းသိနေကြသလို ချစ်သောအဖေ ဒီအရက်ကြောင့် စောစောစီးစီး သေမည်ကို လည်း စိုးရိမ်နေကြပြီ။ အဖေကလည်း ဘယ်လို ဖြတ်ဖြတ် ဒီအရက်ကို ပြတ် မည်မဟုတ်။ ဒီတော့ အဖေ့ကို ပြောမရသမျှ မိမိတို့မြားဦးက အဖေ့ သောက်ဖော်သောက်ဖက် ထိုလူကြီးဆီ ဦးတည်လေသည်။

ထို့ကြောင့် ညီအစ်မတတွေ ခေါင်းချင်းဆိုင်ကာ တိုင်ပင်၍ ဆန္ဒပြကြတော့၏။
ထိုလူကြီးလာ၍ ခြံပေါက်ဝကခေါ်လျှင်တံခါး ထမဖွင့်ပေး၊ သူဘာခိုင်းခိုင်း မလုပ်၊ နောက်ဆုံး ထိုလူကြီးလာ လျှင်ထိုင်နေကျ နေရာနှင့်မျက်နှာချင်းဆိုင်နံရံမှာ ဘိုနီအလိုမရှိ၊ အရက် သောက်၍ အဖေ့ကိုမဖျက်ဆီးပါနဲ့ စသည့် စာသားများကို မြေဖြူဖြင့် မြင်အောင် ရေးပြထားကြ၏။
တကယ်လည်း ထိုစဉ်က ကလေးသာသာ မိမိတို့ဆန္ဒပြပွဲကြီး အောင်မြင်ခဲ့ပါသည်။ 

မိမိတို့ညီ အစ်မတသိုက်၏ပညာပြမှုများကြောင့် ထိုလူကြီး နောက်ပိုင်း အိမ်ကိုမလာတော့။ အဖေက သူ့ သူငယ်ချင်းကို အားနာကာ မိမိတို့ကို ဆူပူသော်လည်း မရိုက်ရက်။ မိမိတို့ကလည်း အချိန်အခါမရွေး ရေစိမ်ကြိမ်နှင့် ဆော်ပလော်တီးတတ်သော အမေ့ကိုသာ ကြောက်သည်။ အမေရိုက်သည်နှင့် ရှေ့မှဝင်ကာ ပေးတတ်သော၊ ယမကာလေးထွေသည် နှင့် သူ့ ဘာသာ ငြိမ်နေ တတ်သော သမီးများကို ချစ်လွန်းလှသော အဖေ့အကြောင်း ကောင်းကောင်းသိ၍ ဤမျှ အတင့် ရဲခဲ့မိကြခြင်း ဖြစ်ပါသည်။

ထို့ပြင် ညီအစ်မတတွေ ခေါင်းချင်းဆိုင်ကာ မလိမ့်တပတ်ဖြင့်အဖေ့ကိုအပြင်ခေါ်ထုတ်သူက ခေါ်ထုတ်၊ နောက်မှာကျန်သူက အဖေ့ပုလင်းပြားထဲက အရက်ကို သုံးပုံတပုံသွန်ကာ ရေရော မူလနေရာ ဟန်မပျက် ပြန်ထားလုပ်ခဲ့ကြသည်။ အဖေက သူ့သမီးတွေ ထိုသို့လုပ် နေသည်ကို အစောပိုင်းမသိခဲ့။ နောက်ပိုင်း မိမိ တို့ကလည်း လောဘကြီးကာ ပုလင်းတဝက်ကျော်ရေရော ထည့်တဝက်ကိုပုလင်းတခုနဲ့ ရေတဝက်ရော သိမ်း နောက်တရက်မှာ မလိမ့် တပတ်ဖြင့် အမေ ဝယ်ထားတာရှိတယ်အဖေဟုဆိုကာ အဖေ့ဆီမှ မုန့်ဖိုး တောင်းပြန် ရောင်းလုပ်တော့မှ အဖေသိသွားခြင်း ဖြစ်ပါလေ၏။ သို့သော် စိတ်တိုရုံမှတပါး သူ့သမီးများ ကို လက်ဖြင့်ပင်မရွယ်ရက်ခဲ့။ မိမိတို့ထိုသို့ပြုလုပ်ခဲ့ခြင်းကြောင့်သာ ယမကာစွဲလန်းလွန်းသော အဖေ အသက် ငါးဆယ်ကျော် အထိနေနိုင်သွားခဲ့ခြင်းဖြစ်မည်ထင်ပါ၏။

