မောင်စွမ်းရည် ● ကာနယ်ချစ်ကောင်း ရာပြည့်

မောင်စွမ်းရည် ● ကာနယ်ချစ်ကောင်း ရာပြည့်
(မိုးမခ) မတ်လ ၂၆၊ ၂၀၁၈

ဒီနှစ် ၂ဝ၁၇ ခုနှစ်မှာ ကျွန်တော်ဗမာပြည်ကို ပြန်လာတော့ ပွဲလမ်းတွေ တော်တော်များများ ကြုံကြိုက်နေရပါတယ်။ ပထမ ကြုံကြိုက်တာ အမေလူထုဒေါ်အမာ ၁ဝ၂ မွေးနေ့ပွဲပါ။ လူထုဒေါ်အမာ ၁ဝ၂ ပွဲကို မန္တလေးမှာ နိုဝင်ဘာ ၂၉ က ကျင်းပခဲ့ပြီးလို့  ကျွန်တော်က နောက်ကျနေပါပြီ။  ကျွန်တော်က ဒီဇင်ဘာ ၁ ရက်မှ ရောက်တာကိုး။ ရန်ကုန်မှာ ကျင်းပတဲ့ပွဲက ဒီဇင်ဘာ ၃ ရက်မှာ ဟုတ်တာပေါ့။ လူထုဒေါ်အမာဆိုတာ မန္တလေးလူထုသာပိုင်ဆိုင်တာမှ မဟုတ်ဘဲကိုး။ အဲဒီပွဲမှာ ပန်းချီဝင်းဖေ၊ ကာ တွန်းမြေဇာ၊ ဂုဏ်ထူးသိန်းနိုင်၊ မောင်မိုးသူ၊ မာမာအေး၊ မစနဿဒာ၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မိချမ်းဝေ၊ စောဝေ၊ အောင်ဦးဦးစတဲ့ စာပေမိတ်ဆွေတွေ တစ်စုတဝေး စတင်တွေ့ခဲ့ရတော့တာပါပဲ။ ဒါပေမဲ့ ရွှေမန်းသားများ ဖြစ်ကြတဲ့ မောင် သာနိုး၊ ချစ်ဦးညိုတို့နဲ့ အင်းဝသူ နုနုရည်တို့ကိုတော့ဖြင့် မမြင်မိလို့တွေ့နိုးနိုးရှာကြည့်ပေမဲ့ မတွေ့ခဲ့ရပါ။ နောက်ထပ် လူစုံ တွေ့ရတဲ့ပွဲကတော့ စာပေညီလာခံပွဲကြီးပါပဲ။ မကြုံဘူးအောင် ကြီးကျယ်ပါလေရဲ့။ အစိုးရကလည်း အားပေး၊ လူထုက လည်း အားပေးတဲ့ပွဲကြီးပေကိုး။

နောက်တော့ တန့်ဆည် (တဇယ်) အထက (၁) က ကျင်းပတဲ့ဆရာကန်တော့ပွဲ၊ စမ်းချောင်း အထက (၁) ကကျင်းပတဲ့ ဆရာကန်တော့ပွဲ၊ မန်းတက္ကသိုလ်ကကျင်းပတဲ့ စာပေဆုရသူများ ဂုဏ်ပြုပွဲ၊ သခင်အုန်းမြင့်ရာပြည့်ပွဲ၊ သော်တာဆွေရာ ပြည့်ပွဲ၊ ဒဂုန်တာရာ ရာပြည့်အကြိုပွဲ၊ ကာနယ်ချစ်ကောင်းရာပြည့်ပွဲ စတဲ့စတဲ့ ပွဲဖိတ်စာတွေ  ကျွန်တော်တွေ့မြင်လာရပါတယ်။ မန်းတက္ကသိုလ်ကကျင်းပတဲ့ မန်းတက္ကသိုလ်ကျောင်းထွက် စာပေဆုရှင်များ ဂုဏ်ပြုပွဲမှာ ဆုရသူလူဟောင်းများထဲက ကို လေး (အင်းဝဂုဏ်ရည်) နဲ့ မောင်စွမ်းရည်တို့ကိုလည်း ဂုဏ်ပြုခံများအဖြစ် ဖိတ်ကြားခံရပါတယ်။ ဂုဏ်ပြုပွဲတက်ရောက် နေ စဉ်မှာ မောင်မှိုင်းလွင် (အင်း) ကလောင်ဘွဲ့ခံ နိုင်ကျဉ်းဟောင်းရဲဘော်ကြီး တင်အေးကြူရောက်လာပြီး မြင်းခြံမှာ ကာနယ် ချစ်ကောင်းရာပြည့်ပွဲ ဒီဇင်ဘာ ၂၈ မှာ ကျင်းပမယ်။ ''ချစ်ကောင်းရာပြည့်ကဗျာတစ်ပုဒ် ချက်ခြင်းရေးပေးပါလို့ မြင်းခြံက ရဲဘော်အောင်သူက ပြောခိုင်းပါတယ်'' လို့ ပြောလှပါတယ်။ တင်မိုး၊ မောင်စွမ်းရည်တို့မှာ မြင်းခြံသား ကဗျာဆရာတွေဖြစ်ပါ တယ်။ ကာနယ်ချစ်ကောင်း ဂုဏ်ပြုဖို့ဆိုရင် သူတို့မှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့် ''နက်ဖြန်မနက် မန်း တက္ကသိုလ်က တော့ ယူခဲ့တယ်'' လို့ ကတိပြုလိုက်ပါတယ်။ ကိုတင်အေးကြူပြန်တော့  ကျွန်တော်လည်း ခရီးပန်းလို့ အိပ်လိုက်တယ်။ တရေးနိုးမှာပဲ ကဗျာထရေးရပါတယ်။ မရေးမီ တော်လှန်ရေးရဲဘော်ကြီး ကာနယ်ချစ်ကောင်းအကြောင်းကို စိတ်ထဲမှာ အလျင်ဦးစွာ 'မှတ်စု' ထုတ်လိုက်ပါတယ်။

