ကျော်ထင် ● မြို့ကျက်သရေပေါ်က မြို့ကြီးသား အထာမကျသူများ

ကျော်ထင် ● မြို့ကျက်သရေပေါ်က မြို့ကြီးသား အထာမကျသူများ
(မိုးမခ) မတ်လ ၁၈၊ ၂၀၁၈

(၁)
ညတွေမှာ နားလို့ လက်ဖက်ရည်ဆိုင် ဆင်းပြီဆိုရင် ကျနော် ခြေကျင်ပဲ ဆင်းတော့တယ်။ ဆင်းတယ်လို့သုံးရတာက အိမ်ပေါ်ကနေ အိမ်အောက်ကိုရောက်လို့ ဆင်းတယ်ဆိုတဲ့ဝေါဟာရကိုသုံးတာ မဟုတ်ပါဘူး။

ကျနော်တို့ ရပ်ကွက်က တောင်ကုန်းလေးလေ။ ကုန်းပေါ်က ကိုယ်ဆင်းခဲ့တယ်။ မင်းနေတဲ့ မြေပြန့်ဆီ အလီလီအခါခါရယ်ရှိလို့၊ ရိုးနေပြီလားဆိုတဲ့ ဗိုလ်ထီးသီချင်းက ကျနော်တို့အတွက်တော့ ယုတ္တိဗေဒနဲ့အထာကျခဲ့တယ်။ အထူး သဖြင့် ကျနော့်အတွက် ရုပ်နာမ် နှစ်ပါးစလုံးမှာ အသင့်လျော်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ကျနော့်အိမ်က သူငယ်ချင်းအိမ် တွေထက် ပိုမြင့်တဲ့နေရာမှာ ရှိနေလို့ပါ။

ဒါ့ကြောင့်လည်း ထိပ်ဆုံးကကျနော် ကျော်ဟိန်းကားကို ဝိုင်းဖွဲ့ ရူးသွပ်ကြတုန်းက သူငယ်ချင်းတွေ ကျနော့်ကိုမနိုင်ခဲ့ဘူး။ ဟေ့ကောင်တွေ မင်းတို့သောက်ကြီးသောက်ကျယ် ပြောမနေကြနဲ့၊ ထိပ်ဆုံးက ကျနော်ဆိုတာ ငါပဲ။ တရပ်ကွက်လုံးတောင်မက၊ တမြို့လုံးရဲ့ထိပ်ဆုံးမှာ နေတာလို့ ဂုဏ်ယူပြောခဲ့တာ။ အဲ့ဒီ့နေရာကနေ လက်ဖက်ရည်ဆိုင်ဆီ သွားတာဖြစ်လို့ ဆင်းတယ်လို့ သုံးလိုက်တာပါ။

အဲ့ဒီလိုဆင်းတိုင်း ကျနော့်အိမ်ခြေရင်း လမ်းတခြားက သူငယ်ချင်း သက်နိုင်ပါတယ်။ ကျောင်းဆရာဟောင်းက ဆိုင်က စောင့်နေမှာ။ တောင်ခြေရင်းရောက်တာနဲ့ မြို့ရဲ့ကျက်သရေဆောင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်က မြင်နေရပြီ။ တကယ် တော့ ကျနော်တို့မြို့က ဒီဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဆိုတာ ကြေးရုပ်သမိုင်းမှာ အစောဆုံးသွန်းခဲ့တာ။ ကြေးရုပ်ဖိနပ်ခုံမှာ ၁၉၄၈/၁၉၄၉ တဲ့။ ဦးထွေး၊ ဒေါ်နု တမ္မဝတီ၊ မန္တလေးမြို့တဲ့။ ၁၉၄၈ ဆိုတာ

