မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၅)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၅)
(မိုးမခ) မတ်လ ၁၅၊ ၂၀၁၈
ဘာလုပ်ရမှန်းမသိ၍ အကြံပေးကြပါ

(၁)
အိမ်နီနားချင်းမိတ်ဆွေနှင့်စကားစပ်မိတော့မှ ကျွန်တော်၏နိုင်ငံကူးလက်မှတ်စာအုပ် (Passport Book) သည် ၂၀၁၇ ကတည်းက သက်တမ်း (၁၀) နှစ် ကုန်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ကျွန်တော့်အိမ်က (၁၀) မိနစ်ခန့် ကားမောင်းရသော စာတိုက်သို့ပြေးရ၏။ အနားက CVS ဆိုင်မှာလည်း ဇနီးနှင့်အတူ ဓာတ်ပုံရိုက်ခဲ့၏။ Passport ဌာနတွင် တစ်ယောက်အတွက် ဆောင်ရွက်ပေးနေသူ တာဝန်ခံက ကောင်တာရှိ အပြာရောင်ပုံစံကို ယူဖြည့်ရန်ဖြတ်ပြီး လှမ်းပြောသည်။

စောင့်နေသူ (၂) ဦးရှိနေသဖြင့် နောက်နေ့မှ လာခဲ့မည်ဟု ပြောရာလိုအပ်သည်များ မှာလိုက်၏။

(၂)
နောက်တစ်နေ့ Feb. 21 2018 မနက်ကော်ဖီသောက်ရင်း ပုံစံဖြည့်သည်။

Yes No မေးခွန်း (၆) ခု၊ ယခုနေသောလိပ်စာ၊ ဆံပင် မျက်လုံးအရောင်၊ ကိုယ်အလေးချိန်၊ အရပ် --စသဖြင့် အတော်တိုရှင်း လိုရင်းပါ၊ ဇနီး၏အဖိုးဘက်က ဘွား၏မွေးသက္ကရာဇ် ဝေးလို့ မိမိအဖေနာမည်ပင်မပါ။ (၁၀) နှစ်အတွင်း နေခဲ့သောကျောင်း များဝေး၍ ပညာအရည်အချင်းလည်း မမေး။ ကော်ဖီခွက်မကုန်မီ ပြီးသွားပြီ။

တစ်ယောက်စီအတွက် $ 110 စီ ချက်လက်မှတ် (၂) စောင်စီရေးပြီး စာတိုက်သို့ထွက်လာခဲ့ကြ၏။

(၃)
လူတစ်ယောက်အား ဆောင်ရွက်ပေးနေ၍ ဟိုငေးသည်ငေးနှင့် ခဏစောင့်ရသည်။

ကျွန်တော်တို့အလှည့်ရောက်တော့ စစ်ဆေးရာ (၅) မိနစ်ခန့်ကြာ၏။ Passport အဟောင်းပြန်အပ်၊ သူ့ရှေ့မှောက် ပုံစံ၌ လက်မှတ်ရေးထိုးရ၏။ ထို့နောက် U.S. Department of State, National Passport Center သို့ (၂) စာအိပ်နှင့်ပို့ခ $ 6. 70 ပေးရ၏။ ဘယ်နေရာရောက်နေလဲဟု စုံစမ်းနိုင်သည့် tracking number 28777 လည်း ပြေစာထဲ၌ပါ၏။ အာမခံလည်းပါ၍ USPS 1-800-222-1811 (အခမဲ့ခေါ်လို့ရသော) တယ်လီဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဖေါ်ပြထား၏။

အမြန်ခရီးသွားရန် အစီအစဉ် ရှိလားဟုမေးရာ မရှိဟုဖြေလိုက်သည်။

(၄) ပတ်ကြာလို့မှ Passport များရောက်မလာလျှင် 1-877- 487- 2778 (အခမဲ့ခေါ်လို့ရသော) သို့ဆက်သွယ် စုံစမ်းနိုင် ကြောင်း ရှင်းလင်းပြောပြ၏။ (၁၅) မိနစ်ခန့်သာကြာ၍ မြန်လိုက်တာဟု ကျွန်တော်ကပြောရာ၊ မင်းတို့က အဆင်သင့်လုပ်လာ တာကိုးတဲ့။

နောက်လူတစ်ယောက် စောင့်နေ၍ Thanks ဟုသာ ပြောခဲ့ရသည်။

စာတိုက်တိုင်းမရ၊ လုပ်လို့ရသောစာတိုက် စုံစမ်းကိုစုံစမ်းနိုင်၏။ ကြိုတင်ဖုန်းဆက် appointment ယူထားလျှင် (၂) ဘက် အဆင်ပြေ အချိန်ကုန်သက်သာ၏။

