လင်းသက်ငြိမ် ● သွေးညှီနံ့နဲ့ ပန်းပွင့်​များ


လင်းသက်ငြိမ် ● သွေးညှီနံ့နဲ့ ပန်းပွင့်​များ
(မိုးမခ) မတ်လ ၂၈၊ ၂၀၁၈

(၁)
လူ့အလို စစ်က မလိုက်နိုင်ဘူးတဲ့
ငြိမ်းချမ်းရေးဆိုတာ ချိုနဲ့လားလို့
ခလေးတွေက​တောင်​ မေးကုန်ကြပြီ
တံဆိပ်ရိုက်လို့ကောင်းတဲ့
ချိုးဖြူငှက် သံလွင်ခက်
ကြည့်​​ကောင်းတဲ့ဆိုင်းဘုတ်​ကြီး​တွေနဲ့
ချိုးဖြူငှက် သံလွင်ခက်
လူကြိုက်နည်းတဲ့ အနုပညာဆိုတာ
ငြိမ်းချမ်းရေးနဲ့ကဗျာ
တကယ်တော့ အကုန်လုံး လေဖမ်းဒန်းစီး​နေကြတာပါပဲ။
တုံးခုန် ဇယ်ခတ်တွေနဲ့ အိမ်ထဲက
ပစ္စည်းလေးတွေ ပြောင်သလင်း​ခါ
ကုန်​ပေါ့
ကိုယ့်အချင်းချင်းအတွက် ထက်မြတဲ့ သွားတွေမှာ
သွားရည်တမြားမြား
တစ်ယောက်သွေးနဲ့ တစ်ယောက်
ခြေထောက် ဆေးရတာ ညှီစော်မနံသေးဘူးလားတဲ့
ချိုင်းထောက်နဲ့ ကလေးတစ်ယောက်က မေးနေတယ်။

(၂)
စကားဝိုင်းရဲ့ ဇွန်းသံပန်းကန်သံများအပြီး
လက်နက်ကြီး ဆယ့်လေးချက်တိတိ
ပစ်လိုက်တယ်
လက်ခုပ်သံတွေနဲ့ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ကြ
ကင်မရာရိုက်ချက်တွေ တဒက်ဒက်မြည်လို့
ခြေကောင်းလက်ကောင်းများ
ကားပေါ်တက်သွားကြပြီး
မနက်ခင်းသတင်းစာထဲ
မျက်နှာ​တွေမှာ ခေါင်းပါမလာကြောင်း တွေ့ရှိကြရ
ခွေးချင်းကိုက်လည်း ဖုန်တွေ
တထောင်းထောင်းထတာပဲ။
ကျစရာ မျက်ရည်​တွေ ခမ်း​ခြောက်​လို့
ငိုသံတွေ လည်ချောင်းထဲ ပြန်ပြန်ပြုတ်ကျ
ခေတ်အပျက်​ကြီးတဲ့
ဘယ်တော့မှ ကျွတ်​တမ်းဝင်​မယ့်​ မိစ္ဆာလဲ။

(၃)
ငြိမ်းချမ်း​ရေးဆိုတာ
ခေတ်​အဆက်​ဆက်​ ကျိန်စာသင့်​​နေတဲ့နာမည်ပဲ
ရပ်ကွက်ထဲ မောင်ငြိမ်းချမ်းလို့ မှည့်​ထားတဲ့
ကောင်လေးတွေ အသေစောကြ
မောင်ငြိမ်းချမ်းလို့ အမည်မပေးရ ဆိုင်းဘုတ်တောင်
ချိတ်​ထားရမယ့်​ အနေအထားပဲ။
ရှေ့အိမ်ကမီးဖိုတော့
နောက်ဘက်​အိမ်မှာ မီးခိုးသင့်​ရတယ်
ပင့်ကူမျှင်​တွေ ယှက်သန်းနေတဲ့ လောကနတ်ရုပ်ဟာ
စင်ပေါ်က​နေ သူ့ဖာသာ ခုန်ခုန်ချ
လက်​​တွေက ပန်းပုရုပ်​ကို ထုဆစ်​တယ်
ပန်းပုရုပ်​ကို လက်​​တွေက ဖျက်​ဆီးပစ်​တယ်
လက်​နက်​ကို လက်​​တွေနဲ့ပြုလုပ်​ပြီး
လက်​နက်​​တွေရဲ့ခလုတ်​ကို လက်​​တွေက
အဆက်​မပြတ်​နှိပ်​​နေခဲ့​ကြ​တော့
လက်​​တွေကို လက်​​တွေက လက်​ဖျားခါ​နေရ​တော့တာပဲ။

