မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၇)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၇)
(မိုးမခ) မတ်လ ၂၃၊ ၂ဝ၁၈
နွေဦးနှင့် စာရေးဆရာ၏ အတွေးရူး

(၁)
ကျွန်တော် Radio Moscow တွင် အလုပ်လုပ်စဉ်က အပိုအလုပ်အဖြစ် ရုပ်ရှင်ဇာတ်ကားများ၏ နောက်ခံကို ဘာသာပြန် အသံသွင်းရာ၌ ပါဝင်ရသည်။ အပိုင်းတစ်ပိုင်းကို ဘာသာပြန်ခ (၁ဝ) ရူဘယ်လ်၊ မိတ္တူပေးခ (၃) ရူဘယ်လ်၊ အသံအတွက် (၁ဝ) ရူဘယ်လ် စုစုပေါင်း(၂၃) ရူဘယ်လ် ရပါသည်။ တစ်ကြိမ်မတော့ မှတ်တမ်းတင် ဇာတ်ကား (၃) ပိုင်း Spring ဟူသော စကားတစ်လုံးသာပါရာ စုစုပေါင်း (၆၉) ရူဘယ်လ်ရ၏။

ကျွန်တော်နေသော One Room Apartment ရေ၊လျှပ်စစ်၊ ဂက်စ်--ပေါင်းလခက (၆) ရူဘယ်လ်ပါ။ Scotch Whisky Red Label တစ်ပုလင်းရောင်းဈေးက(၄) ရူဘယ်လ်ခင်ဗျာ့။ သည်လိုနှင့်မောင်အောင်မွန်သည် သူရေးခဲ့သည့် ဝတ္ထုထဲကလို အငြိမ့်စားစား မောင်မောင် ဖြစ်ခဲ့ဖူးပါသည်။

(၂)
Spring ဟူသော နွေဦးရာသီသည် နေရာတိုင်းတွင်လှစမြဲပင်။

Love is a Many Splendor Thing အဖွင့်သီချင်းတွင် နက်ကင်ကိုးလ်က နွေဦးရာသီ၌သာပွင့်သော နှင်းဆီသည် သရဖူမို့ မြင်ရသူအား ဘုရင်ဖြစ်စေသည်ဟု သီဆိုရာ၊ နားထောင်ရင်း ဘုရင်များဖြစ်သွားပြီလား၊ စိတ်ရူးပေါက်ကြသူတွေ မရှား။

၁၉၆၈ ခု၊ ဇူလိုင်လ Tokyo သို့ပထမအကြိမ်ရောက်ခဲ့၏။

နွေဦးမဟုတ်တော့သော်လည်း ချယ်ရီများပွင့်ဆဲလှပဆဲမို့ နွေကလည်းရင့်ရင့် ချယ်ရီကလည်း တင့်တင့်၊ မင်းသမီးကြီး အင်ဂ ရစ်ဘဂ်မင်တို့၊ တင်တင်မူတို့လိုများလား၊ ထိုအတွေးရူးနှင့်ပင် မြဝတီမဂ္ဂဇင်းအတွက် ပိတောက်ရွှေဝါနှင့် ပတ္တမြားချယ်ရီ ဝတ္ထုရှည် မောင်အောင်မွန်ရေးဖြစ်ခဲ့သည်။

(၃)
၁၉၉၂ ခု၊ မေလ၌ ဘန်ကောက်သို့ရောက်ကာ သတင်းထောက်လုပ်၏။

မြန်မာပြည်ကထွက်မလာမီ ဆရာမင်းသုဝဏ်အား သွားကန်တော့ရင်း၊ ပျဉ်းမငုတ်တို ကဗျာကနေ အားသစ်မွေမည်ဟု ပြောလိုက်ရာ၊ ဆရာက အားလည်းမွေး အမြင်လည်းကျယ်နော်ဟူ၍ ဖြည့်ပေးသည်။ ဘန်ကောက်ကား လေထုညစ်ညမ်းသဖြင့် ငှက်သံ သစ်ပင် ပန်းမာလာများ သိပ်မတွေ့ရ။ ရှိသည့်နေရာများနှင့် မနီးစပ်သည်လည်း ဖြစ်ပေလိမ့်မည်။

သစ်ပင်စိမ်းစိုစိုပင် မမြင်မိ၊ ကိုမြတ်လေး၏ ပန်းတိုင်းပွင့်ပါစေ သီချင်းသံမရောက်လေရော့သလား။

