ဇင်လင်း ● အဂတိတရားလေးပါးကို စောင့်ထိန်းကြမှသာ တရားဥပဒေစိုးမိုးရေး တည်ဆောက်နိုင်မည်

ဇင်လင်း ● အဂတိတရားလေးပါးကို စောင့်ထိန်းကြမှသာ တရားဥပဒေစိုးမိုးရေး တည်ဆောက်နိုင်မည်
(မိုးမခ) မတ်လ ၂၀၊ ၂၀၁၈

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က ၂ဝ၁၇ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှုစာရင်း ကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာ၌ မြန်မာနိုင်ငံက အမှတ် ၃ဝ သာ ရရှိသည်။ ခြစားမှု နံပတ်စဉ်အရ ကမ္ဘာ့နိုင်ငံ ၁၈ဝ ရှိသည့်အနက် အဆင့် ၁၃ဝ သတ်မှတ်ခံရသည်။ ယခင်၂ဝ၁၆ ခုနှစ်က အဆင့် ၁၃၆ သတ်မှတ်ခံရသဖြင့် ၂၀၁၇ ခုနှစ်တွင် အဆင့် အနည်းငယ် တိုးတက်လာသည်ဟု ဆိုနိုင်သည်။

၂ဝ၁၇ ခုနှစ် စာရင်းတွင် နယူးဇီလန်နိုင်ငံက ၈၉ မှတ်ရရှိသဖြင့် အကျင့်ပျက်ခြစားမှု အနည်းဆုံးနိုင်ငံ အဆင့် ၁ သတ်မှတ်ခံ ရသည်။  ဒုတိယ ခြစားမှုအနည်းဆုံးနိုင်ငံသည်  ၈၈ မှတ်ရသော ဒိန်းမတ်နိုင်ငံ ဖြစ်သည်။ ဖင်းလန်း နှင့် နော်ဝေနိုင်ငံတို့က ၈၅ မှတ်စီရရှိပြီး၊ တတိယ ခြစားမှု အနည်းဆုံးနိုင်ငံများဟု ဟုဆိုသည်။ စင်္ကာပူ နှင့် ဆွီဒင်နိုင်ငံတို့က ၈၄ မှတ်စီရရှိကာ အဆင့် ၆ ၌ ရှိကြသည်။ တရုတ်ပြည်က ၄၁ မှတ်ဖြင့် အဆင့် ၇၇၊ ထိုင်းနိုင်ငံက ၃၇ မှတ်ဖြင့် အဆင့် ၉၆၊ မြောက်ကိုရီးယား က ၁၇ မှတ်ဖြင့် အဆင့် ၁၇၁ စသဖြင့် ဖေါ်ပြထားသည်။ ခြစားမှု အဆိုးဆုံးအဆင့် ၁ဂဝ က ဆိုမာလီယာနိုင်ငံဖြစ်သည်။ ၉ မှတ်သာ ရရှိသည်။

နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ TI ၏ ၂ဝ၁၇ အစီရင်ခံစာအရ အကျင့်ပျက်ခြစားမှုများသော နိုင်ငံများရှိ အစိုးရမဟုတ် သည့် လူထုလူတန်းစားအဖွဲ့အစည်းများ (NGOs, CSOs) နှင့် စာနယ်ဇင်းသမားများ ဖိနှိပ်ချုပ်ချယ်ခံနေရပြီး၊ ဥပဒေ အကာအကွယ် မရရှိဘဲ၊ အန္တရာယ်များကြုံတွေ့နေရကြောင်း ဖေါ်ပြထားသည်။ လွန်ခဲ့သော ၆ နှစ်အတွင်း သတ်ဖြတ်ခံခဲ့ရ သော သတင်းထောက် ၁ဝ ဦးအနက် ၉ ဦးသည် ခြစားမှုများပြားသည့် နိုင်ငံများ၌ အသတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ၂၀၁၂ မှ ၂၀၁၇ ခုနှစ် အတွင်း အကျင့်ပျက်ခြစားမှုနှုန်းမြင့်မားသော နိုင်ငံများတွင် သတင်းထောက်/သတင်းစာဆရာ စုစုပေါင်း ၃၆၈ ယောက် သတ်ဖြတ်ခံရသည်။ ထို့ပြင် သတင်းထောက်သတ်ဖြတ်ခံရမှု ၁၇၉ မှုသည် တရားခံများအား ရုံးတင် တရားစွဲဆိုနိုင်ခြင်းမရှိဘဲ၊ လွတ်မြောက်နေသည်ဟု TI အဖွဲ့က ထောက်ပြထားသည်။ သတင်းစာ (Media) နှင့်  အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ (NGOs) ကို ဖိနှိပ်သည့် နိုင်ငံများတွင် လူမှုအခွင့်အရေးများ (Civil Rights)  ဆုံးရှုံးနေရပြီး၊ အကျင့်ပျက်ခြစားမှု လွှမ်းမိုးနေသည်ကိုလည်း တွေ့ရကြောင်း TI အဖွဲ့က သုံးသပ်တင်ပြထားသည်။

