မောင်ရစ် - ရွေးကောက်ပွဲကနေ အာဏာရှင်တွေ တက်လာကြတာပဲ


မောင်ရစ် - ရွေးကောက်ပွဲကနေ အာဏာရှင်တွေ တက်လာကြတာပဲ
(အယ်ဒီတာ့လက်ရေး) မိုးမခ၊ မတ် ၂၉၊ ၂၀၁၈

ဘယ်နှယ့် ရွေးကောက်ပွဲကနေ အာဏာရှင်တွေ တက်လာကြမှာတုံး။ အာဏာသိမ်းပြီးတော့သာ အာဏာရှင်ဆိုတာ တက်လာရတာပါလို့ ပြောရမယ် ထင်တာ။ အတိတ်ကို ပြန်မသွားပါနဲ့။ လောလောလတ်လတ် ၂၀၁၃ မှာ အီဂျစ်တပ်မတော်က ရွေးကောက်ပွဲနဲ့ တင်ထားတဲ့ သမ္မတကို လက်နက်နဲ့ ဖြုတ်ချခဲ့တယ်။ ၂၀၁၄ - ထိုင်းမှာလည်း တပ်မတော်က လူထုမဲနဲ့ တက်လာတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာကို ရယူခဲ့တယ် မဟုတ်ပါလား။ သည်တော့ ရွေးကောက်ပွဲကနေ အာဏာရှင်တွေ တက်လာတယ်ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ငြင်းရတော့ မလိုလို။

ဟုတ်ပါတယ်။ ဒါက လမ်းဟောင်းနည်းပါ။ အခုပြောချင်တာက လမ်းသစ်နည်း။ ရွေးကောက်ပွဲလမ်းကြောင်းကို တက်လျောက်ပြီး အာဏာရှင်တွေ ဖြစ်လာကြတဲ့အကြောင်း ပြောချင်တာ။ လမ်းသစ်နည်းဆိုပေမယ့် ဒါကလည်း သမိုင်းမှာ ရှိခဲ့ပြီးသား။ ဂျာမဏီမှာ ဟစ်တလာ၊ အီတလီမှာ မူဆိုလီနီတို့ဟာ ရွေးကောက်ပွဲနဲ့ တက်လာပြီးတော့မှ အာဏာရှင်ကြီးတွေ ဖြစ်သွားခဲ့ကြတာပါ။ သူတို့က လက်နက်နဲ့ အာဏာသိမ်းပြီးတော့မှ အာဏာရှင်ဖြစ်ခဲ့တာ မဟုတ်။ မဲလက်နက်နဲ့ အာဏာသိမ်းနိုင်ခဲ့တဲ့ အာဏာရှင်တွေပါ။ အတိတ်သက်သေရှိပါတယ်။ သည်တော့ ရွေးကောက်ပွဲကနေ အာဏာရှင်တွေ တက်လာခဲ့ကြတာပဲလို့ ပြောတာ မှန်တဲ့ စတိတ်မင့် မဟုတ်ဘူးလား။

တောင်အမေရိကားက ဗယ်နီဇွဲလားပြည် သမ္မတကြီး ချေဗတ်ဇ်ဆိုတာ ပြည်သူတွေပေးတဲ့ မဲနဲ့ ရွေးကောက်ပွဲနိုင်ခဲ့တာ။ ၁၉၉၈ မှာ တက်လာတယ်။ ၁၉၉၉ မှာ သူ့အနိုင်ရပါတီအမတ်တွေ အားကိုးနဲ့ အခြေခံဥပဒေအသစ်ဆွဲတယ်။ ၂၀၀၀ မှာ သူချည်းပဲ ရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်ပြန်တယ်။ ၂၀၀၂ မှာ လူကြိုက်နည်းလာတော့ အာဏာကို ဆွဲဆန့်ဖို့ ကြိုးစားတယ်။ ၂၀၀၃ ကစပြီးတော့ အတိုက်အခံတွေ နှိမ်နင်း၊ သမ္မတသက်တမ်းက အကန့်အသတ်မဲ့တိုး၊ ဥပဒေပြုရေးတို့ တရားစီရင်ရေးတို့ကို ပြောင်းလဲ၊ မီဒီယာတွေ ဒီမိုကရေစီ အစုအဖွဲ့တွေကို နှိမ်နင်းဖယ်ရှားတာတွေ လုပ်ပစ်လိုက်တာ ၂၀၁၂ ကင်ဆာနဲ့ သေလုနီးပါးဖြစ်နေတာတောင် သူက ရွေးကောက်ပွဲကို ထပ်နိုင်လိုက်သေးသဗျ။ ကဲ ဟုတ်ပြီလား ... ရွေးကောက်ပွဲတွေကနေ အာဏာရှင်တွေလဲ တက်လာနိုင်ကြတာပဲ ဆိုတာ။

