လင်းငယ် ● နောက်ဆုံးနေ့

လင်းငယ် ● နောက်ဆုံးနေ့
(မိုးမခ) မတ်လ ၂၁၊ ၂၀၁၈

သေခြင်းတရားက ကိုယ့်အနီးက ရုတ်တရက် မပြောမဆို ဖြတ်သန်းသွားတော့ ကြောက်ရွံ့နေမိသည်။ သေခြင်းတရားက ကိုယ်ချစ်ရတဲ့သူကို ဆွဲခေါ်သွားတဲ့အခါ နာကျင်ကြေကွဲရသည်။ ဒီလိုနဲ့ အခုတလော သေခြင်းတရားအကြောင်းချည့် တွေးမိ နေဖြစ်သည်။

(၁)
ကိုယ်က အင်္ဂလိပ်စာညံ့သည်။ ငယ်ငယ်က ရွာမှာနေခဲ့ရတာရယ် အားထုတ်မှု အားနည်းခဲ့တာရယ်ကြောင့် အင်္ဂလိပ်ဘာသာ စကားကို လန့်သည်။ ဤသို့သော လူကိုမှ အလုပ်လုပ်ရတော့ နိုင်ငံခြားသားများနဲ့ အင်္ဂလိပ်စာကို ရုံးသုံးလုပ်ရသည့် အလုပ် မှာ ရသည်။ ထိုအလုပ်ထဲမှာမှ အစည်းအဝေး မှတ်တမ်းရေးရသည့်တာဝန်ပါသည်ဆိုတော့ စဉ်းစားကြည့်ပေတော့။ အစည်း အဝေးတို့ ထုံးစံအတိုင်း လုပ်ငန်းစဉ်တွေ ချမှတ်တာပါလေ့ရှိသည်။ ဘယ်အလုပ်ကို ဘယ်သူက ဘယ်နေ့ ဘယ်အချိန် နောက် ဆုံးထားလုပ်ဆောင်မည်ဆိုတာမျိုး အသေးစိတ် ရေးမှတ်ထားလေ့ရှိကြသည်။ တခါသားတော့ အစည်းအဝေး မှတ်တမ်းမှာ အမှားတခုရေးလိုက်သည်။ နောက်ဆုံးနေ့ Deadline ထားပြုလုပ်ရန်ဟု ရေးရမည့်အစား  Deathline ဟု စာလုံး ပေါင်းရော အဓိပ္ပါယ်ရော လွဲကာရေးလိုက်မိသည်။ ဖြစ်ချင်တော့ ပြုလုပ်ရန်တာဝန်ယူထားသူက ကိုယ့်အထက်အရာရှိ။ မူလ ဆိုလိုချက် ဘယ်နေ့နောက်ဆုံးထား၍ အထက်အရာရှိမှ အပြီးလုပ်ဆောင်ရန်ဆိုတဲ့အဓိပ္ပါယ်ပျောက်သွားပြီး အထက်အရာ ရှိ ဘယ်နေ့ နောက်ဆုံးသေဆုံးရန်ဆိုတဲ့သဘော သက်ရောက်သွားသည်။ လူကြီးလုပ်သူက ငါ့ကို သေစေချင်နေပြီလားဟု မေးကာ အမှားကိုထောက်ပြရင်း ရယ်သည်။ ကျန်သည့် ရုံးအဖွဲ့သား အားလုံးလည်း သဘောကျကာ ရယ်ကြသည်။ ကိုယ် လည်း ရှက်ရှက်နဲ့ရယ်သည်။ ထိုအခါမှစ၍ ထိုစကားလုံးများကို မမေ့တော့။

(၂)
အလုပ်လုပ်ကြတဲ့အခါ လူတိုင်းလိုလို ဘယ်နေ့နောက်ဆုံးထားလုပ်ရမည်ဆိုသည့် သတ်မှတ်ချက်မျိုးနှင့် လုပ်ဖူးကြသည် ချည်းသာ။ ဝန်ထမ်းလုပ်လျှင်တော့ ပိုပြီး ကြုံတွေ့ရမည်။ စီးပွားရေးသမားဆိုလျှင်တော့လည်း ဖောက်သည်ကို ပစ္စည်းအပ်ရန် အတွက် ရက်သတ်မှတ်ကာ လုပ်ကြလေ့ရှိမည်။ ထိုအတွက် Deadline ထား အလုပ် လုပ်ကြခြင်းသည် လူ့လောက၏ ပုံမှန်ကိစ္စသာ။ Deadline သည် ကတိကဝတ်ဖြစ်သလို၊ ဂုဏ်သိက္ခာလည်း ဖြစ်သည်။ ကိုယ်ပေးထားသည့် Deadline ကို ကိုယ်တိုင် လေးစားပြခြင်း၊ မမှီနိုင်တော့လျှင် ကြိုတင် အကြောင်းကြား အသိပေး ရှင်းပြခြင်း၊ နောက်ကျသွားလျှင် တောင်းပန် ခြင်းတို့သည် လူကြီးလူကောင်းတို့ အလေ့အထပင်။ သို့သော် လူတိုင်းနီးပါးပင် Deadline နားနီးမှ ကပ်လုပ်တတ်သည့် အကျင့် ရှိတတ်ကြသည်။ ကျောင်းသားဘဝက စာမေးပွဲနီးမှ ဇွတ်အတင်း စာလုပ်ကြသည့်သူတွေ မနည်း။ အထက်အရာရှိက အစီရင်ခံစာတောင်းမှ ချက်ချင်းထကာ ရေးသူတွေတပုံတပင်။ ကိုယ်တို့ မြန်မာတွေက အချိန်နဲ့ဇယားနဲ့ မလုပ်တတ် တဲ့နေ ရာမှာ အဆိုးဆုံးဟု ထင်ခဲ့ဖူးသည်။ တကယ်တော့ အခြား နိုင်ငံသားတွေလည်း ကိုယ်လိုသူလို အများအပြား တွေ့ဖူးပြန်သည်။ Deadline သည် မုန်းစရာလည်း ကောင်းသည်။ အမြဲလိုလို Deadline အမီ လုပ်ရမှာဟု တွေးတောက ပူပင်နေရသည်။ ပြက္ခဒိန်မှာ ရေးမှတ်ထားရသည်။ မှတ်စုမှာ မှင်နီးသားကာ တေးထားရသည်။ Deadline သည် ဤသို့ စွမ်းအင်ကြီးသည်ကော။