၂၀၁၇ ခုနှစ်အတွင်း TI ရဲ့ အကျင့်ပျက်ခြစားမှု ညွှန်းကိန်း (CPI) အမှတ် ၄၅ မှတ်အောက် ကျဆင်းနေသော နိုင်ငံများတွင် သတင်းစာနှင့် NGOs များ ဖိနှိပ်ခံနေရသည်ကို တွေ့ရကြောင်း TI အဖွဲ့၏ အစီရင်ခံစာ၌ ဖေါ်ပြထားသည်။၂၀၁၂ ခုနှစ်က အကျင့်ပျက်ခြစားမှုညွှန်းကိန်း ၅၅ မှတ်ရရှိသည့် ဟန်ဂေရီနိုင်ငံသည် ၂၀၁၇ တွင် ၄၅ မှတ်သာ ရရှိသည်။ အဘယ်ကြောင့် ဆိုသော် NGOs များကို ထိန်းချုပ်သည့် ဥပဒေကြမ်းတစ်ခု ရေးဆွဲခဲ့ပြီး၊ သတင်းစာလွတ်လပ်ခွင့် ကန့်သတ်ချုပ်ချယ်သော  အစီအမံများလည်း ဆောင်ရွက်ခဲ့၍ဟု ဆိုသည်။ ဘရာဇီးလ်နိုင်ငံသည်လည်း ၂၀၁၄ ခုနှစ်က CPI ညွှန်းကိန်း အမှတ် ၄၃ မှ ၂၀၁၇ တွင် ၃၇ အထိကျဆင်းခဲ့ကြောင်း တွေ့ရသည်။ အကြောင်းမှာ နိုင်ငံအတွက် အရေးကြီး ဆုံးဖြတ်ချက်များ ချမှတ် ရာ၌ အစိုးရမဟုတ်သော လူထုလူတန်းစားအဖွဲ့အစည်းများ (CSOs) ၏ ပါဝင်ခွင့်ပတ်သက်ခွင့်ကို လျှော့ချခဲ့သည့်အပြင်၊  သတင်းထောက်များကို ဘေးကင်းလုံခြုံအောင် ဥပဒေဖြင့်အကာအကွယ် မပေးသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဘရာဇီးလ်နိုင်ငံတွင် ၆ နှစ်အတွင်း သတင်းထောက် ၂၀ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု ဖေါ်ပြထားသည်။

ထို့ကြောင့် ၂ဝ၁၇ အစီရင်ခံစာအရ CPI ညွှန်းကိန်း အမှတ် ၃၀ သာ ရရှိသည့် မြန်မာနိုင်ငံ၏ အနေအထားကလည်း သတင်းစာလွတ်လပ်ခွင့်နှင့် လူမှုအဖွဲ့အစည်းများ (CSOs) ရသင့်ရထိုက်သည့် လူမှုအခွင့်အရေး (Civil Rights) များ ဆုံးရှုံးစပြုလာနေပြီလားဟု မေးခွန်းများပေါ်ထွက်နေသည်။ World Justic Project ဟုခေါ်သော “ကမ္ဘာ့တရားမျှတမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့” ၏ တရားမျှတမှု အခြေအနေ သုတေသနပြုချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ ၁၁၃ နိုင်ငံအနက် အဆင့် ၁၀၀ ၌ ရှိနေသည်ဟု ဖေါ်ပြထားသည်။