အရက်သောက်ခြင်းကို မကြိုက်သော်လည်း အရက်သမားသမီးဟုအခေါ်ခံရခြင်းကို အားငယ် ဝမ်းနည်း နာကျင်ရသော်လည်း ညမှောင်သည်နှင့် ယိုင်တိယိုင်ထိုး အဖေ့ပုံရိပ်ကို မြင်ရပါမှ အာလေးလျှာလေး အဖေ့ အသံကိုကြားရပါမှ မိမိတို့တွေ ကျေနပ်ပျော်ရွှင် စိတ်အေးခဲ့ရ သည်။ အဖေ့ အရိပ်မိုးပါမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့ပါသည်။

ထိုစဉ်က မိမိတို့အိမ်မှာ ဖုန်းလည်းမရှိ၊ တီဗွီလည်းမရှိ ရေစက်မီးစက်တွေလည်းမရှိ။ ဗီဒီယိုဇာတ် ကား ကြည့်ချင်လျှင် အိမ်နှင့်မနီးမဝေး ရပ်ကွက်ထဲမှ ဗီဒီယို ရုံသို့ ပြေးကြည့် ကြရပါသည်။
ကျောင်းပိတ်ရက်တွေဆို ညီအစ်မတတွေ ထိုရုံမှာ ဗီဒီယို သွားကြည့်ကြဖို့ ပြင်ဆင်ကြပြီ။ ထို့အတွက် အမေ ပေးခဲ့သည့်မုန့်ဖိုးလေးနှင့်မလောက်ငှ၍ ရုံလက်မှတ်ဖိုး မုန့်ဖိုးရအောင် ကြံဖန်ကြရတော့၏။ ထိုစဉ်က ရေစက်မရှိ၍ အိမ်သုံးဖို့အတွက်ရေကို ရပ်ကွက်ထဲမှ ရေစည်လှည်းဝယ်၍ ဖြည့်ကြရသည်။

ထို့အတွက် အမေက သူအလုပ်မသွားမီ ရေစည်းလှည်းတွန်းနေကျ ရပ်ကွက်ထဲက မကုလားမကိုခေါ်ခိုင်း ဖြည့်ခိုင်းဖို့ မှာကာ ရေစည်လှည်းဖိုးရောတွန်းခကိုပါ ပေးထားခဲ့လေ့ရှိ သည်။ မိမိတို့ ညီ အစ်မတသိုက်က ထိုပိုက်ဆံကို ကျစ်ကျစ်ဆုပ်၍ မကုလားမကို မခေါ်ကြ တော့။ 