(၄)
၁၉၉၅ ခု၊ အောက်တိုဘလတွင် VOA Burmese Service ၌ International Radio Broadcaster အလုပ်ရ၍ Washington DC မှာနေ၏။ 301 G Street S.W. Apartment 322 မှာပါ။ နောက်နှစ်မှာပင် နွေဦးရာသီ အလှကိုမြင်ရပြီ။

နှစ်စဉ်ကျင်းပမြဲ Cherry Blossoms ပွဲတော်၏ အရသာမြည်းစမ်းရပြီ။

ကျွန်တော်နေထိုင်ရာကနေ မိနစ်(၂ဝ) ခန့်လမ်းလျှောက်လျှင်ရောက်သည်။ နိုင်ငံအနှံ့ကလာကြ၏။ မတ်လလယ်လောက တည်း မိုးလေဝသဌာနက ချယ်ရီတွေပင့်မည့်ရက်၊ ရာသီဥတုဆိုး၍ အလှပျက်နိုင်ဖွယ် ရှိမရှိစသဖြင့် TV တို့ သတင်းစာတို့မှ တဆင့် ဆွေးနွေးရေးသား ခန်မှန်းကြနှင့် ရင်ခုန်နေကြပြီ။

Cherry Blossoms ပွဲတော်နေ့တွင် တေးဂီတ၊ အကများ၊ စည်းတန်းပွဲ၌ Miss USA လည်းပါတတ်၏။ ဂျပန်အသုံးအဆောင် များကို ကီမိုနိုဝတ် ဂျပန်မလေးများကရောင်း၍ ဝယ်ဝယ်မဝယ်ဝယ် ချယ်ရီမလေးတို့၏ ချယ်ရီအလှကို ငေးရင်းစာရေး ဆရာအား သူ့စိတ်ရူးက Tokyo သို့ခေါ်သွားပြန်ပြီ။

ပွဲတော်သို့ စက်ဘီးပြီးလာသော၊ မော်တော်ကားနှင့် လာကြကုန်သော မြန်မာမိတ်ဆွေများအတွက် ကျွန်တော်တို့အိမ်က ကွန်းခိုရာ၊ ဝင်နားရာပေါ့။ လင်ယောက်ျားထက်ပင် ပန်းကိုများပိုချစ်လေသလားမသိ၊ ပန်းဝတ်မှုံများကြောင့် ရောဂါရလည်းမမှု၊ နှစ်စဉ်မပြတ် ထပ်တလဲလဲ သွားစမြဲပင်။ ဧည့်သည်နှင့်အဖော်--၊ မဟုတ်လည်း ဓာတ်ပုံအရိုက်ကောင်းသူ သမီးနှင့် နှစ်ယောက်သား။

(၅)
ယခုနေသော Central Park Dr Alexandria သို့ April 2010 ၌ပြောင်းလာခဲ့ကြ၏။

အလုပ်ကအနားယူလိုက်ပြီမို့ပါ။ အိမ်ကမြေစိုက် အုတ်ခံ သုံးထပ်အိမ်။ အိမ်ရှေ့တွင် ပုံ၌ပါသည့် ချယ်ရီပင်ကြီးတစ်ပင်ရှိသည်။ တစ်အိမ်လုံးတွင် ပြတင်းပေါက် (၂၃) ပေါက်ရှိသည်။ အပေါ်ဆုံးထပ်အိပ်ခန်း ခုတင်ဘေး ပြတင်းပေါက်က ချယ်ရီပင်ကြီး အထက်ပိုင်းကို မြင်ရသည်။

နွေဦးရာသီတွင် ဖူးပွင့်ဝေစီလာသည်ကို အိပ်ရာကအထ ကြည့်စမြဲ။ အရုဏ်ဦးဝတ်ပြုပြီး ချယ်ရီပင်ကြီး၏ ဟိုမှာဘက်က နေဝန်းနီနီကြီး ထွက်လာသည်ကိုငေးရင်း ဇနီးကလည်း အားမွေးစမြဲ။

ပထမ အဖူးလေးတွေထွက်လာ၏။ ပွင့်လာ၏။ အရွက်ထွက်လာ၏။ အပွင့်များ ပျောက်ကာ သီးလာ၏။အရွက်စိမ်းစိမ်းတွေ လွှမ်းခြုံထား၏။