ဒီမိုကရေစီဆိုတာ အများဆန္ဒကို ကိုယ်စားပြုသောစနစ်လို့ အကြမ်းအားဖြင့် ဆိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကနေ အများကြိုက်သူကို ရွေးချယ်ပြီး ဦးဆောင်အုပ်ချုပ်စေပါတယ်။ အများကြိုက် အများဆန္ဒဆိုတာကလည်း မဲပေးသူအများစု အကြိုက်၊ မဲပေးသူအများစု ဆန္ဒလို့ ပြောရမှာပေါ့။ မဲမပေးရင် သူက အဲသည်ထဲ မပါဝင်တဲ့အတွက် သူ့အတွက် မဟုတ်တော့ဘူးပေါ့။ အများစုကို ဦးစားပေး အနည်းစုကိုလည်း လေးစားပြီး အုပ်ချုပ်မင်းလုပ်ကြတာမို့ ဒီမိုကရေစီဆိုတာ ဖျက်ဆီးလို့ မရဘူးဆိုသော်လည်း အခုအချိန်မှာက မြင်တော်မူကြတဲ့အတိုင်း တက်လာပြီးမှ ထင်ရာစိုင်းကြတဲ့အခါ ဒီမိုကရေစီလည်း စိန်ခေါ်ခံရ၊ ချေမှုန်းခြင်းခံရပြီး အာဏာရှင်လက်အောက် ရောက်ချင်ရောက်နိုင်တာကို ၀န်ခံရမှာပေါ့နော်။

ရွေးကောက်ပွဲကနေ အာဏာရှင်တွေ ဘယ်လိုအချိန်မျိုးမှာ မင်းတက်လုပ်နိုင်ကြသလဲဆိုတော့ အခု လက်ရှိ ပစ္ဇျုပ္ပန်တည့်တည့်ကာလကြီးပါ ပရိသတ်ကြီးခင်ဗျား။ လူပြိန်းတွေ အုံကြွတဲ့အခါ။ (populist, populism) လို့ခေါ်တဲ့ လူပြိန်းကြိုက် အစွန်းရောက်အယူဝါဒတွေ ခေတ်စားလာတဲ့အခါ။ တိုင်းပြည်မှာ အခက်အခဲ အကြပ်အတည်း ဆင်းရဲဒုက္ခတွေ ကြုံတွေ့ကြရတဲ့အခါ၊ မဲဆန္ဒရှင်ပရိသတ်ကြီးထဲက လူပြိန်းတွေဟာ တပွဲတိုး ဖြတ်လမ်းနည်းတွေ အမြန်အဖြေရှာတဲ့နည်းတွေ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ် မတော်မတဲ့ သဘောထားတွေ ထုတ်ဖော် ၀ါဒဖြန့်တဲ့ ခေါင်းဆောင် အုပ်စု ပါတီနောက်ကို ကောက်ကောက်ပါအောင် လိုက်ကြတော့တာပဲ။ အဲသည်ကနေ အဲသည် အခြေအမြစ်မရှိတဲ့ လူပြိန်းကြိုက်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ တက်နိုင်ပြီး အာဏာရှင်ဇတ် ခင်းတော့တာပဲတဲ့ ခင်ဗျ။

အင်း .... သိပါတယ် သိပါတယ် လို့ စာဖတ်သူက ပြုံးပြုံးကြီး ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေတော့မှာ။ ဟုတ်ပါတယ်ခင်ဗျ။ တည့်တည့်ပဲ ပြောပါ့မယ်။ ၀န်ခံလိုက်ပါ့မယ်။ အမေရိကန်က သမ္မတကြီး ထရန့်နဲ့ သူ၏ အပေါင်းအပါများအကြောင်းကို စောင်းပြောနေတာပါ။ အဲလေ တည့်တည့်ထား ပြောနေတာပါ။ ဟုတ်တယ် မဟုတ်ဘူးလား။ အမေရိကန်ပြည်ထောင်စုနဲ့ သူတို့အခြေခံဥပဒေ သမိုင်းတွင်ထားခဲ့သမျှထဲမှာ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ကိုယ်ကျိုးရှာ စီးပွားရေးသမား လူပြိန်းကြိုက် အတ္တကြီးသူ ပေါချာချာလူတဦးဟာ အမေရိကန်ဒီမိုကရေစီပေါ် ဂုတ်ခွစီးတဲ့ သမ္မတကြီး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ရူးပြီး တွေးရဲခဲ့မယ် မဟုတ်ပါ။ သို့သော်လည်း လူပြိန်းကြိုက် အစွန်းရောက်လှိုင်းတွေ စီးပြီးတော့ တကယ်ကို သမ္မတကြီး ဖြစ်လာခဲ့တော့သကိုးလေ။

