မောင်တမ်းတ ● ဘုရားပေါ်မှာ

မောင်တမ်းတ ● ဘုရားပေါ်မှာ
(မိုးမခ) မတ်လ ၂၆၊ ၂၀၁၈

အဲဒီနေ့ည ခုနစ်နာရီခွဲ လောက်မှာ ကျွန်တော် အိမ်ပေါ်က ဆင်းလာတယ်။ ပြီးတော့လမ်းထိပ်မှာ မတ်တပ်ရပ်ပြီး အနော်ရထာ လမ်းပေါ်ဖြတ်သွားနေတဲ့ ကားတွေ လူတွေကို အဓိပ္ပါယ်မဲ့ ငေးတယ်။ ငေးနေရင်းနဲ့ လမ်းဟိုဘက်ခြမ်းကို ကျွန်တော် လှမ်း ကြည့်မိတော့ ပန်းရောင်းတဲ့ပန်းသည်တွေကို တွေ့တယ်။ ချထားတဲ့ပန်းခြင်းကြီး တွေထဲမှာလည်း ပန်းတွေမှ မနည်းမနောပဲ။ ကြည့်နေရင်းနဲ့စိတ်ဝင်စားလာတာနဲ့ ကျွန်တော် ဟိုဘက်ခြမ်းကို ကူးသွားမိတယ်။ ဟိုဘက်ခြမ်းကိုရောက်တာနဲ့ ပန်းခြင်းကြီး နှစ်ခြင်းကြားက ဖတ်ပြီး ပလက်ဖောင်းပေါ်ရောက်သွားတယ်။ ပန်းတွေဘက်ကို ပြန်လှည့်မိတော့ ခြင်းကြီးတွေနောက်မှာ ပန်းသည် အဒေါ်ကြီးနှစ်ယောက်က စကားပြောနေတယ်။

တကယ်က ခုပဲ ညရှစ်နာရီ ထိုးခါနီးပြီပဲ။ ဒီလောက်များတဲ့ပန်းတွေကို ဘယ်လိုကုန်အောင် ရောင်းမလဲလို့ ကျွန်တော်စဉ်းစား မိတယ်။ ပြီးရင် ပန်းတွေကို ဘယ်လိုပြန်သယ်ပြီး အိမ်ပြန်ကြလိမ့်မလဲ ဆက်တွေးမိတယ်။ တွေးနေရင်းနဲ့ လွစ်စလမ်းဘက်ကို ကျွန်တော်လှမ်းကြည့်လိုက်တော့ မှောင်ရိပ်ကျနေတဲ့ အင်ဂလိကန် ဘုရားရှိခိုးကျောင်းကြီးရှေ့ကလမ်းပေါ်မှာ ဖယောင်းတိုင် လေးတွေ ထွန်းထားတဲ့လမ်းဘေး ပျံကျဈေးကလေးကို တွေ့တယ်။

ပန်းတွေကို ပြန်ကျောခိုင်းပြီး ဒီဘက် ပြန်လှည့်လိုက်တော့ ၂၄ နာရီဖွင့်တဲ့ City Express ဆိုင်ကလေးနဲ့သူ့ဘေး လှေကားကြား လို နေရာလေးက ကုန်စုံဆိုင်ကလေးကို တွေ့တယ်။ ကုန်စုံဆိုင်ကလေးထဲကိုလှမ်းကြည့်လိုက်တော့ ရှေ့ဘက်နားမှာ ဘုရား မီးပူဇော်တဲ့ဖယောင်းတိုင်ထုပ်ကလေးတွေကို အစီအရီချထားတယ်။