ကာနယ်ချစ်ကောင်း ''နှစ်ပေါင်း ၂ဝ လွန်သော်'' ဆိုတဲ့ သူရဲ့ ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိစာအုပ် ဖတ်ဖူးတယ်။ စာအုပ်အမည် အတိအကျ မမှတ်မိ။ စာအုပ်စပုံကိုတော့ အဆုံးကစထားလို့ မှတ်မိနေတယ်။ မှတ်မိနေအောင်လည်း ကာနယ်ချစ်ကောင်းက အရေးကောင်းလှပါတယ်။ ဖက်ဆစ်တော်လှန်ရေးကာလမှာ လက်နက်ကိုင်တော်လှန်ရေးသင်တန်းတက်ဖို့ အိန္ဒိယပြည် ကိုသွားကြရတဲ့ လေထီးဦးအုန်းမောင်တို့နဲ့အတူ ပါဝင်ခဲ့တယ်။ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးတို့မှာ အသက် ပေးပြီး ပါဝင်ဆင်နွှဲခဲ့တယ်။ ဗမာပြည်ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင် သခင်စိုး သခင်သန်းထွန်းတို့က ရွေးချယ်ပြီးလွှတ်။ အိန္ဒိယမှာ သခင်သိန်းဖေက ဆီးကြိုလက်ခံ။ ကွန်မြူနစ်တို့ရဲ့ ဖက်ဆစ်တော်လှန်ရေး၊ နိုင်ငံရေးသဘောတရားများကို သခင် သိန်းဖေ (ဦးသိန်းဖေမြင့်) က ပို့ချ။ ပြီးရင် ''မဟာမိတ်'' ခေါ်အင်္ဂလိပ်တို့ရဲ့ လက်နက်ကိုင်စစ်သင်တန်းကိုတက်ပြီးနောက် ဗမာပြည်ကို လေထီးတပ်သားအဖြစ်နဲ့ ချပေးလိုက်တယ်။ ရဲဘော်မန်းဝင်းမောင်၊ ရဲဘော်အုန်းမောင်တို့နဲ့ အတူတူ မန်းဝင်းမောင်က ခြေကျိုးသွားခဲ့တယ်။ လေထီးရဲဘော်တော်လှန်ရေးသမားတွေဟာ တော်လှန်ရေးအတွက် အတူတကွ အသက်ပေး ပါဝင်ဆင်နွှဲခဲ့ကြတာဟာ ''သမိုင်း'' ဖြစ်ခဲ့ပါပြီ။

ဖက်ဆစ်တော်လှန်ရေးပြီးလို့ နှစ်ပေါင်း ၂ဝ ကြာခဲ့အခါ ပစ္စုပ္ပန်ကို တဲ့တဲ့ပြန်ကြည့်လိုက်တော့တစ်ယောက်က ''နိုင်ငံတော် သစ္စာဖောက်'' အဖြစ်နဲ့ ကြိုးတိုက်ကို ပြောင်းရွှေ့ပို့ဆောင်ခံရတဲ့နေ့မှာ တစ်ယောက်က နိုင်ငံတော်သမ္မတကြီးအဖြစ်နဲ့ ''သမ္မ တအိမ်တော်'' ကို ပြောင်းရွှေ့ရတဲ့နေ့တဲ့။ အံ့သြစရာ တိုက်ဆိုင်မှုပါ။ တော်လှန်ရေးထဲက ပေါက်ဖွားလာတဲ့ သမ္မတကြီးဟာ သမ္မတအခွင့်အရေးကို အမိအရအသုံးချပြီး ကမ္ဘာဘာတုန်လောက်တဲ့ ဆောင်ရွက်ချက်ကြီးကို ဆောင်ရွက်လိုက်ပါတယ်။ သူရဲ့တော်လှန်ရေးရဲဘော် သွေးသောက်ရဲဘော်ကို သ္မမတကြီးရဲ့အမိန့်နဲ့ ကြိုးဒဏ်က ကွင်းလုံးကျွတ်လွတ်စေတဲ့။