တခြားနိုင်ငံတွေက ရွေးကောက်ပွဲနိုင် အာဏာရှင်ဇာတ်ခင်းသူတွေအကြောင်း မပြောတော့ပါဘူး။ ရွေးကောက်ပွဲနိုင်လိုက်တဲ့ ထရန့်ဟာ အခြား ရွေးကောက်ခံအာဏာရှင်များလိုပဲ ဒီမိုကရေစီ၏ ထောက်တိုင်များကို တခုချင်း တစချင်း တဖဲ့ချင်း ဖြေးဖြေးချင်း ရိုက်ချိုးလိုက်ပါတယ်။ ရိုက်ချိုးနေပါတယ်။ 

ဒီမိုကရစီဒေါက်တိုင်တခုဖြစ်တဲ့ Media - စာနယ်ဇင်းတွေရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပါတယ်။ fake news တွေဆိုပြီး အစဉ်တစိုက်ပြောတဲ့အပြင် သူပြောတာသာ မှန်တယ်၊ စာနယ်ဇင်းတွေပြောသမျှ အလကားလို့ ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်ကို လူထုယုံကြည်မှု ပျက်ယွင်းအောင် နင်းချေလိုက်ပါတယ်။

အတိုက်အခံ ဒီမိုကရက်ပါတီကိုလည်း လေးစားမှု မျှမျှတတဆက်ဆံမှု မထားတော့ဘဲ အတိုက်အခံပါတီတွေဟာ အာဏာမက်လို့ သူ့ကို လိုက်တိုက်ခိုက်နေပါတယ်ဆိုပြီး အာဏာအားကိုးနဲ့ စည်းကမ်းမဲ့ အထောက်အထားမဲ့ စော်ကား စွပ်စွဲ တိုက်ခိုက်ပါတယ်။ လူပြိန်းတွေထဲကနေ အတိုက်အခံ သဘောချင်းမတူသူတွေကို မင်းမဲ့စရိုက် တိုက်ခိုက်ကြရင်လည်း တိုက်ခိုက်ကြဖို့ မြှောက်ပေးပြန်ပါသေးတယ်။ ဒါတွေက ဟစ်တလာ၊ မူဆိုလိုနီ၊ ချာဗေ့စ်တို့က စွမ်းအားရှင်တွေ ရှပ်နီ ရှပ်ညိုတွေကို မြှောက်ပေးခဲ့တဲ့ နည်းတွေပါပဲ။

ဥပဒေပြုရေး တရားစီရင်ရေးတွေမှာလည်း မိမိအနိုင်ရပြီ သမ္မတဖြစ်ပြီ လွှတ်တော်ကို စီးမိပြီဆိုတာနဲ့ ယခင်အတိတ်က မိမိမျက်မုန်းကျိုးခဲ့တဲ့၊ မိမိလူပြိန်းပရိသတ်တွေ သွေးဆာနေတဲ့ ဥပဒေတွေ တရားစီရင်မှုတွေ လက်နဲ့ရေးသမျှ ခြေနဲ့ ဖျက်ပါတယ်။ ကျန်းမာရေးဥပဒေတွေ၊ တပြည်သားတွေကို စာနာတဲ့ဥပဒေတွေ၊ ဘာသာလူမျိုး မခွဲခြားတဲ့ အာမခံချက်တွေကို ဖျက်သိမ်းပါတယ်။ ဆင်းရဲသား လူလတ်တန်းစားအကျိုးကို မကာကွယ်ပဲ အရင်းရှင် ငွေရှင်တွေ စိတ်တိုင်းကျ အခွန်အတုတ်တွေ လျော်ပစ်ပါတယ်။ နိုင်ငံတကာမှာလည်း မိမိသာလျင် အာဏာရှင်အချိုးနဲ့ ဟိန်းဟောက် ခြိန်းခြောက် မာန်မဲတာတွေ လုပ်နေတာ တွေ့ရတယ် မဟုတ်လားခင်ဗျာ။ ဒါဟာ သတိတရားကို ထုတ်ဖော်တာမဟုတ်ပါ။ အကြောက်တရားကို ထုတ်ဖော်နေတာပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူးခင်ဗျာ။ လူထုပရိသတ်ရဲ့ လွတ်လပ်မှုတွေကိုလည်း ကန့်သတ်ပါတယ်။ ပျက်ရယ်ပြုပါတယ်။ public activism ဆိုတဲ့ လူထုရဲ့ ဒီမိုကရေစီစနစ်မှာ သက်ဝင် လှုပ်ရှားမှုတွေကိုလည်း သူက မျက်ကွယ်ပြုပါတယ်။ အမေရိကန်လူထုက ထရန့်ကို တုန့်ပြန် ဆန္ဒပြကြ၊ ကန့်ကွက်တောင်းဆိုကြတာကိုလည်း သူက အရေးမလုပ်တဲ့အပြင် သူလုပ်ချင်တာ ဆက်ထင်ရာစိုင်းနေတော့ပါပဲ ခင်ဗျား။