အခုမှပဲ ဖျတ်ခနဲ ကျွန်တော် သတိရလာတယ်။ ကျွန်တော် အိမ်ပြန်ရောက်တာ လေးလတောင် ပြည့်တော့မယ်၊ ခုထိ ဆူးလေ ဘုရားကို မရောက်သေးဘူးပဲ။ ရောက်ရောက်ချင်း တစ်လလောက်ကြာတော့ တစ်ခါရောက်တယ်၊ ဘုရားပိတ်တဲ့အချိန်နဲ့သွား တိုးတယ်။ နောက်တစ်လလောက်အကြာ နောက်တစ်ခါ ထပ်ရောက်တော့လည်း ဘုရားပိတ်နေတာနဲ့ပဲ သွားကြုံတယ်။ ဒီ တစ်ခါတော့ မကျေနပ်လို့ သေသေချာချာ မုခ်အဝင်ဝက ပိတ်ထားတဲ့ သံဘာဂျာတံခါးနားသွားကြည့်တော့မှ ဆူးလေဘုရား ကို မွမ်းမံနေလို့ ညကိုးနာရီဆို ဘုရားပိတ်မယ့်အကြောင်း ရေးထားတဲ့စာလေးကို သွားတွေ့တယ်။ အဲဒီမှာပဲ ကျွန်တော် ဘောင်းဘီအိတ်ထဲကဖုန်းကို ထုတ်ကြည့်မိတယ်။ ရှစ်နာရီထိုးဖို့ ဆယ်မိနစ်ပဲလိုတော့တာပဲ။ နောက်နှစ်ပတ်လောက်ဆို ကျွန်တော် ရန်ကုန်ကနေပြန်ရတော့မယ်။ ကျွန်တော့်ကို ဘုရားသွားဖို့ သတိလှမ်းပေးလိုက်တဲ့ဖယောင်းတိုင်လေးတစ်ထုပ် ကျွန်တော် ဝင်ဝယ်လိုက်တယ်။
 
ကျွန်တော် အနော်ရထာလမ်းကို ပြန်ကူးပြီး ဆူးလေဘုရားသွားဖို့ပန်းဆိုးတန်းကပဲ ဆင်းချလာခဲ့တယ်။ ကျွန်တော် ငယ်ငယ် တုန်းက မူလတန်းတက်ခဲ့ရတဲ့ အမက (၅) ကျောက်တံတား ရှေ့ရောက်တော့ ပလက်ဖောင်းကျဉ်းကျဉ်းကလေးပေါ်မှာ လမ်းလျှောက်ရတာ အားမရတာနဲ့ ကျွန်တော်လမ်းပေါ်ဆင်းပြီး ထိုးထားတဲ့ကားတွေရှေ့က ဆက်လျှောက်လာခဲ့တယ်။ မဟာပိန္နဲ ဘုရားကျောင်းရှေ့ရောက်တော့ ကျွန်တော်လမ်းဖြတ်ကူးပြီး ဘုရားကျောင်းရှေ့ကနေ မဟာဗန္ဓုလလမ်းထိပ် ရောက်လာတယ်။ ရှေ့ကိုလှမ်းကြည့်လိုက်တော့ မှောင်နေတဲ့လမ်းမကြီးရဲ့အဆုံးမှာ ရွှေတောင်ကြီးလို ဝင်းနေတဲ့ဆူးလေ စေတီတော်ကြီးကို လှမ်းတွေ့တယ်။ ခုလိုတွေ့လိုက်တော့လည်း ရပ်ဘုရားရွာဘုရားဆိုတဲ့အသိနဲ့ ကျွန်တော့်ရင်ထဲ နွေးသွား တယ်။ ငါးမိနစ်လောက် ကျွန်တော်ဆက်လျှောက်လိုက်တော့ မြို့တော်ခန်းမရှေ့ကို ရောက်တယ်။ ကားရှင်းတာနဲ့ လမ်းကူးလိုက်တော့ပိတ်ထားတာချည်း နှစ်ခါကြုံခဲ့ရတဲ့ဆူးလေ အရှေ့ဘက်မုခ်ကို ရောက်တယ်။ ဖိနပ်ကိုချွတ်ပြီး ကောက် ကိုင်လိုက်ရင်း ကျွန်တော်ဘုရားထဲကို ဝင်လိုက်တယ်။
 