ဗိုလ်ချုပ်တို့ကို သဂြိုဟ်တဲ့နှစ်ပေါ့။ ဗိုလ်ချုပ်တို့ကျဆုံးတာက ၁၉၄၇ ဇူလိုင်လ။ သရဏဂုံတင်ပြီး အမျှဝေတာက ၁၉၄၈ ဧပြီ (၁၁) ရက်။ အရင်က သီးသန့်ခြံခတ်ပြီး ထားထားတာ။ လူဝင် လူထွက် မလုပ်ရဘူး။ အာဇာနည်နေ့ပတ်လည်လောက် ရောက်မှသာ ဝင်ခွင့် ထွက်ခွင့်ပေးတာ။

နောက်တော့ ခြံခတ်ထားတဲ့ သံဇကာတွေဖြုတ်ပစ်လိုက်ကြတယ်။ အပွင့်အတိုင်း ထားတယ်။ လူတွေကြိုက်သလို ကြိုက်တဲ့ အချိန် ဝင်ထွက်လို့ရတယ်။ ဒါပေမဲ့  ကြေးရုပ်ပတ်လည်မှာ မီးမှောင်တာရယ်၊ ပန်းခြုံတွေရယ်ကြောင့် လူကွယ်ရာဖြစ်ပြီး၊ မတော်မရော်နေထိုင်မှုတွေ အမြဲတွေ့မြင်စရာ နေရာဖြစ်လာခဲ့တယ်။ အတွဲတွေအတွက်၊ အရက်ဝိုင်းဖွဲ့သောက်သူတွေ အ တွက် နားခိုစရာနေရာနဲ့ အိုးမဲ့ အိမ်မဲ့တွေရဲ့ အိပ်စက်နေထိုင်ရာနေရာဖြစ်နေတယ်။ ဗိုလ်ချုပ်ကြေးရုပ်ရဲ့ခြေရင်းဆိုတာ ခြေသ လုံးသားတွေရဲ့ ညအိပ်ခုတင်လို ဖြစ်နေတော့တာပါပဲ။ ဒါကို လက်ဖက်ရည်ဆိုင်ဆီဆင်းတိုင်း မြင်တွေ့နေရတာဟာ မြို့မြင် မတင့်အောင်ပါပဲ။ မြို့ကျက်သရေ ကင်းမဲ့စေသလိုပါပဲ။

ဒီတော့ လူကွယ်ရာဖြစ်တဲ့ပန်းခြုံတွေကို ရှင်းပစ်ဖို့၊ ခြံစည်းရိုးပင်တွေမစိုက်ဖို့၊ အဲ့ဒီ့အစား စတီးလက်ရမ်းတွေ တပ်ဆင်ဖို့၊ တလင်းပြင်အဖြစ်ပဲထားဖို့၊ အုတ်ပြားဖြစ်ဖြစ် ကြွေပြားတွေဖြစ်ဖြစ် ခင်းထားဖို့၊ မီးမောင်း၊ မီးဆလိုက်တွေတပ်ပြီး မီးထိန်ထိန် ထွန်းဖို့၊ ကြေးရုပ်ကြီးရဲ့ခြေရင်း လူခိုစရာဖြစ်နေတဲ့ ဟောင်းလောင်းပေါက်ဒီဇိုင်းကို ပြန်ပြင်ဖို့ဆိုပြီး ၂၀၁၂ လောက်မှာ အစည်း အဝေးတွေအကြိမ်ကြိမ်နဲ့ စနှိုးဆော်ကြတယ်။ ဗိုလ်ချုပ်ရာပြည့်မှာ အောင်မြင်ခဲ့တယ်။