တက်ညီလက်ညီပင် စောစောစီးစီး ဝီရိယထားကာ ရေပုံးကိုယ်စီဆွဲ၍ တဖက်ခြံမှ အန်တီသီ တို့ ရေငုတ်ရှိရာ ချီတက်ကြတော့၏။ ရေနှိပ်သူကနှိပ်၊ ဆွဲသူကဆွဲ၊ ဖြည့်သူကဖြည့်နှင့် ဗီဒီယိုဖိုးရအောင် ကြိုးစားကြတော့ သည်။ အိမ်မှာရှိသမျှ ရေကန်ရေအိုး ရေပုံးမကျန်ဖြည့် ပြီးကာမှ ရေချိုး ကြ၊ ဖီးလိမ်းပြင်ဆင်ကြကာ နေ့လည် စာ စားသောက်ပြီး ထိုပိုက်ဆံဖြင့် ဗီဒီယို ရုံသို့ ခပ်သုတ်သုတ် ပြေးကြပါတော့၏။
တခါက မူဆယ်မှ အလည်လာသော မောင်ဝမ်းကွဲကလေးကိုလည်း ထိုဗီဒီယိုရုံသို့ ခေါ်သွား ကြကာ အတူ သွား ကြည့်ကြ၏။
ရွှေဥဒေါင်းဟုခေါ်သော ထိုဗီဒီယိုရုံက ပထမနိုင်ငံခြားကားတကား အရင်ပြကာပြီးမှ မြန်မာကား ပြလေ့ရှိ သည်၊ ထိုးကြကြိတ်ကြသောအကြမ်းအရမ်းများပါသည့်ဇာတ်ကားကို မိမိတို့ ညီအစ်မတတွေက  မျက် တောင်မခတ်တမ်းကြည့်နေကြသော်လည်း အလည်လာသော မောင်ဝမ်းကွဲ ကလေးကမျက်နှာကြီးငုံ့၊ လက် နှစ်ဖက်ဖြင့်ကာကာ ချောင်းကြည့်၏။ ဘာဖြစ်လို့လဲဆိုတော့ ကြောက်လို့တဲ့ဟုဆိုသည်။ 
သို့သော် မင်းသားမင်းသမီး နှစ်ပါးကြည်သည့်ဇာတ်ဝင်ခန်းရောက်တော့ တခွီခွီသဘောကျလျက် ကြည့် လိုက် ရယ်လိုက်ဖြစ်တော့သည်။ မြန်မာကား ဇာတ်လမ်း ဆုံးခါနီးမှာတော့ တရှုပ်ရှုပ်အသံ ကြား၍ လှည့် ကြည့်မိကြတော့ အသားဖြူဖြူသူ့မျက်နှာမှာ နီနေကာ မျက်ရည် နှာရည်တို့ ရွှဲလျက်ငိုနေရင်းက ခပ်ရှက် ရှက်ပြုံးပြလေသည်။
ဘာဖြစ်ပြန်ပြီတုန်းဟဆိုတော့ ဇာတ်ကားထဲက အဖေအဖြစ်သရုပ်ဆောင်တဲ့သူကြီး သေ သွားတာသနားလို့ တဲ့။ ထိုစဉ်က သံလက်သီးဟု အိမ်နာမည်တွင်သော်လည်း ငိုလွယ် ရယ်လွယ် ခံစားလွယ်သောထို မောင် လေးကိုကြည့်ကာ မိမိတို့ ဝိုင်းဝန်းရယ်မောခဲ့ကြရသည်။
လူကြီးတွေ အပြင်သွားချိန်နေ့ပိုင်းမှာ ဗြောင်းဆန်အောင်ဆော့ကြသလောက် အမေအဖေတို့ ပြန်လာချိန် ညပိုင်းမှာတော့ အဖေကျင့်ပေးထားသည့်အတိုင်း လုပ်ကြရသည်။ 

ညနေနေစောင်းသည်နှင့် ဘုရားစင်မှာ သောက်တော်ရေကပ်၊ အမွှေးတိုင် ဖယောင်းတိုင် ပူဇော်ကာ ညီ အစ်မတတွေတန်းစီလျက် အသံကျယ်ကျယ်ဖြင့် ဘုရားရှိခိုး မေတ္တာပို့ အမျှဝေ ကြရပါသည်။ ထိုအချိန်ဆို ယမကာတန်ခိုးနှင့် ရီဝေနေသော အဖေက ဘေးမှာထိုင်ကာ သူ့ သမီးတွေ ဘုရားရှိခိုးကြသည်ကို ပီတိ တဝေဝေ ခေါင်းတညိတ်ညိတ်ဖြင့် ကြည့်နေတတ် သည်။ အဆုံးသတ် အမျှဝေ ကြေးစည်ကလေး ထုတော့ သာဓုသာဓုဟု ခပ်လေးလေးခေါ် တတ်ပါသည်။ 

ဘုရားရှိခိုးပြီး အမေအဖေတို့ကိုပါ ကန်တော့ပြီးသည်နှင့်အဘိုးတို့အဘွားတို့ ဓာတ်ပုံရှေ့မှာပါ ကျုံ့ကျုံ့ထိုင် ကန်တော့ကြသည်။ ထိုမျှမက ထိုစဉ်က မိမိတို့နေ့စဉ်လုပ်ခဲ့ရသော အလုပ်တခုရှိပါ သေး၏။ ဘုရားရှိခိုးပြီးသည်နှင့်အဖေ့မိန့်မှာ တိုက်တွန်းချက်ဖြင့် အဖေ၏အဖေ ဘိုးဘိုး၏ ခဲပန်း ချီကား ဓာတ်ပုံမှန် ဘောင်ကြီးရှေ့တန်းစီရပ်ကြရသည်။ ထို့နောက် သတိဆွဲလျက် နိုင်ငံတော်သီချင်းကို သံနေသံထားမှန်မှန် ညီညီညာညာ ဆိုကြရပါသည်။ ဓာတ်ပုံထဲက ဦးစာဟူသော နဖူး ပြောင်ပြောင် ခန့်ခန့်ညားညား ဘိုးဘိုးကြီး က မိမိတို့ကိုသူ၏စူးနက်နက်မျက်ဝန်းများဖြင့် ခပ်နက်နက် စိုက်ကြည့်လျက်။ အဖေလူပျိုဘဝကတည်းက ကွယ်လွန်သွားခဲ့ဖြစ်သော မိမိတို့ မမြင်ဘူးလိုက်သည့် ဖေဖေ့အဖေ ထိုဘိုးဘိုးကြီးအကြောင်းကို အဖေက စီကာပတ်ကုံး လွမ်းလွမ်း ဆွေး ဆွေးပြန်ပြောပြတတ်ပါသည်။ 