(၃)
နိစ္စဓူဝ တနေ့တာ အပြီးသတ်ရမယ့် အလုပ်တွေ၊ ဒီတပတ် အချိန်မှီ ပြီးရမယ့်ဟာတွေ၊ လမကုန်ခင် အပြတ် ဖြတ်ရမယ့် ကိစ္စ တွေနဲ့ များမြောင်လွန်းလှသည်။ အနိမ့်ဆုံး မနက်ဘယ်အချိန် အိပ်ရာထရမယ်ဆိုတာသည် တနေ့တာရဲ့ အစောဆုံး Deadline တစ်ခုဖြစ်ပြီး ဘယ်အချိန် အိပ်ယာဝင်မယ်ဆိုတာက နောက်ဆုံး Deadline ဖြစ်သည်။ အလုပ်က Deadline ပေါင်း စုံ၊ လူမှုဘဝထဲက Deadline ပေါင်းစုံနဲ့ ကျင်လည်ရင်း ကိုယ့် Deathline ကို မေ့နေခဲ့သည်။ ကိုကိုရေ မေ့မနေ့နဲ့ဟု ချစ်ရသောနှမငယ်က သတိပေးသွားသည်။ မကြာခင် ချစ်ရသူနဲ့ ရွှေလက်တွဲဖို့ ရက်သတ်မှတ်ပြီးပြီ။ ဖိတ်စာအတွက် ပြင်ကြဆင်ကြ၊ အဝတ်အစား အဆင်တန်ဆာဝယ်ကြ၊ မင်္ဂလာခန်းမငှားဖို့ ပြင်ကြ။ ကိုကို ဘယ်တော့ပြန်လာမလဲ။ မင်္ဂလာ ဆောင် အမီလာနော်ဟု အကြိမ်ကြိမ်မှာ သည်။ သို့သော် ... တစုံတခုက သူမသိဘဲ သတ်မှတ်ထားခဲ့သည့် သူ့နောက် ဆုံးနေ့က ချက်ချင်းကြီးရောက်လာခဲ့သည်။ ချစ်ရသူအားလုံးကို စွန့်ခွာကာ ခရီးရှည်ကြီးကို ထွက်ခွာသွားရတော့သည်။ အားလုံး ရင်ကျိုးကြသည်။ တုန်လှုပ်ချောက်ချားစွာ မယုံနိုင် ဖြစ်ရသည်။ သူသာ သူ့ Deadline ကြိုသိနေရင် အနည်းဆုံးတော့ တခုခု ပြင်ဆင်လေမလား။ ဒါမှမဟုတ် မင်္ဂလာဆောင်ပြီးအောင်အထိ ခဏစောင့်ပေးပါဦးလို့ လှမ်းပြီးခွင့်တောင်းလေ မလား။ ရေးမထားသော Deadline သည် စွမ်းအားကြီးလေစွ။

(၄)
ကိုယ်ရဲ့ Deathline ကရော ဘယ်တော့လဲ။ လူတိုင်းမေးခဲ့တဲ့ မေးခွန်းဖြစ်ပြီး လူတိုင်း မကြားချင်သောအဖြေ ဖြစ်လိမ့်မည်။ ဒါကြောင့်ပင် မသိအောင် လုပ်ထားခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ မမြင်ရသော၊ ဘယ်အချိန် ရောက်လာမယ်မသိသော ထိုနေ့စွဲတစ်ခုသည် အလေးအနက်ထားသင့်သည်ဟု အများစုကလည်း လက်ခံကြ မည်။ သို့သော် ဘာလုပ်မည်နည်းဟုတော့ ပြောရခက်သည်။ အထက်က မှားခဲ့ဖူးသည့် ဟာသသည် ကျေးဇူး တင်ဖွယ်ရာအဖြစ် အနည်းဆုံးတော့ ထိုနေ့ရက်အကြောင်းကို တွေးမိစေလိမ့်မည်။ အနည်းဆုံးတော့ ကိုယ့်ကို ခဏတဖြုတ် ငါဘာပြင်ဆင်ရမလဲလို့ တွေးမိစေလိမ့်မည်။ သို့တည်းမဟုတ် မကြာမတင် ကာလတွင် သူလိုငါလို ပြန်လည်မေ့လျော့သွားကာ ဟာသသက်သက်သာ ဖြစ်ကောင်းလည်း ဖြစ်သွားနိုင်ပါ သေးသည်။

(၁၁ မတ် ၂၀၁၈ နေ့က ချစ်ရသော မိသားစုကိုစွန့်ခွာသွားသော ကွယ်လွန်သူ နှမငယ် ပုပုသို့)
စာပြီး။ 9:15 pm, 20th March 2018, BKK.

Comments