WJP အဖွဲ့က နိုင်ငံပေါင်း ၁၁၃ နိုင်ငံကို လေ့လာသုတေသနပြု တင်ပြထားသည့် တရားဥပဒေစိုးမိုးမှု ၂၀၁၇-၂၀၁၈ ခုနှစ် အတွက် ထုတ်ပြန်သော လေ့လာချက်တွင် ထိုသို့ ဖေါ်ပြထားခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်ကထက် အဆင့် ၂ ဆင့် ပြုတ် ကျသွားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အထက်တွင် လက်တင်အမေရိကတိုက်မှ နီကာရာဂွာနိုင်ငံ ရှိနေပြီး၊ မြန်မာနိုင်ငံ၏ အောက်တွင် တူရကီနိုင်ငံရှိနေသည်။ ကမ္ဘာပေါ်တွင် တရားဥပဒေ စိုးမိုးရေး အရှိဆုံးနိုင်ငံများအဖြစ် ဒိန်းမတ်၊ နော်ဝေ နှင့် ဖင်လန်နိုင်ငံတို့ကို နံပတ် ၁၊၂၊၃ အဖြစ်ဖေါ်ပြထားသည်။ တရားဥပဒေစိုးမိုးမှု အနည်းဆုံး နိုင်ငံများအဖြစ် ကမ္ဘောဒီးယား နိုင်ငံ နှင့် ဗင်နီဇွဲလားနိုင်ငံတို့ကို ဖေါ်ပြထားသည်။ WJP အဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးမှုကို တိုင်းတာရာတွင် အစိုးရရော ပြည်သူတွေပါ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း၊ လူတိုင်း၏ အခြေခံရပိုင်ခွင့်များကို အကာကွယ်ပေးသည့် တရားမျှတမှုရှိသော တရားဥပဒေများ ရှိခြင်း၊ ပွင့်လင်းမြင်သာစွာ စီစဉ်ဆောင်ရွက်ခြင်း၊ ဘက်လိုက်မှု ကင်းမဲ့ခြင်းတို့ကို အခြေခံကာ  ဆုံးဖြတ်ခဲ့ သည်ဟု ဆိုသည်။ အရှေ့တောင်အာရှဒေသ တွင် ၁၅ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၄ သို့ရောက်နေ သည်။

အဂတိလိုက်စားမှုကြောင့် အများဆုံး အတိုင်ခံရသော ဌာနများအနက် ပြည်ထဲရေးဝန်ကြီးဌာနက အများဆုံးဖြစ်သည်ဟု “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်” က ပြောကြောင်း ဘီဘီစီသတင်းက ဖေါ်ပြသည်။ အုပ်ချုပ်ရေးအာဏာကို သုံးပြီး ငွေကြေး အလွဲသုံးစားလုပ်သူများကို အဂတိတိုက်ဖျက်ရေးကော်မရှင် ဥပဒေပုဒ်မများဖြင့် ရဲအဖွဲ့အား တိုင်ကြားပြီး အမှုဖွင့်ထားကြောင်း ကော်မရှင်၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ညွန့်က ဘီဘီစီသို့ ပြောသည်ဟု သိရသည်။

ရပ်ကွက်များတွင် လျှပ်စစ်မီးရရှိရေးအတွက် အုပ်ချုပ်ရေးမှူးများက ကျသင့်ငွေကြေးထက် ပိုမိုကောက်ခံခြင်း၊ ရဲက အမှုတခု ကို ဖမ်းဆီးပြီး လာဘ်ယူကာ လွတ်ပေးခြင်း၊ တရားရုံးတွင် လာဘ်ယူခြင်း၊ ဆိုင်ခန်းအတွက် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး က ကျသင့်ငွေထက်ပိုယူခြင်း စသည့်တိုင်တန်းလွှာများကို လက်ခံရရှိထားသည်ဟု ဦးဟန်ညွန့်က ဆိုသည်။ ယခုအတော အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်တန်းမှုများ ယခင်ကထက် ၅ ဆလောက် ပိုများလာသည်ဟု လည်း ၎င်းက ဆိုသည်။ အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ၁၂ ဦး ထွက်ပြေး လွတ်မြောက်နေသဖြင့်၊ သူတို့ကို ဖမ်းဆီးရမိရေး သတင်းပေးတိုင်ကြားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။ ယင်း ဖြစ်စဉ်များအရ အဂတိလိုက်စားမှု အကျင့်ပျက်ခြစားမှု အများစုသည် တရားဥပဒေစိုးမိုးမှု ယိုယွင်းနေသဖြင့်ဖြစ်ကြောင်း ထင်ရှားပါတယ်။ လက်ရှိတရားရုံးများနှင့် တရားဥပဒေထိန်းသိမ်းရေးကဏ္ဍ တာဝန်ရှိသူများ သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်၌ ရှိသည်။ ထို့ကြောင့် အများဆုံးအတိုင်ခံရသည့် အဖွဲ့မှာ ပြည်ထဲရေး ဝန်ကြီးဌာနက ဖြစ်သည်ဟု “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်” က ပြောခဲ့ပုံရသည်။