ခုတော့ ဗိုလ်ချုပ်ရင်ပြင်ကျယ်ကျယ်ဟာ သမိုင်းကိုသတိရနေစရာ၊ ကျေးဇူးကိုအောက်မေ့နေစရာ၊ မြို့ကြီးသားတွေနဲ့ ဧည့် သွားဧည့်လာတွေအတွက် စိတ်လက်အပန်းဖြေစရာ နေရာဖြစ်နေပါပြီ။ မီးရောင်ထိန်ထိန် ရင်ပြင်သန့်သန့်နဲ့ ညဆို ကစား ကွင်းရှားတဲ့ ကျနော်တို့မြို့ကကလေးတွေအတွက် ကစားကွင်းတောင် ဖြစ်နေလိုက်သေးတယ်။ အနည်းငယ်ပြုပြင်ထားတဲ့ ကြေးရုပ်ထောက်တိုင်တခုဟာ လျှောစီးစရာဖြစ်။ အရှေ့ဘက်အနည်းငယ်ကျယ်တဲ့ ရင်ပြင်ကတော့ ဘောလုံးကစားရာ နေ ရာဖြစ်။ အရှေ့မြောက်ထောင့်မှာရှိတဲ့ လျှပ်စစ်ပုံးကြီးကတော့ ဆိုင်ကယ်ကယ်ရီသမားတို့ရဲ့ နားနားနေနေတက်ထိုင်စရာ ဆက်တီဖြစ်လို့။

(နှစ်)
ကျနော်တို့ရပ်ကွက်ရဲ့ တောင်ဘက်ခြေရင်းမှာရှိတဲ့ ဗိုလ်တောက်ထိန်လမ်းကိုဖြတ်လိုက်တာနဲ့ ရှမ်းကန်ဘေး ပလက် ဖောင်း ပေါ်ရောက်တာ။ အုတ်လှေကားထစ် နှစ်ထစ်ကို ကျော်လိုက်ရင်ကန်ကိုပတ်တဲ့ ကန်ပေါင်ရိုးပေါ်က ကန်ပတ်လမ်းကို နင်းမိ တယ်။ ကန်ပတ်လမ်းအတိုင်းအရှေ့ဘက်ကိုမျက်နှာမူ နည်းနည်းလျှောက်လိုက်တော့၊ အဲ့ဒီ့မြို့ကျက်သရေ ဗိုလ် ချုပ်ကြေးရုပ် ရဲ့နောက်ကျောဆီ ရောက်ပြီလေ။ နောက်ကျောအလွန်မှာ ကုက္ကိုပင်အကြီးကြီးတပင်ရှိတယ်။ အုတ်ပလ္လင် ခွေထားတယ်။ အဲ့ဒီ့အောက်မှာ အိုးမဲ့အိမ်မဲ့တွေ အိပ်စားနေထိုင်နေလို့ နှင်ထားတာ။ ခု ပြန်တွေ့ရပြန်တယ်။

တကယ်တော့ သူတို့ဟာ ရေညှိတွေလိုပါပဲ။ တိုက်ချွတ်ထားတုန်း ခဏရယ်။ ပျောက်သွားတယ်။ နောက် မကြာပါဘူး။ ပြန် ပေါ်လာတယ်။ ခြေပြတ်တွေလည်းပါတယ်။ မိန်းမတွေလည်း ပါတယ်။ အရွယ်တွေက ၃၀ ပတ်လည်နဲ့ ၄၀ ကျော် လောက် တွေ။ ၅၀/၆၀ လောက်တွေလည်း ပါပါတယ်။ အလုပ် မလုပ်ကြဘူး။ တောင်ရမ်း စားသောက်ကြတာ။ အလုပ် လုပ်ကိုင်နိုင် စွမ်းလည်း မရှိကြတော့ပါဘူး။ အကုန်လုံး မိန်းကလေးကအစ အရက်ရဲ့ကျေးကျွန်တွေဖြစ်နေကုန်ပြီ။ ပိုက်ဆံလိုက်တောင်းတဲ့ အမျိုးသမီးဆိုရင် ပါးလေးတွေ ဖောလို့။

