အောင်သာမန် ● ရခိုင်ဒေသတွင် တပ်စခန်းသစ်များ ဆောက်နေသလား


အောင်သာမန်  ရခိုင်ဒေသတွင် တပ်စခန်းသစ်များ ဆောက်နေသလား
(မိုးမခ) မတ်လ ၁၂၊ ၂၀၁၈

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံသွားသူတို့ နေထိုင်၊ ဝတ်ပြုခဲ့သည့် နေရာများတွင်  စစ်တပ်စခန်းများ တည်ဆောက်နေသည်ဟု  နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က  မတ်လ ၁၂ ရက်နေ့တွင် စွပ်စွဲလိုက်သည်။
ကောင်းကင်ဓာတ်ပုံဟောင်း၊ ဓာတ်ပုံသစ်တို့တွင် တွေ့ရသော မြင်ကွင်းများကို လေ့လာပြီး ၂၆ မျက်နှာပါ အစီရင်ခံစာကို ထုတ်ပြန်စဉ် ယင်းသို့ ပြောလိုက်ခြင်း ဖြစ်သည်။   

ကာလတိုအတွင်း လမ်းဖောက်၊ အဆောက်အဦ တည်ဆောက်ခြင်းများ တွေ့ရပြီး တပ်စခန်း ၃ ခု အနည်းဆုံး တည်ဆောက်နေဟန်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

ဤစွပ်စွဲချက်ထွက်လာသည့် နေ့တွင်ပင် အစိုးရက  ရခိုင်ဒေသ အခြေအနေများသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု ပြည်တွင်း ပြည်ပ သတင်းဌာနများကို အကြောင်းကြားလိုက်သည်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်မည့် ရှင်းလင်းပွဲကို မတ်လ ၁၄ ရက်နေ့ နေ့လယ် ၂းဝဝ တွင် ပြုလုပ်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် စိစစ်လက်ခံရေး အကြောင်းအရာကိုလည်း ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်ရောက် ကမန်များ
ဤအတောအတွင်း ရန်ကုန်ရောက် ရခိုင်ဒေသခံတချို့နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင် အသံထွက်လာသည်။

ကျောက်ဖြူ၊ ပေါက်တော၊ ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်းတချို့တွင် နေထိုင်ခဲ့သူ အိမ်ထောင်စု ၅၅ စု ရန်ကုန်တွင် ပြောင်းရွှေ့ နေထိုင်လျက် ရှိရာ ထိုသို့ ပြောင်းရွှေ့ခွင့်ပြုလိုက်ခြင်းကို အစိုးရက ပြန်သုံးသပ်ရန် အတိုက်အခံပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ် အမတ် ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်တွင် မတ်လ ၅ ရက်နေ့က အဆိုတင်သွင်းထားသည်။

ရန်ကုန်ရောက် အိမ်ထောင်စု ၅၅ ခုတွင် ပါဝင်သူတို့မှာ ကမန်တိုင်းရင်းသား ဖြစ်ကြသည်။ နေရပ်ရင်းရှိ မီးရှို့ဖျက်ဆီးခံရသည့် အိမ်နေရာများတွင် သွားရောက် နေထိုင်ခွင့်မရှိသောကြောင့် ရန်ကုန်သို့ ရောက်လာခြင်း ဖြစ်ကြောင်း ၎င်းတို့က သတင်းထောက်များကို မတ်လ ၁၁ ရက်နေ့က ပြောသည်။

Comments