ကမ်လူဝေး ● သေနတ်သမား


ကမ်လူဝေး ● သေနတ်သမား
(မိုးမခ) မတ်လ ၂၉၊ ၂၀၁၈

သေနတ်သမားဟာ ငါတို့အထဲမှာရှိနေမှန်း မသိခဲ့
သေနတ်ကိုဆွဲထုတ်လိုက်တဲ့အထိ
သေနတ်သမားလို့ မထင်ခဲ့မိ
သေနတ်သမားဟာ သေနတ်ကို ဝေ့ရမ်းပြတဲ့အထိ
ရန်သူကိုပစ်ဖို့ ထုတ်လိုက်သလားလို့ ဝမ်းသာမိ
သေနတ်သံကြားပြီး သေနတ်သမား ဘေးကလူ သွေးအိုင်ထဲ ခွေနေမှ
အန္တရာယ်သေနတ်သမားဟာ ငါတို့ကြားထဲမှာ ရှိမှန်းသိခဲ့
သေနတ်သမားဟာ ဘယ်အချိန်ကတည်းက ငါတို့ထဲကိုရောက်နေပါသလဲ
ငါတို့တယောက်စီကို အမှည့်ခြွေ ခြွေနေတဲ့ သေနတ်သမားဟာ
ဝမ်းနည်းစရာ ငါတို့ထဲကလူဖြစ်နေတယ်
သေနတ်သမားဟာ သေနတ်ကို ဘယ်အချိန်ကတည်းက ပိုင်ခဲ့သလဲ
ဒီသေနတ်ဟာ ဘယ်ကရောက်လာသလဲ
သေနတ်ဟာ သေနတ်ကိုင်သူကို လူသတ်အောင် စွဲဆောင်နိုင်ပုံရတယ်
လူသတ်ခြင်းရဲ့ ရသကိုသိသွားပုံရတဲ့ သေနတ်သမားဟာ သွေးဆာနေတယ်
ပစ်ခတ်မှုတွေဟာ ပြောင်ပြောင်တင်းတင်း ဖြစ်ပေါ်နေတယ်
ငါဟာ အန္တရာယ်ကြားထဲမှာ အသက်ကို ဖက်နဲ့ထုပ်ထားရတယ်
ကျည်ဆံဟာ ဘယ်အချိန်မှာ ငါ့ရင်ကိုဖောက်လိုက်မလဲ
ငါ့ကိုပစ်မည့် သေနတ်သမားကို ငါအားကိုးမှားခဲ့တယ်
သေနတ်သံကြားနေရတယ်
သေနတ်သမားဟာ ငါတို့ကြားထဲကို ရောက်နေခဲ့ပြီ။  

ကမ်လူဝေး

Comments