(၄)
ကျွဲ​တွေက မ​သေနိုင်​​သေးဘူး
မြေစာပင်​​တွေခမျာ စုတ်​ပြတ်​သပ်​ ပြားကပ်
ရိုးရာသီချင်း​တွေအစား အ​မြောက်​သံ ဗုံးသံ​တွေကိုပဲ
ဝတ်​ဆင်​​နေကြရ​တော့
ညီအကိုလို့ ဘယ်​​လောက်​​ပြော​ပြော
သွေးချင်းသားချင်းလို့ ဘယ်​လိုဆိုဆို
ဆုံလိုက်တိုင်း ​​လက်​က ဓားဆီ​ရောက်​ပြီးသားပဲ
အဲဒီလို အ​နေအထား​နဲ့
အဲဒီလို မရိုးသားမှု​တွေနဲ့
အိမ်​ထဲက ဥစ္စာ​တွေ တစ်​​ရေတစ်​​မြေဆီ
ပါ​တော်​မူ​နေရတာပဲ
သေဖို့နဲ့သတ်​ဖို့ပဲ သိ​နေရင်
ဘယ်​လူ့အဖွဲ့အစည်းမှ မ​ကောင်းနိုင်​ဘူး။

(၅)
ရေဒီယိုထဲက အသံက
ရေဒီယိုထဲမှပြန်​မဝင်​ပဲ
သတင်းစာထဲက စာသား​တွေက
သတင်းစာလိုမှ စုတ်​ပြဲမသွားပဲ
ခွေးရူးက အရပ်​ထဲ​လျှောက်​သွားတယ်
အာဏာရူး​ရောဂါပိုးက 
လေထဲ​ထောင်း​ထောင်းထ လွင့်​​နေတယ်
တစ်​ခုခုဆို
ပြည်​သူ​တွေ ​ထွေးခနဲ
တစ်​ခုခုဆို
ပြည်​သူ​တွေ ​သွေးသံတရဲရဲ
ပြည်​သူ ပြည်​သူနဲ့ ပြည်​တည်​​နေတဲ့ အနာကြီး​တွေနဲ့
ယင်​​ကောင်​​တွေ တရုံးရုံး
လောက်​​ကောင်​​တွေ တဖွားဖွား
တရားနဲ့​ဖြေရမယ့်​ ကိစ္စ​တွေဟာ
နေရာတကာ အ​ရောင်​ရင့်​ရင့်​ အပွင့်​ကားကား
သွေးနဲ့ပျိုးထားတဲ့ပန်း​တွေ
ညှီ​စော်​နံ​နေတာ ဆန်းသလား
ခြေတု လက်​တုပဲ ထုတ်​လုပ်​နိုင်​တဲ့လူ​တွေက
အသက်​​တွေကို တဖြုတ်​ဖြုတ်​​ခြွေ
လူဆိုတာ တစ်​ပွင့်​​ကြွေပြီးရင်​တစ်​ပွင့်​ပြန်​ပွင့်​တဲ့
အ​လေန​တော ပန်းပင်​မဟုတ်​ဘူး
လူစိတ်​​မရှိတဲ့လူ​တွေ ​သွေးပူ​လေ့ကျင့်​ခန်းလုပ်​တဲ့နေရာမှာ
ယာယီတဲက​လေး​တွေထဲက
နေ​ရောင်​ခြည်​ငံ့လင့်​​ မျက်​လုံး​တွေ
မနက်​ဖြန်​ကို အသက်​နဲ့​လောင်း​ကြေးထပ်လို့
ရှင်​သန်​ခြင်းရဲ့ ဆင်းရဲဒုက္ခကို ရင်​နဲ့အမျှ​ပွေ့ပိုက်​​နေကြရတယ်​။