အရင်ကဆို ဝင်လိုက်တာနဲ့ဖွင့်ထားသမျှ ဆိုင်ကကောင်မလေးတွေ အမျိုးသမီးတွေက ကျွန်တော့်ကို ဖယောင်းတိုင်တွေ အမွှေးတိုင်တွေ ဘုရားထီးတွေ ဝယ်ဖို့အပြိုင်အဆိုင် ဈေးခေါ်ပြီးသားပဲ။ ဒီတစ်ခါတော့ပထမဆုံး တွေ့တဲ့ဝင်ဝင်ချင်း ဆိုင်က အမျိုးသမီး က ဘေးဆိုင်က အမျိုးသမီး နဲ့စကားပြောနေရာက ကျွန်ေတာ့်ဘက်ကို ငဲ့ကြည့်ပြီး ဖိနပ်ထားခဲ့လို့ရတယ် အစ်ကို လို့ပဲ ပြောတယ်။ ကျွန်တော် ဆူးလေကိုရောက်ခဲ့သမျှထဲမှာ ဒီလိုဖြစ်တာ ဒါပထမဆုံးပဲဘာပဲဖြစ်ဖြစ် ကျွန်တော် ကိုယ်တိုင် လည်း ဖယောင်းတိုင်ဝယ်လာပြီးသားမို့ ကျေးဇူးပဲညီမလို့ပြောရင်း ကျွန်တော့်ဖိနပ်ကလေးကို ဆိုင်ရဲ့ အောက်ခြေထောင့် နားလေးမှာ ထားလိုက်တယ်။ ပြီးတော့ ကျွန်တော်ဘုရားပေါ်ကို တက်ခဲ့တယ်။
 
ဆူးလေဘုရားရဲ့ လှေကားက နိမ့်နိမ့်လေးမို့ ဟိုးအရင်ကလိုပဲ ကျွန်တော် စွေ့ခနဲနဲ့ဘုရားပေါ်ကို ရောက်သွားတယ်။ ကျွန် တော် နဲ့မျက်နှာချင်းဆိုင် တည့်တည့်မှာတော့တန်ဆောင်းထဲမှာ စံပယ်နေတဲ့ဘုရား ရုပ်ပွားတော်ကြီး တစ်ဆူနဲ့ရုပ်ပွားတော် ကြီးရှေ့မှာ ပုတီးစိပ်နေတဲ့ အမျိုးသမီးနှစ်ယောက်ကို တွေ့တယ်။ ပြီးတော့သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ ကျွန်တော် ဘယ်ဘက်ကွေ့ပြီး ရင်ပြင်တော်ပေါ် ရောက်သွားတယ်။ ပြီးတော့ တနင်္လာဂြိုဟ်တိုင်ကို ကျော်ပြီးတာနဲ့ အင်္ဂါဂြိုဟ်တိုင် ရှေ့ ကိုရောက်သွားတယ်။ အင်္ဂါဂြိုဟ်တိုင်ရှေ့မှာတော့ ဘေးဘက်ခပ်ယွန်းယွန်းမှာ ပုတီးထိုင်စိပ်နေတဲ့ အမျိုးသမီး တစ်ယောက် ကလွဲလို့ လူတွေရှင်းနေတယ်။