သူတို့အားလုံး အဲ့ဒီ့ကုက္ကိုပင်ကြီးအောက်မှာ စတည်းချကြတယ်။ နေ့နေ့ညည သောက်စားနေတာ။ ရှေ့မှာအသင့်ရှိတဲ့ လက် ဖက်ရည်ဆိုင်ဆီထွက်လာပြီး တောင်းလိုက်။ ရတော့ အရက်သောက်လိုက်နဲ့။ အထူးသဖြင့် အမျိုးသမီးကိုထွက် တောင်းခိုင်း တာ များတယ်။ တကယ်တော့ သူတို့တွေ တောင်းစားစား၊ တောင်းသောက်သောက်။ သူတို့တွေ ဘယ်မှာနား နား၊ ဘယ်မှာ နေနေ ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာရှိတာက သူတို့နေတာက အများသူငါ သွားလာဝင်ထွက် စိတ် အပန်းဖြေ တဲ့နေရာ။ ဒါ့အပြင် ကျန်းမာရေးအတွက် လမ်းလျှောက်ကြတဲ့နေရာ။ လူစည်ကားရာနေရာ။

ဒီလိုနေရာမှာ သူတို့က အများသွားတဲ့ကန်ပတ်လမ်းပေါ်မှာ အရက်ဝိုင်းဖွဲ့သောက်နေကြတာ။ မနက်စောစော လမ်း လျှောက်ချိန်မှာကိုပဲ သူတို့က မူးနေကြတာ။ ဖြတ်သွားဖြတ်လာ ယောက်ျားလေးဆို သူတို့စိတ်အခန့်မသင့်တဲ့အချိန်နဲ့ များကြုံရင်အချင်းချင်းဆဲသလိုနဲ့ ငါကိုင်တုပ်ပြီး ဆဲတတ်တယ်။ မိန်းကလေးဆိုပိုက်ဆံ အတင်းလိုက်တောင်းတယ်။ မပေး ချင်လို့ မပါဘူးပြောရင်တောင်၊ ကိုင်လာတဲ့ပိုက်ဆံအိတ်ကို မေးငေါ့ပြီး၊ အဲ့ဒီ့ပိုက်ဆံအိပ်က ဘာလုပ်ဖို့ ကိုင်ထားတာတုန်းလို့ မေးခွန်းမျိုးပြန်မေးတတ်သေးတာ။ လူများ လစ်ရင် လုတော့မယ့်ဟန်နဲ့။

ဒီလိုတွေများလာတော့ သူပြောငါပြော ပြောလာကြပြီဆိုတော့ ဒီလူစုကို အဲ့ဒီ့နားကနေ ဖယ်ရှားလိုက်ကြတယ်။ အဲ့ဒီ့ပရဝဏ် မှာမနေဖို့ စည်ပင်နဲ့ရဲပေါင်းပြီး နှင်ထုတ်လိုက်ရတယ်။ အရက်သေစာဝိုင်းဖွဲ့သောက်စားတာတွေနဲ့ လှဲလှောင်းအိပ်စက်တာ တွေ မပြုကြဖို့လည်း မေတ္တာရပ်ခံထားတဲ့သတိပေးနှိုးဆော်ဘုတ်တွေ ထောင်ထားတယ်။

အဲ့ဒီလိုလုပ်လိုက်တာ ဘာကြာသေးလို့လဲ။ အခုပြန်ရောက်လာကြပြီ။ ဟိုဘက်သုံးလေးရက်တုန်းက တယောက်စ နှစ် ယောက်စလောက် သစ်ပင်ခြေရင်းအုတ်ခုံမှာ ပုဆိုးခြုံလေးနဲ့ကွေကွေးလေးအိပ်နေတာ တွေ့ရတုန်းကတော့ သူငယ်ချင်းက ပြောသား။ ဒီအုပ်စုတွေတော့ သွေးတိုးစမ်းနေပြန်ပြီ။ မကြာခင် အုပ်လိုက်ပြန်လာလိမ့်ဦးမယ်။ ဘယ်လိုနှင်ရင် ကောင်းမလဲ ကွာတဲ့။ ဒီနေရာက နှင်လိုက်တော့လည်း သူတို့က ဟိုဘက် နတ်နန်းကြီးနား သွားနေကြတာ။ တချို့ကတော့ ဟိုးက ဖြောက် ဆိပ်ပင်အောက်မှာ။ တာဝန်ရှိတဲ့သူတွေကလည်း ကြပ်ကြပ်မတ် မတ်မလုပ်ဘူးနဲ့တူတယ်။ တခါနှင်ပြီး ပြီးပြီလုပ်နေတာ။