(၆)
ကောင်းမွန်​​သောမနက်​ခင်းသတင်း​များ
မျိုးတုံးကုန်​ကြပြီလား
မ​ကောင်းဆိုးဝါး​တွေ​ကော ​သွေးဆုံး​မကိုင်​​သေးဘူးလား
လူ​သေ အ​လောင်းဖြစ်​​တွေ
မ​ပြေးနိုင်​​တော့တဲ့လူ​သေ​ကောင်​​တွေက
သေ​ပြေးရှင်​​ပြေးလူ​တွေကို ​ငေးကြည့်​​နေကြတယ်
ခြေ​ထောက်​ပြတ်​သွားတဲ့အနာကကျက်​​နေပါပြီ
သူ့​ခြေ​ထောက်​က​တော့ နိစ္စဓူဝ ပြတ်​​နေတုန်းပဲ
သံထက်​မြဲတဲ့ အရာနဲ့ခပ်​နှိပ်​ခံထားရတဲ့
က​လေးငယ်​​တွေရဲ့ညဟာ အိပ်​မက်​လှလှနဲ့​ဝေးကွာသွား​ပေါ့
ပျောက်​သွားတဲ့အ​ဖေ အ​မေ​တွေ
ဘယ်​​တော့မှ ပြန်​မလာကြ​တော့ဘူး
မနက်​ဖြန်​​ဟာ မ​သေမချင်းပြုတ်​ကျ​နေမယ့်
ကျောက်​တုံးကြီး​​တွေပဲ
ကောင်းမွန်​​သောရှင်​သန်​ခွင့်​ဟာ
အရူးလက်​ထဲက အဖြူ ရောင်​ ပုဝါစ​လေးမျှသာ။

(၇)
၇၀ ​ကျော်​ဆိုတဲ့ သက်​တမ်းက
လူ့အသက်​နဲ့ဆို​သေသင့်​​ပြီ
ပြည်​တွင်းစစ်​ဟာ အခုထိ ကျန်းကျန်းမာမာ
ဒေါင်​​ဒေါင်​ကိုမြည်​လို့
ဇာတ်​တူသားစားထားလို့ ​သေမင်းကို​များ
အောင်​နိုင်​​နေ​ရော့သလား
ငြိမ်းချမ်း​ရေးဟာ အ​ညှောင့်​ထွက်​လာမလိုလိုနဲ့
မြေကြီးထဲ ပြန်​ပြန်​ဝင်​သွား
မျက်​ရည်​မိုး​တွေနည်း​သေးလို့လား
သွေးစီး​ကြောင်း​တွေ အားမ​ကောင်း​သေးလို့လား
သေနတ်​​သံနဲ့ ဂီတသံ မှားယွင်းအရသာခံ​နေပြီးမှ
လူလို့ ​တံဆိပ်​အကပ်​ခံဝံ့ကြ​သေးတာလား
အမှန်​တရားရဲ့ခါး​အောက်​ပိုင်းဒဏ်​ရာဟာ
သွေးထွက်​လွန်​လို့​နေပါပြီ။

(၈)
ပိုက်​ဆံရှား ​ဆေးဝါးရှား ​ပျော်​စရာ​တွေရှားတဲ့
တိုင်းပြည်​က
ကျည်​ဆံကျ တယ်​​ပေါသကိုး
ဘယ်​တွင်းထဲ နှိုက်​နှိုက်​​ သေခြင်းက ကြွယ်​ဝလွန်းပါတယ်
ခေတ်​က လူ့အသက်​ကိုလူ​တွေပဲ
ကြိုးစားပမ်းစား ကယ်​တင်​ရမယ့်​ အ​နေအထား​ရောက်​​နေပြီ
ဦးထုပ်​​ဆောင်းဖို့ပဲပါလာတဲ့ ​ခေါင်း​တွေက
အခုထိ အသိမ​ပြောင်း​သေးဘူး။
ခွပ်​အား​ကောင်း​ကောင်းနဲ့ခွပ်​​နေ​တော့
အိုးမဲ​တွေ မရှိ​တော့တာကို ကြက်​​တွေမသိကြသလိုလား
ဘယ်​အ​ကောင်​​သေ​သေ စွပ်​ပြုတ်​ဖြစ်​မယ့်​​ကောင်​​ချည်းပါပဲ
ကိုယ့်​အတက်​ သူ့အတက်​ သရင်း ပြရင်း
အကုန်​ကြွကုန်​ရင်​လည်း နား​အေးတာပဲ
အခု​တော့ ငြိမ်း​ချမ်း​ရေးဟာ
ဘယ်​ဘုရားမှ မ​ပေးနိုင်​တဲ့ ဆုလာဘ်​ကြီးလို
မစားရဝခမန်း ​မျှော်​​နေကြ​ရ​ပေါ့။