အခုလိုမျိုး ချရေးလိုက်တော့ ရွေးကောက်ပွဲတွေကနေ အာဏာရှင်တွေ တက်လာကြတယ်။ ပြီးတော့ သူတို့ ဆက်အာဏာရှင်နိုင်အောင် သူတို့တက်ခဲ့တဲ့ ဒီမိုကရေစီစနစ်ကို ရည်ရွယ်ချက် ရှိရှိ နင်းချေကြတယ်ဆိုတာ လက်ခံနိုင်ကြပြီလား ခင်ဗျ။ လက်မခံသေးရင်လည်း အာပေါက်အောင် ဆက်ပြောရဦးမှာပေါ့လေ။

သို့သော် အမေရိကန်ဒီမိုကရေစီဆိုတာ ရွှေရည်စိမ်ဒီမိုကရေစီမဟုတ်လေတော့ ခုနင်က မဏ္ဍိုင်တွေကလည်း ထရန့်သမ္မတတက်ပြီးကတည်း ကြံ့ကြံ့ခံ တွန်းလှန်ပြီး ဒီမိုကရေစီတန်ဖိုးတွေဘက် ကာကွယ်နေကြတာ အထင်အရှားဖြစ်ပါတယ်။ သမ္မတကြီး ထရန့်တက်လို့ ၁ နှစ် ကျော်ပဲ ကြာပါသေးတယ် မီဒီယာတွေက ထရန့်အာဏာအရှုပ်တော်ပုံတွေကို ဆက်ဖွင့်ချနေကြပါတယ်။ တရားရေးနဲ့ ဥပဒေပြုရေးတွေဘက်ကလည်း ထရန့်  ရွေးကောက်ပွဲကို အလွဲသုံးစားလုပ်ခဲ့သလား စုံစမ်းစစ်ဆေးနေကြဆဲပါပဲ။ ထရန့်ခြေနဲ့ ဖျက်ချင်တဲ့ ဥပဒေတွေဘက်ကလည်း အယူခံဝင်သူတွေ ပြန်လှန် တရားစွဲဆိုမှုတွေနဲ့ ကာပြန်နေကြပါတယ်။ public activism ကလည်း တလောက ကလေးတွေကျောင်းဝင်းအတွင်း သေနတ်ပစ်အကြမ်းဖက်ခံရတာကအစပြုပြီး ထရန့်ကို ပြန်လှန် ကန့်ကွက် ဖိအားပေးမှုတွေ တိုးသည်ထက်တိုး လုပ်ကြပါတယ်။ အာဏာရှင်တယောက် အာဏာရှင်ဆန်လာတာကို အမေရိကန်ပြည်သူတွေ (လူပြိန်းတွေတော့မပါ) ခေါင်းငုံခံ ကျေနပ်နေကြမှာ မဟုတ်ကြောင်း အစွမ်းပြနေကြတယ်လို့ ဆိုရပါမယ်ခင်ဗျား။ ခုထိ ထရန့်အစိုးရအဖွဲ့ဟာ လူတွေ တယောက်ပြီး တယောက် ပြောင်းလိုက် ရွှေ့လိုက် ထွက်လိုက် အနားယူလိုက်နဲ့ လှိုင်းထန်နေဆဲဖြစ်နေတာ တွေ့ရပါတယ်။