ဖေဖေါ်ဝါရီ ၂၄ ဘီဘီစီ သတင်းတစ်ပုဒ်တွင် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုသည် လူအများ ထင်မြင်သည့် သာမန်ဆိုသည် ထက် ပိုမိုနက်ရှိုင်းသည်ဟုဆိုသည်။ အဖွဲ့အစည်းတစ်ခုက စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဦးကိုနီမိသားစု၏ ရှေ့နေ ဦးနေလက ဆိုသည်။ ၎င်းအဖွဲ့အစည်းကို လွန်ခဲ့သော ၁၀ နှစ်ကျော်လောက်က စတင်ဖွဲ့စည်းခဲ့သည်ဟုလည်း ဦးနေလ ကဆိုသည်။ သူ့ကို စာနာသူများက လာရောက်အသိပေးပြောကြားခဲ့သဖြင့်၊ ၁၀ နှစ်ကျော်လောက်က ဖွဲ့စည်းခဲ့သည့် အဖွဲ့ အစည်းက လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း ဦးနေလ သိခဲ့သော်လည်း တရားရုံးသို့ သက်သေအထောက်အထား မတင်ပြနိုင် သေးဟု ဆိုသည်။ ထိုအဖွဲ့သည် အလွန်ကြောက်စရာ ကောင်းပြီး လူသတ်ရမှာ ဝန်မလေးသည့် အဖွဲ့အစည်း ဖြစ်သည် ဟုလည်း  တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြောင်း သိရသည်။ သူ့ကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေသဖြင့် စိုးရိမ်ရကြောင်းလည်း ဦးနေလ က ပြောသည်။

ထို့ကြောင့် ဦးနေလ ထောက်ပြထားသည့် နောက်ကွယ်က လူသတ်ရမှာ ၀န်မလေးသော အဖွဲ့အစည်းသည်  တရားဥပဒေ စိုးမိုးရေး၏ ရန်သူဖြစ်နေနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မည်ကို မလိုလားသည့် လက်မည်းကြီးအဖွဲ့လည်း ဖြစ်နိုင် သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရအဖွဲ့က လက်ရှိ အုပ်ချုပ်ရေးအာဏာ သက်တမ်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးစားနည်းလမ်းရှာနေသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေးကို ပြင်းပြင်းပြပြ လိုလားကြသော မြန်မာနိုင်ငံ ပြည်သူ ပြည်သားတို့ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို အထူး တိုက်တွန်းပြောဆိုနေကြပါသည်။ ထိုအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေသူများတွင် လက်မည်းကြီးဂိုဏ်း လည်း ပါဖို့များသည်။ လက်ရှိဖွဲ့စည်းပုံအောက်တွင် အကျိုးစီးပွားဖြစ်ထွန်းနေသူများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မလိုလားကြဟု ထင်ပါသည်။ ထို့ကြောင့် ၂၀၁၇ ဇန္န၀ါရီ ၂၉ ရက်နေ့က အလွန် အရုပ်ဆိုး အကျည်းတန် သော နိုင်ငံရေးလုပ်ကြံမှု ပေါ်ပေါက်လာခဲ့ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံ တစ်ဝှမ်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် နယ်ပယ်အစုံတွင် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများ ဆယ်စုနှစ်များစွာ ဖြစ်ပေါ်နေသည်ကို လူအများသိကြသည်။   လာဘ်ပေး လာဘ်ယူ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုများသည် တိုင်းပြည်နှင့် လူထုအတွက် ရောဂါဆိုးကြီးတစ်ခု ဖြစ်သည်။  နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဂတိလိုက်စားမှု ရောဂါဆိုးသည် ကြီးမားသော အဟန့်အတား ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်တွင် အကြိမ်ကြိမ်တင်ပြဆွေးနွေးခဲ့ပြီး ဖြစ်သည်။ သစ်တော ပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမှု၊ ရာသီဥတု ဖောက်ပြန်မှု အစရှိသော ဆိုးကျိုးများသည် အဂတိလိုက်စားမှုများ၏  နောက်ဆက်ရလဒ်များ ဖြစ်သည်။ ဥပဒေစိုးမိုးမှု ယိုယွင်းပျက်စီးနေရခြင်း၏ အကြောင်းရင်းသည်လည်း လာဘ်ပေး လာဘ်ယူမှုနှင့် အဂတိလိုက်စားမှု(Corruption)ပင် ဖြစ်ကြောင်း ထင်ရှားနေသည်။