(၉)
တကယ်​ဆို ဘယ်​ဖက်​ကမှမနိုင်​ဘူး
ပြည်​သူ​တွေပဲ ရှုံးခဲ့တယ်
အကွဲအပြဲက လုပ်​ဇာတ်​ကြီးပဲ
အပျက်​အစီးကလည်း ညာညှိထားသလိုကြီးပဲ
စစ်​ကိုမုန်းတယ်​ဆိုတဲ့ နိုင်​ငံမှာ
စစ်​ဗိုလ်​​ရေးတဲ့ စာအုပ်​က ​ရောင်းအား​ကောင်း​နေတာ
ဟာသ မ​မြှောက်​ဘူးလား
လက်​နက်​​တွေ ​ခေတ်​နဲ့အညီဖြစ်​ဖို့
စာသင်​​ကျောင်းက​လေး အရပ်​ပု​နေရဆဲ
လေနဲ့လွင့်​​နေတဲ့ အလံလို ​လေတိုက်​တိုင်း
တလှုပ်​လှုပ်​ လှုပ်​လို့
ယမ်း​ငွေ့​တွေကြားထဲ ဘယ်​ပန်းကအဖြူ ထည်​ပွင့်​မှာတဲ့လဲ
လူကိုလူချင်း အမဲလိုက်​တဲ့ ​စနစ်​ကို
သူများထက်​နှာတဖျား အသာနဲ့ ဦး​ဆောင်​​နေတဲ့
နေရာမှာ လူဖြစ်​လာရ​တော့
မျက်​ရည်​​တွေ အလကားရ​တာကိုပဲ
ရှာကြံ​ကျေးဇူးတင်​​နေရ​တော့တယ်​။

(၁၀)
ရက်​စွဲ​ဟောင်း​တွေက ​သွေးစ​တွေနဲ့​ခြောက်​ကပ်​လို့
ရက်​စွဲအသစ်​​တွေက ကိုင်းဖျားမှာလှုပ်​​နေတဲ့သစ်​ရွက်​​တွေလို
မ​သေချာမှုကို အဆမတန်​ထမ်းပိုးထားရတယ်​။
ဘယ်​လိုစိတ်​နှလုံးနဲ့ လက်​နက်​ကိုအရသာခံ​နေကြတာလဲ
ဘယ်​လိုလိပ်​ပြာနဲ့ ဘဝ​တွေကို​ခြွေ​ချ​နေကြတာလဲ
သံသယ​တွေ သည်းထန်​​တော့
စစ်​ပွဲ​တွေ တသွင်​သွင်​ စီးဆင်း​ပေါ့
စာသင်​​ကျောင်း​တွေ​မျှောပါသွားတယ်
သယံဇာတ​တွေ​မျှောပါသွားတယ်
လူ့အခွင့်​အ​​ရေး​တွေ​မျှောပါသွားတယ်
တရားမျှတ​မှု​တွေ ​မျှောပါသွားတယ်
ရေနစ်​​နေတဲ့ လူရဲ့ လက်​တစ်​ဖက်​လို
ငြိမ်းချမ်း​ရေးဟာ စုံးစုံးမြုပ်​သွား​တော့မှာလား။
ချောက်​ထဲမကျ​စေချင်လို့ 
ေ​ချာက်​ကြီး​​​ပေါ်တွန်းတွန်းတင်​ခဲ့တဲ့
မင်းတို့ရဲ့​စေတနာသဒ္ဒါတရားကို တံ​တွေး​ထွေးတယ်​။