အဘိုးသည် ရာဇဝတ်ဝန်ထောက်တဦးဖြစ်ကြောင်း၊ သတ္တိ ကောင်းကြောင်း၊ လူဆိုးများကို မည်သို့ နှိမ်နင်း ခဲ့ကြောင်း ကြားသိရသည့်အခါ မိမိတို့ ညီအစ်မတသိုက်မှာ ထိုဓာတ်ပုံကြီး ကိုငေးမောကြည့်လျက် မမြင်ဖူး လိုက်သောအဘိုးကို လွမ်းခဲ့ရသည်။ ထို့ကြောင့် နေစောင်း တိုင်း အဘိုးနှင့် အဘွားဓာတ်ပုံကြီး ရှေ့မှာရပ် သတိဆွဲ၍ နိုင်ငံတော်သီချင်းသီဆိုကြခြင်း အမှုကို နှစ်နှစ်ခြိုက်ခြိုက် စိတ်ပါလက်ပါ ပြုလုပ်ခဲ့ကြပါသည်။ စိတ်ဖြူလူနုလေသော ထိုစဉ် က ကစားမက်ခဲ့ ကြသည်သာမဟုတ်။ 

ဥပုသ်နေ့များအခါကြီးရက် ကြီးများမှာလည်း အဘွားလက်ဆွဲ၍ ဘုန်းကြီးကျောင်းလိုက်ကာ ဥပုသ်စောင့် တတ်ကြပါသေးသည်။ လူကြီးတွေ သက်သက်လွတ်စားသည်ဆိုတော့လည်း အတုယူကာ လိုက်စားကြ သည်။ လူကြီးတွေ တရားထိုင်တော့လိုက်ထိုင်ကြသည်။ 
သို့သော် လေးငါးတန်းအရွယ် ထိုစဉ်က ဝင်လေထွက်လေလည်းသေချာနားမလည်ပါ။ လူကြီးများကဲ့သို့  တင်ပျဉ်ခွေထိုင်သည်။ ဘယ်လက်ပေါ်ညာလက်ထပ်ကာမျက်စိ စုံမှိတ်၏။ ဝင်လေထွက်လေမှတ်ဆိုတော့ နှာခေါင်းက လေကို လိုက်ဖမ်းရတာ စိတ်မောလေသည်။ ထို့ကြောင့် နောက်ဆုံး ဘာမှမမှတ်တော့ဘဲ ဗုဒ္ဓံ သရဏံဂစ္ဆာမိ ဓမ္မံသရဏံဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိဟုသာစိတ်ထဲမှာ အကြိမ်ကြိမ်ရွတ်ဆိုတော့သည်။

စိတ်ထဲမှာရွတ်ရင်းဆိုရင်း ထိုင်လျက်အိပ်ပျော်သွားသည်မှာ နောက်ပြန်လန်ကျတော့မှ အလန့်တကြား သတိဝင်လာရလေတော့သည်။ ထိုစဉ်က အံ့သြစရာတခုမှာ မိမိထိုသို့ အိပ်ငိုက်ရင်း နောက်ပြန်ကျသည်ကို မည်သူမျှမသိ။ 