အဲဒီကာနယ်ချစ်ကောင်းဟာ မြင်းခြံသားပါ။ မြင်းခြံအနီး ကျေးရွာတစ်ရွာက  ကျွန်တော့်အဖေ၊ အမေ၊ ဦးလေးတို့ဟာ ကာ နယ်ချစ်ကောင်းအကြောင်းကို တဖွဖွပြောလေ့ရှိပါတယ်။ ''ချစ်ကောင်းဟာ ငါတို့မြင်းခြံသားကွဲ့။ ကျောင်းသားဘဝမှာ က တည်းက စာရေးတယ်'' စသဖြင့် ပြောတတ်ကြပါတယ်။ ကလောင်အမည်က ''နွားထိုးစိုးမြင့်'' ဆိုလား။ ကာနယ်ချစ်ကောင်းနဲ့ ပတ်သက်လို့ စာအုပ်တွေ စာတမ်းတွေရှာချိန်မရ။ ဂျပန်ပြည်ရဲဘော်သုံးကျိပ်လို ''လေထီးဆင်း ရဲဘော်သုံးကျိပ်'' ဆိုတဲ့ စာအုပ်များ ရေးခွင့်မသာခဲ့။ လေထီးရဲဘော်တော်လှန်ရေးသမား များ သမိုင်းစာအုပ်သီးခြားရှိသင့်တာကြာပြီ။ စစ်အာဏာရှင်၊ အာဏာရူးတသိုက်က ''လွတ်လက်ရေးဖခင်''၊ ''တပ်မတော်ဖခင်လို့ မော်ကွန်းတင်ရတဲ့ ကမ္ဘာကျော် ဗမာ့တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုတောင် သမိုင်းက ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားခဲ့ဖူးတာဟာ ကမ္ဘာသိဖြစ်ရပ်ပါ။ ခုအခါ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ပြီဆိုတဲ့ကာလမို့ ကာနယ်ချစ်ကောင်းလို တော်လှန်ရေးသမားတစ်ဦးရဲ့သမိုင်းကို ပြန်လည်ဖော်ထုတ်ခွင့်ရခဲ့ပြန်ပါပြီ။ ဝမ်းမြောက်ဖွယ်ကောင်းပေစွ။ ဝမ်းမြောက်ခွင့်ဟာ ဓွန့်ရှည်ပါစေသတည်း ''ကာနယ်ချစ် ကောင်း ရာပြည့်ကဗျာ'' ကတော့ အောက်ပါအတိုင်းပါခင်ဗျာ။

''ချစ်ကောင်းရာပြည့်''ကဗျာ

နတ်မောက်မြို့က
အောင်ဆန်းမြို့။
ရပ်စောက်မြို့က
ဗထူးမြို့
အင်းဝမြို့က
ဗဟိန်းမြို့တဲ့။
မြင်းခြံမြို့က
ချစ်ကောင်းမြို့ပေါ့။

ချစ်ကောင်းရဲဘော်
တော်လှန်ရေးသမား။
အင်္ဂလိပ်နယ်ချဲ့
တော်လှန်ခဲ့သူ၊
ဖက်ဆစ်ဂျပန်
တော်လှန်ခဲ့သူ။

ချစ်ကောင်းရာပြည့် (ပြေ့)
သည်ယနေ့မှာ
ရာပြည့်ကောင်းမှု၊ အလေးပြုစို့
ပြည်သူ့သားကောင်း၊ ဗိုလ်ချစ်ကောင်းကို
ဦးခေါင်းညွတ်ခ၊ ဂါရဝဖြင့်
ဗမာ့မော်ကွန်း ထွန်းစေသတည်း။
ဗမာ့ဂုဏ်ရောင် မြောက်စေသတည်း။  ။


မောင်စွမ်းရည်
၂ဝ၁၇၊ ဒီဇင်ဘာ ၃ဝ





photo credit ; http://wikimyanmar.co.cc

Comments