ထို့ကြောင့် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ TI ၏ ၂ဝ၁၇ အစီရင်ခံစာအရ အဂတိလိုက်စားမှုများသည့် နိုင်ငံများစာရင်း တွင် မြန်မာနိုင်ငံပါနေသည်မှာ အံ့သြစရာတော့ မဟုတ်။ ယခုကဲ့သို့သုတေသနပြု ဝေဖန်သုံးသပ်သည့် အလေ့အထမျိုးကို အပြစ်မမြင်ဘဲ ကြိုဆိုသင့်သည်။ ဝေဖန်ထောက်ပြမှုကို မကြောက်မရွံ့ခံယူတတ်ပြီး၊ မှားနေလျှင် အမှန်ပြင်တတ်မှသာ  ဒီမိုကရေစီစရိုက်သဘာဝနှင့် ဆီလျော်ပေမည်။ အလျဉ်းသင့်သဖြင့် ၂၀၁၈ မတ်လ ၇ ရက်က နေပြည်တော်၌ ကျင်းပ ခဲ့သော တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတ မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်ကို တင်ပြလိုပါသည်။

“ကျွန်မတို့ အစဉ်အလာအရ ယုံကြည်ခဲ့တာ အဂတိတရားဆိုတာ လေးပါးရှိတယ်၊ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ အဲဒါ အင်မတန်ပြည့်စုံတယ်လို့ ကျွန်မယူဆပါတယ်။ ဆန္ဒအရလုပ်တယ်ဆိုတာ ကိုယ်နဲ့ ပတ်သက်တဲ့သူတွေကို ညှာပြီးတော့ လုပ်တာ၊ သူတို့ရဲ့အကျိုးကို ဦးစား ပေးပြီးတော့လုပ်တာ၊ အဲဒါလည်း အဂတိတရားပဲ၊ ဒေါသဆိုတာ ကိုယ်မကြိုက်တဲ့ သူတွေ ကိုယ်စိတ်ကွက်တဲ့သူတွေ ကိုယ်မုန်းတဲ့သူတွေအပေါ်မှာ မတရားသဖြင့်လုပ်တာလည်း အဂတိပဲ။ ပိုက်ဆံယူတာ ပေးတာနဲ့ပဲ အဂတိဖြစ်တာမဟုတ်ပါဘူး။ ဘယာဆိုတာ ကြောက်လို့၊ ကိုယ်ကို တစ်ယောက်ယောက်က ငြိုငြင်မှာ ကြောက် လို့၊ ကိုယ်ရဲ့အထက်ကအရာရှိက ကိုယ့်ကို ပြဿနာရှာမှာ ကြောက်လို့ ဒါမှမဟုတ် ကိုယ့်အပေါ်မှာ တစ်နည်းနည်းနဲ့ သြဇာ ရှိတဲ့သူတွေ မကြိုက်မှာကြောက်လို့ လုပ်သင့်တာကို မလုပ်ဘူး။ မလုပ်သင့်တာကို လုပ်တယ် ဆိုတာလည်း အဂတိပါပဲ။ မောဟဆိုတာ သိသင့်သိထိုက်တာကိုမသိခြင်း၊ တရားဥပဒေနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်များဟာ တရားဥပဒေကို သေချာ မသိဘူးဆိုရင် ဒါလည်း အဂတိပဲ။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေကို သေချာနားမလည်လို့ တရားဥပဒေကို မှားယွင်း ပြီးတော့ နားလည်သွားလို့ လုပ်မိတဲ့ ကိစ္စတွေဟာ ဒါလည်း အဂတိ မြောက်ပါတယ်။”