ဘုရားလည်း ကိုးနာရီဆိုပိတ်တော့မှာပဲ။ ကျွန်တော် တွေးနေရင်းနဲ့ လက်ထဲမှာကိုင်လာတဲ့ ဖယောင်းတိုင်ထုပ်လေးကို ရင် ပြင်တော်ပေါ် ချထားလိုက်ပြီး အင်္ဂါဂြိုဟ်တိုင်ရှေ့က စံပယ်ပန်းတွေ အဖွေးသားနဲ့ စံပယ်နေတဲ့ဆင်းတုတော်ကို ရေသပ္ပါယ် ဖို့ ဂြိုဟ်တိုင်ဘေးကိုရောက်သွားတယ်။ ၄၁ ခွက်တောင် ရေသပ္ပါယ်ရမှာပဲ။ ဒါ ဆူးလေမှာ ကျွန်တော် အများဆုံး ရေသပ္ပါယ် ဖူးခြင်းပဲ။ ငွေဖလားကြီးထဲမှာ မျောနေတဲ့ငွေခွက်ကလေးနဲ့ရေခပ်လိုက်ပြီး ကျွန်တော် ရေစသပ္ပါယ်တယ်။ ပြီးခဲ့တဲ့ နှစ်လသုံး လလောက်က ဗိုလ်တထောင်ဘုရားမှာ ရေသပ္ပါယ်တုန်းက ကြုံခဲ့ရတဲ့အတိုင်း လက်အတော်ညောင်းမှပဲ ရေသပ္ပါယ်လို့ ပြီးသွားတယ်။ ဆင်းတုတော်ရဲ့အောက်ခြေက ခြင်္သေ့ကလေးကိုတော့ ကျွန်တော် ရေငါးခွက်ပဲလောင်းပေးလိုက်တယ်။ ပြီး တော့ ကျွန်တော် ဘုရားကို မီးပူဇော်ဖို့ခုနက ချထားခဲ့တဲ့ဖယောင်းတိုင်ထုပ်ကလေးကိုပြန်ယူပြီး ဖယောင်းတိုင်လေးတွေကို စုပြီး စိုက်လိုက်တယ်။ ပြီးတော့ဘုရားကို မီးပူဇော်တိုင်း လုပ်နေကျ ကျွန်တော့်ဝါသနာအတိုင်း ကိုယ့်ဖယောင်းတိုင် အပြင် သူများတွေ မီးပူဇော်ပြီး ထားသွားခဲ့တဲ့ငြိမ်းနေတဲ့ ဖယောင်းတိုင်လေးတွေကိုပါ လိုက်စုပြီး မီးညှိပေးလိုက်တယ်။ ပြီးတော့ ကျွန်တော် ဘုရားဝတ်ပြုဖို့ဘောင်းဘီအိတ်ထဲက ခိုးလိုးခုလု ဖြစ်နေတဲ့ဖုန်းကိုထုတ်ပြီး ဘေးမှာချရင်း လက်အုပ်ချီလိုက်တယ်။
 
စိတ်ထဲက ဗုဒ္ဓံသရဏံ ဂစ္ဆာမိလို့ ရွတ်ရုံရှိသေးတယ်။  နားထဲမှာ 'ဟား' ဆိုတဲ့အသံကြီးကို ကျွန်တော် ကြားလိုက်ရတယ်။ အ သံကြီးမှ အကျယ်ကြီးပဲ။ ဘယ်ကလာတဲ့အသံကြီးမှန်း ကျွန်တော်ဝေခွဲမရဘဲ စိတ်ထဲက ရွတ်လက်စ ကျွန်တော့်ဘာသာ ကျွန်တော် စပ်ဟပ်ထားတဲ့ဘုရားရှိခိုးကိုပဲ ပြီးအောင်ရွတ်လိုက်တယ်။ ပြီးတော့ ထိခြင်းငါးပါးနဲ့ ဦးသုံးကြိမ်ချလိုက်တယ်။ ပြီးတော့မှိတ်ထားတဲ့မျက်လုံးတွေကို ပြန်ဖွင့်ပြီး မီးတွေနဲ့ရွှေရောင်ဝင်း နေတဲ့ဆူးလေစေတီတော်ကြီးကို ခဏ ကြည်ညိုတယ်။
စုစုပေါင်းမှ ဘာကြာမလဲ၊ တစ်မိနစ်လောက်ပါပဲ။ ပြီးတော့ခုနက ကျွန်တော် မီးပူဇော်ခဲ့တဲ့ဖယောင်းတိုင်လေးတွေ မီးလောင် နေတာ ခဏကြည့်ပြီး ကျွန်တော် အင်္ဂါထောင့်ကနေ ထထွက်လာခဲ့တယ်။
 