တိတ်ဆိတ်သောဘုန်းကြီးကျောင်းခန်းမကြီးထဲမှာ လူကြီးများနှင့်အတူ တရားထိုင်နေကြ ခြင်းဖြစ်လေရာ အမှန်တကယ်ငိုက်ရင်း နောက်ကိုဗုံးခနဲကျသည့် မိမိအသံကိုကပ်လျက် အစ်မဝမ်းကွဲပင်မကြား၊ ကိုယ်တိုင် လည်း ထိုသို့လဲကျသည့်အတွက် မည် သည့်နာကျင်မှုမျှ မရှိ၊ ကြမ်းခင်း ကောဇောအကြမ်းပေါ်ကျသည်ကို ပင် ဂွမ်းမွေ့ရာထက်ကျသလိုသာ နူးနူး ညံ့ ညံ့ခံစားခဲ့ရသည်မှာ အံ့သြစရာ ကောင်းလှပါသည်။
ထိုမျှမက ပြန်တွေးတိုင်း မမေ့နိုင်စရာ မြင်ကွင်းတခုလည်း ရှိခဲ့ပါသေးသည်။
 
တခုသော နေ့လည်ခင်းမှာ ညီအစ်မတတွေ အိမ်အောက်ထပ်မြေကြီးမှာ ထုံးစံအတိုင်းကစား နေကြစဉ် ထရံလိပ်ကြီးကြားမှ ကင်းမည်းကြီးတကောင်ထွက်လာသည်ကို မြင်လိုက်ရသဖြင့် အလန့်တကြား ဖြစ်ကုန်ကြ၏။ ကင်းကြီးကရှေ့တိုးလေ မိမိတို့က နောက်ဆုတ် လေဖြင့် သတ်လည်း မသတ်ရဲကြ၊ သတ်လည်းမသတ်ရက်ကြ ဖြစ်ကြသည်။ 

ထိုအချိန်မှာပင် ကျန်သူတွေ နောက်ဆုတ် နေကြရန်ပြောပြီး ကလေးသူကြီး မိမိကပင် ကင်း ကြီးရှေ့က မြေပြင်ကို ဖိနပ်နှင့် တဖျပ်ဖျပ်ရိုက် အသံပေးပြီး ရသမျှ ဘုရားစာ အကုန် ရွတ် တော့သည်။
သရဏဂုံ သုံးပါး၊ ဂုဏ်တော်ကိုးပါး သံ ဗုဒ္ဓေ နှစ်ဆယ့်လေးပစ္စည်း အောင်ခြင်းရှစ်ပါး ဂါထာတွေကို ပါးစပ်က တတွတ်တွတ်ရွတ်တော့ ရှေ့တိုးလာသည့်ကင်းကြီးက အံ့သြဖွယ်ထိုနေရာ မှာပဲရပ်တန့်ကာ ငြိမ်သက် သွားပါလေ၏။ ဖိနပ်သံတဖျပ်ဖျပ်ကြောင့် ငြိမ်သွားသည်ဟု ထင်မိစဉ်မှာ ကင်းကြီးကနောက်ပြန်ဆုတ်လေ သည်။ ရှေ့ဆက်တိုးမလာတော့ဘဲ တရွေ့ရွှေ့ နောက်ပြန်ဆုတ်သွားသောကင်းကြီးကိုကြည့်ရင်း မိမိတို့ တအံ့တသြဖြစ်သွားကြသလို အား တက်သရောဖြင့် ဘုရားစာဆက်ဆိုမိကြလေ၏။ ထို့ပြင် ထိုစဉ်က စိတ် ကူးပေါ်လာသည့် အတိုင်း မိမိနှုတ်မှ ဘာရယ်မဟုတ် စကားအချို့ထွက်သွားခဲ့သည်။ ကင်းကြီးရေ နင့်ကို ငါ တို့မသတ်ပါဘူး၊ နင်လည်း ဘေးလွတ်ရာသွားပါ၊ မသွားခင် နင်လည်း လူတွေကို အန္တရာယ် မပြုရအောင် နင့်မှာရှိတဲ့ အဆိပ်တွေ ထုတ်ထားခဲ့ပါဟု။