ဒီလိုဖြစ်နေတဲ့သူငယ်ချင်းကို ကျနော်တခုခုတော့ ပြောချင်နေတာ။ ပြောဖို့ တောင် သူငယ်ချင်းတွေကို စိုင်းထီးစိုင်သီချင်း အကြောင်း မေးကြည့်ဖြစ်သေးတယ်။ နှစ်ယောက်စလုံးက မသိဘူးဖြစ်နေတယ်။ ကျနော်ကလည်းမေ့နေတယ်။သံစဉ်ကော စာသားကောကို အစရှာမရခဲ့ဘူး။ အကြောင်းအရာကိုတော့ သိနေတယ် ကြွက်တွေကို ဖမ်းသတ်မယ်။ ဒါပေမဲ့ ဒီ့ထက်ကိုယ့်ကိုဆိုးဝါးစွာပြုနေတဲ့သူတွေကို ဘာမှမလုပ်နိုင်ဘဲနဲ့ ကြွက်တွေကိုလည်း ဘာမှမလုပ်သင့်ဘူးဆိုတာမျိုး။ ခြင်လည်း အဲ့ဒီလိုပဲဆိုတော့ နှစ်ယောက်လုံးက မျက်လုံးလေးကလယ်လယ်နဲ့ ကျနော့်ကိုကြည့်နေကြတာ။ သူတို့လည်း မေ့ကုန်ပြီကိုး။

မေ့နေမယ့်အတူတူ လက်ဖက်ရည်ဆိုင်လုပ်သားလေးလာပေးတဲ့ Daily eleven ကို လှန်ဖတ်နေလိုက်တယ်။ တိုက်တိုက် ဆိုင်ဆိုင် လင်းသက်ငြိမ်ရဲ့ စိုင်းထီးစိုင်သီချင်း ကျွန်တော့် စိတ္တဇနှင့်ကြွက်ကြော်ဆိုတဲ့ အက်ဆေး လေးဖတ်လိုက်ရတော့မှ ကျနော်မေးခဲ့တဲ့၊ ကျနော်တို့မေ့ခဲ့တဲ့သီချင်းအကြောင်းကို သိတော့တာ။

ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်ဆိုတဲ့ တေးစီးရီးထဲကတဲ့။ ကြောင်အိမ်အောက်မှာ ကြွက်ထောင် ချောက်နဲ့ ကြွက်ဖမ်းဖို့ ရာကြံမလို့လား။ သြော် ...ကြွက်ထက် မင်းပစ္စည်းတွေခိုးယူနေတဲ့သူကို တောင် ဘာမှမလုပ်နိုင် မှ တော့ ကြွက်ကို ချမ်းသာပေးသင့်ပါတယ်။ခြင်ထောင်ထဲမှာ ဖယောင်းတိုင်မီးနဲ့ခြင်ဖမ်းဖို့ ရာ ကြံမလို့လား။ သြော်.. .ခြင်ထက် မင်းအသွေးအသားတွေကို စုပ်ယူနေတဲ့သူကိုတောင် ဘာမှ မလုပ်နိုင်မှတော့ ခြင်ကို ဘေးမဲ့ပေးသင့်ပါတယ်။  ဒီသီချင်းကို ကျနော် မေးခဲ့တာ။