ဆယ်နှစ်လောက်သာ ကျွန်တော် ဆူးလေကနေ ပျောက်သွားတယ်၊ စိတ်ထဲမှာ ဆယ်ရက်လောက်ပဲ ထင်ရလောက်အောင် အရာရာဟာ အရင်အတိုင်းပဲ။ လျှောက်လာရင်းနဲ့ တန်ဆောင်းတွေ ဂြိုဟ်တိုင်တွေ ကြိုကြားကြိုကြား တွေ့ရတဲ့ပုတီးစိပ်နေ သူတွေ၊ ဘုရားဝတ်ပြုနေသူတွေကို ကျွန်တော် ဖျတ်ခနဲ ဖျတ်ခနဲ ကျော်လာတယ်။ ပြီးတော့ခဏလေးနဲ့ ခုနက ထထွက်ခဲ့တဲ့ အင်္ဂါဂြိုဟ်တိုင်ရှေ့ကို ပြန်ရောက်လာတယ်။ ကျွန်တော်ထိုင်နေကျ အင်္ဂါဂြိုဟ်တိုင်ရှေ့တည့်တည့် ဟိုးနောက်ဘက်က ပိတ် နေတဲ့ရုံးခန်းကလေးရဲ့အဝင် လှေကားထစ်ကလေးကို ကြည့်လိုက်တော့ဘယ်သူမှ မရှိဘဲ ရှင်းနေတယ်။ အဲဒါနဲ့ပဲ လှေကား ထစ်ကလေးပေါ်မှာ ကျွန်တော် ဝင်ထိုင်လိုက်တယ်။
 
လှေကားထစ်ကလေး ပေါ်မှာ ထိုင်မိပြီးမှ ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော် အပါအဝင် အရာရာဟာ အနည်းဆုံး ကျွန်တော့်အတွက်တော့အရင်အတိုင်းပဲ။ ဟိုးလွန်ခဲ့တဲ့နှစ်နှစ်ဆယ် အစိတ်တုန်းက ဆူးလေရောက်ရင် လုပ်ခဲ့တဲ့အတိုင်း အခုလည်း ကျွန်တော် တသဝေမတိမ်း လုပ်ခဲ့မိတာပဲ။ တက်ခဲ့တဲ့မုခ်ကအစ အားလုံး တသဝေမတိမ်းပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် တုန်းက လည်း ကျွန်တော်တစ်ယောက်တည်းပဲ၊ အခုလည်း ကျွန်တော် တစ်ယောက်တည်းပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်း ကလည်း အခု ထိုင်နေတဲ့အုတ်ခုံကလေးမှာ ကျွန်တော် ထိုင်ခဲ့မိတာပဲ။ ကျွန်တော် တွေးနေရင်းနဲ့လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက အတိုင်း အင်္ဂါဂြိုဟ်တိုင် ရှေ့က မီးပူဇော်တဲ့စင်ပေါ်မှာ တဖျစ်ဖျစ်လောင်နေတဲ့ခုနက ကျွန်တော် မီးညှိခဲ့တဲ့ဖယောင်းတိုင်တွေကို ကြည့်နေမိတယ်။ ဒီည လေငြိမ်နေလို့ထင်တယ်၊ ကျွန်တော် မီးထပ်ညှိစရာမလိုဘဲ ဖယောင်းတိုင်အားလုံး လောင်နေတယ်။ လောင်နေတဲ့ဖယောင်းတိုင်လေးတွေကို ငေးကြည့်နေရင်းနဲ့ဗုဒ္ဓဝင် ဇာတ်လမ်းတွေထဲက တောက်လောင်နေတဲ့ဆီမီးကို ကြည့်ပြီး မီးမငြိမ်းခင်မှာပဲ အရဟတ္တမဂ်ကို မျက်မှောက်ပြုသွားတဲ့အကြောင်းတွေကို ကျွန်တော် ပြန်သတိရလာတယ်။ ဒါလည်း အရင်အတိုင်းပါပဲ၊ ဟိုတုန်းကလည်း ကျွန်တော် ဒီလို သတိရနေကျပဲ။

ကျွန်တော် တွေးနေတုန်းပဲ ခွီးခနဲ ကြောင်အော်သံကြားလို့ လှမ်းကြည့်လိုက်တော့ တန်ဆောင်းအမိုးပေါ်ကို ကြောင်တစ် ကောင် လွှားခနဲ ပြေးတက်သွားတာ တွေ့လိုက်တယ်။ ပြီးတော့တညောင်ညောင်နဲ့သားတောင်းနေတဲ့ ကြောင်မတစ်ကောင် အော်သံကြားတယ်။ ပြီးတော့ တန်ဆောင်းပေါ်မှာ ကြောင်နှစ်ကောင် လုံးထွေးရန်ဖြစ်ပြီး ပြေးသွားကြတဲ့အသံကြားတယ်။ ဒီ အသံတွေကအစ အရင်အတိုင်းပဲ။ အဲဒီမှာပဲ ဘေးဘက်ကို အမှတ်မထင် ကြည့်မိတော့ဘေးဘက်က ရုံးခန်းကလေးရဲ့ အုတ် လှေကားထစ်ပေါ်မှာ သမီးရည်းစား စုံတွဲတစ်တွဲထိုင်နေတာ တွေ့တယ်။