ပြောချင်တာ ရွေးကောက်ပွဲကနေ အာဏာရှင်တွေ တက်လာတတ်တယ်။ အာဏာရှင်တွေက တက်လာရင် ဒီမိုကရေစီ မဏ္ဍိုင်တွေကို ဖဲ့ချွေ ရှင်းလင်းတတ်တယ်။ ဒါကို ပြည်သူတွေက ပြန်လည် တွန်းလှန်ရတယ်။ သည်းညဉ်းခံနေလို့ မရဘူး ဆိုတာပါ။ အမေရိကန်နဲ့ ဥပမာ ပြတာပါ။

ဒါနဲ့ စကားမစပ် မြန်မာပြည်မှာဆိုရင်ကော ဘယ်လိုများပါလိမ့်ခင်ဗျာ။ ကျနော်တို့ဆီမှာ အများဆန္ဒ ရွေးကောက်ပွဲနဲ့ NLD အစိုးရနဲ့ လွှတ်တော် တက်ပါတယ်ခင်ဗျ။ ရင်တွေ အရမ်းခုန်တာပေါ့ဗျာ။ အနှောက်အယှက်အတားအဆီးတွေကလည်း အများကြီးဗျ။ ပြည်တွင်းရန် ပြည်ပရန်တွေ တွန်းလှန်နေရပါတယ်။ သည်တော့ ဥပဒေတွေကလည်း ကြိုးစားပြီး ပြင်တုန်းဆင်တုန်း။ ငြိမ်းချမ်းရေးလမ်းစလည်း ရှာတုန်း ဖွေတုန်း။ သည်တော့ တမတ်သားတွေလည်း ရှိတယ်ခင်ဗျ။ ပြီးတော့ ၆၆(ဃ)လည်း ဆက်ရှိတုန်းခင်ဗျ။ မီဒီယာတွေလည်း အင်း... သိပ် မပြောကြတော့သလိုပဲ ခင်ဗျ။ ဟိုလေ ငြိမ်းစုစီဆိုတာကလည်း ထပ်ပြီး ဖောက်ထွက်ပြင်လာတော့ activism တွေလည်း ခပ်ကြပ်ကြပ်ဆိုလား မသိဘူးခင်ဗျ။ အခွန်တွေ ကောက်တယ် ကောက်တယ်နဲ့ ဟိုလူတွေ ဟိုအုပ်စုတွေက လွတ်လွတ်နေတုန်းပဲ ခင်ဗျာ။ အဲသည်တော့လေ .... ကျနော် အရမ်းခုန်နေတယ်ခင်ဗျ။ ပရိသတ်ကြီးလည်း ကျနော်အတွက် ၀ိုင်းခုန်ပေးကြပါမှာခင်ဗျ။ အခု သမ္မတကြီးဆိုတာလဲ ၂ နှစ်အတွင်း ၂ ယောက် လဲလိုက်နိုင်တယ် ဆိုတော့လေ။ ကောင်းတယ် ပေါ့နော်။ (ဒီလေသံက ဂျပန်ရောက် မြန်မာမင်းသားလေး Win ရဲ့ အင်တာဗျူးလေသံနဲ့ ရေးကြည့်တာပါ)

ပြောချင်တာ နိဂုံးချုပ်ရရင် ရွေးကောက်ပွဲတွေကနေ အာဏာရှင်တွေ တက်တယ်။ အဲသလိုတက်အောင် လူပြိန်းကြိုက် အစွန်းရောက် အယူအဆတွေ မှိုင်းတိုက်ပြီး လူပြိန်းကြိုက်မဲကို သုံးပြီး တက်လာကြတယ်။ တက်လာပြီးတဲ့နောက်မှာ ဒီမိုကရေစီ ဒေါက်တိုင်တွေဟာ စိန်ခေါ်ခြင်း ခံရ တွန်းတိုက်ခြင်း ခံရတယ်။ ဒါကို လူထုပရိသတ်၊ မီဒီယာ၊ အတိုက်အခံ၊ တက်ကြွလှုပ်ရှားသူ၊ ပညာသိ ပညာရှိသူတွေက အမုန်းခံ အနာခံ အပြောခံ အဆိုခံ အနစ်နာခံပြီး ပြန်လှန် တွန်းတိုက် တိုက်ပွဲဝင်ကြရပြန်တယ် ဆိုတာပါ။ ဒီမိုကရေစီခရီးကား မဆုံးသေး။ လမ်းခုလတ်သာ ရှိသေး၏။

(မတ်လမှာ ကျန်ခဲ့တဲ့ ဟံသာဝတီဦးဝင်းတင်မွေးနေ့ အမှတ်တရအဖြစ် ရေးပါတယ်)


0