(၆)
အလယ်ထပ် ထမင်းစားခန်း၌ ငယ်သူချင်း၏ အိမ်တက်လက်ဆောင် (၆)ယောက်ထိုင်စားပွဲကြီး။

ပြတင်းပေါက်နှင့်တည့်တည့် ကုလားထိုင်ကို ကျွန်တော်အပိုင်ယူထား၏။ ကော်ဖီသောက်ရင်း ထမင်းစားရင်း ချယ်ရီပင်ကိုငေး စမြဲပင်။ လာနား အသီးလာစား ကြသောကျေးငှက်သာရကတွေကလည်း စုံလှပါဘိ။ တကြိမ်မတော့ ငှက်မကြီးတစ်ကောင် အသိုက်လုပ်ကာ ဝပ်နေသည်ကို စောင့်ကြည့်ကြ၏။ အကောင်ပေါက်မည့်ရက် ခန့်မှန်းတွက်ကြ၏။

ပန်းရောင်လေးတွေ ပေါက်လာမည်လားဟု စိတ်ရူးပေါက်မိလိုက်သေး။

အောက်ထပ်ကျွန်တော့ရုံးခန်း ပြတင်းပေါက်တည့်တည့်၌လည်း ချယ်ရီပင်ကြီး၏ ပင်စည်နှင့်အခြား ပန်းပင်များ မြင်နေရ သည်။ Computer ရိုက်လိုက် ငေးလိုက်၊ တွေးလိုက် ရေးလိုက်နှင့် စာရေးဆရာအဖို့ အဆင်ပြေပါဘိ။

ဆောင်းဦးရာသီတွင် အရွက်တွေအရောင်ပြောင်း၊ ကြွေကျကုန်၏။ ချယ်ရီသီးမှည့်တွေ ဘွားကနည်းပေါ်လာပြီ။ မခူး၍ ကြွေ ကျ မြေခကုန်၏။ ဆောင်းရာသီဝင်လာလျှင်မူ ချယ်ရီပင်ကြီး အရိုးပဒေသာနှင့် မည်းမည်း၊ နှင်းဖတ်တွေက ဖြူဖွေးဖွေး တွဲ လိုက် ခွဲလိုက်။

အသားအရောင်သဘောနှင့် စာရေးဆရာ စိတ်ရူးနယ်ချဲ့ပေါ့။ ဟိုအဝေးသို့ အအေးဒဏ် သွားမရှောင် နိုင်သော ငှက်ငယ် လေးများခမျာ ချယ်ရီသီးအကြွင်းအကျန်များ လာစားသည်ကို ငေးကြည့်ကာ မုဋိတာပွားခွင့် အခမဲ့ရလိုက်၏။ ရာသီဥတု မဖောက်ပြန်လျှင် ဖြစ်နေကျပုံမှန်ပါ။ သို့သော် ... သို့သော်လည်း ... ။

(၇)
ရာသီဥတုဆိုးမည်မို့ ကျွန်တော်စောစော အိပ်ရာဝင် နေမြင့်မှ အိပ်ရာကထ၏။

ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ချယ်ရီပင်ကြီးက ဓာတ်ပုံထဲတွင် မြင်ရသည့်အတိုင်း--။ မနေနိုင်၍ ဓာတ်ပုံရိုက်ပေးဖို့ ပူဆာရာ သမီးကရိုက်ပေး၏။ အပြင်ထွက်လမ်းလျှောက် ခပ်လှမ်းလှမ်းက ရေကန်ထ ရေမခဲ ဘဲလေးတွေ ရေးကူးနေကြပုံ လည်း ရိုက်ခဲ့ပြီး၊ အိမ်ရှေ့ချယ်ရီပင်ကြီးက အငုံဖူးတွေ မကြွေ ပွင့်လာလိမ့်မည်ဟုဆို၏။ မြင်နေကျပွင့်နေကျ ချယ်ရီပွင့်လည်း မြင်ယောင်လာပြီ။

ဆရာမင်းသုဝဏ်၏ ပျဉ်းမငုတ်တို ကဗျာတိုးတိုးရွတ်ရင်း နွေဦးနှင့်စာရေးဆရာ၏ စိတ်ရူးကိုတွေးရင်း ရေးလိုက်ရကြောင်းပါ။

၂ဝ၁၈ ခု၊ မတ်လ (၂၁) ရက်နေ့

Comments