အဲဒီမှာပဲ 'ဟား' ဆိုတဲ့အသံကြီးကို ကြားလိုက်ရတယ်။ အခုမှပဲ ခုနက ဘုရားရှိခိုးဖို့လုပ်တုန်း ကြားခဲ့ရတဲ့အသံကြီးကို ကျွန် တော် ပြန်သတိရတယ်။ ဘယ်ကထွက်လာတဲ့အသံကြီးလဲတော့မသိဘူး၊ အသံကြီးမှ တော်တော် ဆိုးဆိုးဝါးဝါးပဲ။ အသံထွက် လာရာနေရာကို လိုက်ရှာတော့လည်း ဖြစ်နိုင်တဲ့ဘယ်နေရာမှ ကျွန်တော် မတွေ့ဘူး ဖြစ်ေနတယ်။ လူသံတော့လူသံပဲ၊ ဒါပေမဲ့ အသံရှင်က ဘယ်မှာလဲအဲဒီမှာပဲ ကျွန်တော် ဓာတ်ပုံရိုက်ဖို့သတိရလို့အိတ်ထဲက ဖုန်းကိုထုတ်ပြီး လောင်နေတဲ့ ဖ ယောင်းတိုင်တွေနဲ့ဆူးလေစေတီတော်ကြီးကို ထိုင်နေရာကပဲ လှမ်းပြီးဓာတ်ပုံရိုက်တယ်။ ပြီးတော့ဓာတ်ပုံတွေကို Facebook ပေါ်တင်နေတုန်း မဲဆောက်က သူငယ်ချင်းဆီက Facebook messanger ကတစ်ဆင့် ဖုန်းဝင်လာတယ်။ မနက်ဖြန် ဘယ်အချိန်ထွက်လာမလဲတဲ့။ မနက်ရှစ်နာရီလောက်မှ ထွက်လာဖြစ်မယ်ထင်တယ်လို့ သူငယ်ချင်းကို ပြန်ပြောရင်း ခဏ စကားပြောပြီး ကျွန်တော် ဖုန်းပြန်ချလိုက်တယ်။ အဲဒီမှာပဲ 'ဟား' ဆိုတဲ့အသံကြီး ထပ်ထွက်လာတယ်။