ဒီသီချင်းနဲ့ အိုးမဲ့အိမ်မဲ့တွေကိုဆက်စပ်ပြီး သူတို့ကိုပြောချင်နေတာ။ သူတို့က ခြေသလုံးသားတွေကို နှင်ထုတ်ဖယ်ရှားပစ်ဖို့ အားသန်ကြတဲ့သူတွေလေ။ သူတို့ကို ပြောပြဖို့ စိုင်းထီးစိုင်ရဲ့တေးပေါင်းချုပ်ကိုတောင် သွားဝယ်ဦး မယ်လို့ စိတ်ကူးနေတာ။ ဒါပေမဲ့ ခုတော့ ဝယ်စရာမလိုတော့ပါဘူး။ လင်းသက်ငြိမ်ရေးပြထားတာကို ကျေးဇူးတင်စွာဖတ်လိုက်ရတယ်။ လင်းသက် ငြိမ်ကတော့ တလစပ်တိုက်စားနေတဲ့အချိန်ယန္တယားနဲ့ ဘယ်သူမှမလွတ်ကင်းနိုင်တဲ့သေခြင်းတရားတွေအဖြစ် နက်နက် ရှိုင်းရှိုင်း မြင်ပြသွားတာပါ။ ဒါပေမဲ့ ကျနော်ကတော့ အဲ့လိုမမြင်ဖြစ်ဘူး။ ကျနော်တို့အပေါ်စီးပိုးအုပ်ချုပ်ထားတဲ့ ကာလ ကြာ ရှည်တဲ့စနစ်ဆိုးတွေလို့သံဝေဂမပါ၊ ရသမသွင်း ဘဲ ဘွင်းဘွင်းတည့်တည့်ကြီး ကြည့်မြင်နေမိတာ။

 (သုံး)
တကယ်တော့ ကျနော်တို့ဖယ်ရှားရမှာက ကျနော်တို့အပေါ်ဆိုးဝါးစွာအုပ်မိုးထားတဲ့စနစ်ဆိုးကြီးတွေမဟုတ်လား ကြွက်တွေ စားသောက်ယူငင်သွားတာက သေးသေးဖွဲဖွဲရယ်ပါ။ ကျနော်တို့ရဲ့တောသယံဇာတတွေ၊ ကျနော်တို့ ရဲ့မြေသယံဇာတတွေ ၊ ကျနော်တို့ရဲ့ရေသယံဇာတတွေကိုခိုးယူနေကြသူတွေက ပိုပြီးမဆိုးပေဘူးလား။ ကျနော်တို့တဦးချင်းစီရဲ့ သွေးသားတွေ တင်မကဘဲ မျိုးဆက်နဲ့ချီတဲ့ အခံစိတ်တွေကိုပါ ဝါးမျိုဖျက်ဆီးခဲ့ကြတဲ့သူတွေ ကကော ပိုလို့မရက်စက်ပေဘူးလား။ ဒါကို ကျနော်တို့ယနေ့ထက်ထိ မတွန်းလှန်နိုင်သေးပါဘူး။ မဖယ်ရှားနိုင် ကြသေးပါဘူး။

အဲ့ဒီလိုမှမဟုတ်ဘဲနဲ့တော့ ဒါတို့ပြည် ဒါတို့မြေတို့ပိုင်တဲ့မြေမဟုတ်ကြတဲ့သူတွေအချင်းချင်းကုက္ကိုရိပ်ခိုပြီး အိပ်နေတဲ့သူ တွေကို အိမ်အမိုးလုံလုံအောက်နေသူတွေက ဖယ်ရှားဖို့ကြိုးစားနေကြတာဟာ ကျနော်တို့တရားမှ တရားရဲ့လား။ ကြွက် လေးတွေကို ထောင်ချောက်နဲ့ထောင်ဖမ်းရာများ ရောက်နေသလား။ ဗိုလ်ထီးသီချင်းထဲကလို ခြင်တွေကိုသတ်ဖို့ အားထုတ် သလိုများဖြစ်နေသလား။ ကြွက်တွေသောင်းကျန်းလွန်းလို့ထောင်ချောက်နဲ့ဖမ်းရတာဟာ အဖြေမှန်ဆိုရင် လမ်းသွားလမ်း လာတွေကို နှောက်ယှက်နေတဲ့ အိုးမဲ့အိမ်မဲ့တွေကို နောင် မနှောင့်ယှက်ရအောင် အဲ့ဒီ့နားကနေဖယ်ရှား မောင်းထုတ်ပစ် လိုက်တာဟာလည်း အဖြေမှန်ပဲလား။ လူ့အဖွဲ့အအုံဆိုတာက ကြွက်တွေ ခြင်တွေကိုဖယ်ရှားလိုက်သလို မလွယ်ကူနိုင်ဘူး လေ။ အဲ့ဒီလိုလည်း မရိုးစင်းနိုင်ပါဘူး။