တခါတရံ လက်တွေ့အဖြစ်အပျက်တို့သည် စိတ်ကူးယဉ်ထက်ဆန်းကြယ် နေတတ်သည်ကို ဆယ်နှစ်အရွယ် က ကြုံခဲ့ရဖူးသောဤအဖြစ်က သက်သေခံနေခဲ့ပါသည်။
ဘာရယ်မဟုတ် ဖြူစင်သော ကလေးအတွေးဖြင့်ပြောလိုက်မိသောထိုစကားအဆုံးမှာ ဝါးလုံး တခုပေါ် တွယ် တက်နေပြီဖြစ်သော ကင်းကြီးတုံ့ခနဲရပ်သွားကာ မလှုပ်မရှား ထိုနေရာမှာပင် ခေတ္တငြိမ်သွားခဲ့သည်။

ထို့နောက်မှာတော့ မိမိတို့ မျက်ဝန်းရှေ့မှာပင် သူ့ခန္ဓာကိုယ်ကို လိန်တွန့်နေတော့သည်။ ထိုလိမ်တွန့်နေသော ကိုယ်ကြားမှ အဖြူရောင် ပျစ်တွဲတွဲ အစေးများ ပေါ်ထွက်လာသည်ကို သေချာကြည့် နေသော ကလေးတသိုက် မြင်လိုက်ရပါ၏။ မိမိကိုယ်တိုင်လည်း တအံ့တသြ ဖြင့် ဒါ အဆိပ်တွေညှစ်ထုတ် နေတာပါလားဟုသိသလိုဖြစ်ကာ ကင်းကြီးကိုပင်သနားမိလိုက် ပါသေး၏။

ထို့နောက် ခဏအကြာမှာတော့ ထိုကင်းကြီးလည်း သူ့လမ်းသူ ရှေ့ဆက်သွားတော့သည်။ ထိုစဉ်က တွေ့ ကြုံခဲ့ရဖူးသော အဖြစ်နှင့်အတူ ယခုထိတိုင် ထူးထူးဆန်းဆန်း ထိုကင်းမည်းကြီးကို သတိရနေမိပါ၏။
ငယ်နုစဉ် ကလေးဘဝ အဖြူရောင်ပိတ်ကား ထက်က ဇာတ်ဝင်ခန်းများသည် ရယ်စရာမောစရာ တွေးစရာ ဆွေးစရာအံ့သြဖွယ်ရာ တွေးမကုန် ဖွဲ့မကုန်ရသအစုံစုံ ဖြင့် အလွမ်း ရောင် တောက်ပနေဆဲ ဖြစ်ပါသည်။

အဖြူရောင်ပိတ်ကားထက်က အလွမ်းရောင်လွင်ပြင်ကို ဝင်ရောက်မိလေတိုင်း ပျာတိပျာယာ ထူးဆန်း ထွေလာလျှောက်ကစားတတ်သည့် ဆံတိုကုပ်ဝဲကလေးမကလေးကို သတိရသည်။

ဖြူဖြူသွယ်သွယ် ဗလသေးသေး လူပုံချောချောနှင့် ဘဝပြောင်းသွားခဲ့ပြီဖြစ်သော ယိုင်တိ ယိုင်ထိုး ပုံရိပ်ရှင် ကိုလည်း တမ်းတရသည်။ ကြိမ်လုံးတကိုင်ကိုင် ချော့တခါ ချောက်တလှည့် ဖြင့် မျောက်ရှုံးသည့်ကလေးများ ကို ထိန်းသိမ်းပဲ့ကိုင်ပေးခဲ့သော ညိုသွယ်လှပ လက်ဦးဆရာ မိမာတာကိုလည်း မြတ်နိုးရသည်။
 

ငိုချင်ငို ရယ်ချင်ရယ် ဟန်ဆောင်မှုမရှိပကတိချစ်စရာကောင်းခဲ့ကြသော ကလေးတသိုက်ကိုလည်း မြင်ယောင်သည်။ ကြုံခဲ့ဆုံခဲ့ရသမျှ ဇာတ်လမ်းဇာတ်ကွက်မှန်သမျှ တိတိကျကျ သိနေသေးသည်။

ထို့ပြင် ရှိပါသေးသည်။ ရှိနေပါသေး၏။ ဤအဖြူရောင်ပိတ်ကားထက်မှာ အလွမ်းရောင်ဖြင့် သာ ဆေးခြယ်ရ ပါလျှင် လှပသောအမှတ်တရများစွာ၊ ပြည့်ဝသောရသများစွာထွန်းတောက် အသက်ဝင်လာပါလိမ့်ဦးမည်။

မြင့်မြတ်သိင်္ဂီ

Comments