ဒီတစ်ခါတော့ကျွန်တော် စိတ်ထဲမှာ ထူးဆန်းလာပြီမို့ အသံဘယ်ကလာသလဲဆိုတာ သေသေချာချာ လိုက်ရှာတယ်။ ဘေး ကို ထပ်ကြည့်မိတော့မှ ခုနက တွေ့တဲ့စုံတွဲ ထလစ်သွားပြီဆိုတာ ကျွန်တော် သတိထားမိတယ်။ ဒီနားမှာ ဘယ်သူမှ မရှိတော့ ဘူးပဲ။ ကျွန်တော့်အပြင် ပြောမယ်ဆို ဟိုးရှေ့ခပ်လှမ်းလှမ်းမှာ စေတီတော်ကြီးကို မျက်နှာမူပြီး ပုတီးစိပ်နေတဲ့ကျွန်တော် ရောက်ကာစက တွေ့ခဲ့တဲ့အမျိုးသမီးပဲ ရှိတော့တာပဲ။ ကျွန်တော် အမျိုးသမီးကို လှမ်းကြည့်လိုက်တော့ အသက်ကတော့ သုံးဆယ့်ငါး လေးဆယ် ဝန်းကျင်ပဲ။ ဆံပင်တိုတို နဲ့အမျိုးသမီးက ခြေထောက်နှစ်ချောင်းကို နောက်ပစ်ပြီး မိန်းမထိုင်ထိုင်ရင်း ပုတီးစိပ်နေတယ်။ ကြားရတာ နှစ်ခါသုံးခါ ရှိပြီဖြစ်တဲ့ 'ဟား' ဆိုတဲ့အသံကြီးနဲ့ ပုတီးစိပ်နေတဲ့အမျိုးသမီးကို ကျွန်တော် ဘယ် လိုမှ ဆက်စပ်မရဘဲ ဖြစ်နေတယ်။ ဘယ်ကဘယ်လို ထွက်လာတဲ့အသံကြီးကို ကျွန်တော် ကြားခဲ့ရပါလိမ့် အမျိုးသမီးကို ကျွန်ေတာ်ကြည့်ပြီး တွေးနေတုန်းပဲ နောက်တစ်ခါ 'ဟား' ဆိုတဲ့အသံကြီး ထပ်ထွက်လာတယ်။ အောင်မယ်လေး အခုမှပဲ ကျွန်တော် ဘာသံကြီးမှန်းသိတော့တယ်။ လက်စသတ်တော့ ပုတီးစိပ်နေတဲ့အမျိုးသမီး ပါးစပ်ကြီးကို အကျယ်ကြီး ဖွင့်ပြီး သမ်းလိုက်တဲ့သမ်းသံကြီးပဲ။ ကိုယ်တိုင်လည်း သမ်းဖူး သမ်းတဲ့အသံအမျိုးမျိုးလည်း ကျွန်တော် ကြားဖူးပေမယ့် ဒီလောက်ကျယ်တဲ့သမ်းသံကြီးတော့ဒါပထမဆုံး ကြားဖူးတာပဲ။ တွေးနေတုန်းပဲ အမျိုးသမီးဆီက နောက်တစ်ခါ 'ဟား' ဆိုတဲ့အသံကြီး ထွက်လာတယ်။ သမ်းဖို့ဖွင့်လိုက်တဲ့ပါးစပ်ကြီးကလည်း အကျယ်ကြီးပဲ။ ကျွန်တော် ဘေးဘီလှမ်းကြည့်လိုက်တော့ ဒီဝန်း ကျင်မှာ လူဆိုလို့ ကျွန်တော်နဲ့ သူနဲ့ပဲရှိတော့တာ သတိပြုမိသွားတယ်။ အဲဒီမှာပဲ ကျွန်တော် ထိုင်နေရာက ထလိုက်တယ်။
 
ကျွန်တော် လာခဲ့တဲ့လမ်းအတိုင်းပဲ နောက်ပြန်ပြီး တစ်မိနစ်အတွင်း ဆူးလေလှေကား အောက်ကို ရောက်သွားတယ်။ ခါ တိုင်းဆိုရင်တော့ကျွန်တော် အမြဲတမ်း မီးပူဇော်ထားခဲ့တဲ့ဖယောင်းတိုင်လေးတွေ ကုန်တဲ့အထိ စောင့်ကြည့်ပြီးမှ အိမ်ကိုပြန် လေ့ရှိတယ်။

ဒီနေ့တော့ဖယောင်းတိုင်လေးတွေ မကုန်ခင် ကျွန်တော် ပြန်ခဲ့မိတယ်။ ဖယောင်းတိုင်လေးတွေ ဖျစ်ဖျစ်မြည်အောင် လောင် ကျွမ်းပြီး ဟုတ်ခနဲ ငြိမ်းသွားမယ့်အချိန်မှာ အရဟတ္တမဂ်ကို မျက်မှောက်ပြုကောင်းပြုဖို့စဉ်းစားခဲ့မိတဲ့ကျွန်တော့်အကြံအစည်တွေ ပျက်ခဲ့တယ်။ တွေးနေရင်းနဲ့ကျွန်တော် ခုနက ချွတ်ထားခဲ့တဲ့ဖိနပ်ကလေးကို ပြန်ယူလိုက်တယ်။ ပြီးတော့ ဘုရားပေါ် ကဆင်းပြီး ကျွန်တော် ပလက်ဖောင်းပေါ်ကို ရောက်သွားတယ်။ မဟာဗန္ဓုလလမ်းမကြီးကတော့ ဟိုးအရင်က အတိုင်းပဲ မှောင်နေတယ်။ တိတိကျကျကြီးကို မှောင်နေတယ်။

မောင်တမ်းတ
0