ကျနော်တို့ဟာ သူတို့ကို မာင်းထုတ်ဖယ်ရှားပစ်ဖို့ပဲ တွေးတတ်ကြတာလား။ သူတို့အတွက်ကော၊ ကျနော်တို့ အတွက်ကော အကျိုးရှိမယ့်အဖြေကို နောက်တမျိုးမစဉ်းစားတတ်ကြတော့ဘူးလား။ ရပ်ကွက်ထဲမှာ ကြွက်ပြဿနာ ဖြေရှင်းတဲ့နည်းလိုပဲ။ အံ့သြရတယ်။ ရပ်ကွက် အရှေ့မြောက်ထောင့်အိမ်က ကြွက်ကိုအရှင်ဖမ်း ထောင်အိမ်နဲ့ထောင်ဖမ်းပြီး၊ မိတဲ့အခါကျတော့ ကျနော်တို့နောက်ကျောက ဘုန်းကြီးကျောင်းဝန်းထဲ လာလွှတ် တယ်။

ဒါဆို အဲ့ဒီလို လွှတ်လိုက်တဲ့ကြွက်တွေ ဘယ်သွားသလဲ။ အစာရှိတဲ့ ကျနော်တို့အိမ်တွေဆီပဲရောက်လာမှာပေါ့။ ပြီးရင်တော့ တရပ်ကွက်ထဲဆိုတော့ သူတို့အိမ်ဆီလည်း ပြန်ရောက်ချင်ပြန်ရောက်သွားမှာပါပဲ။

(လေး)
ခုလည်း အိုးမဲ့အိမ်မဲ့တွေကို ကြေးရုပ်နားမနေဖို့နှင်ထုတ်လိုက်တာဟာ ကြွက်တွေကို အခြားနေရာ သွားလွှင့်သလိုပါပဲလား။ ဒီကုက္ကိုပင်အောက်ကိုပဲ ပြန်ရောက်လာကြတာ။ အပြုံလိုက်ပဲ။ အခုဆို အရင်ထက်တောင်များ နေတာတွေ့ရတယ်။ ကလေး တွေ၊ မိန်းမတွေ၊ သတ္တုချောင်း ချိုင်းထောက်နဲ့ခြေတုဝါညစ်ညစ်တွေ၊ ဝါးတောင်း ရှည်ကြီးနဲ့အထုပ်အပိုးတွေ၊ ပိုးလိုး ပက်လက်တွေ။ အထုပ်ပေါ်မှီအိပ်နေတဲ့ကလေးတွေ၊ လွှင့်ပစ်ထားတဲ့ ထမင်းကျန်ဟင်းကျန်အပုံတွေ။ ကန်ဘောင်ဘေးမှာ စွန့်ထားတဲ့ မစင်နံ့ထောင်းထောင်းတွေ။ အရက်ဘူး ရေဘူးတွေ။ များလာတာ။