“အဂတိတရားဆိုတာ တစ်ဖက်က ပိုက်ဆံပေးတယ်၊ တစ်ဖက်က ယူလိုက်တယ်။ အဲဒီလို လာဘ်စားတာ၊ လာဘ်ပေး လာဘ်ယူကိုမှ အဂတိလို့ထင်ကြပါတယ်။ ကျွန်မတို့ ဒီဟာကို ကျွန်မတို့ရဲ့အစဉ်အလာအရ  အဓိပ္ပာယ်ဖော်တာ ပိုပြီး တော့ပြည့်စုံတယ်၊ ပိုပြီးတော့ ကောင်းမွန် တယ်လို့ယူဆလို့ အဂတိတရားလေးပါးအပေါ်မှာအခြေခံပြီး စဉ်းစားစေချင်ပါ တယ်။ ဥပမာအားဖြင့် တရားသူကြီး တစ်ယောက်က ပိုက်ဆံတစ်ပြားမှ မယူရင်တောင်မှ တစ်ဖက်ကို သူနဲ့ ပတ်သက်မှု မကင်းလို့ပဲဖြစ်ဖြစ်၊ သူခင်မင်လို့ပဲ ဖြစ်ဖြစ်၊ ဦးစားပေးတာတို့ ဒါမှမဟုတ် ပြောင်းပြန်၊ သူ့ကို ဘယ်သူကမှ  ပိုက်ဆံထိုးထား တာ မဟုတ်ဘူး။ အဲ့ဒီလူရဲ့ မျက်နှာကြည့်မရလို့၊ နှိမ်တာတို့၊ ဒါမျိုးတွေလုပ်တယ်ဆိုတာလည်း အဂတိလိုက်စားမှုပဲ။ ဝန်ထမ်းတွေ အပေါ်မှာလည်း ဒီအတိုင်းပဲ။ သာမန်ပြည်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ပိုက်ဆံပေးသည်ဖြစ်စေ၊ ပိုက်ဆံမပေးသည်ဖြစ်စေ ကိုယ်မျက်နှာသာ ပေးချင်တဲ့သူကို မျက်နှာသာပေးတယ်။ ကိုယ်နှိမ်ချင်တဲ့သူကို နှိမ်တယ် ဆိုတာလည်း အဂတိတစ်ခုပဲလို့ သတိပေးချင်ပါတယ်။” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည်။

နိဂုံးချုပ်အားဖြင့် သုံးသပ်လိုသည်မှာ မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစား အဂတိလိုက်စားသူများကြောင့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ဆင်းဆင်းရဲရဲ နေထိုင်လုပ်ကိုင် စားသောက်နေရသည်။ အလယ်အလတ် နေထိုင်လုပ်ကိုင်စားသောက် နိုင်သူဦးရေက ၂၀ ရာခိုင်နှုန်းမျှသာ ရှိမည်။ ၁၀ ရာခိုင်နှုန်းမျှသော အဂတိလိုက်စားနေသူများသာ ကြီးပွားချမ်းသာနေ ကြသည်။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ တို့ဖြင့် အဂတိလိုက်စားနေကြသူများကို တာဝန်ရှိသော အစိုးရ ၀န်ကြီးများ၊ အရာရှိအရာခံ ၀န်ထမ်းအဆင့်ဆင့်များက မမြင်ဟန်ပြုနေကြပါက၊ သူတို့ကိုယ်တိုင်လည်း အဂတိလိုက်စားမှုတွင် ကြံရာပါ များဟု ဝေဖန်ပြစ်တင်ခံရနိုင်သည်။ “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်” ၏ လုပ်ငန်းဆောင်တာများ အောင်မြင်စေရန် နှင့် တရားဥပဒေစိုးမိုးရေး အားကောင်းစေရန် အစိုးရဌာနဆိုင်ရာ အရာထမ်း အမှုထမ်း အားလုံးက လက်တွဲကူညီကြဖို့လိုသည်။ ပြည်သူ့ဆန်စား နေကြသူအားလုံး အဂတိကင်းရှင်းမှသာ တရားဥပဒေစိုးမိုး၍ ပြည်သူများ စိတ်ချမ်းသာမည်ဖြစ်ပါသည်။

* ဒီလှိုင်းဂျာနယ်၊ အတွဲ(၁၂) အမှတ်(၉)၊ ၁၉-၃-၂၀၁၈၊ (တနင်္လာနေ့) တွင် ဖေါ်ပြခဲ့သည့် ဆောင်းပါး။
0