မောင်လူရေး ● အမျိုးသမီး မဝင်ရ

မောင်လူရေး ● အမျိုးသမီး မဝင်ရ
(မိုးမခ) မတ်လ ၇၊ ၂၀၁၈

ရှမ်းမြောက်သွားတော့ သူငယ်ချင်းက လမ်းမှာ ဘော်ကြိုဘုရားကို ပို့တယ်။ နာမည်ကျော် ဘော်ကြိုဘုရားကို ဖူးခွင့်ရပေါ့။ နောက် လားရှိုးရောက်တော့ မန်ဆူဘုရား ပို့ပြန်တယ်။

နှစ်ဆူလုံးမှာ ထူးခြားချက်ကို တွေ့ရတယ်။ အဲဒီထူးခြားချက်က ရှမ်းပြည်ရဲ့ တခြားဘုရားတွေမှာလည်း တွေ့ရတတ်တယ်။ အဲဒါကတော့ "အမျိုးသမီး မဝင်ရ" ဆိုတဲ့ တားမြစ်ဆိုင်းဘုတ်လေးတွေပါဘဲ။ ဘုရားတဆူလုံးလားဆိုတော့လည်း မဟုတ်ပြန် ဘူး။ စေတီတဆူရဲ့ အဓိက ပင်မရုပ်ပွားတော်ထားတဲ့အခန်းကိုဘဲ တားတာပေါ့။ ဥပမာ မျက်နှာသာက ဘုရားခန်းဆိုရင် မဝင်ရဘဲ ကျန်မျက်နှာက ဘုရားခန်းတွေကျ ဝင်ရပြန်ရော။ ဘာရယ်တော့ ဟုတ်ပုံမရဘူး။ တယောက်တား တားလိုက်တာဘဲ ထင်ပါရဲ့။

အမျိုးသမီးမဝင်ရ တားထားတဲ့ ဘုရားလိုင်ခေါင်းထဲကြည့်လိုက်တော့ အလှူရှင်တကာမနာမည်ကို တွေ့ရတယ်။ အလှူတခု လုပ်မယ်ဆို လင်မယားတိုင်ပင်ညီညွတ်ပြီး လုပ်ကြလေ့ရှိတယ်။ ဘုန်းကြီးများအလှူရေစက်ချရင်လည်း ဒါကို အထွဋ်တင်တဲ့ အနေနဲ့ တူမျှသော ယုံကြည်မှု တူမျှသော စိတ်ဆန္ဒစသဖြင့် ထည့်သွင်းရေစက်ချတယ်။ ကောင်းမှုအတူပြု ဆုအတူပန်ကြ တယ်။ ဒီဘုရားကို လှူခဲ့သူအနေနဲ့ သူ့ဘုရားကို သူကိုယ်တိုင် ပန်း ဆီမီး ရေချမ်းကပ်ချင်ပေလိမ့်မယ်။ ကိုယ်ဖူးနေတုန်းဘဲ တကာမတယောက်က ရွှေသင်္ကန်းလာကပ်တယ်။ သူကိုယ်တိုင် ကပ်လို့မရတော့ ဂေါပကကို ကပ်ခိုင်းတယ်။ ဂေါပကက ကလေးတွေ ကပ်ခိုင်းပါ့လားဆိုတော့ သူတို့က သမီးတွေပါတဲ့။ ကလေးမတွေက ယောက်ျားလေးဟန်ပေါက်နေတာကိုး။ သူတို့မျက်နှာလေးတွေဟာ မကြည်ရွှင်ပါဘူး။ ဘာမှမလှူတဲ့ ဂေါပကနဲ့ ကိုယ်တို့က ဝင်ခွင့်ရနေတယ်။ သူတို့က အပြင်က။ သာဟတ္ထိကဒါန=ကိုယ့်လက်နဲ့ ပေးလှူရမယ်ဆိုတဲ့တရားတော်ဟာ ဒီတားမြစ်ချက်ကို မကျော်နိုင်ပါဘူး။ အဲဒီမှာ စဉ်း စားမိ တာက ဘုရားကို မလှူသူ မကြည်ညိုသူ ဘာသာမတူသူ ရွှေခိုးလိုသူ အမျိုးသားတယောက်ယောက်က ဘုရားထဲ ဝင်ခွင့်ရပြီး ဘုရားကို လှူသူ ကြည်ညိုသူ ဘာသာတူသူ ရွှေချလိုသူ အမျိုးသမီးတယောက်ယောက်က ဘုရားထဲ ဝင်ခွင့်မရ ဘူးဆိုတာ ယုတ္တိတန်ရဲ့လား၊ အဓိပ္ပါယ်ရှိရဲ့လား၊ တရားသဖြင့်ကောဟုတ်ရဲ့လားလို့ ဂေါပကများ စဉ်းစားစေလိုပါတယ်။

နောက်စဉ်းစားမိတာက အမျိုးသမီးတွေရဲ့ကျေးဇူးကို ဘုရားရှင်အလေးအနက်ထားခဲ့တဲ့ အဖြစ်အပျက်တခုပါ။

ဘုရားဖြစ်ပြီးတဲ့အခါ ဇာတိမြေ ကပိလဝတ်ပြည်ကို ကြွမြန်းလို့ နန်းတော်ကို ရောက်တဲ့အချိန် ဖခမည်းတော် မိထွေးတော် သားတော် ဆွေတော်မျိုးတော်အားလုံး အဖူးအမြင်ရောက်လာကြပေမယ့် ကြင်ယာတော် ယသောဒယာမိဖုရား ထွက်မလာခဲ့။ ယသော်ဓရာက ဘုရားဆုပန်ချိန်ကစပြီး ဘုရားဖြစ်တဲ့အထိ ပါရမီဖြည့်ပေးလာခဲ့တဲ့ သူ့မေတ္တာ သူ့ကျေးဇူးကိုငဲ့ရင် ဘုရား ကိုယ်တော်တိုင်ကြွလာမှာ၊ အဲဒီကျမှ အဝဖူးမယ်ဆိုတာကို မြတ်စွာဘုရားသိလိုက်တဲ့အခါ အဂ္ဂသာဝကနှစ်ပါးကို ခြံရံ၊ ခမည်း တော်ကို သပိတ်ပိုက်စေပြီး ယသော်ဓရာအခန်းကို ဘုရားကိုယ်တော်တိုင်ဝင်ခဲ့တာကိုထောက်ရင် ဘုရားတည် ကျောင်း ဆောက် စတဲ့ သာသနာပြုကိစ္စတိုင်းမှာ ဆန္ဒတူ သဘောမျှပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဗုဒ္ဓရှင်တော်မြတ် အလိုကျ မနှိမ့်ချကြဖို့ မေတ္တာရပ်ခံချင်တာပါ။

ဘုရားတွေမှာ "အမျိုးသမီး မဝင်ရ" ဆိုင်းဘုတ်များ ဖြုတ်ပေးပါ ဂေါပကလူကြီးမင်းများခများ။

မောင်လူရေး

Comments