(၁၁)
ဘက်​နှစ်​ဖက်​ဟာ ချိုကိုတမြမြ​သွေးလို့
တကယ်​​ဝှေ့​နေတာလိုလို
ဝှေ့​ယောင်​ပြ​နေတာလိုလို တိရိစ္ဆာန်​​တွေ
ဘယ်​သမိုင်းလှန်​ကြည့်​ကြည့်
ဘယ်​ဖက်​မှ လူမဆန်​ခဲ့တာ ​သေချာတယ်
ပြည်​သူ​တွေကြားထဲပဲ ​သွားလာ​နေတဲ့ ​သေမင်း
ပြည်​သူ​တွေကိုပဲ ဖိစီးထားတဲ့ ဆင်းရဲခြင်း
နင်းပြား​တွေဟာ နင်းသားကျလွန်းလို့
ကျွံဝင်​​နေခဲ့ကြရတဲ့ နှစ်​ကာလ​တွေ
ဟောင်းမျှင်း​ဆွေး​မြေ့လို့ 
ခေတ်​​ပြောင်းပြီတဲ့ ကြားရတာ ခါးလိုက်​တာ
ခေတ်​က ​ပြောင်​​နေပြီ
ဒါအမှန်​ပဲ ​ခေတ်​က​ပြောင်​​နေပြီ
မျှော်​လင့်​ချက်​ ​ဟင်းလင်း
ပျော်​ရွှင်​မှု ဟင်းလင်း
တည်​ငြိမ်​ခြင်း ဟင်းလင်း
လူလူချင်းစာနာမှု ဟင်းလင်း
ပြောင်​တာက စတီးပဲ​ကောင်းတယ်
မျက်​နှာ​တော့ လာမ​ပြောင်​ကြနဲ့
ငြိမ်းချမ်း​ရေး​စောင့်​ရင်း 
သေတဲ့လူ​တွေ​ သေသွားကြပြီ
ငြိမ်းချမ်း​ရေး​စောင့်​ရင်း
မ​သေ​သေးတဲ့လူ​တွေလည်း ​သေ​​နေကြရပြီ။
 
(၁၂)
ငြိမ်းချမ်း​ရေး မလာ​သေးဘူးလား ငြိမ်းချမ်း​ရေး
ငြိမ်းချမ်း​ရေး တကယ်​ရှိတာ​ကောဟုတ်​ရဲ့လား ငြိမ်းချမ်း​ရေး
ဖျော့​တော့​နေတဲ့ အလင်းလည်း ဖြည်းဖြည်းချင်းပိုမှိန်​လာတယ်
မက်​​နေတဲ့အိပ်​မက်​​တွေကလည်း
အိပ်​မက်​အဖြစ်​ ပိုမိုပီပြင်​လာတယ်
ဘယ်​ဝါဒနဲ့ ​ဆေးသိပ်​​နေဦးမှာလဲ
ဘယ်​တရား​တော်​နဲ့ ​ဖြေသိမ့်​ဦးမှာလဲ
ည​ကို​ကျော်​ဖြတ်​ပြီး ​နေ​ရောင်​ခြည်​ဟာလာခဲ့တယ်
နိုင်​ငံ​တော်​ဟာ အ​မှောင်
နိုင်​ငံ​တော်​ထဲကလူ​တွေလည်း အ​မှောင်
အ​ကောင်းကိုရှာသည်​ အ​ကောင်းကားမရှိ​တော့​ချေတဲ့
မှတ်​မိ​နေတဲ့ ဆရာဒဂုန်​တာရာရဲ့စာသား
ငြိမ်းချမ်းချင်​လှပြီလို့ ဆု​တောင်းပြီး
ကျောက်​ခဲကို​ရေထဲပစ်​ချလိုက်​တယ်
ဖော့တုံးလို​ရေ​ပေါ်ပြန်​​တက်​လာတယ်
မဖြစ်​နိုင်​ခြင်းက​ ​ကျောက်​ဆူးချထားသလို မြဲမြံ​နေတာပဲလား
ဖြစ်​နိုင်​တာ​တွေ အ​တောင်​ပံကျိုးနေလို့ပဲလား
အခုထိ​တော့ တရားခံရှာမရတဲ့ မိုင်းဗုံး​တွေ
ပေါက်​ကွဲ​နေကြတုန်းပဲ။

လင်းသက်​ငြိမ်
0