(၄)
(၂) ပတ်ပင်မကြာ၊ စာတိုက်နေ Passport အသစ်များ ရောက်လာပြီ။

U.S. Department of State သုံးစာအိတ်နှင့်ပါ၊ လက်မှတ်ထိုးမယူရပါ၊ နံပါတ်အသစ် ဓာတ်ပုံအသစ်နှင့်။ ထုတ်ပေးသည့်နေ့ 04 Mar 2018 သက်တမ်းကုန်ဆုံးသည့်နေ့ 03 Mar 2028 ဖြစ်၏။ ကြည့်ပါ Passport အဟောင်း သက်တန်းကုန်ဆုံးသည့် နေ့ကမစ။ အခွန်ဆောင်နေသူ Taxpayer ထံမှ ငွေညှစ်မယူပါ။ Passport ဟူသည် နိုင်ငံသားတိုင်း ရခွင့်ရှိသည်ကို သိထားကြသကိုး။

ထို့ကြောင့် ဝန်ဆောင်ခ စတိသာယူကာ ထုတ်ပေးနေခြင်းဖြစ်သည်။

With Your U.S. Passport, the World Is Yours! ကမ္ဘာအနှံ့ သွားနိုင်ပြီ၊ နိုင်ငံအတော်များများသို့ Visa မလိုပါ၊ အကယ်၍ Passport ပျောက်သွားပါက အနီးဆုံး သံရုံး၊ ကောင်စစ်ဝန်ရုံး၊ သို့မဟုတ် 1-877- 487- 2778 (အခမဲ့ခေါ်လို့ရသော) သို့ ဆက်သွယ်သတင်းပို့ပါဟု၊ အသစ်မရမီ အရေးပေါ်အကူအညီအတွက် 1-888-407-4747 ကပေးလိမ့်မည်ဟူသော Flyer လည်း အတူပါလာ၏။

ကျွန်တော်တို့နှင့် VOA ၌ လုပ်ဖော်ကိုင်ဖက် ဦးထွန်းအောင် ဘန်ကောက်ခရီးတွင် ကိုင်ထားသည့် U.S. Passport အခိုးခံရ၍ (၅) ရက်ခန့်အကြာ၌ အသစ်ရသည်။ သူခိုးကတော့ ပွပြီပေါ့၊ လက်တွေ့မတော့ ပိုင်ရှင်မဟုတ်သူအဖို့ ဗလာစာအုပ်လောက်ပင် သုံးမဝင်နိုင်။ မိသွားလျှင်လည်း မသက်သာပါ။ ထို့ကြောင့်လည်း U.S. Passport သူခိုးဟူ၍ မရှိဖူးခြင်း ဖြစ်ပေလိမ့်မည်။

(၅)
နောက်သုံးရက်အကြာတွင် U.S. Department of State သုံးစာအိတ် ရောက်လာပြန်ပြီ။

ကျွန်တော်တို့၏ သက်တန်းကုန်ဆုံးသည့် Passport အဟောင်းများပါ။ အပေါက်ဖောက်ထား၍ ခရီးသွားလို့မရ၊ အမှတ်တရ သိမ်းထားချင်သိမ်းထား သို့တည်းမဟုတ် သက်သေအဖြစ် သုံးချင်သုံးရန် Bureau of Consular Affairs Passport Services ကပို့ပေးခြင်းဖြစ်သည်။ ကျွန်တော်တို့ဇနီးမောင်နှံကမူ လွန်ခဲ့သည့် (၁၀) နှစ်က ဓာတ်ပုံနှင့် ယခု (၁၀) နှစ်အကြာ အိုမင်း လာသည့် ဓာတ်ပုံယှဉ်ကြည့်ကာ အိုမင်းရင့်ရော်ခြင်းကို တွေးရင်းပြုံးမိကြသည်။

ဘယ်မှလည်းသွားမှာမဟုတ်လို့ ထားလိုက်ပါဟု ဇနီးကဆို၏။

(၆)
ကျွန်တော်က အသက်(၈၂) နှစ်ကျော်နေပါပြီ။

နောက်ထပ် (၁၀) နှစ်အသက်ရှင်ဖို့ဝေးစွ (၁၀) လပင်ခံပါ့မလားဟု စိတ်ကူးယဉ်ကြည့်လို့ပင်မရချင်။ အိမ်ထဲသို့ ရောက်လာ သည့် (၁၀) နှစ်သက်တန်းရှိ U.S. Passport အသစ်နှင့် ခရီးထွက်လိုချင်သေး၏။ ဘယ်ကိုသွားရပါ့၊ မြန်မာပြည်လေ-- သွားချင်သည့်နေရာများ-တွေ့ချင်သူတွေနှင့်-- စားခင်တာတွေအဝစားဟု စဉ်းစားရင်း အတွေးတစ်ခုခေါင်းထဲသို့ ရုတ်တရက် ဝင်လာ၏။

နိုင်ငံဆိုသည်မှာ နိုင်ငံသားများနှင့် ဖွဲ့စည်းထားခြင်းမဟုတ်ပါလား။ ရေမြင့်မှ ကြာတင့်ဆိုသလို အပြန်အလှန်--။ နိုင်ငံကိုယ် စားပြုအစိုးရဟူသည် နိုင်ငံသားများအပေါ် ညှစ်ခြင်း ညစ်ခြင်းကင်းစွာ လုပ်ဆောင်၍လည်း ဒီအမေရိကန်နိုင်ငံ ဒီလိုအဆင့်မြင့် နေတာဟု တွေးမိကြောင်းပါ။

၂၀၁၈ ခု၊ မတ်လ (၁၅) ရက်နေ့။

Comments