ပုံမှန်ကျက်စားနေတဲ့ သူတွေတင် မကပါဘူး။ မိန်းမတွေ၊ ကလေးတွေဟာ ကြေးရုပ်နောက် ကုက္ကိုရိပ်အောက်မှာ အမှောက် တမျိုး၊ အလှဲတသွယ်၊ နို့တိုက်တဖုံတွေနဲ့မြင်ကွင်းစုံမှာ အကုန်အသစ်တွေချည်းပါပဲ။ အဲ့ဒါ ကျနော်မနေနိုင်တာနဲ့ အပြန်မှာ အနှီးထုပ်ကလေးငယ်ကိုယ်စီပွေ့ချီထားတဲ့ ကလေးမလေးနှစ်ဦးကို ခဏကွယ်ဆိုပြီး တားလိုက်တယ်။ မိန်းကလေး နှစ်ယောက် စလုံးရှိမှ အသက် ၁၆/ ၁၇ ပေါ့။ ဒါပေမဲ့ နှစ်ယောက်လုံးမှာ မွေးကင်းစ ကလေးနီတာရဲလေးတွေကိုယ်စီနဲ့။

ညည်းတို့ဘယ်ကလာကြတာလဲဆိုတော့ ကျောက်ပန်းတောင်းကတဲ့။ ည ဘယ်မှာအိပ်ကြသလဲထပ် အမေးကိုဘုရားပွဲထဲ မှာ အိပ်တယ်လို့ဖြေတယ်။ သူတို့ပြောမှ တပေါင်းလပြည့်နေ့ပဲလို့ကျနော်သတိရသွားတယ်။

ကျောက်ပန်းတောင်းကလား အဲ့အနီးအနား ရွာတွေကလားလို့ ကျနော်မေးမယ်။ အလုပ်မှာ အနှီးထုပ်ထဲကကလေးပိစိနီတာ ရဲက ငိုတယ်။ ကလေးကိုချော့ဖို့  သူ အာရုံပြောင်းနေတာကို ကျနော်အလိုက်တသိ စောင့်နေလိုက်တယ်။

ဒီလိုပွဲတွေလိုက်ပြီး ကျမတို့က တောင်းစားကြတာလို့မမေးဘဲနဲ့ဖြေတဲ့အဖြေကို နားကြားနေရင်း ဆရာမကြီး လုထုဒေါ် အမာရေးတဲ့ ဆယ့်နှစ်ပွဲဈေးဆိုတာကို ပြေးသတိရမိတယ်။ ဆယ့်နှစ်ရာသီလုံး ဗမာပြည် နေရာအနှံ့မှာ ကျင်းပကြတဲ့ပွဲတွေ ဆီ လှည့်လည်ရင်း ဈေးရောင်းစားကြတဲ့ဈေးသည်တွေကို ဆယ့်နှစ်ပွဲဈေးလို့ခေါ်တာ။ ခု သူတို့လို ဆယ့်နှစ်ပွဲတွေလိုက်ပြီး တောင်းရမ်းစားသောက်နေထိုင်ကြတဲ့သူတွေကိုကျတော့ ဘယ်လိုခေါ်မလဲ။ ဒီလိုလူတန်းစာတွေကို ဒီနေရာမှာ မနေနဲ့လို့ နှင်ထုတ်ရင် ဟိုနေရာဆီ ရောက်သွားမှာပဲ။ ဟိုနေရာက မနေနဲ့ဆိုရင်လည်း ဒီလိုပါပဲ။ ဒီနေရာဆီရောက်လာမှာပဲ။ ဒီတော့ နှင်တာဟာ အဖြေလား။ မြို့ကျက်သရေတိုးတဲ့အတွေးလား။ ဒါမှမဟုတ် မြို့ကြီးသား လူတန်းစားရဲ့ညာဉ်လား။ ဒါမှ မဟုတ် မြို့ကြီးသားတွေရဲ့ အထာလား။

ကျနော်တွေးကြည့်နေတုန်းမှာပဲ သူတို့က ဝေးဝေးရောက်သွားတယ်။ ကျနော် ပြန်ခေါ် မမေးမိလိုက်တော့ဘူး။

ကျော်ထင်
0